Switch Mode

အခန်း ( ၂၁ )

ငါ့ကို အဖေလို့ ခေါ်လိုက်စမ်း

လူအုပ်ကြီးထံမှ အော်ဟစ်လှောင်ပြောင်သံများ ထွက်ပေါ်နေစဥ် ဝမ်ပေါင်လဲ့၏ လက်လှန်ချိုးခြင်းကို ခံနေရသော လူသန်ကြီး တုန်ရီလာသည်။ သူ၏ မျက်လုံးများမှာ မျက်ရည်အပြည့် ဖြစ်နေလေသည်။ သူ၏ လက်ချောင်းများကို လှန်ချိုးခံနေရသည့် ဝေဒနာမှာ အသည်းခိုက်အောင် နာကျင်လွန်းလှသဖြင့် ရူးသွားမည့်အလား ခံစားနေရသည်။

နာကျင်မှုမှာ စာရေးဖွဲ့ပြရန်ပင် မလွယ်ပေ။ သူ၏ လက်ချောင်းများမှ ကြီးစွာသော နာကျင်မှုက လှိုင်းများသဖွယ် တဆစ်ဆစ် တိုးနေသည်တွင် သူ၏ခွန်အားများအားလုံး ထိုနာကျင်မှုနှင့်အတူ ပျောက်ကွယ်သွားသည့်အလား ခံစားလိုက်ရသည်။ ဦးရေပြားများ ထုံကျဥ်လာပြီး လက်ချောင်းများ ရှိနေသည့်အချက်ကိုပင် မုန်းတီးစပြုလာသည်။

ဤအတွေ့အကြုံမှာ သူ၏ အမုန်းအာဃာတများကို ပို၍ ပြင်းထန်လာစေသော်လည်း သူ နည်းနည်းလေးပင် ထုတ်မပြရဲပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုများအတိုင်း စည်းချက်ညှိနေရသောကြောင့်ဖြစ်သည်။ ဝမ်ပေါင်လဲ့က တစ်ချက်ကလေး ဆောင့်တွန်းလိုက်လျှင်ပင် သူ့လက်ချောင်းများ ကျိုးသွားမည်ကို စိုးရွံ့နေရသည်။

သို့ရာတွင် သူသည် ဒေါသထွက်ကာ မခံမရပ်နိုင်ဖြစ်နေခြင်းကိုမူ ထိန်းမထားနိုင်ပေ။ မည်သို့ပင် ဖြစ်စေ တစ်စုံတစ်ယောက်သည် တိုက်ပွဲအတွင်း သူတို့၏ လက်ချောင်းများ လှန်ချိုးခံရပါက သေချာပေါက် မကျေမချမ်းဖြစ်ကာ ကြိတ်မနိုင်ခဲမရ ဖြစ်ကြမည် မဟုတ်လော။ သူ လွတ်အောင် ရုန်းနိုင်ပါက ဝမ်ပေါင်လဲ့၏ အသားကို တဆုံးကိုက်ချလိုက်မည် ဖြစ်သော်လည်း ယခုတွင်မူ သူ့လက်က ဝမ်ပေါင်လဲ့၏လက်ထဲ ရောက်နေရသည်ဖြစ်၍ သူတတ်နိုင်သည်မှာ ဝမ်ပေါင်လဲ့၏ မျက်နှာပြောင်တိုက် အရှက်မရှိပုံကို စိတ်ထဲမှ ကြိတ်ကာ ဆဲဆိုနေရုံသာ ရှိတော့သည်။ သူသည် သွားများ ကွဲထွက်လုနီးပါး အံတင်းတင်းကြိတ်ထားပြီးနောက် လွှတ်ပေးရန် တောင်းပန်လိုက်တော့သည်။

“ လွှတ်‌ပေးပါဗျာ၊ တောင်းပန်ပါတယ်။ နာလွန်းလို့ပါ … ကျုပ်…ကျုပ် အရှုံးပေးပါတယ် ”

“ အရှုံးကို ဝန်ခံတယ်ဆိုတော့ လိမ္မာလိုက်တဲ့ကောင်လေးပဲ ”
ဝမ်ပေါင်လဲ့သည် သူ့ကိုယ်သူ ရက်စက်ကြမ်းတမ်းသည့်ကောင်ဟု မတွေးမိပေ။ သူသည် အလွန်တရာ ကျေနပ်ပီတိဖြစ်ကာ လက်လွှတ်ပေးပြီး ကွင်းထဲမှ ထွက်ခွာသွားလေသည်။ ထိုလူသန်ကြီးမှာမူ ဒေါသတထောင်းထောင်းထွက်ကာ မကျေမချမ်း ကျန်ခဲ့လေသည်။

စိတ်ကြည်လင်ချမ်းသာစွာဖြင့် ဝမ်ပေါင်လဲ့သည် စီနီယာလေ့ကျင့်ဖော်၏ နှိပ်စက်ခြင်းခံရသော ခံစားချက်များအား ဖွင့်ထုတ်နိုင်ခဲ့ပြီဟူ၍ ခံစားလိုက်ရသည်။ ထိုခံစားချက်ကြောင့် အလွတ်တန်း တိုက်ခိုက်ရေးအသင်းဂေဟာမှာ ထူးကဲပြောင်မြောက်လှသည်ကို သူ တွေးမိသွားသည်။

“ ငါ့ရဲ့ အကောင်းဆုံးတိုက်ကွက်မှာ ရှုံးသွားတာ မင်းအပြစ်မဟုတ်ပါဘူး။ ငါ အရမ်းအစွမ်းထက်နေတာကိုပဲ မင်း အပြစ်တင်လိုက်တော့”
ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။ သူ့ကို ယှဥ်နိုင်သူမရှိဟုတွေးကာ သွေးနားထင်ရောက်နေသည်။ ဖက်တီးသည် သူ့လက်ချောင်းများ လှန်ချိုးခံရစဥ်က ဝမ်းနည်းကြေကွဲဖွယ် အော်ခဲ့သည်များကို မေ့လျော့သွားလေပြီလော။ သူ ဝမ်းသာပီတိဖြစ်နေ၍ ထိုတိုက်ကွက်အား ကျင့်ကြံစဥ်က ခံစားခဲ့ရသည့် ကြေကွဲဖွယ်အခြေအနေကို အလိုအလျောက် မေ့လျော့သွားသည်မှာ သေချာပေသည်။

အကြည့်များက လူကို သေစေလျှင် ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ လက်ချောင်း လှန်ချိုးခံရခြင်းမှ ဖြစ်ပေါ်လာသော လူသန်ကြီး၏ အမုန်းရန်ငြှိုး ကျေစေရန် ထိုးနှက်ခြင်းကို အကြိမ်ပေါင်းထောင်ချီ ခံနေရပြီဖြစ်သည်။

ဝမ်ပေါင်လဲ့ ကွင်းထဲမှ ထွက်လာသည့်အခိုက် ပတ်ဝန်းကျင်မှ ကြည့်ရှုသူများမှာ ချက်ချင်းပင် မရပ်မနား အော်ဟစ်ပြောဆိုကြလေသည်။ သို့သော် ဝမ်ပေါင်လဲ့က ထိုပြောဆိုသံများကို အလိုလို လျစ်လျူရှုထားပြီး ဖြစ်သည်။

သူသည် စိတ်လှုပ်ရှားစွာဖြင့် အခြားစိန်ခေါ်ပွဲကွင်းများကို လှည့်ပတ်ရှာဖွေရာ မကြာခင် နောက်တစ်ခု တွေ့ရှိသွားလေသည်။ တခဏမျှ ကြည့်နေပြီးနောက် သူက ရှေ့လျှောက်သွားသည်။

ပြိုင်ဘက်မှာ မာနကြီးသော လူငယ်လေးတစ်ယောက် ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ စိန်ခေါ်မှုကို တွေ့သောအခါ သူက ချက်ချင်း အေးစက်စက် ပြောလိုက်သည်။
“ မင်းနာမည်ပြောစမ်း”

ဝမ်ပေါင်လဲ့သည် မျက်တောင်ခတ်ကာ ချက်ချင်းပြန်မဖြေလိုက်ပေ။ အစောကတည်းက သူ လေ့လာထားခဲ့ပြီး ဤလူငယ်လေးမှာ အလွန် လျင်မြန်ဖျတ်လတ်ကြောင်း သိထားပြီး ဖြစ်သည်။ သူ့ပြိုင်ဘက်မှာ ဆက်တိုက် ရှောင်ပြေးနေလျှင် အချိန်ကြာနေမည်ဟူ၍ ယုံကြည်ထားသည်။ ထို့ကြောင့် အကောင်းဆုံး အဖြေမှာ ပြိုင်ဘက်ကိုယ်တိုင် ရှေ့သို့ သူ့ဘာသာ ထွက်လာစေရန် မျှားခေါ်ခြင်း ဖြစ်သည်။ ထိုသို့ မေးလိုက်သည်ကို ကြားသောအခါ သူ့မျက်လုံးထဲတွင် အရောင်လက်သွားပြီးနောက် နှိမ့်ချသည့်အသွင်ယူကာ လက်သီးများကို ဆုပ်ကာ ဦးညွှတ်လိုက်သည်။

“ ကျုပ်က … ”

ဝမ်ပေါင်လဲ့၏ စကားမဆုံးခင် လူငယ်လေး၏ မျက်လုံးများမှာ လက်ခနဲဖြစ်သွားပြီး ဟွန့်ခနဲ အထင်သေး လှောင်ပြောင်သံတစ်ချက် သူ့နှုတ်ခမ်းထောင့်စွန်းမှ ထွက်ကျလာသည်။ သူက ခုန်ထလိုက်ပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးထွက်လာသည်။ ဝမ်ပေါင်လဲ့ရှေ့သို့ ရောက်လာသည်နှင့် လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။

“ ငါ့ကို လှည့်ကွက်တွေ သုံးဖို့ ကြိုးစားနေတာလားကွ ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် မရှောင်ရုံသာမက ရုတ်ချည်း ရှေ့သို့ ဆတ်ခနဲ တိုးလိုက်သည်။ သူက တိုးဝင်လာသော လူငယ်လေးကို တောင်ကြီးတစ်လုံးအလား ပစ်တိုက်လိုက်ပြီးနောက် ကြုံးဝါးလိုက်သည်။
“ လာစမ်းပါ၊ သတ္တိရှိရင် ငါ့ကို ရဲရဲတင်းတင်း တိုက်ခိုက်စမ်းပါ ”

လူငယ်လေးက အထင်သေးဟန် နှာခေါင်းရှုံ့လိုက်သည်။ သူက ခြေလှမ်းမှားသွားသည့်အလား နောက်ဆုတ်လိုက်သော်လည်း အမှန်တကယ်တွင် ဝမ်ပေါင်လဲ့ကို ရှောင်လိုက်ခြင်းဖြစ်ကာ သူ့နောက်တွင် ပေါ်လာလေသည်။

“ မင်းက ဒီလောက် ဝတုတ်နေတာ၊ ငါ့ကို ဝိညာဥ်ကျောက်တုံး အလကားပေးနေတာပဲ၊ မင်းတော့ ပင်ပန်းသွားပြီ ”
လူငယ်လေးက ဝမ်ပေါင်လဲ့ကို ပြက်ရယ်ပြုလှောင်ပြောင်နေရင်း ဝမ်ပေါက်လဲ့နောက်ကျောကို ညာလက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

လက်သီးချက်က ကိုယ်ပေါ်မရောက်သေးမီ ဝမ်ပေါင်လဲ့ထံမှ စုပ်အားတစ်မျိုး ထွက်ပေါ်လာကာ လူငယ်လေး၏ ခန္ဓာကိုယ်ကို တခဏမျှ ဆတ်ခနဲ ဆောင့်ဆွဲလိုက်သည်။ လူငယ်လေးမှာ အလန့်တကြား ဖြစ်သွားပြီးနောက် ဝမ်ပေါင်လဲ့ကလည်း ချက်ချင်းပင် လှည့်လိုက်လေသည်။ သူ၏ ညာဘက်မှ ပိုမို ပြင်းထန်သော စုပ်အားတစ်မျိုး ထုတ်လွှတ်နေပြီး လက်ကို ရှေ့ထုတ်ကာ လူငယ်လေး၏ လက်ချောင်းကို ဆတ်ခနဲ ဆွဲယူလိုက်သည်။ သူ့နှုတ်ခမ်းပေါ်တွင် ခနဲ့တဲ့တဲ့ အပြုံး ရှိနေကာ လက်ချောင်းကို ဆောင့်ဆွဲလိုက်ပြီး ကြုံးဝါးလိုက်သည်။
“ ဒူးထောက်စမ်း ”

လူငယ်လေး၏ နှုတ်ဖျားမှ ကြေကွဲစွာ အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်မှာ တမုဟုတ်ချင်း ပျော့ခွေသွားလေသည်။ သူသည် ဝမ်ပေါင်လဲ့ကြုံးဝါးလိုက်ချိန်၌ မကြုံစဖူး နာကျင်မှုမျိုးကို ခံစားလိုက်ရသည်။ သူသည် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းသွားသည့်အလား သတိမထားလိုက်မိဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ဘုတ်ခနဲ ပြုတ်ကျသွားလေသည်။

“ လွှတ်ပေးပါ၊ နာတယ်၊ အား … တကယ်ကို နာလို့ပါဗျ ”

ဝမ်ပေါင်လဲ့က လူငယ်လေးကို စိုက်ကြည့်လိုက်သည်။
“ ကောက်ကျစ်တဲ့ လှည့်ကွက်တွေ သုံးတာကို ငါ မုန်းတယ်။ မြန်မြန် အရှုံးပေးပြီးတော့ ငါ့ကို အဖေလို့ ခေါ်လိုက်စမ်း ”

လူငယ်လေးမှာ ရူးသွပ်သွားတော့မည့်အလား ဖြစ်နေပြီး အော်ဟစ်ဆဲဆိုပစ်ချင်နေသည်။ သို့သော် ဝမ်ပေါင်လဲ့က အားလေး နည်းနည်းထည့်လိုက်လျှင်ပင် သူ သည်းခြေခိုက်လုမတတ် နာကျင်သွားရပြီး ခပ်မြန်မြန် အော်လိုက်သည်။
“ အဖေ၊ အဖေရေ၊ ကျုပ်မှားသွားပါတယ်။ အရှုံးပေးပါတယ် ”

ဝမ်ပေါင်လဲ့သည် ကျေနပ်အားရစွာ ရယ်မောလိုက်ကာ လက်လွှတ်လိုက်ပြီး စိတ်ကျေနပ်နေလေသည်။ သူ့ကိုယ်သူ ကျေနပ်စွာဖြင့် ကွင်းထဲမှ ထွက်လာပြီး နောက်ထပ် လေ့ကျင့်ဖော်တစ်ယောက်ကို ထပ်မံ ရှာဖွေလေတော့သည်။

ကွင်းထဲတွင် ကျန်ခဲ့သော လူငယ်လေးမှာ ဝမ်ပေါင်လဲ့၏ ကျောပြင်ကို ဒေါသတကြီး စူးစိုက်ကြည့်ရင်း သူ့လက်ချောင်းလေးများကို ဖိနှိပ်ပွတ်သပ်လေသည်။ သူသည် သွားကို တင်းတင်းကြိတ်လိုက်သော်လည်း ကူကယ်ရာမဲ့စွာ ခံစားနေရသည်။ ဝမ်ပေါင်လဲ့အား ဒေါသအမျက်ချောင်းချောင်း ထွက်နေသည်ကို ဖယ်ထုတ်၍မရနိုင်အောင် ဖြစ်နေတော့သည်။

ဤတိုက်ပွဲကို ပတ်ဝန်းကျင်မှ လူအုပ်ကြီး သတိပြုမိကြလေသည်။ ယင်းက အနီးအနားရှိလူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ဝမ်ပေါင်လဲ့၏ ဆက်တိုက် တိုက်ပွဲနှစ်ပွဲကို မြင်လိုက်သူတချို့ပင် ရှိသည်။ သူတို့၏ အမူအရာများ မအီမလည် ဖြစ်သွားကြသည်။

“ အဲဒီ ဖက်တီးက ဒီကို လက်ချောင်းတွေ လှန်ချိုးဖို့ လာခဲ့တာလား ”

“ ဒါကြီးက စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ သူက စတိုက်ပြီဆိုတာနဲ့ လက်ချောင်းတွေ လှန်ချိုးပစ်တာကွ ”

ဝမ်ပေါင်လဲ့သည် ဘေးနားမှ လူအုပ်ကြီး၏ မျက်လုံးများအောက်တွင် တတိယတိုက်ပွဲကို စတင်လိုက်သည်။ ထိုမှသည် စတုတ္ထ၊ ပဉ္စမ တိုက်ပွဲများအထိ ဆက်သွားသည်။ သူသည် တိုက်ခိုက်လိုက်သည်နှင့်အမျှ ပို၍ စိတ်လှုပ်ရှားလာသည်။ သူ၏ လှုပ်ရှားမှုများမှာလည်း ကျင့်သားရလာသည်။ အစပိုင်းတွင် လက်များကို လှန်ချိုးရန် အချိန် အနည်းငယ်လိုသော်လည်း နောက်ပိုင်းတွင် ပြိုင်ဘက်က မည်သူဖြစ်ပါစေ စတင်တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက် တခဏလေးအတွင်း လက်ချောင်းကို တိတိကျကျ လှန်ချိုးနိုင်လာသည်။

ထိုအခါ အသင်းဂေဟာထဲ၌ နာနာကျင်ကျင် အော်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

“ အစ်ကို … လွှတ်ပေးပါ ”

“ နာတယ်၊ အရမ်းနာတယ်ဟ ”

“ ယုန်စုတ်၊ အရှက်မရှိဘူးလား။ သတ္တိရှိရင် ငါတို့လက်တွေကို လိမ်မချိုးနဲ့လေ ”

“ လွှတ်ပေးပါ… အဖေရေ၊ ကျုပ် … ကျုပ် မှားသွားပါတယ်။ အရှုံးပေးပါတယ်….”

အလွတ်တမ်းတိုက်ခိုက်ရေးအသင်းဂေဟာမှာ ဝမ်ပေါင်လဲ့ ပေါ်ထွက်လာမှုကြောင့် ယခင်ကဲ့သို့ မခံစားရတော့ပေ။ ကြေကွဲစွာ အော်ဟစ်ညည်းသံများ ဆက်တိုက် လွင့်ပျံလာနေစဥ် ဝမ်ပေါင်လဲ့ကို အာရုံစိုက်နေကြသူများ ပိုမို များပြားလာသည်။ နေရာအနှံ့ ဆူညံပွက်လောရိုက်သံများ၊ ဆွေးနွေးသံများလည်း ရှိနေကာ လူများကို ပိုမို ဆွဲဆောင်နေသည်။

“ အရှက်မရှိလိုက်တာ၊ ဒီကောင် လူလည်ကျလွန်းတာပဲ ”

“ ဒီယုန်ဖက်တီးက အစွမ်းမရှိတဲ့ပုံလည်း မပေါ်ဘဲနဲ့ လူတွေကို လက်လှန်ချိုးပြီး အဖေ ခေါ်ခိုင်းရတာကို ဘာလို့များ သဘောတွေကျနေပါလိမ့်”

“ သေစမ်းကွာ၊ သူက မိန်းကလေးတွေရဲ့ လက်ကိုတောင် အလွတ်မပေးဘူး ”

လူများက ထိုအကြောင်းကို ဒေါသတကြီး ဆွေးနွေးနေကြစဥ် ဝမ်‌ပေါင်လဲ့သည် လက်နှစ်ဖက် နောက်ပစ်ကာ ကွင်းထဲမှ ထွက်လာသည်။ လူအုပ်ကြီး၏ အမျက်တချောင်းချောင်း ထနေသော အကြည့်များ အောက်တွင် သူသည် ခေါင်းကို မော့၊ ရင်ကို ကော့ကာ လျှောက်နေရင်း နောက်ထပ် လေ့ကျင့်ဖော်တစ်ယောက်ကို ရှာလိုက်သည်။ သူသည် အလွတ်တန်း တိုက်ခိုက်ရေးအသင်းဂေဟာ၏ စည်းမျဥ်းများကို သိနားလည်ပြီး ဖြစ်ရာ ကြောက်ရွံ့ခြင်း မရှိပေ။

သို့သော် ဤမျှအထိ ဆူညံပွက်‌လောရိုက်သွားစေခြင်းကြောင့် စိန်ခေါ်ပွဲကွင်းများထဲတွင် ရှိနေကြသော လူအများစုမှာ သူ့ကို မြင်သည်နှင့် အမူအရာများ ပြောင်းလဲသွားကြလေသည်။ သူတို့သည် ချက်ချင်းပင် သူတို့ကွင်းများကို ပိတ်လိုက်ကြသည်။ ဤသည်မှာ ဝမ်ပေါင်လဲ့ကို အတန်ငယ် စိတ်ဓါတ်ကျသွားစေသည်။ သို့သော် မကြာခင် ဝမ်ပေါင်လဲ့သည် တိုက်ခိုက်ရေးအသင်းဂေဟာမှ သူ့ကို ပေးထားသော သက်သေခံလက်မှတ်ကို စိတ်လှုပ်ရှားစွာ ထုတ်ယူလိုက်သည်။

၎င်းထဲတွင် စိန်ခေါ်မှုများ ရှိနေကြောင်း သတိပေးချက်များ ရှိနေသည်။ ထိုအချက်က ဝမ်ပေါင်လဲ့ကို စိတ်ဓါတ်တက်ကြွသွားစေပြီး ကွင်းထဲသို့ အပြေးလေး ပြန်သွားလေသည်။ ဘေးပတ်လည်တွင် လူပေါင်းရာချီနေပြီ ဖြစ်သည်။ သူတို့ထဲမှ အတော်များများမှာ ရင်းနှီးနေသည့် မျက်နှာများ ဖြစ်သည်။ သူတို့ကား ယခင်က သူ့ပြိုင်ဘက်များ ဖြစ်ကြသည့် လူငယ်လေးနှင့် လူသန်ကြီးကဲ့သို့ ပထမဆုံး တိုက်ခိုက်ဖူးသူများ ဖြစ်ကြသည်။

သူတို့က ဝမ်ပေါင်လဲ့ပြန်လာသည်ကို တွေ့သောအခါ ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

“ ေဩာ်… မင်းတို့ပါလား။ မလောပါနဲ့၊ မင်းတို့ အလှည့်ရောက်လာမှာ၊ အမှန်တိုင်းပြောရရင် ငါ မင်းတို့ရဲ့ ခံစားချက်ကို နားလည်ပါတယ်”
ဝမ်ပေါင်လဲ့က သူတို့ကို နှုတ်ဆက်ကာ ကွင်းထဲသို့ ဝင်သွားရင်း အားပါးတရ ရယ်မောလိုက်သည်။ သူ ဝင်လိုက်သည့် အခိုက်အတန့်မှာပင် သူ့ကို လှည့်ကွက်သုံးရန် ကြိုးစားခဲ့သော်လည်း ‘အဖေ’ ခေါ်ခဲ့ရသည့် လူငယ်လေးက ရှေ့ဆုံးမှ ပြေးဝင်လာသည်။

“ ယုန်စုတ်၊ ငါမင်းကို စိန်ခေါ်တယ်”
ထိုသို့ပြောပြီးနောက် လူငယ်လေးသည် သူ၏ အံ့ဩဖွယ်ကောင်းလှသော အမြန်နှုန်းကို အသုံးချကာ ဝမ်ပေါင်လဲ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။ သူသည် ကြိုတင်ပြင်ဆင် မထားသောကြောင့် ရှုံးနိမ့်ရသည်ဟု မကျေမချမ်း ဖြစ်နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် လက်ချောင်းလှန်ချိုးမခံရစေရန် စိတ်ပိုင်းဖြတ်ထားသည်။

သို့ရာတွင် အချိန်အနည်းငယ်သာ ကြာပြီးနောက် သူ၏ စူးရှကြေကွဲစွာ အော်ဟစ်သံများက ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
“ အဖေ‌ရေ၊ ကျွန်တော် မှားပါပြီ၊ အရှုံးပေးပါတယ် ”

ဝမ်ပေါင်လဲ့က သနားသောအကြည့်ဖြင့် လူငယ်လေး၏ လက်ချောင်းကို လှန်ချိုးလိုက်သည်။ လူငယ်လေး၏ ဉာဏ်ကောင်းပုံကြောင့် သဘောကျသွားကာ လူငယ်လေးကို ကြည့်ပြီးမှ လက်လွှတ်ပေးလိုက်သည်။

သို့ရာတွင် လူငယ်လေးသည် ကွင်းထဲမှ ထွက်သွားပြီးလျှင် အံကို တင်းတင်းကြိတ်ကာ မည်သူမျှ ကွင်းထဲ မဝင်ရသေးမီ လှည့်ဝင်လာလေသည်။ သူက မျက်လုံးများ နီရဲကာ နောက်တစ်ကြိမ် တရှိန်ထိုး ပြေးကာ ချဉ်းကပ်လာသည်။

“ နောက်တစ်ခါ”
သူသည် အလွန်တရာ ကြိတ်မနိုင် ခဲမရဖြစ်နေသည်။ လက်လှန်ချိုးခံရသည်မှာ နာကျင်ပါသော်လည်း ကောင်းကင် တာအိုကျောင်း၊ သိုင်းပညာဌာန ကျောင်းသားတစ်ယောက် အနေဖြင့် လက်တုံ့ပြန်နိုင်ရမည်ဟု ခံစားနေရသည်။ သူသည် ကြုံးဝါးနေစဥ် နည်းလမ်းကို ပြောင်းလိုက်သည်။ လက်များကို မသုံးဘဲ ခြေထောက်ကိုသာ အသုံးပြုလိုက်သည်။

သူသည် ဝမ်ပေါင်လဲ့ကို အထင်သေးမိသည်မှာ ေသချာသည်။ မကြာခင် ဝမ်ပေါင်လဲ့က သူ့လက်ချောင်းကို ဖမ်းမိသွားပြီး သူ့အော်သံများမှာလည်း နေရာအနှံ့ ပဲ့တင်ထပ်နေတော့သည်။

“ အဖေရေ၊ ကျွန်တော် မှားတာပါ … ”

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့သည်ပင် အံ့ဩတကြီး ဖြစ်သွားရသည်။ လူငယ်လေးသည် ယခင်က သူ့အဖြစ်နှင့် ဆင်တူလှသည်။ သူသည် အရှုံးပေးပြီး တခဏမျှ အကြာမှာပင် နောက်တစ်ကြိမ် ပြန်လည် တိုက်ခိုက်နေလေသည်။ သူ၏ မျက်လုံးများမှာ တစ်စုံတစ်ယောက်ကို ကိုက်ပစ်ချင်နေသည့်အလား နီရဲလာသည်။ ဝမ်ပေါင်လဲ့သည်ပင် ကြောက်စရာကောင်းသည်ဟူ၍ တွေးနေမိသည်။

သူ့ဘေးမှ လူအုပ်ကြီးမှာလည်း တဖြည်းဖြည်း အရေအတွက် တိုးလာကာ တစ်‌ထောင်ကျော်သည်အထိ ရောက်ရှိလာသည်။ ဝမ်ပေါင်လဲ့၏ လက်လှန်ချိုးခြင်းကို ခံထားရသူများမှာလည်း မုန်းတီးစွာဖြင့် အံတင်းတင်းကြိတ်နေကြသည်။ ဝမ်ပေါင်လဲ့ကို သူတို့ အလွန်အမင်း စက်ဆုပ် ရွံရှာနေကြလေ၏။

“ အရှက်မရှိတာ၊ တော်ရုံတင်မဟုတ်ဘူး၊ လွန်လွန်းတယ် ”

“ ဒီယုန်ဖက်တီးက လက်လှန်ချိုးဖို့ပဲ သိတာ။ သူ့ကို နိုင်အောင် ချနိုင်ရင် ငါ ဝိညာဥ်ကျောက်တုံး တစ်တုံးပေးမယ်ကွာ ”

ထိုလူများ၏ ဒေါသတကြီး အော်ဟစ်သံများနှင့်အတူ လူအုပ်ကြီး ပိုမိုများပြားလာပြီး ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။

လူငယ်လေးမှာ ဇွဲမလျှော့သေးသော်လည်း သူ စိန်ခေါ်သမျှ အကြိမ်တိုင်းတွင် ဝမ်ပေါင်လဲ့ကို ‘အဖေ’ ခေါ်၍သာ အဆုံးသတ်သွားသည်။

နောက်ဆုံးတွင် လူငယ်လေး၏ လက်ဆယ်ချောင်းလုံး ပြာနှမ်းသွားလေသည်။ သူ့ကို ကွင်းထဲမှ ထမ်းစင်ဖြင့် ခေါ်ထုတ်ယူရပြီး အသက်မရှိတော့သည့်အလား ပျော့ခွေနေသည်။ မကြာမီ အခြားလူများက ဝမ်ပေါင်လဲ့ကို စိန်ခေါ်ကာ တိုးဝင်လာကြသည်။ စိန်ခေါ်ကြသူများမှာ ကျား၊မ မရွေး အသက်အရွယ်စုံလင်ကြသည်။

အတော်ကြာပြီးနောက် သေးသေးသွယ်သွယ် ကြောင်မျက်နှာဖုံးဝတ် မိန်းကလေးတစ်ယောက်သည် လက်လှန်ချိုးခံရပြီးနောက် မျက်ရည်များဖြင့် ပြေးထွက်သွားသည်။ ထိုအကျိုးဆက်အနေဖြင့် ပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားကြသည်။

“ ငါ သည်းမခံနိုင်တော့ဘူး။ သူက တကယ်ပဲ ငါ့ကြောင်နတ်မိမယ်လေးရဲ့ လက်ကို လှန်ချိုးခဲ့တာပဲ၊ တကယ့်ခွေးကောင် ”

“ အဲဒီယုန်ဖက်တီးစုတ်ကို နိုင်တဲ့ေကာင် ဝိညာဥ်ကျောက်တုံးတစ်တုံး ပေးမှာနော်။ အဲဒီကောင်ရဲ့ မျက်နှာဖုံးကို ချွတ်နိုင်ရင် နောက်ထပ် ဝိညာဥ်ကျောက်တုံး တစ်တုံး ထပ်ပေးမယ်ကွာ ”

ဝမ်ပေါင်လဲ့သည် အပြင်ဘက်မှ ထိန်းသိမ်းမရနိုင်လောက်သည့် လူအုပ်ကြီးကို ကြည့်ကာ ကြောက်လန့်တကြားဖြစ်သွားပြီး တုန်ရီသွားသည်။ သူက ကွင်းပြင်ကို အမြန်ပိတ်လိုက်ပြီး ခြောက်ကပ်ကပ် ချောင်းဆိုးကာ ကြောက်နေသည်ကို ထုတ်ပြရသည်မှာ အနည်းငယ် ရှက်စရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။ သူက ဗိုက်ကလေးကို ပုတ်ကာ ပြောလိုက်သည်။

“ ဒီနေ့တော့ ဒီလောက်ပဲ၊ ငါ ဆက်မတိုက်တော့ဘူး။ ပြိုင်ဘက်တွေက အစွမ်းမထက်ကြလို့ တိုက်ခိုက်ရတာလဲ အလကားပဲ ”
ဝမ်ပေါင်လဲ့က သက်ပြင်းချကာ ခေါင်းကို ခါယမ်းလိုက်သည်။ ပတ်ဝန်းကျင်ရှိလူအုပ်ကြီးမှာ ဒေါသ အဆွခံလိုက်ရသည့်အလား ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သူက တည်ငြိမ်စွာဖြင့် ပြန်အော်လိုက်၏။
“ ပြန်တော့မယ် ”

စင်မြင့်က နိမ့်ကျသွားပြီး သူ့အခန်းသို့ တဖြည်းဖြည်း ပြန်ရောက်သွားကာ အပြင်ဘက်မှ အော်ဟစ်သံများနှင့် သီးခြားဖြစ်သွားသည်။

“ ဒီဂေဟာက တော်တော်ကောင်းတဲ့ နေရာပဲ ”

ဝမ်ပေါင်လဲ့က အခန်းထဲသို့ ဝင်လိုက်ပြီးနောက် စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူက မျက်နှာဖုံးကို ချွတ်လိုက်ရင်း သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး အားရကျေနပ်နေသည်။ သူသည် မျက်နှာဖုံးကို ရင်ဘတ်နားကပ်ထားကာ လူသွားလမ်းတစ်လျှောက် ခပ်သွက်သွက် ဆင်းသွားလိုက်သည်။ တံခါးမှ ထွက်လာသည့်အချိန်တွင် ပထမထပ်သို့ပင် ရောက်နေပြီ ဖြစ်သည်။

သူ လျှောက်ထွက်လာသည့်အချိန်တွင် လူအုပ်ကြီးထံမှ စိတ်ဆိုးမာန်ဆိုး အော်ဟစ်နေသံများကို ကြားလိုက်ရသည်။

“ ယုန်စုတ်က ဘယ်ကောင်တုန်း၊ သတ္တိရှိရင် ထွက်ခဲ့ ”

“ ယုန်ဖက်တီးစုတ်၊ သတ္တိရှိရင် မင်းရဲ့ ပုံစံအစစ်အမှန်ကို ဖော်ထုတ်ပြီး ဒီမှာ တိုက်မလား ”

Comment

Leave a Reply

Options

not work with dark mode
Reset