ထိုအစီအရင်သုံးခုမှာ လုချန်ရှန်းပျင်းနေတုန်းက ဖန်တီးထားသောအရာများဖြစ်သည်။
ပထမတစ်ခုက နဂါးထောင်ချောက်အစီအရင်ဖြစ်ပြီး ဤအစီအရင်၏လုပ်ဆောင်ချက်မှာ ငရဲကိုးဘုံအစီအရင်ကိုအသုံးပြုလိုက်သည်နှင့် တစ်ဖက်လူလွတ်မြောက်မသွားစေရန်ကာကွယ်ထားခြင်းဖြစ်၏။
ဒုတိယတစ်ခုမှာ ဝိညာဉ်ချိတ်ပိတ်မြစ်အစီအရင်ဖြစ်သည်။ ထိုအစီအရင်က ရန်သူ၏ပတ်ပတ်လည်ရှိဝိညာဉ်ရေးရာအစီအရင်ကို လှုံ့ဆော်ပေးပြီး လေဟာပြင်အဖြစ်ပြောင်းလဲပေးနိုင်သည်။ တစ်ချိန်တည်းမှာပင် ရန်သူ့ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်ပတ်လမ်းကိုလည်း ချိတ်ပိတ်ပစ်နိုင်သည်။
ရန်သူဘက်က ကျင့်ကြံစဉ်များနှင့် တာအိုကျင့်စဉ်များအသုံးပြုလာလျှင် စွမ်းအားကလည်း သိသိသာသာလျော့နည်းသွားလိမ့်မည်။ မထင်မရှားအာရုံတစ်ခုကိုပင် ခံစားမိစေလိမ့်မည်ဖြစ်ပြီး အသက်တစ်ရှူတစ်ရှိုက်စာမျှ အချိန်ဆွဲထားနိုင်လိမ့်မည်။ သေရေးရှင်ရေးတိုက်ပွဲမျိုးတွင် ထိုအချိန်တိုလေးကပင် တစ်ဖက်လူ၏အသက်ကို နှုတ်ယူဖို့လုံလောက်သည်။
တတိယအစီအရင်အဖို့တော့ လုချန်ရှန်းက အကွာအဝေးအစီအရင်တစ်ခုတည်ဆောက်ရန်ပြင်ဆင်ထားသည်။
ရန်သူကိုအမိဖမ်းရန်အတွက် ရန်သူ့ပတ်ပတ်လည်ရှိအကွာအဝေးကိုဆွဲချုံ့ပစ်သည့်အစီအရင်တစ်မျိုးပင်။ ထိုဝိညာဉ်အစီအရင်မှာ အလွန်ရိုးရှင်းလှသည်။ ၎င်းကို အကွာအဝေးချိတ်ပိတ်ခြင်းဟုခေါ်သည်။
ထိုနာမည်ကလုချန်ရှန်းအိပ်ချင်နေသည့်အချိန်မှာ စဉ်းစားမိလိုက်သောနာမည်ဖြစ်၏။ ထို့ကြောင့် သဘာဝဆန်နေခြင်းပင်။
ခန္ဓာအကျဉ်းချခြင်းအလွှာနှစ်လွှာနှင့် ဝိညာဉ်စွမ်းအင်အကျဉ်းချခြင်းအလွှာတစ်လွှာကို ငရဲကိုးဘုံအစီအရင်၏စွမ်းအားထဲကိုပေါင်းထည့်လိုက်သည့်အခါ ထိုလူများကို ပေါက်ကွဲသွားစေနိုင်သည်အထိ အစွမ်းထက်သွားပေလိမ့်မည်။
လုချန်ရှန်း နောက်ထပ်သတ်ဖြတ်ရေးအစီအရင်များကို ထပ်မဖန်တီးတော့ပေ။ အကြောင်းမှာ သူဖန်တီးထားသောအပျက်အစီးကလုံလောက်နေလေပြီ။
ထို့ပြင် သတ်ဖြတ်ရေးအစီအရင်ကိုပြန်ဖန်တီးခြင်းအားဖြင့် ငရဲကိုးဘုံအစီအရင်ကိုရှုပ်ထွေးသွားစေနိုင်သည်။
ဖြေရှင်းနည်းတစ်ခုကိုသူစဉ်းစားမိလိုက်သည်။ ထို့ကြောင့် သူစတင်လုပ်ဆောင်တော့မည်ဖြစ်၏။
ထိုအစီအရင်သုံးခုလုံးကို လုချန်ရှန်းဖန်တီးထားခြင်းဖြစ်ပြီး ထိုအရာများကိုတည်ဆောက်ဖို့မှာ အလွန်လွယ်ကူလှသည်။
သိပ်မကြာလိုက်ခင်မှာပင် ထိုအရာများကို ငရဲကိုးဘုံအစီအရင်ထဲ၌တည်ဆောက်ပြီးစီးသွားပြီဖြစ်၏။
မိုးမခပင်ကြီးနှင့်ငှက်ငယ်လေးကလည်း လုချန်ရှန်းကိုကြည့်နေပေသည်။ ရှေးဟောင်းသတ်ဖြတ်ရေးအစီအရင်ကိုအဆင့်မြှင့်ရန်အတွက် သူဘယ်လိုနည်းလမ်းများကို အသုံးပြုလေသလဲဆိုသည်ကို သူတို့မြင်ချင်နေကြသည်။
ငရဲကိုးဘုံအစီအရင်၏အဆင့်မှာ ရှေးပဝေသဏီခေတ်တုန်းကပင် ထိပ်တန်းသတ်ဖြတ်ရေးအစီအရင်ဆယ်ခုမှတစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းမှာ အလွန်အမင်းအစွမ်းထက်လှပေသည်။
ပထမအဆင့်မြှင့်တင်မှုက မိုးမခပင်ကြီးနှင့်ငှက်ငယ်လေးကိုထိတ်လန့်သွားစေသည်။ ဤမျှအဆင့်ရှိသောသတ်ဖြတ်ရေးအစီအရင်တစ်ခုကို အဆင့်မြှင့်တင်ရန်မှာ အလွန်ခက်ခဲလှသည်။ မဖြစ်နိုင်သလောက်နီးပါးပင်။
ဒုတိယအကြိမ်အဆင့်မြှင့်တင်မှုမှာ ပထမအကြိမ်ကထက် ပိုခက်ခဲသေးသည်။ အစီအရင်ကိုတည်ဆောက်တပ်ဆင်ပြီးနောက် လုချန်ရှန်းက ငှက်ငယ်လေးကိုကြည့်၍ပြောလိုက်လေသည်။
“လာစမ်းကြည့်လိုက်”
ငှက်ငယ်လေး : “…”
ငါ အသက်ရှင်ရတာပင်ပန်းနေပြီလို့ထင်နေတာလား…
ငရဲကိုးဘုံအစီအရင်တစ်ခုတည်းကပင် ငှက်ကလေးကိုပြာကျသွားစေဖို့ လုံလောက်နေပြီဖြစ်၏။
ထိုအခိုက်အတန့်တွင် မိုးမခပင်ကြီးဆီမှ အသံထွက်ပေါ်လာသည်။
“သူမရဘူး။ ငါလုပ်မယ်”
ငှက်ငယ်လေး: “…”
ဒီစကားတွေက မှန်တော့မှန်ပေမဲ့ ဘာလို့တအားကျွဲမြီးတိုချင်စရာကောင်းနေတာလဲ။
ထို့နောက် မိုးမခပင်ကြီး၏အကိုင်းအခက်များက တဖျတ်ဖျတ်လူးလွန့်လာသည်။မိုးမခရွက်များ ကြွေကျလာချေသည်။
လေထဲမှာတော့ မိုးမခရွက်များက အသွင်တစ်မျိုးပြောင်းလဲသွားသည်။
ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။
ထို့နောက် ငရဲကိုးဘုံအစီအရင်ကို အသက်သွင်းလိုက်လေရာ ကြောက်မက်ဖွယ်ရာအရှိန်အဝါများကလည်း စံအိမ်တော်ထဲတွင်ပြည့်နှက်သွားလေတော့သည်။
ဟုန်ရင်က မျက်လုံးဖွင့်၍ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ ထိုအရှိန်အဝါကြောင့် သူ(မ)ရင်တလှပ်လှပ်ဖြစ်သွားရသည်။
ရှေးတုန်းကတိမ်လွှာဖီးနစ်အင်ပါယာထဲရှိ အတော်ဆုံးအစီအရင်ဆရာသခင်များပင်လျှင် ယခုလိုအစီအရင်မျိုးမဖန်တီးနိုင်ကြချေ။
မုဝမ်အာက ဟုန်ရင့်နောက်မှာပုန်း၍ ဤမြင်ကွင်းကို အတုန်တုန်အယင်ယင်ဖြင့်ကြည့်နေချေသည်။
“ဦးလေး…ဦးလေးက အစီအရင်ကိုထပ်စမ်းသပ်နေပြန်ပြီလား”
နင်းချန်ရှင်းက သစ်သားအိမ်လေးထဲမှ စိုးရိမ်တကြီးအမူအရာဖြင့်ထွက်လာလေသည်။
မဟူရာကတော့ ချောက်ကမ်းပါးထက်တွင်ထိုင်နေဆဲပင်။ သူ့မျက်ဝန်းများက သေရေးရှင်ရေးမခြေအနေမျိုးမှာတောင် သတိပြန်မဝင်လာသေးသည့်အလား ဗလာကျင်းနေလေသည်။
မိုးမခပင်ကြီးကလည်း အစီအရင်တစ်ခုဖန်တီး၍ စံအိမ်တော်ကို ကမ္ဘာကြီးဆီမှသီးခြားခွဲကန့်ပေးထားသလို တစ်ချိန်တည်းမှာပင် စံအိမ်တော်ကိုလည်း ကာကွယ်ပေးထားသည်။
လေထဲမှာတော့ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဖြစ်တည်နေ၏။ ထုတ်လွှတ်နေသည့်အရှိန်အဝါကတင် ကမ္ဘာကြီးကိုဖျက်ဆီးပစ်တော့မည့်အလား ကြောက်လန့်သွားစေသည်။
ထိုအချိန်တွင် လေထုထဲ၌အက်ကွဲကြောင်းများပေါ်ပေါက်လာသည်။ ထိုအက်ကွဲကြောင်းဆီမှ မရေမတွက်နိုင်သောလေဟာနယ်စီးကြောင်းတစ်ခုထုတ်လွှတ်လိုက်လေသည်။
ထိုအရာကိုမြင်သော် လုချန်ရှန်းက အစီအရင်သေးသေးလေးသုံးခုကို ထပ်အသက်သွင်းလိုက်သည်။ ပထမတစ်ခုကား အကွာအဝေးချိတ်ပိတ်မှုဖြစ်သည်။ ၎င်းက သစ်ရွက်ရုပ်သေးရုပ်လေးများ၏ပတ်ပတ်လည်ရှိလေထုကိုချတ်ပိတ်လိုက်သည်။
ထိုအရာများက တစ်ခုကိုတစ်ခုဖိအားပေးနေကြသဖြင့် သစ်ရွက်ရုပ်သေးရုပ်များ၏ပတ်ပတ်လည်ရှိလေထုထဲတွင် အတွန့်ကြောင်းများပေါ်လာချေသည်။ သို့ဖြစ်လေရာ သစ်ရွက်ရုပ်သေးရုပ်ကိုလှုပ်မရအောင်လုပ်ထားလေသည်။
ချက်ချင်းဆိုသလိုပင် လေထုအလွှာပါးပါးလေးထဲ၌ သစ်ကိုင်းများပေါ်ပေါက်လာသည်။ ထိုသစ်ကိုင်းများက သစ်ရွက်ရုပ်သေးရုပ်၏ခန္ဓာကိုယ်ကိုချည်နှောင်ထားလိုက်သည်။ သို့ဖြစ်ရာ ပို၍ပင်လှုပ်မရရုန်းမရဖြစ်သွားလေတော့သည်။
နဂါးထောင်ချောက်အစီအရင်ပင်တည်း။
ထိုအချိန်တွင် မိုးမခပင်ကြီးက သစ်ရွက်ရုပ်သေးရုပ်လေးကိုထိန်းချုပ်လိုက်ပြီး ဝိညာဉ်ရေးရာချီစွမ်းအင်များကိုထုတ်လွှတ်ကာ ထိုအစီအရင်နှစ်ခုထံမှ အတင်းအကျပ်ဖောက်ထွက်နိုင်အောင်ရုန်းကြည့်လိုက်သည်။
သစ်ရွက်ရုပ်သေးရုပ်၏ပတ်ပတ်လည်ရှိဝိညာဉ်ရေးရာစွမ်းအင်များ တစ်မုဟုတ်ချင်းပျောက်ကွယ်သွားသည်မှာ စုပ်ယူခံလိုက်ရသည့်အလားပင်။ သူ့ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာစွမ်းအင်လည်း စီးဆင်းမှုရပ်တန့်သွားသည်။
ရလဒ်အနေနှင့် ၎င်းမှာ ဝိညာဉ်ရေးရာချီစွမ်းအင်ကို ချက်ချင်းမထုတ်လွှတ်နိုင်တော့ဘဲ အစီအရင် အတင်းအကျပ်ဖောက်ထွက်လေတော့သည်။
မိုးမခပင်ကြီး အံ့သြသွားရလေသည်။ ထိုအစီအရင်က စဉ်းစားတွေးခေါ်နိုင်သောဉာဏ်ရှိကြောင်းခံစားလိုက်ရသည်။
ဤအစီအရင်လေးသုံးခုက ထိပ်တန်းနှိမ်နင်းရေးအစီအရင်များပင်။ လတ္တီတွဒ်မြင့်သောဘုံလောကများတွင်ပင် ၎င်းတို့ကို အမြင့်ဆုံးအဆင့်နှိမ်နင်းရေးအစီအရင်များဟု သေချာပေါက်မှတ်ယူထားကြသည်သာ။
မိုးမခပင်ကြီးကိုယ်တိုင်ပင်လျှင် သစ်ရွက်ရုပ်သေးရုပ်ကို ချက်ချင်းလွတ်မြောက်အောင် မထိန်းချုပ်နိုင်ပေ။
ထိုအချိန်၌ ငရဲကိုးဘုံအစီအရင်ရှိရာနေရာတွင် အဖျက်ဓာတ်အရှိန်အဝါက ပတ်ပတ်လည်ရှိလေထုကို မှန်တစ်ချပ်နှယ်မွစာကြဲသွားစေပြီး လေဟာပြင်တွင်းနက်ကြီးများကလည်း တစ်ခုပြီးတစ်ခုပေါ်လာချေသည်။
စွမ်းအားများ လုံးဝပေါင်းစည်းလိုက်ချေပြီ။
ထိုအချိန်တွင် လုချန်ရှန်းက လက်ဟန်အစီအရင်တစ်ခုလုပ်လိုက်သည်။ ထိုအချိန်လေးမှာပင် ငရဲကိုးဘုံအစီအရင်က ရုတ်တရက်ရပ်တန့်သွားလေသည်။
အဖျက်ဓာတ်အရှိန်အဝါလည်း ပျောက်ကွယ်သွားပေသည်။ ၎င်းမှာ သေနတ်ပစ်လိုက်သော်လည်း မောင်းမဆွဲလိုက်ရသည့်အလားပင်။
လုချန်ရှန်း အကြောင်သားဖြစ်သွားရှာသည်။
ဘာ.. ဘာဖြစ်သွားတာလဲ။
အောက်ဘက်ရှိငှက်ငယ်လေးကတော့ ခေါင်းတခါခါလုပ်နေချေသည်။ ကြည့်ရပုံထောက်သော် အဆင့်မြှင့်တင်မှု ကျရှုံးသွားဟန်ပင်။ ဤမျှအဆင့်မြင့်သောအစီအရင်မျိုးကို တစ်စက္ကန့်အတွင်းလွယ်လင့်တကူအဆင့်မြှင့်၍ရနိုင်ရိုးလား။
မိုးမခပင်ကြီးကလည်း သူ့အမြင်ကိုပြောပြလာသည်။
“အစီအရင်တွေကြားမှာ ရှုပ်ထွေးမှုဖြစ်နေတာထင်တယ်။ ပြီးတော့ မင်ကအစီအရင်သုံးခုတောင် ထပ်ထည့်ထားတာ။ ဘာပြဿနာမှမပေါ်ဘဲ လုံးဝပေါင်းစည်းနိုင်ဖို့ဆိုတာသိပ်ခက်တယ်လေ”
အမှန်အတိုင်းပြောရပါလျှင် ဤအစီအရင်သာ အောင်အောင်မြင်မြင်အဆင့်မြှင့်လိုက်နိုင်ပါက ရန်သူကိုထောင်ချောက်ဆင်ဖမ်းပြီးလူသားပစ်မှတ်အဖြစ်ပြောင်းလဲကာ ငရဲကိုးဘုံအစီအရင်၏အကြမ်းပတမ်းတိုက်ခိုက်မှုကိုခံစားရလိမ့်မည်ဖြစ်၏။
သူသာအောင်မြင်သွားလျှင် သိပ်ကြောက်ဖို့ကောင်းသွားလိမ့်မည်။
နှိမ်နင်းရေးအစီအရင်သုံးခုကိုသုံးသည့်ပုံစံက ငရဲကိုးဘုံအစီအရင်ကိုဖန်တီးစဉ်ကနှင့်မတူကြောင်း သူကိုယ်တ်ိုင်လည်းခံစားမိသည်။ ထို့ကြောင့် ငရဲကိုးဘုံအစီအရင်ကို အောင်အောင်မြင်မြင်အသက်အသွင်းနိုင်ခဲ့ခြင်းပင်။
သို့ဖြစ်လေရာ သူ မည်သို့အဆင့်မြှင့်ရလေမလဲ။ သို့တည်းမဟုတ် ဤအစီအစဉ်ကို လက်လျှော့လိုက်ရလေမလား။
လုချန်ရှန်းခေါင်းခါလိုက်မိသည်။ ဤအစီအစဉ်ကသာ သူတွေးထားသမျှထဲအကောင်းဆုံးဖြေရှင်းနည်းတစ်ခုဖြစ်၏။
ထို့ကြောင့် လုချန်ရှန်းလည်း လေထဲတွင်ရပ်၍ ငရဲကိဘုံအစီအရင်ကိုကြည့်လိုက်သည်။
ထိုအဖြစ်ကိုမြင်သော် ဘယ်သူမှသူ့ကိုမနှောင့်ယှက်ကြချေ။ ဤသို့ဖြင့် နောက်ထပ်သုံးရက်ကုန်လွန်သွား၏။
တစ်ဖက်ရှိကျောင်းသားသစ်ခန့်အပ်ရေးရင်ပြင်မှာတော့ ဓားဆန္ဒရောင်ခြည်တန်းများက ကောင်းကင်ထက်သို့ဆန်တက်နေပေသည်။
လက်ရှိအချိန်တွင် ဓားသွားပိုင်နက်နယ်မြေထဲ၌လူနှစ်ယောက်သာကျန်တော့သည်။
ကျန်လူအယောက်နှစ်ရာကတော့ တောင့်ခံမထားနိုင်ကြတော့ချေ။ သူတို့က ဓားသွားပိုင်နက်နယ်မြေအပြင်ဘက်၌သာ ထိုလူနှစ်ယောက်ကိုတိတ်တိတ်လေးစောင့်ကြည့်နေကြသည်။
ယဲ့ချိုးပိုင်လည်း ထိုမြင်ကွင်းကိုစိတ်ဝင်တစားစောင့်ကြည့်နေပေသည်။ သူ၏ဓားသိုင်းဘိုးဘေးအဆင့်ဓားဆန္ဒများကို သုံးရက်ကြာတောင့်ခံထားနိုင်သည်ကပင် အလွန်အထင်ကြီးလောက်စရာကောင်း၏။
ထိုနှစ်ယောက်ထဲကတစ်ယောက်မှာ အလယ်ပိုင်းနယ်မြေထဲရှိ အသိုင်းအဝိုင်းတောင့်တင်းသောမိသားစုမှရတနာမျက်ရှုလေးဖြစ်၏။ သူဟာ ချန်းယွမ်ကနဦးအဆင့်ကိုပင် တက်လှမ်းထားပြီးဖြစ်၏။
ဤအသက်အရွယ်မျှဖြင့် ယခုလိုအဆင့်မျိုးကိုရောက်နေသည်မှာ ဂုဏ်ယူစရာပင်တည်း။
သို့သော် ယဲ့ချိုးပိုင်၏ထိန်းချုပ်မှုအောက်ရှိ ဤဓားသွားပိုင်နက်နယ်မြေထဲမှာတော့ အဆင့်ကအရာရာမဟုတ်ဘဲ စိတ်စွမ်းအင်ကသာ အရေးအကြီးဆုံးဖြစ်သည်။
နောက်တစ်မျိုးပြောရလျှင် ကျင့်ကြံရေးအဆင့်များက ကောင်းကျိုးရှိသော်ငြား အဓိကမကျပေ။
ကျန်တစ်ယောက်ကမူ ယဲ့ချိုးပိုင် အာရုံအစိုက်မိဆုံးလူဆိုလည်းမမှားပေ။ သူ့ကျင့်ကြံမှုအဆင့်က ခရမ်းရောင်ဘုံဗိမာန်ကနဦးအဆင့်မျှသာရှိသေးသည်။ သို့တိုင် လျှို့ဝှက်တာအိုကျောင်းတော်၏စစ်ဆေးချက်များကို ကျော်ဖြတ်နိုင်ခဲ့သည်။
ထို့ပြင် သူ့ ရုပ်ပိုင်းဆိုင်ရာကလည်း အာဟာရပြတ်လပ်နေသည့်အလား အလွန်အားနည်းလှပေသည်။
ထိုကဲ့သို့သောလူတစ်ယောက်က ဘာကြောင့် ယခုအချိန်အထိကျန်ရစ်နေခဲ့ပါသလဲ။
အခြားသူများပြောဆိုဆွေးနွေးနေသံများမှတစ်ဆင့် ထိုလူ၏နာမည်မှာ ရှီရှန်းဖြစ်ကြောင်း ယဲ့ချိုးပိုင်သိလိုက်ရသည်။