နေမဝင်အင်ပါယာကျဆုံးသွားသည့်အတွက် မြောက်ပိုင်းနယ်မြေတွင်ဖြစ်ပွါးနေသောစစ်ပွဲလည်း ဆုံးခန်းတိုင်သွားခဲ့သည်။
ဤသတင်းကား တိုက်နယ်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းကိုကြားပြီးနောက် ဂိုဏ်းဂဏများနှင့် တော်ဝင်မိသားစုများထိတ်လန့်သွားကြကုန်၏။
ယဲ့ချိုးပိုင်၏ကျောထောက်နောက်ခံဖြစ်သောဆရာသခင်ဟာလည်း ပထမဆုံးအကြိမ်အဖြစ် လူတိုင်းရှေ့ကိုဖော်ထုတ်ခံခဲ့ရသည်။ သို့သော် မည်သူမှ ဖြစ်စဉ်အသေးစိတ်ကိုမသိကြချေ။
သို့တိုင် နေမဝင်အင်ပါယာဘက်တွင် ဗုဒ္ဓဂိုဏ်းတော်မှအာကာသနတ်ဘုရားအဆင့်ပညာရှင်နှစ်ယောက် ရပ်တည်ပေးခဲ့ကြောင်းကိုတော့ သိထားကြသည်။ သူတို့အားလုံး ထိုစစ်ပွဲအတွင်း သေသွားခဲ့ရသည်။ ဤသည်မှာ ယဲ့ချိုးပိုင်၏ဆရာကြောင့်ပင်။
ထိုအချက်တစ်ချက်တည်းနှင့်ပင် အားလုံးထိတ်လန့်ကုန်ကြသည်။
အာကာသနတ်ဘုရားအဆင့်ပညာရှင်နှစ်ယောက်ကိုသတ်နိုင်သည်ဆိုပါက ယဲ့ချိုးပိုင်၏ဆရာက မည်သည့်အဆင့်ကိုများရောက်နေပြီလဲ။
သူ မည်မျှအစွမ်းထက်လေသလဲ။
မည်သူမှမသိကြပေ။
သူ့ကျင့်ကြံရေးအဆင့်က အာကာသနတ်ဘုရားအလယ်အလတ်အဆင့် သို့မဟုတ် ၎င်းထက်မြင့်သည်ဟုသာ သူတို့သိကြသည်။
လုချန်ရှန်းကို အများက တိုက်နယ်ကြီး၏နံပါတ်တစ်ပညာရှင်ဟုခေါ်ကြသည်။
လျှို့ဝှက်ဓားဂိုဏ်းဘက်မှာမူ လင်းရူဖုန်းက ဂိုဏ်းဆီသို့ပြန်ရောက်သွားပြီဖြစ်၏။ သူ့ဆုံးဖြတ်ချက်ကို အကြီးအကဲတချို့က နားမလည်နိုင်ခဲ့သည့်အတွက် မထောက်ခံခဲ့ကြချေ။
သို့သော် လင်းရူဖုန်း၏ရာထူးနှင့်ခွန်အားကြောင့် သူ့ကိုတစ်ခုခုကန့်ကွက်ပြောဆိုဖို့ရာမလွယ်လှပေ။ ကိစ္စကား ပြီးသွားလေပြီ။
လင်းရူဖုန်း၏အမြော်အမြင်ရှိမှုကို အကြီးအကဲများစတင်လေးစားလာကြသည်။ ထိုကဲ့သို့သောပညာရှင်မျိုးကို သူက လျှို့ဝှက်ဓားဂိုဏ်းဘက်ကို အပါဆွဲခေါ်နိုင်ခဲ့သည်။
လျှို့ဝှက်ဓားဂိုဏ်း၏အဆင့်အတန်းမှာ နောက်တစ်ဆင့်ကိုတက်လှမ်းတော့မည်ဟုပင် ဆိုနိုင်လေသည်။ မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင်က အာကာစနတ်ဘုရားကနဦးအဆင့်ပင်မဟုတ်ပါလား။
နှစ်အနည်းငယ်ကြာပြီးနောက် လျှို့ဝှက်ဓားဂိုဏ်းက အထွတ်အထိပ်သို့တက်လှမ်းနိုင်သွားခဲ့သည်။ ထိုအချိန်မှာ လင်းရူးဖုန်းကလည်း ဂိုဏ်းခေါင်းဆောင်နေရာမှဖယ်ပေးလိုက်ပြီး အန္တိအကြီးအကဲရာထူးရသွားလေတော့သည်။
သူက လောကီရေးရာများကိုဂရုမထားတော့ပေ။
