လုချန်ရှန်းအကြောင်းသိထားပြီးသားလူများက သူ ဘယ်လိုလူစားမျိုးလဲဆိုသည်ကို ကောင်းကောင်းသိကြသည်။
ဖြစ်နိုင်ခြေအရှိဆုံးကတော့ စာလုံးနှစ်လုံးကိုသာရေရွတ်လာကြလိမ့်မည်။
ငါးဆားနယ်…
ဘာမှလုပ်စရာမရှိပါက အိပ်လိုက်စားလိုက်ပင်။ စားသောက်ပြီးလျှင် ကုလားထိုင်ပေါ်လှဲပြီး နေပူဆာလှုံသည်။ တစ်ခါတစ်ခါဆိုလျှင် အပင်ရေလောင်းပေါင်းသင်နေတတ်သည်။
ထိုကိစ္စများကလွဲလျှင် အခြားဘာမှမလုပ်ပေ။ တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ထိုသို့သာဖြစ်၏။ အံ့အားသင့်စေသောကိစ္စရပ်မျိုး လုချန်ရှန်းမလုပ်ခဲ့ဖူးပေ။
ချင်းထျန်းနျန်၏စကားများကိုကြားသောအခါ ယဲ့ချိုးပိုင်တို့အုပ်စုလည်း ခါးသက်သက်ပြုံးလိုက်မိသည်။ အခြားသူများ၏အမြင်တွင် သူ့ဆရာ၏ပုံရိပ်ကား လုံးဝစွဲထင်နေလေပြီ။
ချင်းထျန်းနျန်မေးလိုက်သည်။
“မင်းတို့ဆရာဘာလုပ်နေတာလဲ”
ယဲ့ချိုးပိုင်က လက်ဖက်ရည်ကြမ်းခွက်ကို ချင်းထျန်းနျန်အားလှမ်းပေးလိုက်ရင်း ဖြေလိုက်သည်။
“အစီအရင်ကိုအဆင့်မြှင့်နေတာထင်တယ်”
အစီအရင်ကိုအဆင့်မြှင့်နေတာလား..
ချင်းထျန်းနျန် မှင်တက်သွားလေသည်။
ဤအစီအရင်မှာ စံအိမ်တော်၏ဘိုးဘေး ချန်ထားရစ်ခဲ့သောအစီအရင်မင်မဟုတ်လေလား။ ချင်းထျန်းနျန်က ငရဲကိုးဘုံအစီအရင်ရှိကြောင်း မသိထားပေ။
လုချန်ရှန်းလုပ်သမျှအရာတိုင်းကို မိုးမခပင်ကြီးကတားဆီးပေးထားသောကြောင့်ပင်။
မိုးမခပင်ကြီးသာ ငရဲကိုးဘုအစီအရင်ကို သည်အတိုင်းလွှတ်ထားပေးလိုက်ပါက လျှို့ဝှက်တာအိုကျောင်းတော်သာမက တောင်ပိုင်းနယ်မြေတစ်ခုလုံး သက်ရောက်ခံရပေလိမ့်မည်။
ယဲ့ချိုးပိုင် ဆက်ပြောလိုက်သည်။
“ခေါင်းဆောင်ချင်း ကိစ္စတစ်ခုခုရှိရင်လည်း နောက်မှပြန်လာခဲ့လိုက်ပါလား။ ဆရာ တွေးတောနေတာရက်နည်းနည်းတောင်ကြာပြီ။ တော်တော်အရေးကြီးလို့ဖြစ်မယ်”
ထိုစကားကိုကြားသော် ချင်းထျန်းနျန်ခေါင်းညိတ်လိုက်မိသည်။ ဤအခိုက်အတန့်လေးမှာ သူ လုချန်ရှန်းကိုအနှောင့်အယှက်မပေးနိုင်ပေ။ ထို့ပြင် လာရင်းကိစ္စကလည်း သိပ်အရေးမကြီးပေ။
“နှမြောစရာပဲ။ ကျောင်းသားသစ်ခန့်အပ်ပွဲကိုလာတဲ့ပါရမီရှင်တွေအကုန်လုံးက စံအိမ်တော်ကိုပဲဝင်ချင်နေကြတာ။ ချန်ရှန်းမအားဘူးဆိုမှတော့ လောလောဆယ်ဒီကိစ္စကိုဘေးဖယ်ထားရုံပဲရှိတာပေါ့”
ချင်းထျန်းနျန်၏စကားကိုကြားသောအခါ ယဲ့ချိုးပိုင်၏အမူအရာလည်းပြောင်းလဲသွားသည်။
ကျောင်းသားသစ်ခန့်အပ်ပွဲလား။ ဒါက အခွင့်အရေးပဲမဟုတ်လား။
အသစ်ရောက်လာသော ဆရာတူညီလေးညီမလေးများက ချက်တတ်ပြုတ်တတ်သည်ဆိုပါက သူလည်းအနားရပြီမဟုတ်ပါလား။
ထိုသို့တွေးမိသဖြင့် ယဲ့ချိုးပိုင်လည်း ချင်းထျန်းနျန်ကိုအလျင်စလိုတားပြီး ပြောလိုက်သည်။
“ခေါင်းဆောင်ချင်း… ကျွန်တော်လိုက်ခဲ့ပြီးတစ်ချက်ကြည့်ကြည့်မယ်လေ”
ထိုစကားကိုကြားသော် ချင်းထျန်းနျန်လည်းတစ်ခဏမျှမှင်တက်သွားပြီးမှ ခေါင်းညိတ်ပြလေသည်။
“ဒါလည်းကောင်းတာပဲ။ ချန်ရှန်းကမအားတော့ သူ့အကြီးဆုံးတပည့်အနေနဲ့ မင်းက အဲ့ဒီကလူတွေကိုဖျောင်းဖျပေးနိုင်တာပေါ့”
ဤသို့ဖြင့် သူတို့နှစ်ယောက်သား ကျောင်းသားသစ်ခန့်အပ်ရေးရင်ပြင်ဆီသို့ ထွက်လာခဲ့လိုက်သည်။
ထိုအချိန်တွင် ရင်ပြင်ထက်၌ လူအယောက်၂၀၀ကျော်ရပ်နေပေသည်။ သူတို့အားလုံးက တောင်ပိုင်းနယ်မြေရှိလျှို့ဝှက်တာအိုကျောင်းတော်ဆီသို့ ဝင်ရောက်လိုကြသောပါရမီရှင်များသာဖြစ်၏။
သူတို့ဟာ စစ်ဆေးမှုပေါင်းများစွာကိုကျော်ဖြတ်ခဲ့ပြီးဖြစ်၏။ တောင်ပိုင်းနယ်မြေရှိလျှို့ဝှက်တာအိုကျောင်းတော်ကို ဝင်ရောက်လိုသူများစွာရှိလေရာ စံနှုန်းသတ်မှတ်ချက်များကို မြှင့်ထားသည့်တိုင် စစ်ဆေးမှုကိုအောင်မြင်လာသူကလည်း အယောက်၂၀၀ကျော်ရှိနေဆဲပင်။
“ခေါင်းဆောင်ချင်းလာနေပြီ”
လျှို့ဝှက်တာအိုကျောင်းတော်ကိုဝင်ရောက်လိုကြသော ရင်ပြင်ပေါ်ရှိလူများက ချင်းထျန်းနျန်ကို မလှမ်းမကမ်းမှအရိုအသေပေးလိုက်ကြသည်။
ချင်းထျန်းနျန်ကလည်း အသာအယာခေါင်းညိတ်ပြီး အပြုံးလေးဖြင့်စကားဆိုလိုက်သည်။
“အားလုံးပဲ။ မင်းတို့ရွေးချယ်ဖို့ခန်းမလေးခုရှိတယ်။ အကြီးအကဲတွေက မင်းတို့ကိုသဘောကျတယ်ဆိုရင် သူတို့တပည့်ဖြစ်ခွင့်ရပြီ”
ထိုစကားကိုကြားသောအခါ တစ်စုံတစ်ယောက်ကပြောလာသည်။
“ကျွန်တော်တို့ စံအိမ်တော်ကိုရွေးချင်တယ်”
အကြီးအကဲများလည်း ခါးသက်သက်ပြုံးရုံသာတတ်နိုင်လေသည်။ လုချန်ရှန်းက သူတို့စီးပွါးရေးကိုဝင်လုလိုက်လေပြီ။ အရေးအကြီးဆုံးအချက်မှာ ထိုကောင်စုတ်လေးက ဤနေရာမှာပင်ရှိမနေခြင်းပင်။
သို့သော် အကြီးအကဲများကစိတ်ခုခြင်းအလျဉ်းမရှိ။ သူ့မှာ အမှန်တကယ်ပင် ထိိုသို့သောစွမ်းရည်မျိုးပိုင်ဆိုင်ထားလေသည်။ ယခုလိုထူးချွန်ထက်မြက်သောတပည့်များကို သူမွေးထုတ်ထားနိုင်ခဲ့သည်။
ယဲ့ချိုးပိုင်တို့မှာ အပြင်လောကမှာလည်း နာမည်ကြီးတိုက်ပွဲရလဒ်များ ရှိထားသည်။ ထိုသတင်းက လူအများကို စံအိမ်တော်သို့ဝင်ရောက်ချင်လာအောင်ဆွဲဆောင်နိုင်ပေသည်။
ချင်းထျန်းနျန်ကား အနည်းငယ်ကူကယ်ရာမဲ့သွားလေသည်။
“ချိုးပိုင် မင်းပဲပြောကြည့်လိုက်”
ချင်းထျန်းနျန်၏အနောက်တွင်ရှိနေသောယဲ့ချိုးပိုင်က ခေါင်းညိတ်ပြလိုက်ပြီး ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက် အပြုံးလေးဖြင့်ပြောလိုက်ချေသည်။
“ဆရာက တံခါးပိတ်ကျင့်ကြံရေးလုပ်နေလို့ လတ်တလောတော့ သူ့ကိုသွားနှောင့်ယှက်လို့မရသေးတဲ့အတွက် နားလည်ပေးပါ”
ဆရာတဲ့လား။
ဒီပုဂ္ဂိုလ်က စံအိမ်တော်ကလား။
အားလုံးလည်း ယဲ့ချိုးပိုင်ကို ထိတ်လန့်တကြားကြည့်လိုက်မိကြသည်။ သူ့တွင် ထက်ရှသောမျက်ခုံးနှင့်ရွှန်းစိုသောမျက်ဝန်းတို့ ရှိ၏။ အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး သူ့ပတ်ပတ်လည်တွင်လည်း ခပ်ဖျော့ဖျော့ဓားဆန္ဒများလှည့်လည်စီးဆင်းနေချေသည်။
သူသည် ဓားသိုင်းကျင့်ကြံသူတစ်ဦးပင်။
စံအိမ်တော်တွင် ဓားသိုင်းကျင့်ကြံသူတစ်ဦးတည်းသာရှိ၏။ သို့ဖြစ်လေရာ ဤပုဂ္ဂိုလ်၏သရုပ်မှန်ကား ရှင်းလင်းနေပေသည်။
အားလုံး တုံ့ပြန်လာကြသည်။
သူဟာ စံအိမ်တော်၏အကြီးဆုံးတပည့်ယဲ့ချိုးပိုင်ဖြစ်ပြီး အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းပြီး အသက်ငယ်ငယ်လေးနှင့် ဓားသိုင်းဘိုးဘေးအဆင့်ကို တက်လှမ်းနိုင်ခဲ့သူဖြစ်၏။
လူအုပ်ကြီးထဲတွင် စိတ်လှုပ်ရှားနေကြသောဓားသိုင်းကျင့်ကြံသူများရှိလေသည်။
ဤမျှငယ်ရွယ်လွန်းလှသောဓားသိုင်းဘိုးဘေးတစ်ဦး။
သူသည် ဤတိုက်နယ်ကြီးပေါ်တွင် အသက်အငယ်ဆုံးဓားသိုင်းကျင့်ကြံသူဟုပင် ဆိိုနိုင်လေ၏။ ယဲ့ချိုးပိုင်မှာ အထွတ်အထိပ်ကိုတက်လှမ်းဖို့ တစ်ဆင့်သာလိုပေတော့သည်။
ယဲ့ချိုးပိုင် စကားဆက်လိုက်သည်။
“ဆရာကမလာနိုင်တော့ ကျွန်တော်ကပဲလာကြည့်ပေးတာပါ။ တကယ်လို့ တစ်ယောက်ယောက်ကသာ ထူးချွန်တဲ့အရည်အချင်းမျိုးရှိမယ်ဆိုရင် ဆရာနဲ့လိုက်မိတ်ဆက်ပေးမယ်။ စံအိမ်တော်ကိုဝင်ရောက်ခွင့်ရချင်လည်းရမှာပေါ့”
ယဲ့ချိုးပိုင်၏စကားကိုကြားသောအခါ အားလုံး စိတ်လှုပ်ရှားမှူကြောင့် သွေးများပင်တပွက်ပွက်ဆူနေချေပြီ။
လုချန်ရှန်းပေါ်မလာသည့်တိုင် စံအိမ်တော်၏အကြီးဆုံးတပည့်ဆီမှာ မျက်စိကျခံရပါက သူတို့မှာ အခွင့်အရေးရှိနေဆဲပင်။ ထိုအခိုက်အတန့်လေးမှာ လူပေါင်းအယောက်နှစ်ရာက ယဲ့ချိုးပိုင်ဆီသို့ချီတက်လာကြသည်။ အကြီးအကဲများ၏ရှေ့တွင်ကား တစ်ယောက်မှမရှိ။
ထိုအဖြစ်ကြောင့် သူတို့တစ်တွေ နေရခက်သွားကြသော်လည်း ဘာမှလည်းမပြောနိုင်ကြပေ။ သူတို့မှာရွေးချယ်စရာမရှိပေ။ သူ့တွင် လုပ်နိုင်စွမ်းပိုရှိသည်သာ။
လူအုပ်ကြီးရောက်ချလာသည်ကိုမြင်သော် ယဲ့ချိုးပိုင်လည်းအံ့သြမှင်တက်သွားရသည်။
ဒီမှာရှိတဲ့လူတိုင်းက စံအိမ်တော်ကိုဝင်ချင်ကြတာလား။
“ကောင်းပြီ။ ကျွန်တော့်ရဲ့ဓားသွားပိုင်နက်နယ်မြေထဲမှာ အဆုံးထိတောင့်ခံနိုင်တဲ့လူရှိရင် အဲ့ဒီလူကို ဆရာနဲ့မိတ်ဆက်ပေးမယ်”
လူအရမ်းများလွန်းသည့်အတွက် ယဲ့ချိုးပိုင် ထိုသို့သာပြောလိုက်ရသည်။ ထို့နောက် သူ့လက်ကိုဆန့်ထုတ်လိုက်လေရာ ဓားဆန္ဒများမှာ ရင်ပြင်၌ပြည့်သိပ်သွားလေသည်။
ဓားသိုင်းဘိုးဘေးအဆင့်ကိုတက်လှမ်းပြီးနောက်မှာ ယဲ့ချိုးပိုင်၏ဓားဆန္ဒကလည်း ပိုသိပ်သည်းလာဟန်ပင်။
ထိုအခိုက်အတန့်လေးမှာ ရင်ပြင်ထဲတွင် ထက်ရှရှဓားများရှိနေသည့်အလားပင်။ ဤအရှိန်အဝါများကိုခံစားမိသောအခါ လူတိုင်းထိတ်လန့်သွားကြသည်။
ဒါက စံအိမ်တော်ကအကြီးဆုံးတပည့်ရဲ့ခွန်အားတဲ့လား…
တစ်ဖက်လူကသာ သူတို့ကိုသတ်ချင်ပါက နည်းနည်းလောက်တွေးလိုက်ရုံမျှသာရှိသည်။ သူတို့ ခုခံဖို့ပင် အခွင့်အရေးရလိုက်မည်မဟုတ်။
အကြီးအကဲများလည်း ထိုသို့တွေးနေမိသည်သာ။
တောင်ပိုင်းနယ်မြေရှိ လျှို့ဝှက်တာအိုကျောင်းတော်တစ်ခုလုံး၏ခွန်အားများပေါင်းလျှင်တောင် စံအိမ်တော်ကိုမမီပေ။ သူတို့၏အဆင့်က အလွန်နိမ့်လှသည်။
အကြီးအကဲများပင်လျှင် ခရမ်းရောင်ဘုံဗိမာန်အဆင့် သို့မဟုတ် ရေအလျဉ်ပြည့်လျှံရေးအဆင့်မျှသာရှိသေးသည်။ ချင်းထျန်းနျန်တစ်ယောက်သာ ချန်းယွမအထွတ်အထိပ်အဆင့်သို့ ရောက်ထားခြင်းဖြစ်၏။
ထိုအရှိန်အဝါကိုခံစားမိသောအခါ သူလည်း ခါးသက်သက်ပြုံးလိုက်မိသည်။ ခေါင်းဆောင်ဖြစ်သောသူ့ကိုပင် ယဲ့ချိုးပိုင်ကကျော်တက်သွားပြီဖြစ်၏။
“အားလုံးပဲ သတိထားကြ”
သူ့စကားအဆုံးတွင် ဓားသွားပိုင်နက်နယ်မြေထဲရှိဓားဆန္ဒများမှာ ရုန်းရင်းဆန်ခတ်ဖြစ်လာလေတော့သည်။ ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူများ၏ခန္ဓာကိုယ်များမှာလည်း ယမ်းခါနေပေသည်။
ဓားဆန္ဒများမှာ သူတို့ခန္ဓာကိုယ်ကိုထိုးစိုက်နေသော ထက်ရှရှဓားများအလားပင်။ ထိုဓားဆန္ဒများက သူတို့ခန္ဓာကိုယ်ထဲကိုပင် တိုးဝင်နေချေသည်။
ကျင့်ကြံမှုအဆင့်နိမ့်ကြသော သိုင်းပညာကျင့်ကြံသူများဆိုလျှင် ဓားသွားပိုင်နက်နယ်မြေ၏အပြင်ဘက်သို့ လျှက်တပြက်အတွင်းလွင့်ထွက်ကုန်သည်။
အသက်ငါးခါရှူရှိုက်စာမျှအချိန်အတွင်း၌ လူတစ်ဝက်နီးပါးထုတ်ပယ်ခံလိုက်ရပြီဖြစ်၏။ ယဲ့ချိုးပိုင်အနေနှင့် သူ့ဆရာတူညီလေးညီမလေးများကို သူ့အားကူညီချက်ပြုတ်ပေးစေချင်သော်ငြား အရည်အချင်းနှင့်ရဲရင့်မှုကဲ့သို့သောအရာများကိုလည်း လျစ်လျူရှုလိမ့်မည်မဟုတ်ပေ။
အကယ်၍ သူသာလုပ်ရဲခဲ့လျှင် သူ့ဆရာက တောင်တစ်တောင်လုံးကို သန့်ရှင်းရေးထပ်လုပ်ခိုင်းလိမ့်မည်ဖြစ်၏။
တစ်ဖက်ရှိစံအိမ်တော်တွင်လည်း လုချန်ရှန်းက မည်သည့်အစီအရင်သေးသေးလေးကို ငရဲကိုးဘုံအစီအရင်ထဲသို့ပေါင်းထည့်ရမလဲဆိုသည်ကို အဖြေရှာပြီးဖြစ်၏။
အစီအရင်သေးသေးလေးသုံးခုကို ငရဲကိုးဘုံအစီအရင်ထဲသို့ပေါင်းထည့်ရန်ပြင်လိုက်သည်။ ထိုအစီအရင်သေးသေးလေးသုံးခုကလည်း လုချန်ရှန်းဖန်တီးထားခြင်းဖြစ်၏။
ယုတ္တိကျကျပြောရပါလျှင် ထိုအရာများမှာ ငရဲကိုးဘုံအစီအရင်နှင့်လိုက်လျောညီထွေရှိနိုင်သည်။ မည်သို့ပင်ဖြစ်စေ ကိစ္စများပြီးမြောက်မှသာ သိနိုင်မည်ဖြစ်၏။
ထို့ကြောင့် လုချန်ရှန်းလည်း ပြင်ဆင်မှုများ စတင်လုပ်ကိုင်လေတော့သည်။