အပိုင်း (၇၁၇)

ဗုဒ္ဓမီးအိမ်နှင့် ကောင်းကင်စိတ်တန်ခိုး

“မင်းမှန်တယ်… ဒါက ယုံကြည်မှုအတွက် တိုက်ပွဲပဲ… တွန့်ဆုတ်နေစရာ အကြောင်းမရှိဘူး…”

လျူချန်းက ရှေ့ကို တက်လာကာ သူ၏လက်ညှိုးကို ရှေ့သို့ ညွှန်လိုက်သည်။ လက်ညှိုးထံမှ အမှုန်စလေးများ ထွက်ပေါ်လာကာ လေကို ခွင်းလျက် ထောင်ကျန်း၏ ခန္ဓာကိုယ်သို့ ကျဆင်းလာကြသည်။ ဒုတိယနန်းတော်သခင်က မည်သည့်နေရာတွင် ထူးချွန် အားကောင်းသည်ကို ထောင်ကျန်းက ကောင်းကောင်း သိသည်။ သူက အော်ဟစ်ကာ ရှေးဟောင်း နတ်ဘုရားတစ်ပါးအလား ကြံ့ကြံ့ခံသည်။ သူ၏အရေပြားက မီးဖြင့် လောင်မြိုက်ခံရသလို နီရဲလာသည်။ သူ၏ခန္ဓာကိုယ်က မပျက်မစီးနိုင်သော သိဒ္ဓိဝင် ရတနာအလား အရောင်အဝါများ ဖြာထွက်လာသည်။

သို့သော်လည်း အမှုန်စလေးများက ပေါက်ကွဲသောအခါ အလွန်ကြီးမားသော ဖျက်ဆီးအားကို ပေးသည်။ ထောင်ကျန်း၏ ခန္ဓာကိုယ်ပေါ်တွင်ပင် တဝုန်းဝုန်းပေါက်ကာ ထောင်ကျန်းက နောက်ကို လွင့်စဉ်သွားသည်။ သူကား လျူချန်းနှင့် ရင်ဆိုင်ရာတွင် မည်သို့မှ ယှဉ်နိုင်ခြင်း မရှိပေ။

လျူချန်းက ရှေ့ကို တက်လာကာ ကြီးမားသော အရှိန်အဝါအား ထုတ်လွှတ်၏။

“တော်လောက်ပြီ…” ရီဖူရှင်းက လျူချန်းကို ကြည့်ကာပြောသည်… “ကျုပ် ခင်ဗျားနဲ့လိုက်မယ်…”

လျူချန်းက ရီဖူရှင်းကို ကြည့်သည်။ အရာအားလုံးက သည်မှာ အဆုံးသတ် ပေတော့မည်။

“ရှင်က ဘယ်တုန်းကမှ မမှားခဲ့ဘူး… ဘာလို့ သူနဲ့လိုက်သွားဖို့ လိုတာလဲ…”

သာယာကြည်လင်သော အသံတစ်သံကို ကြားရသည်တွင် လျူချန်းနှင့် ရီဖူရှင်းက လှည့်ကြသည်။ ထိုနေရာတွင် သန့်စင်ကာ အပြစ်ကင်းသော မိန်းကလေး တစ်ယောက်က ငြိမ်းချမ်းသော အသွင်ဖြင့် ရပ်နေသည်။

“မင်းက ဘယ်သူလဲ…” လျူချန်းက မည်သည့်နေရာက ထွက်လာမှန်း မသိသော မိန်းကလေးကို မေးသည်။ သူမကား ထူးဆန်းသော ဖြစ်တည်ခြင်း တစ်ခုအလား အလွန်အမင်း သန့်စင်လွန်းနေသည်။

“ကျွန်မက ဘုန်းတော်ကြီး ချိန်ထန်းရဲ့တပည့် ဟွာချင်းချင်းပါ…” မိန်းကလေးက ပြောသည်။

“မင်းက ဒီမှာ ဘာလုပ်နေတာလဲ…” ရီဖူရှင်းက ဟွာချင်းချင်းကို ကြည့်ကာ ပြောသည်…

“ဟွာချင်းချင်း… မင်းဆရာ ရှိတဲ့နေရာကို ပြန်သွားလိုက်… ”

ဟွာချင်းချင်းက ခေါင်းယမ်းသည်။ သူမက လျူချန်းကို ကြည့်ကာ ပြောသည်… “ကျွန်မက ဒီကို လာသင့်လား ဆရာကို မေးခဲ့တယ်… သူက ကျွန်မရဲ့ စိတ်နှလုံး ဆန္ဒနောက်ကို လိုက်ဖို့ ပြောခဲ့တယ်… နန်းတော်သခင်လျူ… ရှင့်ရဲ့နန်းတော် အကျိုးကျေးဇူးအတွက် ဆိုတဲ့ ခေါင်းမာမှုက နက်နက်ရှိုင်းရှိုင်း တွယ်ငြိနေတာမို့လို့ ရှင့်မျက်လုံးတွေက မကြည်လင် မရှင်းလင်းတော့ဘူး… ကြည့်ရတာ ရှင့်စိတ်က ယိမ်းယိုင်နေပြီ… ဘာလို့ မဆုံးဖြတ်ခင် ကိုယ့်ဘာသာ မမေးတာလဲ…”

“ချိန်ထန်းရဲ့ တပည့်ဟုတ်လား…” လျူချန်းက ဟွာချင်းချင်းကို ကြည့်ကာ ပြောသည်… “မင်းက ငါ့ဂျူနီယာ တစ်ယောက်ဖြစ်လို့ မင်းကို ဘာမှ မလုပ်တော့ဘူး… ထွက်သွားတော့… ငါ့စိတ်ကိုငါ နားလည်တယ်… ”

“ကျွန်မရဲ့ အကဲဖြတ်မှုက မမှားယွင်းဘူး…” ဟွာချင်းချင်းက ခေါင်းမာစွာ ပြောသည်။

လျူချန်းက သူမအား သည်အတိုင်းကြည့်ကာ ဘာမှ မပြောတော့ပေ။ သူက ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်… “အရာအားလုံးက သူ့ကြောင့် စတင်ခဲ့တယ်… အခု သူနဲ့ပဲ အဆုံးသတ်ရမယ်… ”

“သူ့ကို မထိနဲ့…” နောက်ထပ် အေးစက်သော အသံတစ်သံကို ကြားကြရသည်။ လျူချန်းက မှင်တက်သွားကာ ပြန်လှည့် ကြည့်လိုက်သည်တွင် နောက်ထပ် မိန်းကလေး တစ်ယောက်ကို မြင်ရသည်။ သူမကား အလွန်အမင်း ချောမောလှပသည်။ အလွန်လှပသော မိန်းကလေးနှစ်ယောက် ယှဉ်တွဲရပ်နေခြင်းက ပတ်ဝန်းကျင်ကိုပင် အရောင် မှေးမှိန်သွားစေ၏။

“ဟွာဂျီယူ… မင်းရောက်တာလာက ဘာအတွက်လဲ…” လျူချန်းက အေးစက်စွာ ပြောသည်။

ဟွာဂျီယူ၏မျက်လုံးများက အေးစက်နေသည်။ ရီဖူရှင်းက နောက်လှည့်ကာ သူမအား ကြည့်ပြီး မသက်မသာ ခေါင်းယမ်းသည်။ သူနှင့် သိမ်းငှက်နက်တို့က စိတ်ချင်း ဆက်နွှယ်ထားရာ ဘာဖြစ်ခဲ့သည်ကို သူသိသည်။ သူမက အမှန်ပင် သိမ်းငှက်နက်အား နားချကာ သည်နေရာသို့အထိ ရောက်လာခဲ့၏။