သို့သော် သူ့ဘဝမှာ အအောင်မြင်ဆုံးသောဆုံးဖြတ်ချက်တစ်ခုကိုပြောပါဆိုလျှင် ကမ္ဘာကြီးကိုတုန်လှုပ်သွားစေခဲ့သောတပည့်တစ်ယောက်ကို ဂိုဏ်းနှင့်ဆက်ဆံရေးကောင်းရှိအောင်တည်ဆောက်ထားခဲ့၍မဟုတ်ပါဘဲ လျှို့ဝှက်ဓားဂိုဏ်း၏ကံကြမ္မာကိုပြောင်းလဲစေခဲ့သည့် ဤဆုံးဖြတ်ချက်ကြောင့်သာဖြစ်ကြောင်း ပြန်ဖြေပေလိမ့်မည်။
တစ်ဖက်တွင်မူ လျှို့ဝှက်တာအိုပင်မကျောင်းတော်ကလည်း တောင်ပိုင်းနယ်မြေ၏လျှို့ဝှက်တာအိုကျောင်းတော်ဆီသို့ ဂုရုများနှင့်အကြီးအကဲများစေလွှတ်ပေးပို့လေသည်။
သို့မှသာ တောင်ပိုင်းနယ်မြေ၏ကျင့်ကြံရေးအရင်းအမြစ်များကို မြှင့်တင်ပေးနိုင်မည်ဖြစ်၏။ ထိုကိစ္စကား မြောက်ပိုင်းနယ်မြေရှိလျှို့ဝှက်တာအိုကျောင်းတော်၏အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာလာစေသည်။ ဤသည်မှာ လုချန်ရှန်းကြောင့်ပင်တည်း။
ထို့ကြောင့်လည်း တောင်ပိုင်းနယ်မြေရှိလျှို့ဝှက်တာအိုကျောင်းတော်မှ ကျောင်းအပ်လက်ခံသည့်အချိန်တွင် ကျောင်းတော်၏ဝင်ပေါက်၌ လူများအုံခဲနေခြင်းဖြစ်၏။
တောင်ပိုင်းနယ်မြေရှိလျှို့ဝှက်ကျင့်ကြံသူများ၊ အင်အားကြီးဂိုဏ်းဂဏများနှင့် တော်ဝင်မိသားစုများသာမက နယ်မြေလေးခုလုံးမှလူများနှင့် အလယ်ပိုင်းဒေသကလူများပင် ပါဝင်လေသည်။
အများစု၏ရည်ရွယ်ချက်ကလည်း စံအိမ်တော်ကိုဝင်ရောက်ပြီး လုချန်ရှန်း၏တပည့်အဖြစ်ခံယူလိုကြခြင်းပင်။ စံအိမ်တော်၏ဂုဏ်သတင်းမှာ တိုက်နယ်တစ်လုံးအနှံ့ ပျံ့နှံ့နေချေသည်။
သိပ်နာမည်မကြီးသေးသောမဟူရာကလွဲလျှင် သူ့တပည့်များမှာ အလွန်အစွမ်းထက်လှပေသည်။ လုချန်ရှန်း၏ခွန်အားကတော့ ပြောနေစရာပင်မလိုတော့ပေ။
ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုမှာ ပြိုင်ဘက်ကင်းလှသည်။ သူဟာ သူ့ထက်အဆင့်မြင့်မားသူများကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်ပြီး ရှုံးပွဲလည်းမရှိချေ။ ရေအလျဉ်ပြည့်လျှံရေးအဆင့်မျှဖြင့် အာကာသနတ်ဘုရားအဆင့်ပညာရှင်များကိုပင် တိုက်ခိုက်နိုင်၏။
ဟုန်ရင်၏ကျင့်ကြံမှုကတော့ ပို၍ပင်ကြောက်ဖို့ကောင်းလှသည်။ သူ(မ)က အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ကိုရင်ဆိုင်တိုက်ခိုက်နိုင်ပြီး တစ်ဖက်လူကိုဖိလည်းဖိနှိပ်နိုင်သည်။
နင်းချန်ရှင်း၏ကွန်ဖြူးရှပ်တာအိုစွမ်းရည်ဆိုလျှင် ပို၍ပင်အဖိုးအနဂ္ဃထိုက်တန်လှပေသည်။ သူဟာ ကမ္ဘာကြီးကို တာအိုပညာသင်ကြားပို့ချနေခြင်းဖြစ်၏။
