အပိုင်း (၇၁၄)

မိစ္ဆာဓား

ခွန်ယို၏မျက်လုံးများက အရောင်လက် သွားသည်။ သည်လူများက တော်ဝင်ကျဲနန်းတော်ကို ဖိအားပေးကာ ဆုံးဖြတ်ချက်အား ပြင်စေလိုကြသည်လား။

“သူတို့ကို တိုက်စမ်း… ငါတို့ကို တားတဲ့လူ ဘယ်သူမဆို သတ်…” ခွန်ယိုက လွန်စွာ ရက်စက်ကြမ်းတမ်းသော လေသံဖြင့် ပြောသည်။ သူ၏စကားကို ကြားသည်တွင် ကျိရှမ်းကမ်းပါးမှ လူများအားလုံးက ရှေ့ကို တက်လာကြသည်။

လျူချန်းက ခေါင်းမော့ကာ ကျိရှမ်းကမ်းပါးမှ လူများအား ကြည့်သည်။ ကျိရှမ်းကမ်းပါးမှလူများက မည်မျှ အားကောင်းသည်ကို သူသိသည်။ ကျန်းရှာ၏ သေဆုံးခြင်းကြောင့် ကျိရှမ်းကမ်းပါးက သည်တစ်ကြိမ်တွင် အလွန် အားကောင်းသော တန်ခိုးရှင်များအား ထပ်မံစေလွှတ်ခဲ့၏။ ထိုအထဲတွင် နှစ်ယောက်က ပြည်နယ်ကိုးခု ရှီအဆင့်တွင် ပါဝင်ကြသည်။

ပြည်နယ်ကိုးခု ရှီအဆင့်တွင် စုစုပေါင်း ၉၁ယောက် ရှိပေသည်။ ထိုအထဲတွင် ယွီပြည်နယ်၌ ရှစ်ယောက်ပါဝင်ကာ ယခု သုံးယောက်ကို မြေရိုင်းပြည်နယ်သို့ စေလွှတ်ခဲ့၏။ ဤမတိုင်မီ ကျူးကော့ချန်းဖန်နှင့် ယန်ဟောင်တို့က တော်ဝင် ရတနာများအား အသုံးပြု၍ ခုခံခဲ့သောကြောင့် ထိထိရောက်ရောက် မတိုက်ခိုက်နိုင်ခဲ့သလို ကျန်းရှာကလည်း မြေရိုင်းပြည်နယ်တွင် သေဆုံးခဲ့ရသည်။ ကျိရှမ်းကမ်းပါးက သေချာပေါက် ပြင်ဆင် လာခဲ့ရပေမည်။

သည်တစ်ကြိမ် ခွန်ယိုက နန်းတော်ကို ပိုမို၍ ရင့်သီးစွာ ဝင်ရောက်လာခဲ့ကာ ယခင်ကထက်လည်း ယုံကြည်မှု ရှိဟန်ရသည်။ ကျူးကော့ချန်းဖန်၊ ယန်ဟောင်နှင့် ထောင်ကျန်းတို့ အားလုံးက ရီဖူရှင်းကို ဗဟိုပြု၍ ဝန်းရံထားကြသည်။

ကျိရှမ်းကမ်ပါးမှ တန်ခိုးရှင်များက လေထုကို ဖိအားများ ဖြစ်စေလျက် ပျံသန်းလာကြသည်။ ရှေ့ဆုံးမှ နှစ်ယောက်ကား သက်ကြီးပိုင်းဖြစ်ကာ နောက်တစ်ယောက်ကား အံ့အားသင့်ဖွယ် ကောင်းအောင်ပင် ငယ်ရွယ်ပြီး အလွန်ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည်။

“သူတို့နှစ်ယောက်က ပြည်နယ်ကိုးခု ရှီအဆင့်ကပဲ…” ထောင်ကျန်းက မျက်မှောင်ကုတ်ကာ ပြောသည်။

ယနေ့ ပြည်နယ်ကိုးခု ရှီအဆင့်မှ လူသုံးယောက် ရောက်လာကြသည်။ သူသိသလောက် ကွန်းရှီအဆင့် လူငယ်ကား ကျိရှမ်းကမ်းပါး၏ နံပါတ်တစ် သူရဲကောင်းဖြစ်သူ ကီဖုန်းဖြစ်သည်။ သူကား ကျိရှမ်းကမ်းပါး ရှန့်ထိုခေါင်းဆောင်၏ လက်ရင်းတပည့်လည်း ဖြစ်သည်။ ကီဖုန်းကား ကျိရှမ်းကမ်းပါး၏ ဆက်ခံသူဖြစ်ကာ ရှန့်ထိုဖြစ်ရန် အလားအလာ ရှိသူဖြစ်သည်။ သူ့တွင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းရည်များရှိသည်။

နောက်သက်ကြီးပိုင်း ကွန်းရှီအဆင့် တန်ခိုးရှင်ကလည်း ကြောက်မက်ဖွယ် ကောင်းသူဖြစ်သည်။ သူအသုံးပြုသော လောကဓာတ်ကား မီးဓာတ်ကို အခြေခံသည်။ သူ၏နာမည်ကား နန်ရန်ဖြစ်ကာ သူက လူများကို သွေးအေးစွာ သတ်ဖြတ်တတ်သူ ဖြစ်သည်။ လူအများအပြားက သူ့လက်ထဲတွင် သေဆုံးကြရသည်။

“ကောင်းကင်မြေရိုင်း အဆင့်က တန်ခိုးရှင်တစ်ယောက်…” နန်ရန်က ကျူးကော့ချန်းဖန်ကို ကြည့်ကာ မှတ်ချက်ချသည်။ ကောင်းကင်မြေရိုင်း အဆင့်၆တွင်ရှိသော သူက ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်တွင် နောက်ဆုံး တစ်နေရာမျှ ရနိုင်လောက်ပေသည်။

ပြည်နယ်ကိုးခု ရှန့်ထိုနှင့် ရှီအဆင့်ဇယားတွင် စုစုပေါင်း ကိုးဆယ့်တစ်နေရာ ရှိသည်။ မြေရိုင်းဒေသမှလွဲ၍ တခြားပြည်နယ်များတွင် ပုံမှန်အားဖြင့် ထိုဇယား၌ ဆယ်နေရာခန့်စီ ရှိကြသည်။ ဆိုလိုသည်က ရှီအဆင့်၏ နောက်ဆုံးနေရာပင်လျှင် သူတို့၏ပြည်နယ် အသီးသီးတွင် ထိပ်သီးဆယ်ယောက် စာရင်းဝင်များ ဖြစ်ကြသည်။ သို့သော်လည်း မြေရိုင်းပြည်နယ်က ရှန့်ထိုမရှိရာ ပြည်နယ်ကိုးခု၌ နောက်ဆုံးနေရာ၌သာ ရှိသည်။ ကောင်းကင်မြေရိုင်း အဆင့်၆ကား ရှီအဆင့်ဇယား၏ နောက်ဆုံးတွင်သာ ရှိနိုင်လောက်ပေသည်။

နန်ရန်၏မျက်လုံးများက ရုတ်တရက် နီရဲသွားသည်။ ချက်ချင်းပင် ထိုနေရာတစ်ခုလုံးမှ သဘာဝစွမ်းအင်များ အားလုံး ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွား၏။ သူ၏ခန္ဓာကိုယ်က ပြာမှုန်အဖြစ်သို့ လောင်ကျွမ်း သွားတော့မည်ဟု ရီဖူရှင်းက ခံစားရသည်။ လောကဓာတ်ကား ပြင်းထန်လွန်းလှသည်။ သူ၏တန်ခိုးအဆင့်ဖြင့် ထိုသို့သော လောကဓာတ်အား ခံနိုင်ရည်အား မဲ့ပေသည်။

ကျူးကော့ချန်းဖန်က သူ၏တော်ဝင်ရတနာကို ထုတ်ယူလိုက်ပြီး ဖြစ်သည်။ ရှစ်မျက်နှာဝင်္ကပါက ရီဖူရှင်းအပါအဝင် ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာပင် ကီဖုန်း၏လက်ထဲတွင် သုံးဖက်သွား လှံရှည်တစ်လက် ပေါ်လာသည်။ ထူးခြားသော လက်နက်အရောင်အဝါက လေထဲတွင် ပျံ့နှံ့သွား၏။

ဟူး…

ကီဖုန်းက သုံးဖက်သွားလှံရှည်ကို ဝှေ့ယမ်းကာ ရှစ်မျက်နှာ ဝင်္ကပါထံသို့ ဆင်းသက်လာသည်။ ချက်ချင်းပင် ငွေရောင်အလင်းက တိမ်များအကြားသို့ တိုးဝင်သွားသည်။ လျှပ်စီးက ကောင်းကင်မှ ဆင်းသက်လာကာ သုံးဖက်သွားလှံရှည်အား လာရောက် ထိရိုက်သည်။ ထိုအခိုက်တွင် ဖျက်ဆီးခြင်း အလင်းတန်းများက လျှပ်စီးတန်းများအဖြစ် လေထဲတွင် ပေါ်လာတော့သည်။

“သတိထား…” လူအများအပြားက အလင်းတန်းမျာအား ရှောင်ဖယ်ကာ အော်ဟစ်ကြသည်။

“တပည့်များ… နန်းတော်ကို ပြန်ကြ…” လျူချန်းက အော်ဟစ်လိုက်သည်။ လျှပ်စီးအက်ကွဲသံများက လေဟာနယ်ကို ပျံ့နှံ့လာပြီး ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာသည်။ နန်းတော် အပြင်ဘက် မြေပြင်က အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာသည်။ အက်ကွဲကြောင်းများက ရှစ်မျက်နှာဝင်္ကပါထဲတွင် ဖြစ်ပေါ်နေသည်ကို သူတို့အားလုံး မြင်ကြရ၏။

“တော်ဝင်ရတနာ…” လူအများအပြားက ကီဖုန်း၏လက်ထဲမှ သုံးဖက်သွား လှံရှည်ကိုကြည့်ကာ မှတ်ချက်ချကြသည်။ မြေရိုင်းပြည်နယ်တွင်ပင် ရှန့်ထိုလက်နက်များ ပိုင်ဆိုင်သည်။ ယွီပြည်နယ်ကလည်း သေချာပေါက် ပိုင်ဆိုင်ပေသည်။ သို့သော်လည်း ကျိရှမ်းကမ်းပါး၏ တော်ဝင်ရတနာများ အားလုံးကို ရှန့်ထိုများက ထိန်းချုပ်သည်။ ရှန့်ထိုအဆင့်အောက်မှ တန်ခိုးရှင်များက ထိုလက်နက်များကို ကိုင်စွဲရန် အဆင့်မမီဘဲ​ တစ်ခါတစ်ရံ​ အလွန်အရေးကြီးသော အရေးအရာများ၌သာ ငှားရမ်းပေးပေသည်။

ယန်ဟောင်က ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကို ဝှေ့ယမ်းလျက် ရှေ့ကို တက်လာသည်။

ပတ်ဝန်းကျင်မှ ကျိရှမ်းကမ်းပါး တန်ခိုးရှင်များ အားလုံးက ရီဖူရှင်းထံကို ချဉ်းကပ်လာကြသည်။ ထောင်ကျန်းက သူ၏ထောင်ကျန်းခန္ဓာကို ထုတ်လွှတ်သည်တွင် ပိုမို၍ ကြီးမား ထွားကျိုင်းလာသည်။ ကြောက်မက်ဖွယ် အလင်းတန်းများက သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားကြကာ သူ့ခန္ဓာကိုယ်ထဲမှ အဆင့်လွန် စွမ်းအားများ ထွက်ပေါ် လာကြတော့သည်။ သူက ရှေ့ကို တက်လိုက်သည်တွင် သူ့ထံမှ​ကြီးမားသော အရှိန်အဝါ သက်သက်က ကျိရှမ်းကမ်းပါး တန်ခိုးရှင်များအား နောက်ဆုတ်စေသည်။

“ထောင်ကျန်း…” လျူချန်းက ထောင်ကျန်းကို ကြည့်သည်။ နန်းတော်က ယနေ့တွင် ဘေးအန္တရာယ် ကျရောက်မည်ဟု ဝမ်ရှင်းက ဟောကိန်းထုတ်ခဲ့သည်။ ထောင်ကျန်းက ကျိရှမ်းကမ်းပါးနှင့် ရင်ဆိုင် တိုက်ခိုက်ခြင်းက နန်းတော်အား ကြီးမားသော ဆိုးကျိုးများ ဖြစ်စေမည်သေချာ၏။

“လျူချန်း… မင်းက နန်းတော်ရဲ့ လူတွေကိုတောင်မှ မထိန်းချုပ်နိုင်မှတော့ ငါက ကူညီပေးမယ်…” ခွန်ယိုက အေးစက်စွာ ပြောကာ ရှေ့ကို တက်လာသည်။ ခြေတစ်လှမ်းမျှဖြင့် ကြောက်မက်ဖွယ် ကောင်းသော နတ်ဆင်ကြီးတစ်ကောင် ကောင်းကင်တွင် ပေါ်လာကာ မြေပြင်သို့ ကျဆင်းလာသည်။ ထောင်ကျန်း၏ ခန္ဓာကိုယ်က လေထုကို ခွင်းလျက် သူ၏ ရွှေရောင်လက်သီးဖြင့် အောက်ကို ကျဆင်းလာသော နတ်ဆင်ကြီးအား ထိုးခွင်း ဖျက်ဆီးသည်တွင် ဧရာမနတ်ဆင်ကြီးက ပေါက်ကွဲပျက်စီး သွားသည်။

“ဟင်း…” ခွန်ယိုက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ထောင်ကျန်း ကာကွယ်ပေးထားသော ရီဖူရှင်းကို ကြည့်ပြီး အေးစက်စွာ ပြောသည်… “ကျိရှမ်းကမ်းပါးကို ဆန့်ကျင်ရဲတဲ့ ဘယ်ကောင်မဆို သတ်မယ်… သူ့ကို ကာကွယ်နိုင်မယ်လို့ မင်းတို့က ဘယ်လိုထင်ရတာလဲ…” သူက ပြောပြီးသည်နှင့် ရှေ့ကို တက်လာသည်။ များစွာသော နတ်ဆင်ပုံရိပ်များက အောက်ကို ကျဆင်းလာသည်တွင် ထောင်ကျန်းကလည်း ပြန်လည် တားဆီးသည်။

“ဆရာ…” ရီဖူရှင်းက ခေါင်းမော့ကာ ထောင်ကျန်းကို ကြည့်သည်။ ထောင်ကျန်းက လျူချန်းကို တင်းမာစွာ ကြည့်ကာ ပြောသည်… “ခင်ဗျား ယုံကြည်ထားတာ ဒီလို လမ်းစဉ်လား…”

လျူချန်း တိတ်ဆိတ် သွားသည်။

ထိုအခိုက်တွင်ပင် ကျိရှမ်းကမ်းပါးမှ တခြားတန်ခိုးရှင်များက သူတို့၏လောကဓာတ်များကို ထုတ်လွှတ်လျက် ရီဖူရှင်းထံကို ချဉ်းကပ်လာကြပြန်သည်။

“ညီငယ်လေး…” အသံတစ်သံကို ကြားရသည်တွင် ရီဖူရှင်းက မှင်တက်သွားသည်။ သူက အသံလာရာကို ကြည့်လိုက်သည်တွင် သာမန်ရိုးရှင်းသော ဝတ်စုံဖြင့် လူတစ်ယောက်က သူ့ထံသို့ လှမ်းလာသည်ကို မြင်ရ၏။ သူက ထိုလူကို မြင်သည်တွင် စိတ်ပျက် သွားရသည်။ သူ၏အစ်ကိုကြီးပင် ရောက်လာသည်။ သူပင်လျှင် သည်အရှုပ်အထွေးကြားထဲ ပတ်သက်ရသည်။

“အစ်ကိုကြီး…” ရီဖူရှင်းက သူ့အား ခေါ်လိုက်သည်။

“အစ်ကို…” ကျူးကော့မင်းယွီက လှမ်းခေါ်လိုက်သည်။ သူမ၏အစ်ကိုကြီးအား မမြင်ရသည်မှာ လွန်စွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူကား ယခင်ကဲ့သို့ တည်ငြိမ်ရိုးရှင်းကာ တစ်ချိန်တည်းတွင်ပင် ထူးခြားနေဆဲ ဖြစ်သည်။

လူအများအပြားက အသစ်ရောက်လာသူအား ကြည့်ကြသည်။ ကျူးကော့မင်းယွီနှင့် ရီဖူရှင်း၏အစ်ကိုတဲ့လား…။ အရှေ့မြေရိုင်းဒေသမှ နောက်တစ်ယောက် ရောက်လာသည်။ သို့သော် သူက ဘာများ ထူးထူးခြားခြား ပြောင်းလဲ ပေးနိုင်မည်နည်း။

“တော်ဝင်ကျဲနန်းတော်က မင်းနဲ့တုံးလျိုကို ဖမ်းဆီးဖို့ အမိန့်ပေးထားပြီးပြီ… ဘာလို့ သူတို့ဆီက မျှော်လင့်နေသေးတာလဲ…” ဓားသခင်က ရီဖူရှင်းကို ကြည့်ကာ ဆက်ပြောသည်… “ဘာတော်ဝင်မြေလဲ… သူတို့ရဲ့ နာမည်ကျော်ကြားမှု ကလည်း အလကားပဲ…”

ရီဖူရှင်းက တိတ်ဆိတ်သွားသည်။ သည်အခြေအနေအား နန်းတော် တစ်ခုတည်းကသာ ဖြေရှင်းနိုင်ရာ သူကလည်း မဖြစ်နိုင်မှန်း သိလျက်ဖြင့်ပင် မျှော်လင့်ခဲ့မိသည်။ သို့သော်လည်း သူ၏အမြင့်ဆုံး ပါရမီကို ထုတ်ပြုခဲ့သည့်တိုင် မိမိကိုယ်ကို သက်သေပြရန် အခွင့်အရေး မရပေ။

“အစ်ကိုကြီး… ဘာလို့ လာခဲ့တာလဲ…” ရီဖူရှင်းက သက်ပြင်းချသည်။

“ကော့တေးတပည့်တွေက အနိုင်ကျင့်ခံရတဲ့အချိန် ဆရာမရှိမှတော့ အစ်ကိုကြီးဖြစ်တဲ့ငါက ဘယ်လိုလုပ် မလာဘဲ နေလို့ ရမလဲ…” ဓားသခင်က ပြုံးလျက်ပြောသည်… “ငါတို့က အသက်သေတဲ့အထိ တိုက်ခိုက်ရမယ် ဆိုရင်တောင် ငါက ဦးဆုံးပဲ ဖြစ်ရမယ်…” သူက ထိုသို့ပြောပြီးသည်နှင့် သူ၏နောက်ကျောမှ နှစ်ဖက်သွားဓားကို ထုတ်လိုက်သည်။ နှစ်ဖက်သွားဓားအသိက ဓားအထဲကို စီးဝင်သွားသည်တွင် ဓားအတွင်းမှ စွမ်းအင်က တစ်မုဟုတ်ချင်း နိုးထလာခဲ့တော့သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင်စွမ်းအင်က ဓားသခင်၏ခန္ဓာကိုယ်ကို ဝါးမျိုသွားကာ သူ၏ တစ်ကိုယ်လုံးကို စီးဆင်း သွားတော့သည်။

ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် ကိုယ်ရောင်ကိုယ်ဝါက ထိုနေရာ တစ်ခုလုံးအား ပျံ့နှံ့သွားသည်။ ဓားသခင်အား ဗဟိုပြုလျက် အနက်ရောင် အငွေ့အသက်များ လေဟာနယ်ကို လွှမ်းခြုံသွားကာ ထိုအငွေ့အသက်များထဲတွင် ကြောက်မက်ဖွယ် ကောင်းသော ဓားအသိအား ခံစားကြရသည်။

“ဒါက ဘယ်လို ရတနာမျိုးလဲ…” အားလုံးက ဓားသခင်၏လက်ထဲမှဓားကို ကြည့်ကာ အံ့ဩခြင်းကြီးစွာ ဖြစ်ကြရသည်။

ဓားထံမှ တားမြစ်ထားသော စွမ်းအားများကို သူတို့ ခံစားကြရသည်။ ထိုစွမ်းအားကား တဖြည်းဖြည်းဖြင့် ပြိုင်ဆိုင်မှုကင်းမဲ့သော အဆင့်သို့အထိ တစ်စတစ်စ ရောက်ရှိလာတော့သည်။ ဓားထံမှ စီးဆင်းလာသော စွမ်းအားများက ဓားသခင်၏ခန္ဓာ၊ သွေးကြောများနှင့် သူ၏ဝိညာဉ်သို့အထိ ပြည့်နှက်လာတော့သည်။

ဓားသခင်က သူ၏ခန္ဓာကိုယ်တစ်ခုလုံး အစိတ်အစိတ် အပိုင်းပိုင်း ဖြစ်သွားတော့မည့်အလား ခံစားလာရသည်။ သူကား မခံမရပ်နိုင်သော နာကျင်မှုကို ခံစားရ၏။ ဓားသွားများက သူ၏ခန္ဓာကိုယ်ကို တစ်စချင်း လှီးဖြတ်သကဲ့သို့ ခံစားချက်က အရိုးထဲအထိ စိမ့်ဝင်လာကာ နာကျင်မှုက စိတ်အားကင်းမဲ့သူတို့ ဆိုပါလျှင် မိမိကိုယ်ကို သတ်သေမိမည်ပင် ဖြစ်သည်။

အနက်ရောင်လေပွေ မုန်တိုင်းတစ်ခု သူ၏မျက်လုံးထဲ ဖြစ်တည်လာဟန် ရသည်။ ထိုအခိုက်အတန့်တွင် ဓားသခင်က ဓားထဲမှ စွမ်းအင်ကို ခံစားလိုက်ရပြီး ဓားကိုယ်တိုင်က လောကဓာတ်များဖြင့် ဖွဲ့စည်းထားသော ဓားတစ်လက်မျှသာ မဟုတ်တော့ပေ။

ဓားတွင် ဝိညာဉ်ရှိပေသည်။

ဓားထဲတွင် များစွာသော မိစ္ဆာပုံရိပ်များအား ဓားသခင်က မြင်ရသည်။ မိစ္ဆာစိတ်အားများက ကြောက်မက်ဖွယ် ကောင်းသော လေပွေမုန်တိုင်းများအလား ဖြစ်ပေါ်နေသည်။ အနက်ရောင် အငွေ့အသက်များက ဓားထံမှ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေပြင်တို့ဖြင့် ပေါင်းစပ်သွားကာ အဆုံးအစမဲ့သော စွမ်းအားများကို တန်ပြန်စီးဆင်းစေပြီး ဓား၏အမှောင် စွမ်းအားများက ထိုစွမ်းအားများအား အဆက်မပြတ် ဝါးမျိုကြတော့သည်။ ဓားသခင်ကိုယ်တိုင်က ဓား၏ဝါးမျိုမှုကို ခံရတော့မည့်အလား ခံစားရသည်။

လက်နက်က မည်မျှ အားကောင်းပါစေ အသုံးပြုသူ၏ စွမ်းရည်ကိုမူတည်၍ လက်နက်၏ ထုတ်လွှတ်နိုင်သော စွမ်းရည်ကလည်း အကန့်အသတ် ရှိပေသည်။ သူကား အလွန်အမင်း အားကောင်းသောဓားကို ပိုင်ဆိုင်ထားရသော်လည်း သူ၏တန်ခိုးအဆင့်က မိုရှီမျှသာရှိသေးရာ ဓား၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ရန် ခက်ခဲနေဆဲဖြစ်သည်။

သို့သော်လည်း ဓားစွမ်းအင်က သူ၏ခန္ဓာကိုယ်ထဲကို စီးဆင်းလာသောအခါ သည်ဓားက သူ့တစ်ယောက်တည်း အတွက် ပြုလုပ်ထားသည့်အလား ခံစားချက်ကို သူရသည်။ ဓားက သူလေ့ကျင့်သော ပညာနှင့် အလွန် လိုက်လျောညီထွေမှုကို ဖြစ်စေသည်။

“အဲဒါက ဘယ်လို လက်နက်မျိုးလဲ…” လူအများအပြားက ထိတ်လန့်စွာ တွေးမိကြသည်။ ဓားသခင်၏တန်ခိုးအဆင့်က သိပ်မြင့်သည်ကို အားလုံးက မြင်ကြရသည်။ သို့သော်လည်း ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်သည်နှင့် ဓားထံမှ ရိုက်ခတ်လာသော အငွေ့အသက်ကပင် သူတို့၏ဝိညာဉ်အား ဓားသွားထက်တွင် တင်ထားသကဲ့သို့ အေးစက်မှုကို ခံစားရသည်။

ခွန်ယိုက လေထုထဲမှ မွေလိမ်မွေကောက် အနက်ရောင်လှိုင်းများကို ကြည့်ကာ မှင်တက်နေသည်။ သည်ဓားက အလွန်အဆင့်မြင့်သော တော်ဝင်ရတနာ ဖြစ်ရမည်။ သူ့ဘဝတွင် ဤမျှ အဆင့်မြင့်သော တော်ဝင်ရတနာအား မမြင်ဖူးပေ။ မြေရိုင်းပြည်နယ်တွင် ဤသို့သော ရတနာ ရှိလိမ့်မည်ဟုလည်း မထင်ထားပေ။ ချက်ချင်းပင် သူ၏မျက်လုံးတွင် လောဘကြောင့် မီးဝင်းဝင်း တောက်လာသည်။

သည်ကဲ့သို့သော တော်ဝင် ရတနာမျိုးကား ကျိရှမ်းကမ်းပါးတွင် ရှန့်ထိုများသာ အသုံးပြုခွင့်ရှိပေသည်။ အကယ်၍ သူကိုယ်တိုင် ရှာဖွေရရှိသော တော်ဝင်ရတနာ ဖြစ်ပါက သူကိုယ်တိုင်အတွက် အသုံးပြုနိုင်သလို ကျိရှမ်းကမ်းပါးကို ပေးအပ်ပါကလည်း ကျိရှမ်းကမ်းပါးက တူညီသော တော်ဝင်ရတနာ တစ်ခုအား အစားထိုး ပြန်ပေးပေသည်။

“မကောင်းဆိုးဝါး လမ်းစဉ်ကို လိုက်တဲ့ ကျင့်ကြံသူပဲ…” ခွန်ယိုက အေးစက်စွာ ပြောသည်… “အခု မကောင်းဆိုးဝါး လမ်းစဉ်ကို လေ့ကျင့်တဲ့သူ ရှိနေတယ်… ဒီလိုလူတွေနဲ့တောင်မှ တောင်ဝင်ကျဲနန်းတော်က လက်ပိုက်ကြည့် နေတာပဲလား…”

“မကောင်းဆိုးဝါးလမ်းစဉ်…” ရီဖူရှင်က သူ၏အစ်ကိုကြီးအား ကြည့်သည်။ သူ၏အစ်ကိုကြီးက မည်သည့်အချိန်က မိစ္ဆာပညာများအား သင်ကြားခဲ့သနည်း။

ထို့အပြင် ထိုဓားက အလွန် အားကောင်းပေသည်။ ဓားကလည်း မိစ္ဆာဓားဖြစ်၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset