အပိုင်း (၇၂၀)

ဟောကိန်းထုတ်မရနိုင်သော

ဝမ်ရှင်းက သင်္ကေတများကို လေ့လာရန် လိုကာ သူ၏စီနီယာအား မထွက်လာသင့်ဟု ပြောခဲ့သည်။ တန်ခိုးရှင်ချွန်ရန်ကား နောက်ဆုံး အချိန်အခါကို ရောက်နေပြီ ဖြစ်သည်။ သူ၏စိတ်စွမ်းအားကို အသုံးတစ်ခါချတိုင်းတွင် သူ၏ အသက်ဓာတ်ကလည်း ပိုမို၍​အားနည်းလာပေသည်။ ထို့ကြောင့် ဝမ်ရှင်းက အလွန်အရေးကြီးသော ဟောကိန်းမဟုတ်ပါက နန်းတော်သခင် ချွန်ရန်အား ပြသလေ့မရှိပေ။

“ဒုတိယ နန်းတော်သခင်…” ဝမ်ရှင်းက လျူချန်းကို ကြည့်ကာ စကားပြောရန် တွန့်ဆုတ်နေသည်။ ဟောကိန်းက လျူချန်းအတွက် အလွန်ပြင်းထန်လွန်း ပေသည်။

“လျူချန်း… ဂရုတစိုက်ပဲ ကြည့်နေ…” ချွန်ရန်က ပြောသည်။ လျူချန်းကလည်း လေထဲတွင် တိုက်ခိုက်နေသော လူငယ်နှစ်ယောက်ကို ကြည့်သည်။

ရီဖူရှင်းက ပိုင်လွေလီထံသို့ မြင့်မားသော အမြန်နှုန်းဖြင့် ပျံသန်းသွားသည်။ ပိုင်လွေလီကသည်း ဖျက်ဆီးခြင်း မျက်လုံးကို ထုတ်လွှတ် လိုက်သည်တွင် သူ၏မျက်လုံးများက မီးခိုးရောင် အဖြစ်သို့ ပြောင်းလဲသွား၏။ သူ့အနီး ပတ်ဝန်းကျင် တစ်ခုလုံးက သူ့ထိန်းချုပ်မှု အောက်ကို ရောက်သွားဟန် ရသည်။ နတ်ဘုရားအလား ပုံသဏ္ဌာန်ရှစ်ခုက လေထဲတွင် ပေါ်လာကာ ထောင့်ရှစ်ခု၌ နေရာယူလိုက်ကြသည်။ မရေမတွက်နိုင်သော အလင်းတန်းများက ရီဖူရှင်းကို ဗဟိုပြုလျက် ဖြစ်ပေါ်လာကာ ဝင်္ကပါတစ်ခုအလား ထင်မှတ်ရသည်။

ထိုအခိုက်တွင် ရီဖူရှင်းက သူ၏ပတ်ဝန်းကျင်သာ မဟုတ်ဘဲ​ သူ့စိတ်စွမ်းအားကပါ ကန့်သတ်ခံရသည်ဟု ခံစားရသည်။ ကန့်သတ် ရှေးဟောင်း သင်္ကေတများ ဖြစ်ပေါ်လာကာ သူ့အနီး တစ်ဝိုက်လေထဲ၌ လွင့်မျောနေကြသည်။ အရာခပ်သိမ်း ဖန်ဆင်းခြင်း စိတ်စွမ်းအားကား သီးသန့်နယ်တစ်ခု ဖြစ်ကာ ထိုနယ်ပယ်အတွင်း ရောက်ရှိနေသူများက အနည်းနှင့်အများ လွှမ်းမိုးမှု ခံရပေသည်။ ယခု သူ့အနီးမှ ကောင်းကင်အေးခဲ လောကဓာတ်ပင်လျှင် အတိုင်းအတာ တစ်ခုထိ ကန့်သတ်ခံရသည်ဟု သူခံစားရသည်။

ရီဖူရှင်းက ပိုင်လွေလီကို ကြည့်သည်။ သူ့ထံမှ အလင်းများက အနီးမှ အင်မော်တယ် ခန္ဓာကိုယ်များကိုပါ ဖျန်းပက်ထားသည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်တိုင်က ရှေးဟောင်း သစ်ပင်တစ်ပင်အလား အကိုင်းအခက်များ ရှည်လျားကြီးမား လာကြကာ ကောင်းကင်သို့ အထိတိုင် ထိုးထွက် ရှည်လျားသွားကြသည်။ ရှေးဟောင်းသစ်ပင်က အလွန်အမင်း ကြီးမားစွာ ဖြစ်ပေါ်လာပြီး လျှပ်စီးနဂါးက သစ်ပင်ကို လှည့်ပတ် ပျံသန်းနေကာ နတ်ငှက်က အကိုင်းအခက်များကြား ကစားကခုန်နေသည်။ ထိုအချိန်တွင်ပင် ကမ္ဘာမြေပြင်မှ သဘာဝစွမ်းအင် မျိုးစုံတို့က သစ်ပင်နှင့် ပေါင်းစပ် သွားဟန်ရသည်။ သစ်ပင်၏ အကိုင်းအခက်များက ပိုမို၍ ကြီးမားရှည်လျား လာကြသလို အလင်းကလည်း ပိုမို၍​ စူးရှလင်းလက် လာကြသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ စိတ်စွမ်းအားကလည်း ပိုမို၍ အားကောင်းလာသည်။

အတွင်းနှင့်အပြင်စွမ်းအား အားလုံးက ရီဖူရှင်း၏စိတ်ဖြင့် လွှမ်းခြုံလာသည်။ သူက လက်သီးကို တင်းတင်းဆုပ်ကာ ထိုးနှက်လိုက်သည်။ ဧရာမ နတ်လူဝံကလည်း သူနှင့်အတူ လိုက်ပါ၍ လက်သီးဖြင့် ထိုးသည်။ ထိုအရာက လေဟာနယ်၌ ကြယ်တစ်စင်း ပေါက်ကွဲသကဲ့သို့ ထင်မှတ်ရသည်။ အက်ကွဲသံများက ဆက်တိုက်ကြားရကာ အရာခပ်သိမ်းဖန်ဆင်းခြင်း စွမ်းအားက တတိတိ ယိုယွင်း ပျက်စီးလာသည်။

လျူချန်းက ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာက ပြာနှမ်းသွားသည်။ ထိုအရာများ အားလုံးက ရီဖူရှင်း၏ သက်စောင့်ဝိညာဉ်တွေလား….။

ရှေးဟောင်းသစ်ပင်၏ အလင်းရောင်က ပိုင်လွေလီကို ဖျန်းပက်လာသော အချိန်တွင် ကောင်းကင်အေးခဲ လောကဓာတ်ကလည်း သူ့ထံကို ကျဆင်းလာတော့သည်။ ထိုအခိုက်တွင် ပိုင်လွေလီက ပတ်ဝန်းကျင်တစ်ခုလုံး ရပ်တန့်သွားသည်ကို ခံစားရပြီး ရီဖူရှင်းကလည်း သူ့ထံသို့ မြန်ဆန်စွာဖြင့် ပျံသန်းလာသည်။

ဖျက်ဆီးခြင်းမျက်လုံး၏ စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်ကာ ရီဖူရှင်းက ကောင်းကင်အေးခဲနယ်ထဲမှ ထွက်ပြေး လွတ်မြောက်အောင် ကြိုးစားသည်။ သူက ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ သူ၏မှော်မျက်လုံး နယ်ထဲတွင် သူ၏လောကဓာတ်များက အုပ်စိုးပြီး မှော်မျက်လုံးနယ်ပြင်ပကို ရီဖူရှင်းက အပိုင်စိုးရပေသည်။

ပိုင်လွေလီ၏ နောက်တွင် ဖျက်ဆီးခြင်းဓားကို ကိုင်ဆောင်ထားသော ဧရာမ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအခိုက်တွင် ပိုင်လွေလီ၏ခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရားနှင့် ပေါင်းစပ်သွားသည်။ သူက ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်ကို ငှားယူသုံးစွဲလျက် ဖျက်ဆီးခြင်းဓားကို ဝှေ့ယမ်းကာ လေဟာနယ်အား ခုတ်ဖြတ်သည်။ ကြောက်မက်ဖွယ် မုန်တိုင်းထဲတွင် လျှပ်စီးမုန်တိုင်းများနှင့် လေမုန်တိုင်းများ ရောယှက် ပေါင်းစပ်နေသည်။