တပည့်အရေအတွက်နည်းနည်းသာရှိသော်ငြား အားလုံးကလည်း ကြုံတောင့်ကြုံခဲပါရမီရှင်များဖြစ်ကြသည်။ ထိုအချက်ကြောင့် သတင်းများက နေရာအနှံ့ပျံ့နှံ့သွားကြခြင်းပင်။
စံအိမ်တော်ကိုသာဝင်ရောက်ပညာသင်ပါက အလွန့်အလွန်တော်သောပညာရှင်များဖြသ်လာလိမ့်မည်သာ။ အဆုံးမှာတော့ လူပေါင်းမြောက်များစွာက စံအိမ်တော်တွင်ပညာဆည်းပူးရန်အတွက် တောင်ပိုင်းနယ်မြေကိုရောက်လာကြသည်။
ထိုလူများထဲတွင် အလယ်ပိုင်းဒေသရှိမဟာမိသားစုများကလည်း မပါမဖြစ်ပင်။
လူအများအပြားက ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ကြသော်ငြား “စံအိမ်ေတော်ကိုပဲဝင်ချင်တယ်”ဟုပြောကြသူများက ဒုနှင့်ဒေးပင်။
အကြီးအကဲများလည်း ခါးသက်သက်ပြုံးရုံသာတတ်နိုင်လေသည်။
စံအိမ်တော်က တပည့်ခန့်အပ်ရေးတွင် လက်ဦးမှုရယူတတ်ရိုးထုံးစံမရှိပေ။ ဤသည်မှာ လုချန်ရှန်း၏စည်းမျဉ်းပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အမြောက်အများကတော့ စံအိမ်တော်ကိုသာဝင်ရောက်လိုကြသည်။
အကြီးအကဲများကလည်း အဆုံးမှာ ဖိအားဒဏ်ကိုမခံနိုင်ကြတော့ဘဲ တန်ပြန်အစီအစဉ်ကိုဆွေးနွေးရန်အတွက် ခေါင်းဆောင်ချင်းထျန်းနျန်ကိုသွားရှာကြသည်။
တစ်ခဏမျှတွေးတောဆင်ခြင်ပြီးနောက် ချင်းထျန်းနျန်လည်း စံအိမ်တော်ဆီသို့ထွက်လာခဲ့လိုက်သည်။ သူ့အနေနှင့် လုချန်ရှန်းဖြင့်စကားပြောပြီး သူ့အတွေးဘယ်လိုရှိလဲဆိုသည်ကို တီးခေါက်ကြည့်ချင်မိသည်။
စံအိမ်တော်ထဲမှာတော့ တပည့်အားလုံးစုံလင်နေပေသည်။
ယဲ့ချိုးပိုင်ကလည်း သူ့နှလုံးသားထဲရှိအထုံးကို ဖြေဖျောက်ပြီးကတည်းက တစ်ရက်ပြီးတစ်ရက် ခွန်အားနှင့်အဆင့်များတိုးတက်လာပြီး တိုးတက်မှုနှုန်းကလည်းကြောက်စရာပင်။
သူ့အဆင့်ကား ချန်းယွမ်ကနဦးအဆင့်မှာ ငြိမ်နေလေပြီ။ နောက်တစ်ကြိမ်အဆင့်ထပ်တက်ဖို့ရာလည်း အချိန်သိပ်မလိုတော့ကြောင်း သူယုံကြည်ထားသည်။
လက်ရှိအချိန်မှာတော့ သူချက်ပြုတ်နေရသည်။
ဟုန်ရင်ကတော့ ပုံမှန်အတိုင်းကျင့်ကြံအားထုတ်နေသည်။ လူဝင်စားရေးစွမ်းအားများက ပိုမိုသိပ်သည်းလာသည်။
တစ်ဖက်တွင်မူ နင်းချန်ရှင်းက တစ်နေ့လုံးစာဖတ်နေပေသည်။ တစ်ခါတစ်ခါဆိုလျှင် ယဲ့ချိုးပိုင်အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင် ကူညီပေးတတ်သည်။
မဟူရာမှာ မြောက်ပိုင်းအစွန်အဖျားနယ်မြေမှ ပြန်လာပြီးကတည်းက အခြားလူတစ်ယောက်လိုဖြစ်သွားသည်။ ကျင့်ကြံအားထုတ်မှုလည်းမလုပ်ချေ။ မိုးမခပင်ကြီး၏အောက်ရှိ ချောက်ကမ်းပါးပေါ်တွင် တစ်နေကုန်ထိုင်ကာ အသက်မဲ့မျက်ဝန်းများဖြင့် ကောင်းကင်ကိုငေးနေချေသည်။
သူဘာတွေးနေသလဲဆိုသည်ကို မည်သူမှမသိကြချေ။ ယခုလိုဖြစ်နေသည်မှာ ရက်အနည်းငယ်ကြာလေပြီ။
မုဝမ်အာက မဟူရာ့ကိုကြည့်၍ ဟုန်ရင့်ကိုစိုးရိမ်တကြီးမေးလိုက်မိသည်။
“အစ်မဟုန်ရင်…အစ်ကိုမဟူရာတစ်ခုခုဖြစ်ခဲ့တာများလား”
ထိုစကားကိုကြားသော် ဟုန်ရင်က မဟူရာ့ကိုကြည့်၍ ခေါင်းခါယမ်းလိုက်သည်။
“သူ့ကိုသွားမနှောင့်ယှက်နဲ့။ သူစဉ်းစားစရာတစ်ခုခုရှိလို့ဖြစ်မှာ”
မုဝမ်အာက စိုးရိမ်ပူပန်နေသောမျက်ဝန်းအစုံဖြင့် ခေါင်းညိတ်ပြလာလေသည်။
လုချန်ရှန်းကတော့ ယခုအချိန်မှာ ကုလားထိုင်ပေါ်မှာလဲလျောင်းနေခြင်းမဟုတ်သလို အခန်းထဲမှာလည်းအိပ်မနေချေ။ အပင်များကိုရေလောင်းပေါင်းသင်နေခြင်းလည်းမဟုတ်။
လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ထိုကိစ္စများကို သူမလုပ်ဖြစ်ခဲ့ပေ။
ထိုအစား သူက လေထုထဲဝဲပျံ၍ မေးစေ့ကိုပွတ်သပ်ရင်း အတွေးနက်နေချေသည်။ ယဲ့ချိုးပိုင် ထမင်းစားဖို့လှမ်းခေါ်တုန်းကတောင် သူကြားပုံမပေါ်ပေ။ သူ့ပုံစံမှာ တရားထိုင်နေသည့်အလားပင်။
ထိုအဖြစ်ကြောင့် ယဲ့ချိုးပိုင်တို့တစ်ဖွဲ့လုံးအံ့သြသွားရသည်။
ဆရာ့မှာ ဒီလိုကိစ္စမျိုးလည်းရှိသေးတာပဲလား…
ထိုအချိန်တွင် လုချန်ရှန်းကတော့ ငရဲကိုးဘုံအစီအရင်ကို မည်သို့တိုးမြှင့်ရမလဲဆိုသည့်အကြောင်း တွေးတောနေပေသည်။
လက်ရှိအချိန်မှာ သူ့ခွန်အားက အနည်းကယ်အစွမ်းထက်ကြောင်းသူသိထားသော်ငြား တစ်ဖက်လူမှာ အထက်ဘုံကဖြစ်၏။ အထက်ဘုံကလူများ မည်မျှအစွမ်းထက်ကြောင်း သူမသိချေ။
အထက်ဘုံမှလူများ ဤကမ္ဘာသို့ဆင်းသက်လာချိန်ကျလျှင် အမှားအယွင်းမရှိအောင်ပြင်ဆင်ထားရမည်ဖြစ်၏။
သို့သော် မိုးမခပင်ကြီးကတော့ သူ့ကိုသတိပေးခဲ့ပါသေးသည်။ ‘တကယ်တမ်းတော့ အများကြီးစိုးရိမ်နေစရာမလိုပါဘူး။ မင်းက တော်တော်လေးအစွမ်းထက်သလို ငရဲကိုးဘုံအစီအရင်ရဲ့ခွန်အားကလည်း လုံလောက်နေပါပြီ’ဟုပင်။
နောက်ဆုံးအကြိမ်အဆင့်မြှင့်တင်ခဲ့ပြီးနောက်ပိုင်းတွင် မူလငရဲကိုးဘုံအစီအရင်ထက် လေးဆယ်ရာခိုင်နှုန်းပိုမိုသန်မာနေပြီဖြစ်၏။
၎င်းမှာ လတ္တီတွဒ်မြင့်သောနယ်မြေထဲရှိ ရှေးဟောင်းသတ်ဖြတ်ရေးအစီအရင်တစ်ခုဖြစ်၏။ နောက်ထပ်လေးဆယ်ရာခိုင်နှုန်းသာထပ်မြှင့်လိုက်ပါက တွေးရဲစရာပင်မရှိတော့ချေ။
သို့သော် လုချန်ရှန်းကတော့ မလုံမခြုံခံစားနေရဆဲပင်။ ထိုအစီအရင်ကို ထပ်မံမြှင့်တင်နေချင်ဆဲသာ။ သို့သော် သူ ဘယ်လိုပြောင်းလဲပစ်ရမလဲ။
ထိုအကြောင်းကို လုချန်ရှန်း ရက်အနည်းငယ်ကြာသည်အထိ တွေးတောနေခဲ့ခြင်းပင်။
ပထမအဆင့်မြှင့်တင်မှုတုန်းက ယင်စွမ်းအင်ထဲကို ယန်စွမ်းအင်ပေါင်းထည့်လိုက်ခြင်းပင်။ ဆန့်ကျင်ဘက်အင်အားနှစ်ခု ပေါင်းစပ်မိသောအခါ ပိုမိုအားကောင်းသောပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာသည်။
သို့ဖြစ်လေရာ ဤတစ်ခေါက် သူဘယ်လိုအဆင့်မြှင့်တင်ရလေမလဲ။
လုချန်ရှန်း ဖြေရှင်းနည်းနှစ်ခုစဉ်းစားမိသည်။ ပထမဖြေရှင်းနည်းမှာ ယင်နှင့်ယန်စွမ်းအင်ကို ထပ်ဖြည့်ရန်ဖြစ်ပြီး ဒုတိယဖြေရှင်းနည်းက ထိုအစီအရင်ထဲကို အစီအရင်သေးသေးလေးတစ်ခုထပ်ပေါင်းထည့်ရန်ဖြစ်၏။
ငရဲကိုးဘုံအစီအရင်ဖြင့်ပေါင်းစပ်လိုက်ပါလျှင် အရည်အသွေးပိုင်းဆိုင်ရာ၌ ပြောင်းလဲမှုတစ်ခုဖြစ်လာပေလိမ့်မည်။
ပထမဖြေရှင်းနည်းကို လုချန်ရှန်းတစ်ကြိမ်စမ်းကြည့်ခဲ့သည်။ သို့သော် ကျရှုံးခဲ့ရသည်သာ။
ထိုအချိန်တုန်းက စံအိမ်တော်တစ်ခုလုံးပြာကျလုမတတ်ပင်။
ကံကောင်းထောက်မ၍ မိုးမခပင်ကြီးက စံအိမ်တော်ကိုကာကွယ်ရန်အတွက် သူ့စွမ်းအားများကိုထုတ်လွှတ်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုသို့လုပ်လိုက်ခြင်းအားဖြင့် အဖျက်ဓာတ်အရှိန်အဝါက ပြည်မကြီးပေါ်သို့မကျရောက်တော့ပေ။
သို့မဟုတ်ပါက တောင်ပိုင်းနယ်မြေသာမက ဤဘုံလောကကြီးတစ်ခုလုံး ကြီးမားလှသောထိုးနှက်မှုကိုခံရလိမ့်မည်။
ထို့ကြောင့် လုချန်ရှန်းလည်း ပထမအစီအစဉ်ကို ယာယီဘေးဖယ်ထားလိုက်ရသည်။ သို့ဖြစ်ရာ ဒုတိယနည်းလမ်းကို စတင်စဉ်းစားကြည့်ရတော့သည်။
ငရဲကိုးဘုံအစီအရင်ထဲသို့ အစီအရင်သေးသေးလေးတစ်ခုကိုထည့်ပေါင်းလိုက်သည်။ အစီအရင်သေးသေးလေးတချို့ကိုပေါင်းထည့်ရမည်ဆိုသော်ငြား မည်သို့မည်ပုံပေါင်းထည့်ရမလဲဆိုသည်မှာ ပြဿနာဖြစ်နေပေသည်။
ထိုအချိန်တွင် ချင်းထျန်းနျန်ရောက်ချလာသည်။ သူက ကုလားထိုင်ဘက်ကိုလှမ်းကြည့်လိုက်သည်။ လူကား ထိုနေရာ၌မရှိ။ အိမ်ထဲမှာလည်းမရှိသလို စိုက်ခင်းထဲမှာလည်းမရှိချေ။
ထို့နောက် ယဲ့ချိုးပိုင်၏အချက်ပြမှုကြောင့် ကောင်းကင်ပေါ်သို့မျှော်ကြည့်လိုက်သည်။
မြင်လိုက်ရသောမြင်ကွင်းကြောင့် ချင်းထျန်းနျန်ခမျာ မအံ့သြဘဲမနေနိုင်ပေ။ ထို့ကြောင့် သူ့မျက်လုံးများကို ပွတ်ကြည့်လိုက်မိသေးသည်။
“ငါ.. ငါ ကန်းများကန်းသွားပြီလား”