“ဒီကိုလာဖို့ မင်းကို ဘယ်သူပြောလဲ…” ရီဖူရှင်းက အနည်းငယ် ဒေါသထွက်ဟန်ဖြင့် ပြောသည်။ ဟွာဂျီယူက ရီဖူရှင်းအား ကြည့်ကာ ခေါင်းငုံ့လိုက်သည်။ သို့သော်လည်း သူမက ဆုံးဖြတ်ချက် ပြတ်သားဟန်ဖြင့် ပြောသည်…  နင့်ကို ဘယ်သူမှ​ မထိရဘူး…”

“လာမရှုပ်နဲ့တော့… အိမ်ပြန်…” ရီဖူရှင်းက ဟွာဂျီယူကို ကြည့်ကာ ပြောသည်။

“မပြန်ဘူး…” ဟွာဂျီယူက ခေါင်းယမ်းကာ ပြောသည်… “ငါကြိုးစား ကြည့်ချင်တယ်…” သူမက ပြောပြီးသည်နှင့် မျက်လုံးများအား မှိတ်လိုက်သည်။ ထိုအခိုက်တွင်ပင် သူမ၏ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် ကောင်းသော အရောင်အဝါများ ဖြာထွက် လာတော့သည်။ အလွန် အားကောင်းသော စိတ်စွမ်းအားက ထွက်ပေါ်လာသည်တွင် သူ၏ခန္ဓာကိုယ်၌ အရိပ်သဏ္ဌာန် တစ်ခုကိုလည်း ဝေဝေဝါးဝါး မြင်ကြရသည်။ ကြည့်ရသည်မှာ သူမ၏ခန္ဓာကိုယ်ထဲ၌ နောက်ထပ် ဝိညာဉ်တစ်ခု ရှိနေဟန်ရသည်။

ထိုအခိုက်တွင် ဟွာဂျီယူက ကျိုက်ရှင်းအိမ်တော်တွင် ဖြစ်ပျက်ခဲ့သော မြင်ကွင်းအား ပြန်သတိရလာသည်။

ကျိုက်ရှင်း အိမ်တော်၌ သူမအား ထူးဆန်းသောလူတစ်ယောက်က သေရန် ကြောက်သလားဟု မေးခဲ့သည်။

သူမကလည်း ခေါင်းညိတ်ခဲ့၏။

သူ့အတွက်မူကား… သူမအတွက် ကြောက်စရာ ဘာမှ မရှိပေ။

“ဂျီယူ…” ဟွာဂျီယူထံမှ အပြောင်းအလဲများကို မြင်သည်တွင် မျက်နှာက ပြာနှမ်းသွားသည်။ ဘာဖြစ်နေသနည်း။ ဂျီယူက တစ်ခုခု မှားယွင်းနေသည် များလား။

ဟွာဂျီယူ၏ ခန္ဓာကိုယ်မှ အပြောင်းအလဲများကို မြင်သည်တွင် လျူချန်းက မျက်မှောင်ကြုတ် လိုက်သည်။ ပုံရိပ်က ဟွာဂျီယူ၏ သွင်ပြင်ကိုပင် တဖြည်းဖြည်း ဖုံးလွှမ်းလာပြီ ဖြစ်သည်။ ဟွာဂျီယူ၏ ဆံပင်များက လေထဲတွင် လွင့်နေကာ နောက်ထပ် မျက်နှာတစ်ခုက သူမ၏မျက်နှာပေါ်တွင် အစားထိုး ပေါ်လာသည်။ ထိုမျက်နှာကား စုန်းမဲ့သို့ အေးစက်သော ခံစားချက်များအား ပေးသည်။ ကြည့်ရသည်မှာ သူတို့နှစ်ယောက်က ခန္ဓာကိုယ် တစ်ခုတည်းအား အတူယှဉ်တွဲ ပိုင်ဆိုင်ထားသည်နှင့်ပင် တူလှသည်။

“ဒါက ဘယ်လို စုန်းမှော်ပညာလဲ…” လျူချန်းက ဟွာဂျီယူကို ကြည့်ကာ မေးသည်။

“မင်းက အရမ်း အားနည်းတယ်… တကယ်လို့ ငါ့စွမ်းအားတွေကို မင်းလို အားနည်းတဲ့ ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ဆီမှာ ထုတ်လွှတ်ရင် မင်းက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး.. မင်းရဲ့စိတ်ဝိညာဉ်က ပြိုပျက်ပြီး သေဆုံး သွားရလိမ့်မယ်…” ဟွာဂျီယူ၏စိတ်ထဲတွင် အသံတစ်သံကို ကြားရသည်။

“ကိစ္စမရှိဘူး… စွမ်းအားကို အဆုံးအထိသာ ထုတ်ပေး…” ဟွာဂျီယူက ဖြေသည်။

“မင်းဆန္ဒ အတိုင်းပဲ…” အသံတစ်သံကို ကြားကြရသည်။ ထိုအခိုက်တွင်ပင် ဟွာဂျီယူ၏ ခန္ဓာကိုယ်က ပြင်းစွာ တုန်ယင်သွားပြီး သူမ၏ စိတ်စွမ်းအားများက သူမ၏ ခန္ဓာကိုယ်အတွင်းမှ အပြင်သို့ အတင်း တွန်းထုတ်ခံရကာ လေထဲတွင် ပျံ့နှံ့နေသော စွမ်းအားများက သူမ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်။ စွမ်းအားက သူမ၏စိတ်နှင့် ပေါင်းစပ်သွားကာ ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းအား ထိန်းချုပ်နိုင်စွမ်း ရှိလာသည်။ သူမက နှုတ်ခမ်းကို ကိုက်လိုက်သည်တွင် ပါးစပ်မှ သွေးစများ ကျလာသည်။ သူမ၏ ဆံပင်ရှည်များနှင့် အဝတ်စံများက လေထဲတွင် တလွင့်လွင့် မျောနေသ၏။ သူမ၏စိတ်ထဲမှ စိတ်အစွမ်းများ အဆုံးစွန်အထိ မြင့်တက်လာကာ အလွန်အမင်း နာကျင်မှုကိုလည်း တစ်ချိန်တည်းတွင် ခံစားလာရသည်။

ဘုန်း… သူမ၏စိတ်ဝိညာဉ်က လုံးဝ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားကာ မယုံကြည်နိုင်ဖွယ် နာကျင်မှုကို ခံစားရသည်။ ကြောက်မက်ဖွယ် ကောင်းသော စိတ်စွမ်းအားက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။ ထိုအခိုက်တွင် အရာအားလုံးက ရှင်းလင်း ကြည်လင်သွားကာ သူမ၏ထိန်းချုပ်မှု အောက်ကို ရောက်သွား ကြတော့သည်။

လျူချန်းက ဟွာဂျီယူကို ကြည့်သည်။ သူကား နတ်ဘုရားအလား ဖြစ်တည်ခြင်း တစ်ခုကို ကြည့်နေရသည့်အလား ခံစားရသည်။ လေထဲတွင် ကြောက်မက်ဖွယ် ကောင်းသော ပုံရိပ်က ရပ်နေကာ မဆုံးအစမဲ့သော စိတ်စွမ်းအားများအား ထုတ်လွှတ်သည်။ သည်မိန်းကလေးက ဟွာဂျီယူ၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်ခြင်း မဟုတ်ကြောင်း ခံစားမိသည်။ သည်မိန်းမကား ရှန့်ထိုအဆင့်တွင် ရှိနိုင်လောက်ပေသည်။ သို့သော်လည်း သည်ကဲ့သို့သော စွမ်းအင်က ဟွာဂျီယူ၏ခန္ဓာကိုယ်တွင် အဘယ်ကြောင့် ရှိနေသည်ကို သူနားမလည်ပေ။

“ငါ သူမကို ထိန်းထားမယ်… မင်းတို့အားလုံး ရီဖူရှင်းကို ဖမ်းကြ…” လျူချန်းက နန်းတော်မှ လူများအား အမိန့်ပေးသည်။

ဟွာချင်းချင်းထံမှ အလွန်ပြင်းထန်သော နတ်ဘုရား အလင်းတစ်ခု ဖြာထွက်လာသည်။ သူမကလည်း လေထဲတွင် လွင့်မျောလာကာ နတ်ဘုရားအလင်းက သူမအား လောင်ကျွမ်းနေဟန် ရသည်။ ထို့နောက် သူမက ကြာပန်းမီးအိမ်တစ်လုံး အသွင်သို့ ပြောင်းလဲသွားသည်။ မီးအိမ်အလယ်မှ အလင်းရောင်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်အား လင်းလက်စေသည်။ ပြင်းထန် အားကောင်းသော စိတ်စွမ်းအားက မီးအိမ်ထဲမှ ထွက်လာကာ ရီဖူရှင်းအား ဖြာဆင်းလျက် ကျသည်။

ကြာပန်းမီးအိမ်က ရီဖူရှင်း၏ရှေ့ကို ပေါလောမျောကာ ရောက်လာသည်။ ကြာပန်းမီးအိမ်ထဲတွင် ဟွာချင်းချင်း၏ ပုံရိပ်ကို ဝေဝေဝါးဝါး မြင်ရသည်။ ထို့နောက်တွင် အလွန် အားကောင်းသော စိတ်စွမ်းအားများက ရီဖူရှင်း၏စိတ်ထဲကို ဝင်လာကာ သူ့အား ပိုမို လင်းလက်စေသည်။ ထိုအခိုက်တွင် သူကား ရှေးဟောင်း ဗုဒ္ဓတစ်ပါးအလား ထင်မှတ်ရသည်။ တရားစာရွတ်သံက ရီဖူရှင်း၏စိတ်ထဲကို စိမ့်ဝင်လာသည်။

“ဟွာချင်းချင်း…” ရီဖူရှင်းက စိတ်အားဖြင့် လှမ်းခေါ်လိုက်သည်။

“အဲဒါ ငါပဲ… ငြိမ်းချမ်းတဲ့စွမ်းအားကို ခံစားကြည့်…” ဟွာချင်းချင်းက ပြန်ပြောသည်။ ရီဖူရှင်းက သဘာဝစွမ်းအားများကို ခံစားရပြီး လောကဓာတ်က သူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်ကို ခံစားရသည်။ ထိုအခိုက်တွင် သူ၏စိတ်ဝိညာဉ် စွမ်းအားက အဆမတန် အားကောင်းလာသည်။

လျူချန်းက တုန်လှုပ်သွားသည်။ ဘုန်းတော်ကြီး ချိန်ထန်းက အလွန်ထူးခြားသော ပါရမီရှင် တစ်ယောက်အား တပည့်အဖြစ် လက်ခံခဲ့သည်ကို သူကြားဖူးသည်။ သို့သော်လည်း သူက နန်းတော် အပြင်ဘက်မှ ပါရမီရှင်များအား သိပ်အလေးထားခဲ့သည် မဟုတ်ပေ။ သို့သော်လည်း သူမက ဤမျှ ထူးခြားမည်ဟု သူမထင်ထားခဲ့။

သည်မီးအိမ်က ဗုဒ္ဓတရားတော်များတွင် ညွှန်းဆိုခြင်းခံရသော သံသရာမီးအိမ်လား…။

ဗုဒ္ဓက ဆိုသော သံသရာလည်ခြင်းက အမှန်တရားများလား…။

ရီဖူရှင်း၏ ဘေးနားတွင် ထူးဆန်းသောလူများ ပစ္စည်းများ အဘယ်ကြောင့် အဆက်မပြတ် ပေါ်လာရသနည်း။

“ကောင်းကင် တောင်ပေါ်က သံစဉ်ကို ငါပြန်ကြားချင်တယ်…” ရီဖူရှင်း၏စိတ်ထဲတွင် ဟွာချင်းချင်း၏ အသံထွက်လာသည်။ သူမကလည်း ကု့ချင်းသံစဉ်များအား ချစ်မြတ်နိုးပေသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ လက်ဝှေ့ယမ်း လိုက်သည်တွင် သူ့ရှေ့၌ ကု့ချင်းတစ်လက် ပေါ်လာသည်။ ထိုကု့ချင်းကား လက်ကိုးချောင်း ကု့ချင်းနတ်ဆိုး လျူခွေရှမ်း၏ကု့ချင်း ဖြစ်သည်။

လျူချန်းက ရှေ့ကို တက်လာကာ ရီဖူရှင်းထံသို့ လက်ညှိုးဖြင့် ညွှန်သည်။ လက်ညှိုးမှ အလင်းတန်းများ ဖြာထွက်လာကာ လေထုကို ခွင်းလျက် တိုးဝင်လာသည်။ ဟွာဂျီယူက ရှေ့ကို တက်လာကာ သူမ၏ သက်စောင့်ဝိညာဉ်အား ထုတ်လွှတ် လိုက်သည်တွင် အလွန် လင်းလက်သော သရဖူက သူမ၏ခေါင်းတွင် ပေါ်လာသည်။ မမြင်ရသော စိတ်ဝိညာဉ်များကလည်း တစ်ချိန်တည်းတွင် ဖြစ်ပေါ်လာကာ မိုးစက်မိုးပေါက်များ အလား ကျဆင်းလာသော အလင်းတန်းများ အားလုံးက ရပ်တန့် သွားကြသည်။

“ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်တွေရဲ့ အားအကောင်းဆုံး နေရာက အတွေးပဲ… သူတို့ရဲ့ အတွေးတွေက ဘုရားတွေ အထိတောင်မှ ရောက်နိုင်စွမ်းတယ်…” ဟွာဂျီယူ၏စိတ်ထဲတွင် အသံတစ်သံကို ကြားကြရသည်။ ထို့နောက်တွင် မမြင်ရသော စိတ်စွမ်းအားများက လက်အသွင်ဖြင့် လျူချန်းထံသို့ တိုးဝင်သွားသည်။ လေထဲတွင် ပုံသဏ္ဌာန်မဲ့လက်များ ဖြစ်ပေါ်လာသည်။ လျူချန်းက သူ၏စိတ်ဝိညာဉ်များက တိုက်ခိုက် ပိတ်ဆို့ခံရသည်ဟု ခံစားရသည်။

“ဖောက်ထွက်စမ်း…” ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ် အားများက ကွဲထွက်လာကာ လျှပ်စီးတန်းများ အဖြစ် မမြင်ရသော လက်များအား ဖြိုခွင်းသည်။ သို့သော်လည်း ဟွာဂျီယူက သူ့ထံကို လှမ်းလာသည်တွင် ခြေလှမ်းတိုင်းက အလွန်အမင်း ဖိအားကို ဖြစ်ပေါ်စေသည်။ သို့သော်လည်း သူ ရင်ဆိုင်နေရသည်က ဟွာဂျီယူ မဟုတ်သည်ကို လျူချန်းသိသည်။ ဟွာဂျီယူ၏ ခန္ဓာကိုယ်ထဲတွင်ကား ရှန့်ထိုအဆင့်ရှိသော ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်တစ်ယောက် ဖြစ်သည်။ သူကား ဟွာဂျီယူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ သူ့အား တိုက်ခိုက်နေခြင်း ဖြစ်သည်။

ရုပ်ခန္ဓာ ဖျက်ဆီးခံရသော ကောင်းကင် စိတ်ဝိညာဉ် ပညာရှင် တစ်ယောက်က ဟွာဂျီယူအပေါ် သဘောကျသဖြင့် သူမထံတွင် မှီတင်း နေထိုင်ခဲ့သလော။

“လျှပ်စီးအပြစ်ဒဏ်…” အေးစက်သော အသံတစ်ခု ဟွာဂျီယူ၏ပါးစပ်မှ ကြားကြရသည်။ ထို့နောက်တွင် ကောင်းကင်မှ လျှပ်စီးတန်းများ ကျဆင်းလာကာ လျူချန်းထံသို့ ရောက်လာသည်။ ထိုအခိုက်တွင် လျူချန်း၏စိတ်က အစိတ်အစိတ် အမြွှာမြွှာ ဖြစ်သွားတော့မည်ကဲ့သို့ ခံစားရသည်။ သည်တိုက်ခိုက်မှုကား နားလည်ရန် ခက်ခဲလွန်းကာ လျှပ်စီးဓာတ်က စိတ်စွမ်းအင်ဖြင့် ပေါင်းစပ်နေပြီး ကာကွယ်ရန် အလွန်အမင်း ခက်ခဲ၏။

လျူချန်း၏လက်တွင် အလင်းများ ဖြစ်ပေါ်လာကာ သူ၏လက်တွင် တော်ဝင်ရတနာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာကား ကျာပွတ်တစ်ချောင်း ဖြစ်သည်။ ကျာပွတ်၏စွမ်းအားက လူတိုင်း၏ ဝိညာဉ်များအား တုန်လှုပ်စေနိုင်စွမ်း သည်။ သည်ကျာပွတ်ကား တော်ဝင်ကျဲနန်းတော်တွင် ခေတ်အဆက်ဆက် လက်ဆင့်ကမ်း လာခဲ့သော ရတနာကျာပွတ် ဖြစ်သည်။

လျူချန်းက လက်ကို မြှောက်ကာ ရိုက်ချလိုက်သည်တွင် မမြင်ရသော တိုက်ခိုက်မှုက အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။ ဟွာဂျီယူတစ်ချက် ညည်းလိုက်သည်။ သူမ၏ တိုက်ခိုက်မှုများ အားလုံးက စိတ်ဖြင့် ပြုလုပ်ခြင်းဖြစ်ရာ ဒဏ်ဖြစ်သော အခါတွင်လည်း စိတ်တွင် ဖြစ်လာသည်။

နောက်တစ်နေရာမှ ဂီတသံစဉ်အချို့ကို စတင် ကြားလာရသည်။ ပတ်ဝန်းကျင်ရှိ သဘာဝ စွမ်းအင်များက ကု့ချင်းသံကြောင့်ပင် စည်းချက်ကျကျ လှည့်ပတ် လာကြဟန်ရသည်။ သံစဉ်ထံမှ အလွန်အမင်း ဝမ်းနည်း လှိုက်မောခြင်းကို ခံစားကြရသည်။ အူကီယိုသံစဉ်ကား သည်တစ်ခေါက်တွင် အလွန်ကွဲပြား ခြားနားစွာ ထွက်ပေါ်လာသည်။

တိုက်ခိုက်နေသော လူအများအပြားက ရီဖူရှင်းထံကို လှမ်းကြည့်ကြသည်။ ကြောက်မက်ဖွယ် မုန်တိုင်းက သူ၏ခန္ဓာကိုယ်ကို စတင် ရစ်ပတ်လာကြကာ ပတ်ဝန်းကျင်သို့ မြန်ဆန်စွာပင် ပျံ့နှံ့လာပြီး လေထဲမှ သဘာဝ စွမ်းအင်များအား စတင် ထိန်းချုပ်သည်။

“လုပ်တော့…” အေးစက်သော အသံအား ကြားကြရသည်။ သူကား နန်ကလန်၏နန်ရှင်း ဖြစ်သည်။ သူက ထျန်ရှင်း နန်းဆောင်မှ စွမ်းအားမြင့် တန်ခိုးရှင်မျာအား ဦးဆောင်လျက် ရီဖူရှင်းထံကို တိုးဝင်သွားသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset