ချိတ်ပိတ်အဆောင်နှင့်အစီအရင်များ တစ်ခုပြီးတစ်ခုပျောက်ကွယ်သွားသည်။
ထိုအချိန်၌ ကျန်းချန်ကိုချည်နှောင်ထားသောချိန်းကြိုးများလည်း ပျောက်ကွယ်သွားရသည်။ ကျန်းချန်လည်း မြေပြင်ပေါ်ကိုလဲကျသွားပြီး မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေပေသည်။
သူ(မ)လည်း သူ(မ)၏အသက်မဲ့နေသောမျက်လုံးကိုဖွင့်၍ ပတ်ပတ်လည်ကိုကြည့်လိုက်မိသည်။ ဘာတွေဖြစ်ပျက်နေမှန်း သူ(မ)မသိသေးချေ။
သူ(မ)၏ခန္ဓာကိုယ်ကအားနည်းနေသော်ငြား အတင်းအကျပ်ထည့်သွင်းခံထားရသော ဝိညာဉ်ရေးရာချီစွမ်းအင်များကြောင့် ကျန်းချန်တစ်ယောက် အာကာသနတ်ဘုရားအဆင့်သို့ရောက်လုရောက်ခင်ဖြစ်နေချေသည်။
သူ့ဝိညာဉ်အလဲခံရပြီးနောက်မှာ အာကာသနတ်ဘုရားအဆင့်ကိုရောက်ဖို့ လက်တစ်ကမ်းသာလိုတော့သည်။
သို့သော် ကျန်းချန်ကတော့ မအံ့သြမိချေ။ လေးလံနေသော သူ(မ)၏ခန္ဓာကိုယ်ကို တရွတ်ဆွဲသွားသည်။
ထိုအခိုက်အတန့်လေးမှာ သူ(မ)၏ခန္ဓာကိုယ်ကပင်ပန်းနွမ်းချိနေပြီး နှလုံးခုန်သံတို့ကလည်း လေးပင်နေပေသည်။
မည်းမှောင်နေသောအခန်းထဲမှ သူ(မ)ထွက်လာခဲ့လိုက်ရာ နေမဝင်အင်ပါယာ၏မြို့တော်ထဲရှိအိမ်တော်တစ်ခုသို့ရောက်နေကြောင်း သိလိုက်ရသည်။
သေချာပေါက်ပင် ထိုအိမ်တော်ကား ပြိုလဲနေချေပြီ။ မြေပြင်ပေါ်တွင်လည်း အက်ကွဲကြောင်းများရှိနေသည်။
သူ(မ)အဖို့ နေရောင်ခြည်မမြင်ရတာ ကြာလှပြီဖြစ်သောကြောင့် နေရောင်ခြည်က သူ(မ)ခန္ဓာကိုယ်ပေါ်ဖြာကျလာသောအခါ မျက်လုံးမှေးကျဉ်းလိုက်မိပြီး လက်ဖြင့်ကာထားလိုက်ရသည်။ နေရောင်ခြည်ကိုအသားကျလာပြီဆိုမှ ပတ်ပတ်လည်ကိုကြည့်လိုက်ရသည်။
သူ့ပတ်ပတ်လည်ရှိအရာအားလုံး ပြိုကျပျက်စီးနေလေပြီ။ အက်ကွဲကြောင်းများကလည်း ကလေးတစ်ယောက်၏လက်မောင်းအရွယ်လောက်ရှိပြီး နေရာအနှံ့မှာဖြစ်ပေါ်နေခြင်းပင်။ မြေပြင်မှာ မညီမညာဖြစ်နေ၏။
“ဒီမှာဘာတွေဖြစ်သွားတာလဲ”
အပျက်အစီးပုံများအကြား ဦးတည်ရာမဲ့စွာလျှောက်သွားရင်း ကျန်းချန်၏မျက်ဝန်းအစုံမှာ ဝေဝါးနေရလေသည်။
ပတ်ပတ်လည်တွင်လည်း ငိုကြွေးနေကြသူများ ရှိသည်။ သံချပ်ကာဝတ်ထားသောလူတစ်ယောက်ဆိုလျှင် ဝမ်းနည်းပူဆွေးနေသောအမူအရာဖြင့် မြေပြင်ပေါ်ဒူးထောက်နေပေသည်။
“ဘုရင်ကြီး နတ်ရွာစံသွားပြီ။ အိမ်ရှေ့စံမင်းသားလည်း ကွယ်လွန်သွားပြီ”
“နေမဝင်အင်ပါယာလည်း ဆုံးခန်းတိုင်ပြီ”
နေမဝင်အင်ပါယာ ဆုံးခန်းတိုင်ပြီတဲ့လား။
ထိုအချိန်မှာပင် ကျန်းချန်၏မျက်ဝန်းအစုံဝင်းလက်သွားရချေသည်။
ပြင်းထန်လှသောဝိညာဉ်ရေးရာချီစွမ်းအင်များ အုံကြွသောင်းကျန်းနေရာနေရာဖြစ်သောနန်းတော်ဘက်ကို သူ(မ)လှမ်းကြည့်လိုက်သည်။ သို့သော် နန်းတော်ကြီးကား ပြိုကျပျက်စီးသွားလေပြီ။
နဂါးစွမ်းအင်များလည်း ပျောက်ကွယ်သွားပြီဖြစ်၏။
ကျိုးပဲ့နေသောအိမ်တော်တစ်လုံးကို ကျန်းချန်မြင်လိုက်ရသည်။ အိမ်တော်တံခါးဝရှေ့တွင် ကျင်ခပ်ဝတ်ရုံဝတ်ဆင်ထားသောအဘိုးကြီးတစ်ယောက်က မတ်တတ်ရပ်၍ နန်းတော်ဘက်သို့လှမ်းကြည့်နေပေသည်။
ကျန်းချန်လည်း ဖြည်းဖြည်းချင်းလျှောက်သွားပြီးမေးလိုက်သည်။
“ဘာဖြစ်တာလဲဟင်”
ပန်းထိုးထည်ကိုဝတ်ဆင်ထားသောအဘိုးကြီးလည်း သတိပြန်ဝင်လာပြီး ကျန်းချန်ကိုကြည့်လိုက်သည်။
“အိမ်ရှေ့စံမင်းသားရဲ့ကြင်ယာတော်ပါလား”
ကျန်းချန်မှာ ဟွမ်းထျန်းမင်၏ကြင်ယာတော်ဖြစ်၏။ နေမဝင်အင်ပါယာ၏အကြီးအကဲပိုင်းကလူတိုင်း ထိုအကြောင်းကို ရှင်းရှင်းလင်းလင်းသိထားကြသည်။
ပန်းထိုးထည်ဝတ်ဆင်ထားသော အဘိုးကြီးခမျာ ခါးသက်သက်ရယ်ရင်း ပြောလိုက်သည်။
“ကြင်ယာတော်… အရှင်မင်းသမီး ဘုရင်ကြီးနဲ့အိမ်ရှေ့စံမင်းသားတို့ နတ်ရွာစံသွားပါပြီ”
“ဘယ်သူလုပ်တာလဲ”
အဘိုးကြီးကလည်း ပြန်ဖြေလိုက်သည်။
“ယဲ့ချိုးပိုင်ရယ် သူ့ဆရာနဲ့သူ့ဆရာညီတွေညီမတွေ သတ်လိုက်တာပါ”
ယဲ့ချိုးပိုင်တဲ့လား….
ကျန်းချန်၏မျက်ဝန်းများမှာ လက်ခနဲ။
သူ တကယ်လုပ်နိုင်ခဲ့တာပဲ။
မြောက်ပိုင်းနယ်မြေရှိလျှို့ဝှက်တာအိုကျောင်းတော်ထဲတွင် ဟွမ်းထျန်းမင်နှင့်ထိပ်တိုက်တွေ့ခဲ့စဉ်က ယဲ့ချိုးပိုင်ပြောခဲ့ဖူးသောစကားတစ်ခွန်းရှိသည်။ အနာဂတ်တွင် သူဟာ ဓားကိုကိုင်စွဲ၍ နေမဝင်အင်ပါယာကိုပြားပြားဝပ်သွားအောင်ချေမှုန်းပစ်မည်ဟုဆိုခဲ့ဖူးသည်။
ထိုစဉ်က မည်သူမှ ယဲ့ချိုးပိုင်ကိုမယုံခဲ့ကြပေ။ သို့သော် ယခုတော့ သူလုပ်နိုင်ခဲ့ပြီ။
ထိုအကြောင်းကိုတွေးမိသောအခါ ကျန်းချန်ရယ်မောလိုက်မိသည်။သူ(မ) ပြုံးနေရင်းဖြင့် ရှေ့ကိုဆက်လျှောက်လာလိုက်သည်။
ပန်းထိုးထည်ဝတ်ဆင်ထားသောအဘိုးကြီးက ကျန်းချန်၏ပုံစံကိုမြင်လိုက်ရသောအခါ ဟွမ်းထျန်းမင်၏သေဆုံးမှုနှင့်ပတ်သက်ပြီး အလွန်ပူဆွေးနေသောကြောင့် စိတ်ထိခိုက်သွားရသည်ဟု ထင်နေချေသည်။
သူက များများစားစားမတွေးတော့ပေ။ သက်ပြင်းသာချလိုက်သည်။
“ဟူး.. ကြင်ယာတော်လည်း သိပ်သနားစရာကောင်းတာပဲ”
ထိုစကားတွင် လုံးဝအမှားမပါပေ။ ကျန်းချန်မှာ စင်စစ်သနားစရာကောင်းလှသည်။ သို့သော် ထိုအဘိုးကြီးထင်နေသလိုတော့ မဟုတ်ပေ။
တောင်ပိုင်းနယ်မြေတွင် ယဲ့ချိုးပိုင်၏စွမ်းရည်များ ဆိတ်သုဉ်းသွားတုန်းက သူ(မ)က သဘာဝစွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်နေသောကြောင့် ဟွမ်းထျန်းမင်က မျက်စိကျခဲ့သည်။
ထိုစဉ်က အရာအားလုံးဆုံးရှုံးခဲ့ရသော ယဲ့ချိုးပိုင်နှင့်ယဲ့မိသားစုတို့က ဟွမ်းထျန်းမင်ကိုမယှဉ်နိုင်ခဲ့ပေ။ နေမဝင်အင်ပါယာက မြောက်ပိုင်းနယ်မြေတွင် အာဏာအရှိဆုံးဂိုဏ်းဂဏတစ်ခုပင်။
နယ်မြေလေးခုတွင် မြောက်ပိုင်းနယ်မြေမှာ အင်အားအတောင့်တင့်ဆုံးနယ်မြေဟု သတ်မှတ်ခံထားရသည်။ (အလယ်ပိုင်းနယ်မြေက ထိုနယ်မြေလေးခုတွင် မပါဝင်ကြောင်းဖော်ပြခဲ့ပြီးဖြစ်၏။)
မြောက်ပိုင်းနယ်မြေတွင် နေမဝင်အင်ပါယာက အင်အားအတောင့်တင်းဆုံးအင်အားစုတစ်ခုဖြစ်၏။ ယဲ့မိသားစု၏ထောက်ပံ့မှုကိုဆုံးရှုံးလိုက်ရသော ယဲ့ချိုးပိုင်က ထိုကဲ့သို့သောနောက်ခံရှိသူတစ်ယောက်ကို အာခံနိုင်မည်တဲ့လဲ။
သူ(မ)အနေနှင့် ဟွမ်းထျန်းမင်၏ခြိမ်းခြောက်မှုကို မတတ်သာဘဲလိုက်နာခဲ့ရသည်။
ဟွမ်းထျန်းမင်ကလည်း ကျန်းချန်ကိုလုံးဝလက်လျှော့သွားစေချင်ခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်ကို ကျန်းချန်အယောင်ဆောင်၍ ယဲ့ချိုးပိုင်အားသတ်ခိုင်းခဲ့သည်။ ထိုအကြံကို ကျန်းချန်လည်းသိထားခဲ့သည်သာ။
သို့သော် သူ(မ)အနေနှင့် သူ့ကိုမတားနိုင်ခဲ့ချေ။ လုပ်ကြံရေးသမားများထဲကတစ်ယောက်ကိုလာဘ်ထိုးဖို့အတွက် သူ(မ) ကြီးမားသောပေးဆပ်မှုတစ်ခုပြုလုပ်ခဲ့ရသည်။ အရေးပေါ်အခြေအနေမှာ ယဲ့ချိုးပိုင်သာလွတ်မြောက်နိုင်ဖို့အရေးကြီးသည်။
ထိုနောက်ပိုင်းတွင် ဘာဆက်ဖြစ်သလဲဆိုသည်ကို လူတိုင်းသိသည်။ ထိုလုပ်ကြံရေးသမားများကို လုချန်ရှန်းကသတ်ပစ်လိုက်သည်။ သူ(မ)လာဘ်ထိုးခဲ့သောလုပ်ကြံရေးသမားလည်း အသတ်ခံခဲ့ရသည်။
ဝိညာဉ်ရှာဖွေရေးလုပ်ခဲ့စဉ်တုန်းကလည်း ကျန်းချန်လာဘ်ထိုးခဲ့သောလူကို လုပ်ခဲ့ခြင်းမဟုတ်ပေ။ အဆုံးမှာတော့ ယဲ့ချိုးပိုင်က ဤကိစ္စမှာ ကျန်းချန်၏လက်ချက်ဟုသာ တစ်ချိန်လုံးထင်နေခဲ့သည်။
ထိုဖြစ်ရပ်ပြီးသွားသည့်နောက် ကျန်းချန်လုပ်ခဲ့သောလုပ်ရပ်များကို ဟွမ်းထျန်းမင်သိသွားခဲ့သည်။ ထို့ကြောင့် သစ်တော်သီးဥယျာဉ်ထဲတွင် သူ(မ)ကိုအကျဉ်းချထားပြီး အပြင်ထွက်ခွင့်လည်းမပေးခဲ့ချေ။
ယဲ့ချိုးပိုင်သာ အမှန်တရားကိုသိသွားလျှင် ၎င်းမှာပြဿနာမဟုတ်တော့ပေ။
ညစ်ပတ်ပေရေနေသောလမ်းမထက်တွင် ဦးတည်ရာမဲ့စွာလျှောက်သွားရင်း ကျန်းချန်သည် စိတ်အေးလက်အေးပြုံးနေမိသည်။
သူ(မ) မြို့တော်ထဲကထွက်လာပြီး တောင်တန်းများပေါ်သို့ရောက်လာခဲ့သည်။ ဘေးပတ်ပတ်လည်ရှိမြင်ကွင်းကို သူ(မ) လှည့်ပတ်ကြည့်လိုက်မိသည်။
ယခုအချိန်မှာ ကျန်းချန်ဟာ လှောင်အိမ်ထဲမှလွတ်လာပြီး သဘာဝတရားကြီးဆီကိုပြန်ရောက်လာသောစာဝါငှက်လေးအလားပင်။
သူ(မ) ပျော်ရွှင်မြူးတူးနေချေသည်။
ဤသို့ဖြင့် ရက်အနည်းငယ်ကုန်လွန်သွားသည်။ ကျန်းချန် ပြုံးနေခြင်းကိုရပ်လိုက်မိသည်။ ယခု ဘာဆက်လုပ်ရမလဲဆိုသည်ကို မသိတော့ချေ။
သူ(မ) ရှေ့ဆက်လျှောက်လာသည့်အချိန်မှာ သူ(မ)၏အရှေ့၌ သီလရှင်ကျောင်းတစ်ကျောင်းကိုတွေ့လိုက်ရသည်။ ထိုသီလကျောင်းကိုမြင်မှ သူ(မ) ပြန်ပြုံးလိုက်မိသည်။
ထိုအပြုံးကား မတိုင်မီကနှင့်မတူပေ။
သီလရှင်ကျောင်းနားကို သူ(မ)တိုးသွားလိုက်ပြီး တံခါးမကြီးပေါ်ရှိ သံကွင်းလေးတစ်ကွင်းကိုကိုင်၍ တံခါးခေါက်လိုက်သည်။
မကြာမီမှာပင် အတွင်းဘက်က တံခါးဖွင့်ပေးလာသည်။ တံခါးဖွင့်ပေးသူမှာ သီလရှင်အိုတစ်ပါးဖြစ်၏။
ကျန်းချန်ကိုကြည့်ရင်း သူ(မ) လက်အုပ်ချီ၍မေးလိုက်သည်။
“ဘာလို့ရောက်နေသလဲဆိုတာသိခွင့်ရှိမလား”
ကျန်းချန် ပြုံးလိုက်မိသည်။
“ဆံချပြီးသီလရှင်ဝတ်ဖို့ပါ”
သီလရှင်အိုကြီးမှာ မှင်တက်အံ့သြသွားရှာလေသည်။ သူ့အရှေ့ရှိမိန်းမပျိုလေးမှာ လှပတင့်တယ်ပြီး ထူးကဲသောစိတ်နေစိတ်ထားမျိုးရှိသည်။ သာမန်မိသားစုကဆင်းသက်လာသူတစ်ယောက်မဟုတ်တာ သိသာလှသည်။
ထိုကဲ့သို့သောမိန်းကလေးတစ်ယောက်က ဘာကြောင့်သီလရှင်ဝတ်ချင်ရလေသလဲ။
“မိန်းကလေး ပြဿနာတွေကိုဖြေရှင်းဖို့နည်းလမ်းတစ်ခုအမြဲရှိတတ်ပါတယ်။ အလျင်စလိုမလုပ်ပါနဲ့”
သို့သော် ကျန်းချန်က အပြုံးလေးဖြင့် ခေါင်းတခါခါလုပ်နေလေသည်။
“ပြဿနာကဖြေရှင်းပြီးပါပြီ။ အခု ကျွန်မမှာသွားစရာနေရာမရှိတော့ပါဘူး”
သူ(မ)မျက်နှာပေါ်ကအပြုံးနှင့် မျက်ဝန်းထဲရှိအေးစက်မှုကိုမြင်သောအခါ သီလရှင်အိုကြီးလည်း ဘာမှမပြောတော့ပေ။
“သေချာစဉ်းစားကြည့်ပြီးပြီလား”
ကျန်းချန် ခေါင်းညိတ်လိုက်သည်။
သီလရှင်အိုကြီးလည်း သူ(မ)ကိုဖျောင်းဖျမနေတော့ဘဲ ဘုရားကျောင်းထဲသို့ခေါ်သွားလိုက်သည်။
သူ(မ)က ခေါင်းရိတ်ဓားကိုကိုင်၍ တည်ငြိမ်စွာစကားဆိုလိုက်သည်။
“ဆံချပြီးသီလရှင်ဝတ်ဖို့ဆုံးဖြတ်ပြီးပြီဆိုတော့ အခုကစပြီး လောကီကိစ္စတွေနဲ့အငြိုးအာဃာတတွေက မင်းနဲ့ဘာမှမသက်ဆိုင်သလို ကြားဝင်ပတ်သက်လို့လည်းမရတော့ဘူး နားလည်ရဲ့လား”
ကျန်းချန်ခေါင်းညိတ်လိုက်ပါမှ သီလရှင်အိုကြီးကလည်း သဘောတူလေသည်။ သူ(မ)က ကျန်းချန်၏ဆံပင်ကို ခေါင်းရိတ်ဓားဖြင့်ရိတ်ချလိုက်သည်။
ဆံချခြင်းပြီးစီးသောအခါ ကျန်းချန်က အခင်းပေါ်ဒူးထောက်ချလိုက်ပြီး သူ(မ)ရှေ့ရှိဗုဒ္ဓဆင်းတုတော်ကို ဖူးမြော်လိုက်သည်။
ရုတ်ခြည်းပင် သူ(မ)၏ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာစွမ်းအင်များ ပျောက်ကွယ်သွားလေတော့သည်။ ကျန်းချန်ကား သူ(မ)၏ကျင့်ကြံစဉ်များကို လုံးဝစွန့်လွှတ်လိုက်လေပြီ။
ထိုအခြင်းအရာကိုမြင်သောအခါ သီလရှင်အိုကြီးခမျာ ညင်သာစွာသက်ပြင်းချလိုက်မိသော်လည်း သူ(မ)ကိုတော့မတားခဲ့ပေ။
ထိုအရာအားလုံးလုပ်ကိုင်ပြီးစီးသောအခါ ကျန်းချန်လည်း သေမျိုးတစ်ယောက်ဖြစ်သွားလေတော့သည်။ သူ(မ)ထံတွင် ဝိညာဉ်ရေးရာစွမ်းအင်အတက်အကျလည်း မရှိတော့ပေ။
သူ(မ)က ဗုဒ္ဓဆင်းတုတော်ကိုဖူးမြောက်ရင်း ပြုံးပြုံးလေးစကားဆိုလိုက်သည်။
“အခုကစပြီး ကျွန်မက ရှင်တို့ရဲ့ကမ္ဘာမှာရှိတော့မှာမဟုတ်ပါဘူး”
“ဒါပေမဲ့ ကျွန်မ ဒီမှာဆက်ရှိနေပြီး ရှင့်အတွက်ဆုတောင်းပေးနေမှာပါ”
“ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်မှာ ဘေးကင်းပါစေ”
“ပျော်ရွှင်ပါစေ”
အစိမ်းရောင်ရောင်ခြည်တော်ရှိသောရှေးဟောင်းဗုဒ္ဓတစ်ပါးက သူ(မ)ဘဝတစ်လျှောက် အဖော်ပြုပေးနေတော့မည်သာဖြစ်၏။
နှစ်ပေါင်းအနည်းငယ်ကြာသောအခါ ကျန်းမျိုးနွယ်စု၏ခေါင်းဆောင် ကျန်းချန်၏အဖေက ထိုသတင်းကိုကြားသိလိုက်ရသည်။ သို့သော် သူ့သမီးကို အနှောင့်အယှက်သွားမပေးချေ။
သူ့အနေနှင့် သူ(မ)ကိုသွားရှာလျှင်လည်း သူ(မ)၏ကျင့်ကြံမှုကိုနှောင့်ယှက်သလိုဖြစ်သွားသည့်အပြင် သူ(မ)ကလည်း သူနှင့်ပြန်လိုက်လိမ့်မည်မဟုတ်ကြောင်း သိထားပြီးသားပင်။
ဤသည်မှာ နောက်ပိုင်းကိစ္စများသာဖြစ်ပေတော့သည်။