ကမ္ဘာသစ်ပင်က ရီဖူရှင်း၏ပတ်ဝန်းကျင်ကို အုပ်မိုးလျက်ပင် ရီဖူရှင်းက ရှေ့ကို တက်လာသည်။ သူ့အနီးတွင် စစ်မှန်သော ကြယ်တစ်စင်း ပေးလာကာ သူ့အား ရစ်ပတ်သွားသည်။ ထိုအခိုက်တွင် လောကဓာတ်များကလည်း ကြောင်မက်ဖွယ်ကောင်းအောင် အားကောင်းလာကြ၏။ ကြယ်တာရာ လောကဓာတ်များဖြင့် ရံတားလျက် ရီဖူရှင်းက လေထဲတွင် ကခုန်သည်။ သူထံမှရိုက်ချက်များ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာသည်တွင် လူဝံကြီးက မာန်သွင်းအော်ဟစ်လျက် ပိုင်လွေလီ၏အနီးသို့ တိုးကပ်လာသည်။  သူတို့နှစ်ယောက် ရင်ဆိုင်တွေ့သည်တွင် လေဟာနယ်က အစိတ်စိတ်အပိုင်းပိုင်း ကွဲအက်သွားသည့်အလား ထင်မှတ်ရတော့သည်။

“ဝိညာဉ်စတေးခြင်း…” ပိုင်လွေလီက တီးတိုး ရေရွတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က သက်စောင့်ဝိညာဉ်နှင့် လုံးဝ ပေါင်းစပ်သွားကာ နတ်ဘုရားအသွင်သို့ ပြောင်းသွားစေသည်။ ထို့နောက် သူက ဓားအား လက်ဖြင့် ကိုင်ဆောင်လျက် ခုတ်ချလိုက်သည်။ မုန်တိုင်းများအား အပိုင်းအပိုင်း ပြတ်တောက်စေခြင်းက ကောင်းကင် ကိုယ်တိုင်ကပင် နှစ်ခြမ်း ကွဲထွက်သွားသည့်အလား ထင်မှတ်ရသည်။

ဖျက်ဆီးခြင်းဓားက ကြယ်များကို ပိုင်းဖြတ်လျက် ကျဆင်းလာသည်။ မုန်တိုင်းများက အပိုင်းအပိုင်း ပြတ်​တောက်သွားကာ ပိုင်လွေလီ၏ဓားက ရီဖူရှင်းထံကို ဆက်လက် တိုးဝင်လာသည်။ ထိုအခိုက်တွင် ရီဖူရှင်းကလည်း နတ်လူဝံဝိညာဉ်ဖြင့် ပေါင်းစပ်လျက် မြေပြင်ပေါ်ကို ဆင်းသက်လာသည်။

နှင်တံပုံရိပ်များစွာက တစ်ခုတည်းအဖြစ် ပြောင်းလဲသွားကာ ကမ္ဘာသစ်ပင်၏ အလင်းတန်းများက နတ်လူဝံ၏ ခန္ဓာကိုယ်ထဲကို အရူးအမူး စီးဝင်လာကြသည်။ ထိုအခိုက်တွင် နှင်တံကျဆင်းလာခြင်းက ကောင်းကင်တစ်ခုလုံး ပြိုဆင်းလာသည့် ထင်မှတ်ရကာ ဖျက်ဆီးခြင်းဓားဖြင့် ရင်ဆိုင်တွေ့သည်။

ကြောက်မက်ဖွယ် စွမ်းအင် အပိုင်းအစများ နေရာအနှံ့သို့ လွင့်ပျံသွားပြီး ကောင်းကင်နှင့်မြေပြင်က တုန်ခါသွားသည်။ သို့သော် အတိုင်းအဆမဲ့သော နှင်တံ၏ခွန်အား အောက်တွင် ဖျက်ဆီးခြင်းဓားက တစ်စတစ်စ ပြိပျက်သွားပြီး နောက်ဆုံး ဧရာမ ကျယ်လောင်သော အသံတစ်ခုအား ကြားလိုက် ကြရတော့သည်။

ဘုန်း… နှင်တံက ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာပြီး အမှုန်အမွှားများအဖြစ် ပြိုပျက်သွားသည်။ သို့သော်လည်း ရှေးဟောင်း နတ်ဘုရားပုံရိပ်ကလည်း ပျက်စီးသွားကာ ပိုင်လွေလီက လျူချန်းနှင့် ချွန်ရန်တို့ အနီးတွင်ပင် သွေးပွက်ပွက် အန်လျက် ကျသည်။

ရီဖူရှင်းက ပိုင်လွေလီ၊ လျူချန်းနှင့် ရှီတန်ခိုးရှင် ဝမ်ရှင်းတို့ကို ကြည့်သည်။ လေထဲမှ ကြယ်တာရာ ကံကြမ္မာရဟတ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်ကို မြင်ရသည်။ ဝမ်ရှင်း၏မျက်နှာကလည်း ဖြူဆုတ်နေသည်။

ရီဖူရှင်းက အင်ပါယာ အလင်းများ တောက်ပလျက် ရှေ့ကို တက်လာသည်။ လောကသစ်ပင်ကား သူ၏ သက်စောင့်ဝိညာဉ်များဖြင့် လှပစွာ ယိမ်းနွဲ့နေသည်။ သူက ဝမ်ရှင်းကို ကြည့်ကာ မေးသည်… “ခင်ဗျားက ဟောကိန်းတွေ ထုတ်တယ်မလား… ခင်ဗျားတစ်ခုခု တွေ့လား…”

ဝမ်ရှင်းက ရီဖူရှင်း၏ မျက်လုံးများကို ကြည့်သည်။ သူ၏မျက်လုံးများက စိမ်းညို့သွားကာ သူ့ရှေ့မှ လူငယ်နှင့်ပတ်သက်၍​ ကြည့်ရှုရန် ကြိုးစားလိုက်သည်။ ထိုအခိုက်တွင်ပင် သူရှိရာအရပ်ကို လွန်စွာ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးတစ်ဦးက လှမ်းလာသည်ဟု ခံစားလိုက်ရကာ ဝမ်ရှင်းက သူ၏စိတ်ဝိညာဉ်အား မြှင့်တင်၍​ ထိုပုဂ္ဂိုလ်အား ရှင်းလင်းစွာ ကြည့်ရှုရန် ကြိုးစားသည်။

ကြီးမြတ်သော ပုဂ္ဂိုလ်က သူ့အား ကြည့်သည်။ ထိုအခိုက်တွင်ပင် ဝမ်ရှင်းထံမှ ညည်းသံတစ်ချက် ထွက်လာသည်။ သူ၏မျက်နှာက ပြာနှမ်းသွားကာ ပါးစပ်မှ သွေးများ ယိုစီးကျလာသည်။ သူ၏စိတ်နှင့် အသက်ဝိညာဉ်တို့က ပြင်းထန်စွာ ဒဏ်ရာရသည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” ဝမ်ရှင်းက ချောင်းတဟွတ်ဟွတ် ဆိုးကာ ပြောသည်။ သူ၏လက်များက အဆက်မပြတ် တုန်ခါနေကာ သူ၏မျက်လုံးများမှ နာကျင်မှုကို တွေ့မြင်နိုင်သည်။

“အမှန်ပဲ… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” လျူချန်းကလည်း မိမိကိုယ်ကိုယ် မေးသည်။ သူက ပိုင်လွေလီကို နိုဘယ်အဆင့်ဖြင့် အနိုင်ယူခဲ့သော ရီဖူရှင်းကို ကြည့်သည်။

တော်ဝင်ကျဲနန်းတော်၏ စိတ်ဆန္ဒကား ပိုင်လွေလီက ရှန့်ထိုအဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။ ထိုအတွက် သူတို့က မည်သည့်စတေးမှုကိုမဆို လုပ်ရန် ဝန်မလေးခဲ့ပေ။ ရီဖူရှင်း၏ ကြောက်မက်ဖွယ် ပါရမီဖြင့်ပင် သူတို့က ရီဖူရှင်းအား ထပ်မံစောင့်ဆိုင်းရန် စိတ်မရှည်ခဲ့ကြပေ။ သို့သော်လည်း ရီဖူရှင်းကပင် ပိုင်လွေလီကို အနိုင်ယူခဲ့သည်။

ဒါက ရှန့်ထို အလားအလာလား…။ ရှန့်ထို အလားအလာရှိသော နိုဘယ်က အဆင့်မြင့်ရှီကို အနိုင်ယူခဲ့သည်။ ဒါက ဘာကို ဆိုလိုသနည်း။ သူတို့အားလုံးက ရှန့်ထိုဖြစ်လာရန် အရာခပ်သိမ်းကို စတေးခဲ့ကြသော်လည်း တန်ပြန်ဒဏ်များကိုသာ ခံစားခဲ့ကြရသည်။

ဤသို့ အဘယ်ကြောင့် ဖြစ်လာသည်ကို သူသိလိုသည်။

“အဟွတ်…” သူ ချောင်းဆိုးကာ ထပ်မံ၍ သွေးအန်သည်။ လျူချန်းက မည်သို့ တွေးနေသည်ကို တစ်ယောက်ကမှ မခန့်မှန်းနိုင်ပေ။ သည်တိုက်ပွဲက သူဖန်ဆင်းထားသော စိတ်ကူးယဉ် ကမ္ဘာတစ်ခုလုံးအား ပျက်စီးပြိုလဲစေခဲ့သည်။

“အခြေအနေတွေက ဘာလို့ ဒီလိုဖြစ်လာတာလဲ…” ရီဖူရှင်းကလည်း ပြုံးလျက်ပြောသည်။ သို့သော် သူ၏အမူအရာတွင် ပျော်ရွှင်ဟန် အနည်းငယ်မျှ မရှိပေ။ သူကိုယ်တိုင်လည်း ထိုမေးခွန်းကို သိလိုသည်။ သူ၏ သက်စောင့်ဝိညာဉ်များ ပျက်ပြယ်သွားကာ မြင့်မြတ်ထည်ဝါသော ကိုယ်ရောင်ကိုယ်ဝါကလည်း ပျောက်ကွယ်သွား၏။ ထိုအခိုက်တွင် ရီဖူရှင်းကား အလွန်အမင်း အားပြတ်မှုကို ခံစားရသည်။

နန်းတော်သခင်ချွန်ရန်က ရီဖူရှင်းကိုကြည့်ကာ မျက်လုံးကို မှိတ်လိုက်သည်။ လျူချန်းက မှန်းယွင်းနေခဲ့သည်လား။ မဟုတ်ပေ… အမှန်က သူ မှားယွင်းနေခဲ့ခြင်းသာ…။

သူကား တော်ဝင်ကျဲနန်းတော်၏ သခင်ဖြစ်သည်။ ထို့ကြောင့် တော်ဝင်ကျဲနန်းတော်၏ ဆန္ဒသည် သူ့ဆန္ဒဖြစ်သည်။ သူကား အသက်သေဆုံးခါနီး လာလေလေ စိုးရိမ်စိတ်များ ကြီးလာလေလေဖြစ်ကာ မြေရိုင်းပြည်နယ်တွင် ရှန့်ထိုတစ်ပါး မွေးဖွားစေရန် အပြင်းအထန် အားထုတ်ခဲ့သည်။ ပိုင်လွေလီက ရှန့်ထိုဖြစ်ရန် အလားအလာ ရှိသည်ကို သိရသည်တွင် သူက ပြင်ပလောက်မှ အရာခပ်သိမ်းကို လျစ်လျူရှုလျက် ပိုင်လွေလီအပေါ်တွင်သာ အတ္တစိတ် ကြီးမားနေခဲ့ခြင်းက လက်ရှိအရာများ အားလုံးကို ဖြစ်ပေါ်စေခဲ့သည်။ အမှန်တကယ်အားဖြင့် သူကသာ ဖြစ်ပျက်ခဲ့သမျှအတွက် တာဝန်ယူသင့်ပေသည်။

“သင်္ကေတတွေက ဘာပြောလဲ…” နန်းတော်သခင်ချွန်ရန်က မျက်လုံးကို ဖွင့်ကာ ဝမ်ရှင်းကို မေးသည်။

“မသိရဘူး…” ဝမ်ရှင်းက တုန်ယင်သော လေသံဖြင့် ပြောသည်… “ဟောကိန်း ထုတ်မရနိုင်ဘူး…”

“ဟောကိန်း ထုတ်မရနိုင်ဘူးဆိုတာ ဘာကို ပြောတာလဲ…” နန်းတော်သခင် ချွန်ရန်က မေးသည်။

“မသိရဘူးဆိုတာကိုက ဟောကိန်း ထုတ်မရတာ…” ဝမ်ရှင်းက နန်းတော်သခင် ချွန်ရန်ကို ကြည့်ကာ တစ်စုံတစ်ခုအား စိတ်စွမ်းအားဖြင့် ပြောသည်။ ထိုစကားကို ကြားသည်တွင် နန်းတော်သခင်ချွန်ရန်၏ ခန္ဓာကိုယ်က ပြင်းစွာ တုန်ခါသွားသည်။ သူ့ရှေ့မှ လူငယ်ကို ကြည့်ကာ မည်သို့လုပ်ရမည် မသိတော့ပေ။

ရေခဲနန်းတော်သခင်၊​ ယွန်စွေ့ရှင်း၊ ဖီးနစ်နှင့် တခြားလူများက တော်ဝင်ကျဲနန်းတော်၏ အကြီးအမှူးများကို ကြည့်ကြသည်။ သူတို့အားလုံးက ထိတ်လန့်ဖွယ် တစ်စုံတစ်ခုကို သိမြင်ခဲ့ကြဟန်ရကာ ခန္ဓာကိုယ်များကပင် ထူးထူးခြားခြား တုန်ယင်နေကြ၏။ အကယ်၍​ သူတို့ကသာ မူကလတည်းက ရီဖူရှင်းကို အခွင့်အရေးပေးခဲ့လျှင် ဤသို့ ဖြစ်လာမည်မဟုတ်ပေ။

ကောင်းကင်ထက်တွင်ကား ဓားသခင်နှင့် ခွန်ယိုတို့က ပြင်းထန်စွာ တိုက်ခိုက်နေဆဲ ဖြစ်သည်။ ခွန်ယို၏တိုက်ခိုက်မှုများ အားလုံးက ကောင်းကင်တစ်ခုလုံးကို လှုပ်ရှားစေပြီး ဓားသခင်၏ ဓားချက်တိုင်းကလည်း အရာခပ်သိမ်းကို ပိုင်းဖြတ်နိုင်စွမ်း ရှိသည်။ သူတို့၏တိုက်ပွဲက ရှားမှ ရှားသော အဆင့်လွန် တိုက်ပွဲတစ်ပွဲဖြစ်သည်။

ကြေးနီရောင် တော်ဝင်ရတနာကို ပိုင်ဆိုင်ထားသော ခွန်ယိုက ပြင်းထန်ရက်စက်စွာ တိုက်ခိုက်သည်။ သူက ကောင်းကင်ထက်တွင် မားမားမတ်မတ် ရပ်ကာ သူ့အနီး၌ ထူးခြား ဖြစ်စဉ်များလည်း ပေါ်လာသည်။ ဧရာမကြီးမားသော နတ်ဆင်ကြီးက အရာခပ်သိမ်းကို နင်းခြေဖျက်ဆီးနိုင်စွမ်း ရှိသည်။ သူ၏မျက်လုံးက ရှေ့တည်တည့်မှ ဓားသခင်ကိုသာ အေးစက်စွာ ကြည့်နေသည်။

မိစ္ဆာပညာကို လေ့ကျင့်သူများကား ပုံမှန်နည်းလမ်းကို ဆန့်ကျင်ကြသည်။ သူတို့က ရှိရှိသမျှသော စွမ်းအားများကို ဝါးမျိုကာ အားပြည့်အင်ပြည့် ထုတ်လွှတ်ကြသည်။ သူတို့၏အရှိန်အဝါက အလွန်အမင်း ကြီးမားကာ တစ်ကွက်စီတိုင်းက အန္တရာယ်ကြီးမားလွန်း ပေသည်။

ဓားသခင်က ဓားကို လက်ဖြင့် ဆုပ်ကိုင်လျက် ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို တန်ပြန် စီးဆင်းစေသည်။ ထို့နောက်တွင် သူ၏နောက်ကျော၌ မိစ္ဆာတစ်ကောင်၏ ပုံရိပ်ယောင်တစ်ခု စတင်ဖြစ်ပေါ်လာသည်။ သူ၏လက်မှ နှစ်ဖက်သွားဓားက ဓားအသိအဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ ထိုအခိုက်တွင် လေထဲတွင် စီးဆင်းနေသော အနက်ရောင် အငွေ့အသက်တိုင်းက သူ၏ဓားအသိများ ဖြစ်ကြသည်။

ဘုန်း… ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် အငွေ့အသက်များ ဓားသခင်ထံမှ ပြင်းထန်စွာ ထွက်ပေါ်လာကာ သူကိုယ်တိုင်က မိစ္ဆာဓားအဖြစ် ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက နက်မှောင်သွားသည်။ သူက ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကြီးမားသော စွမ်းအားကို စုစည်းသည်။ ထို့နောက် မိစ္ဆာဓားအား ခုတ်ချလိုက်သည်တွင် လေဟာနယ်က နှစ်ပိုင်းပြတ်တောက် သွားသည်။

ခွန်ယိုက လက်သီးကို တင်းတင်းဆုပ်ကာ အောက်ကို ဆင်းသက်လာသည်။ နတ်ဆင်က ကျယ်လောင်စွာ အော်ဟစ်သည်တွင် ခွန်ယိုက သူ့ထံကို ရောက်လာသော ဓားအားခုခံသည်။ သူ၏လက်သီး လက်ဝါးရိုက်ချက်တိုင်းက အနက်ရောင် အငွေ့အသက်များကို ပြိုလဲပျက်စီးစေသည်။

နှစ်ယောက်သား၏ တိုက်ခိုက်မှုများက လေထဲတွင်ပင် တွေ့ဆုံကာ ကြောက်မက်ဖွယ် မုန်တိုင်းက ပျောက်ပျက်သွားသည်။ သို့သော် လေဟာနယ်က ပြိုလဲပျက်စီးတော့မည့် အလား ပြိုင်ကွဲယိုင်လဲကြသည်။ ထိုယိုင်နဲ့နေသော လေဟာနယ်ထဲ၌ ပုံရိပ်တစ်ခုက ထွင်းဖောက်လာသည် ကိုလည်း မြင်ကြရသည်။ ထိုပုံရိပ်ကား လူတစ်ယောက် ဆိုသည်ထက် ဓားတစ်လက်အလား ထင်မှတ်ရသည်။

မိစ္ဆာဓားက ဓားသခင်နှင့် တစ်သားတည်း ဖြစ်သွားသည်။ ထိုဓားချက်က ဓားပိုင်ရှင်က တိုက်ခိုက်ခြင်း မဟုတ်တော့ဘဲ ဓားကိုယ်တိုင်က တိုက်ခိုက်ခြင်း ဖြစ်သွားသည်။

ထိုအခိုက်တွင် ကောင်းကင်နှင့်မြေပြင်က နှစ်ခြမ်းကွဲသွားသည်။ ခွန်ယိုက အော်ဟစ်သည်တွင် နတ်ဆင်က ပြင်းထန်သော လက်ဝါးများ ရိုက်ထုတ်သည်။ လက်ဝါးတိုင်းက သူ့ထံကို ရောက်လာသော ဓားအား တားဆီးသည်။

စွတ်…

အက်ကွဲသံများ အဆက်မပြတ် ကြားလိုက်ရသည်။ အနက်ရောင် အငွေ့အသက်များ ခွန်ယိုကို ရစ်ပတ်သွားကာ ဓားချက်များ အဆက်မပြတ် လင်းလက်သွားသည်။ ဓားသခင်၏ ခန္ဓာကိုယ်ကလည်း စက္ကန့်ပိုင်းအတွင်း နောက်ကို လွင့်စဉ်သွားသည်။ တစ်ဖက်တွင် ခွန်ယို၏ခန္ဓာကိုယ်မှ သွေးများ ယိုစီးကျလာသည်ကို မြင်ကြရ၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset