Switch Mode

အပိုင်း(၇၁၀)

ထူးဆန်းသည့်ဓား

အာခီမီမြို့စားအိမ်တော်။

ရွှီယီနှင့် လျိုဖန်းတို့က ယူစီ၏အိပ်ခန်း အပြင်ဘက်တွင် ရပ်နေကြသည်။ ယူချီက သူမ၏ကလေးကား လက်တွင် ပွေ့ဖက်ထားသည်။ သူမနှင့်ရွှီယီတို့အတွက် သမီးလေးတစ်ဦး မွေးဖွားခဲ့ပြီဖြစ်သည်။ မြို့စားအိမ်တော်၌ သမီးတစ်ယောက် မွေးဖွားခဲ့သည့်တိုင် ထူးထူးခြားခြား ပွဲလမ်းသဘင်များ ကင်းမဲ့ပေသည်။ အကြောင်းအရင်းက မြို့စားအိမ်တော်မှ လူများအားလုံး သိကြပေသည်။

ယူစီက သူ၏သမီးနှင့် မြေးမတို့ကို ကြည့်ကာ အခန်းအပြင်ဘက်မှ ရွှီယီအား ဒေါသတကြီး ပြောသည်… “ဒီလိုဖြစ်လာမယ်မှန်းသိရင် လက်ထပ်ပွဲကို ငါက သဘောတူခဲ့မှာ မဟုတ်ဘူး…”

“အခု ဒါတွေ ပြောနေလို့ ဘာထူးလို့လဲ…” ယူချီက သူမ၏သမီးကို ကြည့်ကာ ညင်သာစွာ ပြောသည်။

“ငါက ရီဖူရှင်းကို တော်ဝင်ရတနာကိုတောင်မှ ငှားရမ်းခဲ့တယ်… ဒါက မလုံလောက်ဘူးလား… ကျိရှမ်းကမ်းပါးနဲ့ တော်ဝင်ကျဲနန်းတော်က အတူတူ ရပ်နေတဲ့အချိန်မှာ အာခီမီမြို့စား ဖြစ်တဲ့ငါက ဘာလုပ်နိုင်မှာလဲ… ပြီးတော့ အင်ပါယာမိသားစု ကိစ္စလည်း ရှိသေးတယ်… ” ယူစီက အလွန် သဘောမကျဟန်ဖြင့် ပြောသည်။

“အဖေက သမီးကို ဘာလို့ ဒါတွေ လာပြောနေရတာလဲ…” ယူချီက ညင်သာစွာ မေးသည်။

“သမီးတွေ အရွယ်ရောက်လာတဲ့အခါ အဖေဘက်မှာ မရှိတော့ဘူးဆိုတာ အမှန်ပဲ…” ယူစီက အလွန် စိတ်ပျက်ဟန်ဖြင့် ပြောသည်… “သူတို့က အဲဒီမှာ ရပ်နေချင်တယ် ဆိုရင်လည်း ရပ်နေကြပေတော့…ငါဘာမှ မလုပ်နိုင်ဘူး… ”

ရွှီယီနှင့် လျိုဖန်းတို့ကလည်း အပြင်ဘက်တွင် ဘာမှ မကြားသလို တိတ်ဆိတ်စွာ ရပ်နေကြသည်။

ကောင်းကင်မြေရိုင်း အဆင့်၈တွင်ရှိသော ယူစီက တော်ဝင်ရတနာကို ပိုင်ဆိုင်ကာ အကယ်၍ သူသာ သည်ကိစ္စတွင် ပါဝင်ပါက အကျိုးရလဒ်ကို အနည်းနှင့်အများ သက်ရောက်မှု ရှိနိုင်ပေသည်။

***

အနောက်တောင် နဂါးကလန်၊ မိုးမြေကောင်းကင်မြို့။

အသက်၁၈နှစ်ခန့်ရှိသော မိန်းကလေး တစ်ယောက်က အိမ်တော်တစ်ခု၏ ထောင့်တစ်နေရာတွင် အော်ဟစ်နေသည်… “နဂါးပတ်တောင်မှာ အစ်ကိုဖူရှင်းကို သွားကြည့်ချင်တယ်…”

“မင်းက သွားသေချင်တာလား…” လောင်အော့က သူ၏သမီးကို ဒေါသတကြီး ကြည့်ကာ ပြောသည်။

“သမီး ဂရုမစိုက်ဘူး…” လောင်လင်းအာက အော်ဟစ်လိုက်သည်… “ဦးလေးက လင်းအာကို ကာကွယ်လိမ့်မယ်…”

“လင်းအာ… ပြဿနာ မရှာနဲ့တော့…” သခင်မလောင်က သူမအား ဖျောင်းဖျရန် ကြိုးစားသည်။ သူတို့က ရီဖူရှင်းအား မကူညီလိုခြင်း မဟုတ်ပေ။ အမှန်တကယ်အားဖြင့် တစ်ဖက်မှ ဖိအားက သူမတို့အတွက် အလွန် ကြီးမားနေခြင်း ဖြစ်ရာ မည်သို့မှ မတတ်နိုင်ဘဲ​လက်ပိုက် ကြည့်နေရသည်။ ကြယ်မင်းကျောင်းကို ဝင်ရန် သခင်မလောင်က ခေါ်သွားခြင်း ဖြစ်သည်။ ရီဖူရှင်းက ကြီးမားသော ကံကြမ္မာအား ထံပါးထားသည်။ ဤအကျပ်အတည်းတွင် သူက အသက်မရှင်နိုင်ပါက ကံကြမ္မာက သူ့အား မျက်နှာသာ မပေး၍သာ ဖြစ်ပေမည်။

ထိုအခိုက်တွင် မြေရိုင်းပြည်နယ်၏ အင်အားစုများစွာ၌ အာခီမီမြို့၊ အနောက်တောင် နဂါးကလန်တို့ကဲ့သို့ အဖြစ်အပျက်များ ဆင်တူစွာ ဖြစ်နေသည်။ အားလုံးက ရီဖူရှင်းနှင့် တစ်နည်းနည်း ပတ်သက်နေကြ၏။

မြေရိုင်းပြည်နယ် တစ်ခုလုံးမှ အင်အားစုများအား လှုပ်ရှားနိုင်စွမ်း ရှိသော နိုဘယ်ကား သမိုင်းတွင် ဤတစ်ခါ ကြုံရခြင်း ဖြစ်သည်။

မျက်လုံးတစ်မှိတ် အတွင်း၌ပင် ရက်နှစ်ဆယ်ခန့် ကြာမြင့်သွားသည်။ မြေရိုင်းပြည်နယ်တွင် မုန်တိုင်း စတင်လာပြီဟုလည်း ပြော၍ရ၏။ နောက်တစ်ပတ်တွင် ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်ကို ဝင်ရောက်မည် ဖြစ်သည်။

ကျူးကော့ချန်းဖန်က ရီဖူရှင်းကို ကြည့်သည်။ လူငယ်ကား ထိုနေရာတွင်ပင် ထိုင်ကာ တိတ်ဆိတ်စွာ လေ့ကျင့်နေသည်။ အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်နေသည်။ သူကား ပထမတန်းစား နိုဘယ်ဖြစ်နေပြီ။ ထိပ်သီး အဆင့်နိုဘယ်နှင့် ရင့်ကျက်သော လောကဓာတ်များအား ပိုင်ဆိုင်ထားသော ရီဖူရှင်းကား ရှီအဆင့်ကို တက်လှမ်းရန် သိပ်မကြာတော့ပေ။ သို့သော်လည်း ရီဖူရှင်းက စိုးစဉ်းမျှ ပျော်ရွှင်ဟန်မရပေ။ ရီဖူရှင်း တစ်ယောက်သာ မဟုတ်ပေ… သူနှင့်ပတ်သက်သမျှသော သူများကလည်း ထိုသို့ အောင်ပွဲခံရန် ဆန္ဒမရှိကြပေ။

“တော်ဝင်ကျဲနန်းတော်မှာ မင်းက ဘာလုပ်ချင်တာလဲ…” ကျူးကော့ချန်းဖန်က လူငယ်လေးကို မေးသည်။ ရီဖူရှင်းက သံသယရှိစရာ မလိုအောင်ပင် တစ်ခုခုလုပ်ရန် ကြံစည်နေသည်။ မဟုတ်လျှင် သူက တော်ဝင်ကျဲနန်းတော်ကို ဝင်ရန် တစ်လစောင့်မည် မဟုတ်ပေ။

“တစ်ခု သက်သေပြမလို့…” ရီဖူရှင်းက ဖြေသည်။

“အဲဒါက ဘာလဲ…” ကျူးကော့ချန်းဖန်က မေးသည်။

“တော်ဝင်ကျဲနန်းတော်က လူတွေက သူတို့လုပ်တာ အကုန်မှန်တယ် ထင်နေကြတယ်… လျူချန်းက သူ့အမှားကို ဘယ်တုန်းကမှ ဝန်မခံဘူး… ကျုပ်က အဲဒါကို ရအောင် သက်သေပြမှာ…” ရီဖူရှင်းက ပြောသည်… “သေချာတာပေါ့… သူတို့က ကျွန်တော့်ကို လုံးဝ အခွင့်အရေး မပေးတာလည်း ရှိနိုင်တယ်… ”

သူက ထိုသို့ပြောသော အချိန်တွင် မျက်နှာ၌ မဲ့ပြုံးတစ်ခု ရှိနေသည်။ သူကား အားနည်းသောဘက်မှ ဖြစ်ရာ ဆွေးနွေးညှိနှိုင်းရာတွင် အရာမဝင်ပေ။ သို့တိုင်အောင် သူကိုယ်တိုင်က သူလုပ်နိုင်သည့် အရာများအားလုံကို ကြိုးစားကြည့်ရန် လိုပေသည်။ နောက်ဆုံး သူကြိုးစားသမျှက သဲထဲရေသွန် ဖြစ်သွားပါစေ… မူလအတိုင်း ထိုင်နေခြင်းထက် ပိုကောင်းပေသေးသည်။

“မင်းက သက်သေပြနိုင်ခဲ့ရင် တောင်မှ တော်ဝင်ကျဲနန်းတော်က လက်ခံချင်မှ လက်ခံလိမ့်မယ်…” ကျူးကော့ချန်းဖန်က ထပ်ပြောသည်။

“သေချာတာပေါ့… ဘာမှ မလုပ်တာထက် စာရင်တော့ တစ်ခုခုလုပ်တာက ပိုကောင်းသေးတယ်…” ရီဖူရှင်းက ပြောသည်။

“ငါမင်းနဲ့အတူ သွားမယ်…” ကျူးကော့ချန်းဖန်က ပြောသည်။

ရီဖူရှင်းက နောက်လှည့်ကာ ကျူးကော့ချန်းဖန်ကို ကြည့်သည်။ ကျူးကော့ချန်းဖန်က ဆက်ပြောသည်… “မင်းပြောသလိုပဲ… မင်းက အဲဒီနေရာကို သွားရင်တောင် ကျိရှမ်ကမ်းပါးက ထိုက်ဟန်တောင်နဲ့ ကျူးကော့မိသားစုကို လွှတ်ပေးမှာ မဟုတ်လောက်ဘူး… မင်းက တစ်ခုခု သက်သေပြနိုင်ဖို့ ငါလည်း မျှော်လင့်တယ်… တကယ်လို့ အခြေအနေတွေက အဆိုးဆုံး ဖြစ်နေခဲ့ရင်တောင်မှ ကျူးကော့မိသားစုက ဘေးကင်းဖို့ ငါမျှော်လင့်တယ်…” ဂူတုံးလျိုနှင့် ရီဖူရှင်း၏ကိစ္စတွင် သူဆုံးဖြတ်ထားသော အတွေးများအား ရီဖူရှင်းကို ပြောသည်။ ကျူးကော့မိသားစုမှ အကြီးအကဲ အများစုက သူလုပ်ခဲ့သည်များကို အမှန်တကယ်အားဖြင့် သဘောမတူကြပေ။ ထို့ကြောင့် သည်ကိစ္စ၏ အကျိုးဆက် အများစုအား သူထမ်းပိုး တာဝန်ခံရန် လိုအပ်ပေသည်။ မည်သို့ဆိုစေ သူကား မိသားစုခေါင်းဆောင် ဖြစ်ပေသည်။

“ကောင်းပြီ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ စိတ်ထဲတွင်ကား အလွန် စိတ်မကောင်း ဖြစ်ရသည်။ ကျူးကော့ချန်းဖန်အား သည်မုန်တိုင်းထဲကို သူကပင် ဆွဲခေါ်ယူလာခြင်း ဖြစ်ကာ ဤသို့သော အခြေအနေ ဖြစ်လာမည်ဟုလည်း မထင်မှတ်ထားခဲ့ပေ။

“နောက်တစ်ပတ် လိုသေးတယ်… ငါ အပြင် သွားလိုက်ဦးမယ်…” ကျူးကော့ချန်းဖန်က ပြောသည်။ ရီဖူရှင်း ဘာလုပ်လိုသည်ကို သူရိပ်မိသည်။ အကယ်၍ ရီဖူရှင်းက ကြိုးစားလိုသည် ဆိုပါကလည်း သူလုပ်နိုင်သည့် အပိုင်းမျာအား လုပ်ပေးရန် တာဝန်ရှိပေသည်။

အရောင်အသွေး ကင်းမဲ့သော ဝတ်စုံအား ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက်က မီးအိမ်တစ်လုံးကို ဘေးတွင် ချကာ ဘုရားဆင်းတုတော်ရှေ့၌ ထိုင်လျက် တရားစာအုပ် တစ်အုပ်အား ရွက်ဖတ်နေသည်။ ဘုန်းတော်ကြီး ချိန်ထန်းက မီးအိမ်ထဲမှ မီးစာများကို ထပ်ဖြည့်နေသည်။ မိန်းကလေးက သူမ၏စာအုပ်ကို အောက်သို့ ချလိုက်ကာ မေးသည်… “ဆရာ… ကျွန်မက ဗုဒ္ဓလမ်းစဉ်ထဲကို ရောက်လာပြီ… ဒါပေမဲ့ လူသားလောကနဲ့ ပတ်သက်ပြီး လွမ်းဆွတ်ခြင်းကို မဖြတ်တောက်နိုင်ဘူး … ဘာလို့ ကျွန်မက မလုပ်နိုင်ရတာလဲ…”

“လူ့လောကမှာ အစရှိသလို အဆုံးလည်း ရှိတယ်… သူတို့ရဲ့စိတ်ထဲမှာ မပြီးပြတ်သေးတဲ့ အရာတစ်ခုခု ကျန်ရှိနေခဲ့ရင်… စိတ်ပြန်လည်ဖို့ အခွင့်အလမ်းရှိတယ်…”ဘုန်းတော်ကြီး ချိန်ထန်းက ပြောသည်။

“စိတ်ပြန်လည်ခြင်းက သူ့စိတ်နှလုံး ဘယ်နေရာမှာ တည်ရှိနေလဲဆိုတာ အပေါ်မှာလည်း မူတည်တယ်…” ဘုန်းတော်ကြီးက ထပ်ပြောသည်။

“ကျွန်မ နားလည်ပါပြီ…” မိန်းကလေးက ခေါင်းညိတ်သည်။

***

စာအုပ်တောင်၊ အရှေ့မြေရိုင်းဒေသ။

ဤနေရာကား တိတ်ဆိတ်ငြိမ်သက်ကာ အေးချမ်းသည်။ အရှေ့မြေရိုင်း ဒေသအပေါ် တားမြစ်ခြင်းများ မရှိတော့သောအခါ သတင်းအချက်အလက်များ ရောက်ရှိခြင်း နှေးကွေးသည့်တိုင် မြေရိုင်းပြည်နယ်တွင် ဖြစ်ပျက်နေသည့် အဓိက အကြောင်းအရာများအား သတင်းရသူများ ရှိကြပေသည်။

စာအုပ်တောင်၏ အမြင့်ဆုံးနေရာ၌​ တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်နေသူ တစ်ယောက်ရှိပေသည်။ သူကား ဓားသခင်ဖြစ်သည်။ သည်နှစ်ကာလ၌​ ကျောင်းတော်၏ ကိစ္စများအား စီမံခန့်ခွဲသည့် အပိုင်းတွင် သူဝင်ပါစရာ သိပ်မလိုတော့ရာ သူ့အချိန်အများစုက လေ့ကျင့်ခြင်းတွင်သာ အသုံးပြုခွင့် ရခဲ့သည်။ ထို့ကြောင့် သူ၏ တန်ခိုးကျင့်ကြံခြင်းက အလွန် ခရီးရောက်ခဲ့ကာ ယခု မိုရှီအဆင့်ကိုပင် ရောက်ရှိနေပြီ ဖြစ်သည်။ ဤအဆင့်က အရှေ့မြေရိုင်းဒေသတွင် ပြိုင်ဘက် ကင်းသော်လည်း မြေရိုင်းပြည်နယ်မှ လူများနှင့် နှိုင်းယှဉ်ပါက အလွန် သေးငယ်ပေသည်။ မည်သို့ဆိုစေ သူကား အလွန်မြန်ဆန်စွာ တိုးတက်နေခဲ့သည်။ အကယ်၍ မြေရိုင်းပြည်နယ်မှ ကိစ္စများသာ မရှိခဲ့ပါက သူ၏တန်ခိုးအဆင့် တိုးတက်မှုက မကြာမီတွင် အလွန် အားကောင်းသော အဆင့်တစ်ခုကို ရောက်လာနိုင်သော်လည်း ယခု မြေရိုင်းပြည်နယ်မှ အဖြစ်အပျက်များက သူ့လုပ်နိုင်စွမ်းထက် ပိုလွန်နေသည်။

လေပြည်တစ်ချက် ဖြတ်ရိုက် သွားသည်တွင် ဓားသခင်က မျက်လုံးကို ဖွင့်လိုက်ကာ ပြောသည်… “စီနီယာ ရောက်လာပြီ…” သူက နောက်လှည့်ကာ ကြည့်သည်တွင် မီးခိုးရောင်ဝတ်စုံဖြင့် လူတစ်ယောက်က မည်သည့် ကိုယ်ရောင်ကိုယ်ဝါမှ ထုတ်လွှတ်ခြင်း မရှိဘဲ ရပ်နေသည်ကို မြင်ရသည်။ ဓားသခင်ကား မူလကတည်းက သူရောက်လာမည်ကို ခန့်မှန်းထားသည့်အလား အံ့အားသင့်ဟန် စိုးစဉ်းမျှ မတွေ့ရပေ။

“မင်းက မြေရိုင်းပြည်နယ်ကို သွားတော့မလား…” မီးခိုးရောင်လူက ပြောသည်။

“အမှန်ပဲ…” ဓားသခင်က ခေါင်းညိတ်သည်။ သူဘာမှ မလုပ်ပေးနိုင် ဆိုသည့်တိုင် သူက သွားကို သွားရမည် ဖြစ်သည်။ ပြဿနာ တက်နေသူများကား သူ၏ဂျူနီယာများ ဖြစ်ကြသည်။

“ဒီနှစ်တွေမှာ မင်းက တကယ်ပဲ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ် ဆိုပေမဲ့လည်း အဆင်သင့်ဖြစ်ဖို့ အများကြီး လိုသေးတယ်…” မီးခိုးရောင် ဝတ်စုံလူက ပြောသည်။

“ကျွန်တော် သိတယ်… ဒါကြောင့် စီနီယာကို စောင့်နေတာပါ…” ဓားသခင်က ပြောသည်။

မီးခိုးရောင်လူက ဓားသခင်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်သည်။ ချက်ချင်းပင် ဓားသခင်က မီးမုန်တိုင်းတစ်ခု ရိုက်ခတ် သွားသည့်အလား ခံစားလိုက်ရသည်။

“ငါ့အတွေးတွေကို ခန့်မှန်းဖို့ မကြိုးစားနဲ့…” မီးခိုးရောင်လူက ပြောကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်တွင် နှစ်ဖက်သွား ဓားတစ်လက် ပေါ်လာသည်။ ဓားတွင် မရေမတွက်နိုင်သော ရှေးဟောင်း စွမ်းအင်များ စီးဆင်း နေကြသည်။

“ဓားစွမ်းအင်ကို မင်းတိုက်ခိုက်တော့မယ့် အချိန်ကျမှ ထုတ်လွှတ်ပါ… ဒါက မင်းကို မခံမရပ်နိုင်အောင် နာကျင်စေလိမ့်မယ်… မင်းက ဓားကို ယူမှာလား…” မီးခိုးရောင်ဝတ်စုံလူက ဓားသခင်ကို မေးသည်။

ဓားသခင်က သူ၏စကားကို သံသယမဖြစ်ပေ။ သူက မခံမရပ်နိုင်အောင် နာကျင်မည်ဟု ပြောပါက သူခံစားရမည့် နာကျင်မှုက ထို့ထက် ပိုမည်ဖြစ်ကာ ထိုသို့သော အကျိုးဆက်ကိုလည်း သူက မျှော်လင့်ထားပြီး ဖြစ်သည်။ သို့သော်လည်း သူက ဓားကို တွန့်ဆုတ်ခြင်း မရှိဘဲ ယူလိုက်သည်။

မီးခိုးရောင်ဝတ်စုံလူက တည်ငြိမ်စွာ ပြောသည်… “မှတ်ထားပါ… မင်းရဲ့ဓား တည်ရှိနေသရွေ့ မင်းတည်ရှိနေမယ်… မင်းက ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်တာနဲ့ မင်းရဲ့အသက်က ဓားနဲ့ ပေါင်းစပ်သွားလိမ့်မယ်…”

“ကျွန်တော် မှတ်သားထားပါ့မယ်…” ဓားသခင်က ခေါင်းညိတ်သည်။ မီးခိုးရောင်ဝတ်စုံလူ ပြောသော စကားတစ်ခွန်းကိုမှ သူက အမှုမဲ့အမှတ်မဲ့ မထားရဲပေ။

လေတစ်ချက် အဝှေ့တွင်ပင် မီးခိုးရောင်ဝတ်စုံလူက ထိုနေရာတွင် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ် သွားသည်။

ဓားသခင်က သူ၏လက်မှ ဓားကို ကြည့်သည်။ ဓားကား တိုက်ပွဲတွင်သာ အသုံးပြုရမည်။ သူက ဓားကို သိမ်းလိုက်ကာ တောင်အောက်ကို ဦးတည် လိုက်တော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset