အပိုင်း (၇၁၁)

နိုဘယ်တစ်ယောက်၏လွှမ်းမိုးနိုင်စွမ်း

ခုနစ်ရက်ဆိုသော အချိန်က တန်ခိုးရှင် တစ်ယောက်အတွက် မြားတစ်စင်းကဲ့သို့ မြန်ဆန်လွန်းလှသည်။ နဂါးပတ်တောင်မှ​ သတင်းများ ပျံ့နှံ့လာပြီး နောက်ပိုင်း မရေမတွက်နိုင်သော လူများက တော်ဝင်ကျဲ နန်းတော်ကို ဦးတည်နေကြသည်။ သူတို့အားလုံးက သည်နေ့ သည်ရက်ကို စောင့်မျှော် နေကြသည့်အလား နန်းတော်၏ အပြင်ဘက်ဒေသ တစ်ဝိုက်သို့ ရောက်ရှိလာကြသည်။

တမ်ဖြူမြို့စား၊ ဓားကျေးရွာခေါင်းဆောင်တို့ ကလည်း တော်ဝင်ကျဲနန်းတော်သို့ ရောက်လာကြသည်။ အင်ပါယာမိသားစုနှင့် တော်ဝင် မီးတောက်ဂိုဏ်း ကလည်း ရောက်လာကြသည်။ သူတို့က ရလဒ်ကို လာရောက် ကြည့်ရှုသည်မှာ သာမန်သာဖြစ်သည်။ ကျူးကော့မိသားစုနှင့် ယန်ဟောင်ဆို့၏ အဆုံးသတ်အား မြင်ရရန်က လွယ်ကူသည် မဟုတ်ပေ။

ယူချီနှင့် ရွှီယီတို့က သူ့ရှေ့တွင် သွားသွားလာလာ လုပ်ပြနေကြသည်ကို မြင်လျှင် မြို့တော်ဝန်ယူစီက အော်ဟစ်သည်… “ကောင်းပြီ… ကောင်းပြီ… ငါက တစ်ခါလောက် သွားကြည့်လိုက်မယ်… မင်းတို့ အားလုံးက ဒီမှာပဲ နေခဲ့ကြ…”

မြို့စားယူစီက သူ၏လူများအား စုစည်းကာ တော်ဝင်ကျဲ နန်းတော်သို့ ဦးတည် လိုက်သည်။

တစ်နေ့တည်းမှာပင် ဒဏ်ရာများအား တံခါးပိတ် ကုစားနေသော စုရှမ်းက ထင်းဆွေအိမ်တော်ထဲမှ ထွက်လာသည်။ သူက လူများအား ခေါ်ကာ တော်ဝင်ကျဲနန်းတော်သို့ ဦးတည်လိုက်၏။

ဟောင်မိသားစု နယ်မြေတွင် ဟောင်စီက ဟောင်ကျူဂီကို ကြည့်ကာ မေးသည်… “မင်းက ဒါတွေကို တွေးပြီး ဝမ်းနည်းနေတာလား…”

“မြေရိုင်းပြည်နယ်ရဲ့ အခု မျိုးဆက်ထဲမှာ သူတစ်ယောက်တည်းကပဲ ကျွန်တော်တို့ အားလုံးအတွက် အတုယူစံပြ တစ်ယောက် ဖြစ်တယ်… တကယ်လို့ သူသာ အခုလို သေသွားရင် ဒါက တကယ့်ကို စိတ်မကောင်းစရာပဲ…” ဟောင်ကျူဂီက သက်ပြင်းချကာ ပြောသည်။

“မင်းက သူ့ကို တော်တော် လေးစားချီးကျူးပုံပဲ…” ဟောင်စီက ပြုံးလျက် ဆက်ပြောသည်… “ကျူးကော့ချန်းဖန်က ငါ့ကို လာရှာခဲ့တယ်… သူက တခြား နေရာတွေကိုလည်း သွားခဲ့လိမ့်မယ်…”

“ဟောင်မိသားစုက ဝင်ပါချင်ပေမဲ့ ကျိရှမ်းကမ်းပါးနဲ့ တော်ဝင်ကျဲနန်းတော်ကို ရင်ဆိုင်ရာမှာ ကျွန်တော်တို့က အင်အားမဲ့တယ်… ကျူးကော့ချန်းဖန် ကလည်း ဒါကို သိမယ်ထင်တယ် …မြေရိုင်းပြည်နယ်က အင်အားစုတွေက ဒါကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး…”​ ဟောင်ကျူဂီက ပြောသည်။

“ကျူးကော့ချန်းဖန်က ငါတို့ကို စစ်ခင်းဖို့ ခေါ်တာ မဟုတ်ဘူး… ရီဖူရှင်းက သက်သေပြဖို့ အခွင့်အရေး တစ်ခုပဲ သူလိုချင်တာ…” ဟောင်စီက ပြောသည်။

“သူက ထပ်ပြီး သက်သေပြဖို့ လိုသေးလို့လား…” ဟောင်ကျူဂီက မေးသည်။ ရီဖူရှင်း ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်ထားပြီး ဖြစ်ကာ ထိုအရာအား ကျိရှမ်းကမ်းပါးမှ ချင်ကျောင်းကို အနိုင်ယူပြီး သက်သေပြထားပြီ ဖြစ်သည်။

“ရီဖူရှင်းက ဘာကို သက်သေပြချင်တယ် ဆိုတာ ငါမသိဘူး… ဒါပေမဲ့ ကျူးကော့ချန်းဖန် ကိုယ်တိုင်က ဟိုဟိုဒီဒီ သွားပြီး ဖျောင်းဖျနေမှတော့ သူတို့ ဘာလုပ်ချင်တယ် ဆိုတာကို ငါလည်း စိတ်ဝင်စားတယ်… ဒါကြောင့် ငါက တော်ဝင်ကျဲနန်းတော်ကို သွားဖို့ ဆုံးဖြတ်ထားတယ်…” ဟောင်စီက ပြုံးလျက်ပြောသည်။

ချန်းယွန်က မိုးမြေကောင်းကင်မြို့ကို ပြန်ရောက်လာကာ အနောက်တောင် နဂါးကလန်၊ ကုလန်တို့နှင့် ကျိုက်ရှင်း အိမ်တော်တို့အား စုစည်းလျက် တော်ဝင်ကျဲ နန်းတော်ကို သွားသည်။

ထိုနေ့ကား အမှန်ပင် ရောက်လာပြီ ဖြစ်သည်။ ကျွန်းစုတစ်ထောင် တော်ဝင်မြေ၏ အပေါ်တွင် မရေမတွက်နိုင်သော တန်ခိုးရှင်များ ပျံသန်း သွားလာနေကြသည်။ တော်ဝင်ကျဲနန်းတော်က သူတို့အား တားဆီးခြင်း မပြုကြပေ။ ထို့ကြောင့် ထိုလူများအားလုံးက ကျွန်းစုတစ်ထောင် တော်ဝင်မြေကို ကျော်ဖြတ်ကာ တော်ဝင်မြစ်၏ အလယ်ဗဟိုတွင် တည်ရှိသော တော်ဝင်ကျဲ နန်းတော် ခြေရင်းသို့ တဖွဲဖွဲ ရောက်လာကြသည်။

ယနေ့တွင် တော်ဝင်ကျဲနန်းတော်၏ အပြင်ဘက်၍ လူပင်လယ်ကြီး တစ်ခုပင် ဖြစ်တည်နေသည်ဟု ထင်ရ၏။ သည်အချင်းအရာက သုံးနှစ်တစ်ကြိမ် ကျင်းပသော ဝင်ခွင့်စာမေးပွဲထက် ကြီးမားပေသည်။ မည်သို့ဆိုစေ သည်တစ်ခေါက်တွင် ထိပ်သီး အင်အားစုတိုင်းက ရောက်လာကြခြင်းက အလွန် ရှားပါးဖြစ်စဉ်ပင်။

ပြောကြသည်မှာ ရီဖူရှင်းကလည်း ကျူးကော့ချန်းဖန်နှင့် ယန်ဟောင်တို့ကို ခေါ်ကာ တော်ဝင်ကျဲနန်းတော်ကို လာနေပြီဟူ၏။

လျူချန်းက တော်ဝင်ရှီ နန်းဆောင်တွင် ရပ်ကာ မေးသည်… “အခု ဒီကို ဘယ်သူတွေ ရောက်လာလဲ… ”

“ကောင်းကင်မြေရိုင်း ထိပ်သီး ဆယ်ယောက် စာရင်းဝင်တွေ အကုန် ရောက်လာတယ်… ပြီးတော့ ရေခဲနန်းတော်ကလည်း လာဖို့ များတယ်…” ထျန်ရှင်းက ပြောသည်။ ထိပ်သီးစာရင်းဝင်များ အားလုံးက နန်းတော်ထဲကို ရောက်ရှိနေပြီး ဖြစ်သည်။

“အခြေအနေက တော်တော် ရှုပ်ထွေးလာတာပဲ…” လျူချန်းက ကောင်းကင်ကို ကြည့်ကာ ပြောသည်။ ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်ကို လာမည်ဖြစ်သောကြောင့် ထိပ်သီးစာရင်းဝင်များ အားလုံးက ရောက်လာကြသည်။ နိုဘယ်တစ်ယောက်က ထိုမျှ လွှမ်းမိုးနိုင်စွမ်း ရှိခြင်းက မယုံကြည်နိုင်စရာပင်။

လူတစ်ယောက် သူ့ရှေ့ကို လျှပ်တစ်ပြက် ရောက်လာကာ ခေါ်သည်… “ဒုတိယ နန်းတော်သခင်…” သတင်းပို့သူက ဦးညွှတ်သည်။

“ဘာကိစ္စလဲ…” လျူချန်းက မေးသည်။

“ရေခဲနန်းတော်က လူတွေ ရောက်လာတယ်…” သတင်းပို့သူက ပြောသည်တွင် လျူချန်းက ထိတ်လန့်သွားသည်။

“ပြီးတော့ တခြား အင်အားကြီး အဖွဲ့အစည်းတွေအပြင် လောကီကိစ္စတွေကို စိတ်မဝင်စားတဲ့ ဘုန်းတော်ကြီး ချိန်ထန်းတောင်မှ ရောက်လာတယ်… သူတို့က ဘာလို့ လာတာလဲဆိုတာ ကိုတော့ မသိရပါဘူး…” သတင်းပို့သူက ဦးညွှတ်ကာ ပြောသည်။

လျူချန်း တိတ်ဆိတ် သွားသည်။

ယနေ့တွင် လူအားလုံး၏ အာရုံစိုက်မှုကို ရရှိမည်ဟု လျူချန်းက ခန့်မှန်းထားသော်လည်း ထိပ်သီး အင်အားစုတိုင်းက ကိုယ်တိုင် လာကြမည်ဟု သူမထင်ထားပေ။ ရေခဲနန်းတော်ကပင် သည်ကိစ္စအတွက် လာရောက်သည်။

မှန်သည်… အများစုက ဘာဖြစ်မည်ကို လာကြည့်ကြခြင်းသာ ဖြစ်သည်။ သူတို့၏ ရပ်တည်ချက်ကို မသိရသော်လည်း တကယ့်ဖြစ်စဉ်ထဲတွင် ပါဝင်ပတ်သက်မည်ကို မူကား အားလုံးက သေသေချာချာ စဉ်းစားကြရပေမည်။

ဝမ်ရှင်းကား ဝမ်ရှမ်း နန်းဆောင်တွင် ဟောကိန်းများအား တွက်ချက်နေသည်။ လေထဲတွင် ကြယ်တာရာများ လှည့်ပတ်နေကြကာ ကံကြမ္မာရဟတ်က တဝှီးဝှီး လည်ပတ်နေသည်။ မုန်တိုင်းအလယ်တွင် တော်ဝင်ကျဲနန်းတော်က နစ်မြုပ်သွားသည်ကို သူမြင်နေရသည်။ အနက်ရောင် တိမ်များနှင့် မကောင်းသော အရိပ်အငွေ့များ တော်ဝင်ကျဲနန်းတော်ကို ရစ်ပတ်သွားကာ ပျက်စီးခြင်းကို မြင်တွေ့ရသည်။

“တစ်ယောက်လာစမ်း…” ဝမ်ရှင်းက အော်ဟစ်လိုက်သည်တွင် သူ၏ တပည့်တစ်ယောက်က အထဲကို ဝင်လာသည်။ သူက ရှေ့မှ မြင်ကွင်းကို မြင်သည်တွင် တုန်ယင်သွားကာ မေးသည်… “ဆရာ…ဒါက…”

“ဒုတိယ နန်းတော်သခင်ကို သွားပြီးတော့ အသိပေးစမ်း… နန်းတော်ရဲ့ အကျပ်အတည်းက ရောက်လာပြီလို့…” ဝမ်ရှင်းက ထပ်ပြောသည်… “ငါက ကြယ်တွေကို ထပ်ကြည့်ဖို့လိုတယ်… ဒီအကျပ်အတည်းက လွန်မြောက်နိုင်မလား ဆိုတာကို စောင့်ကြည့်ရမယ်…”

အထဲကို ဝင်ရောက်လာသူက အလွန် လေးနက်သော အမူအရာ ဖြစ်ပေါ်လာသည်။ ရီဖူရှင်း ရောက်လာခြင်းက ထိုဟောကိန်းနှင့် သက်ဆိုင်နေသည်များလား…။ ယနေ့ ဘာဖြစ်မည်နည်း။

“ဟုတ်ကဲ့… ဆရာ…” သူက ခေါင်းညိတ်ကာ တော်ဝင်ကျဲနန်းတော်မှ လျူချန်းကို သွားရောက် ရှာဖွေသည်။ လျူချန်းကလည်း ထိုစကားများကို ကြားသည်တွင် အလွန် ထိတ်လန့်ရသည်။ ထိုဟောကိန်းက မည်သည့် ပြဿနာကို အခြေခံသည်ကို သူတွေးရ ခက်နေသည်။
ကျိရှမ်းကမ်းပါးထံမှ မည်သည့် သတင်းကိုမှ သူမကြားပေ။ ယွီပြည်နယ်မှ အင်အားစုကလည်း ပြင်ဆင်မှုများ လုပ်နေကြဟန် ရသည်။

သူတို့က မြေရိုင်းပြည်နယ်မှ ထွက်သွားရန် ဘာလုပ်ပေးရန် လိုသနည်း။ ဝမ်ရှင်းက ကြယ်များကို ဤသို့ လေ့လာဆင်ခြင် နေမည်ဟု သူမထင်မှတ်ထားပေ။ သည်တစ်ကြိမ် အကျပ်အတည်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူအသိဆုံး ဖြစ်သည်။ သည်မုန်တိုင်းက အလွန်ကြာမြင့်စွာ အေးချမ်းနေသော မြေရိုင်းပြည်နယ်အား ရိုက်ခတ်တော့မည်လား…။

လျူချန်း၏ မျက်လုံးများကလည်း ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် တောက်ပြောင် နေသည်။ မည်သို့ဖြစ်ပါစေ နန်းတော် ရှင်သန်ရေးအတွက် သူလုပ်နိုင်သည်… လုပ်သင့်သည်များ အားလုံးကို လုပ်ရပေမည်။

ကျိရှမ်းကမ်းပါးအဖွဲ့ တည်းခိုနေသော နန်းဆောင်တွင် ခွန်ယိုက သူ့ရှေ့မှ လူကို မေးသည်… “ရီဖူရှင်းက ဒီကို လာနေပြီလို့ ကြားတယ်…”

“ရီဖူရှင်းပဲ မဟုတ်ဘူး… မြေရိုင်းပြည်နယ်က ထိပ်သီး အင်အားစုတွေလည်း ဒီနေ့ ရောက်လာနေကြတယ်… ဒီအထဲမှာ ဝင်ပတ်သက်မည့်လူတွေ အများကြီးရှိတယ်… ” သူ့ရှေ့မှ လူက ပြောသည်။

ခွန်ယိုက မဲ့ပြုံးပြုံးလိုက်သည်။

မြေရိုင်းပြည်နယ်တွင် ရှန့်ထိုမရှိဘဲ နှစ်ပေါင်းများစွာ ကြာပြီးနောက် သည်လူများကား လေးစားမှုနှင့် အကြောက်တရားကို သိရှိနားလည်ခြင်း မရှိကြတော့ဟန် ရသည်။ သည်လူများအား သင်ခန်းစာပေးရန် အချိန်ရောက်လာပြီ ဖြစ်သည်။ အင်ပါယာရှား၏ သည်နေရာက အစားထိုးခံရမည်မှာ အနှေးနှင့် အမြန်ဖြစ်သည်။ လိုအပ်သည်ကား အခွင့်အရေး တစ်ခုသာဖြစ်သည်။

ခွန်ယိုက ဂူတုံးလျိုကို ဖမ်းဆီးထားသော နေရာသို့ ထွက်လာခဲ့သည်။

“မင်းရဲ့ ညီက ဒီကို ရောက်လာလိမ့်မယ်…” ခွန်ယိုက ဂူတုံးလျိုက ပြောသည်။

ဂူတုံးလျိုက ခွန်ယိုကို ကြည့်ကာ သက်ပြင်းချသည်။ သူ၏ညီငယ်လေးကား မြေရိုင်းပြည်နယ်မှ မထွက်သွားခဲ့။

“ရီဖူရှင်းမှ မဟုတ်ဘူး… ကျူးကော့ချန်းဖန်၊ ယန်ဟောင်နဲ့ တခြားလူတွေလည်း လာကြလိမ့်မယ်… မင်းက အားလုံးကို တစ်ယောက်တည်း ထမ်းပိုးချင်တယ် ဆိုပေမဲ့ မင်းကို ဂရုစိုက်တဲ့လူတွေက အတော်များတာပဲ…” ခွန်ယိုက မဲ့ပြုံးပြုံးကာ ပြောသည်… “ဘယ်လိုဖြစ်လာမလဲ ကြည့်တာပေါ့… ဘယ်သူက ဝင်စွက်ဖက်ရဲလဲ သိရအောင်…” သူက ခေါင်းမော့ကာ ပြောသည်… “အားလုံး.. သွားကြမယ်ဟေ့…” သူက ထိုသို့ ပြောလိုက်သည်နှင့် လေထဲကို တစ်ယောက်ပြီး တစ်ယောက် ပျံတက်လာကြသည်။ သူတို့အားလုံးက ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များ ဖြစ်ကြသည်။ ခွန်ယို၏ဘေးကို လူနှစ်ယောက် လျှောက်လာကြသည်။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါက ကြောက်မက်ဖွယ် ကောင်းလွန်း၏။

“စီနီယာခွန်… ဒီနေ့ ကောင်းကင်မြေရိုင်း အဆင့်က လူတွေ လာကြမယ်လို့ ကျုပ်ကြားတယ်…” တစ်ယောက်ကလည်း ငေါ့တော့တော့ ပြောသည်။ သူက တခြား မည်သည့်အရာကိုမှ ဂရုမစိုက်သော လေသံဖြစ်သည်။

“အမှန်ပဲ…” ခွန်ယိုက ခေါင်းညိတ်သည်။

“ကျုပ်က ထိပ်သီး ရှီတန်ခိုးရှင်တွေနဲ့ မတိုက်ခိုက်ရတာ တော်တော်ကြာပြီပဲ…” နောက်တစ်ယောက်ကလည်း အေးစက်စွာ ပြောသည်… “ကျိရှမ်းကမ်းပါးကို ရင်ဆိုင်ရဲတဲ့လူရှိရင် သူ့ကို ဘယ်လို ပညာပေးမယ်ဆိုတာ… ဟား… ဟား… အစ်ကိုခွန်က ဒါကို စိတ်မရှိဖို့ မျှော်လင့်ပါတယ်…”

“ပြဿနာမရှိဘူး… ဝင်စွက်ဖက်ရဲတဲ့လူ ဘယ်သူကိုမဆို မညှာနဲ့…” ခွန်ယိုကလည်း တူညီစွာပင် အေးစက်သော လေသံဖြင့် ပြောသည်။

“အရမ်းကောင်းတယ်…” တစ်ယောက်က ခေါင်းညိတ်သည်… “နောက်ဆုံးတစ်ကြိမ်က အခြေအနေ သိပ်မကောင်းခဲ့ဘူးလို့ ကျုပ်ကြားတယ်… သူတို့က တော်ဝင် ရတနာတွေကို အသုံးပြုခဲ့ကြတယ် … ဒီတစ်ကြိမ် သူတို့ကို ပြန်ပြီး ပညာပေးရမယ့်အချိန် ရောက်ပြီ…”

“မြေရိုင်းပြည်နယ်က ထိပ်သီး တန်ခိုးရှင်တွေ ဒီနေ့ ရောက်လာတာ တော်တော် ကောင်းတယ်… သူတို့ကို အကြောက်တရားနဲ့ လေးစားမှုဆိုတာ ဘာလဲသိအောင် ပြကြတာပေါ့… သွားကြမယ်…” ခွန်ယိုက လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ပြောသည်။

သူတို့အုပ်စုက ပြောပြီးသည်နှင့် ထွက်သွားကြသည်။

သူတို့အုပ်စုကို ထွက်သွားကြသည်ကို ကြည့်ကာ ဂူတုံးလျိုက သက်ပြင်းချသည်။ ကြည့်ရသည်မှာ မုန်တိုင်းကား ရောက်ကို ရောက်လာတော့မည် ဖြစ်သည်။ ခွန်ယိုတို့အုပ်စု၏ စကားများအရ သည်တစ်ခေါက် သူတို့က အလွန် အားကောင်းသော လူများအား ခေါ်ယူလာသည်ကို သူသိထားပေသည်။ ကျိရှမ်းကမ်းပါးက မြေရိုင်းပြည်နယ်တွင် ကျန်းရှာအတွက် လက်စားချေရန် စဉ်းစားနေကြသည်။

ကျိရှမ်းကမ်းပါးမှ သားတော်က မြေရိုင်းပြည်နယ်တွင် သေဆုံးသွားခြင်းက တခြားပြည်နယ်မှ လူများကပင် အခြေအနေမည်သို့ အဆုံးသတ်မည်ကို စိတ်ဝင်စားရသော ကိစ္စလည်း ဖြစ်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset