Switch Mode

အခန်း (၁၉၆)

ပိုးတုံးလုံးဘဝမှ လိပ်ပြာတစ်ကောင်အဖြစ်သို့ပြောင်းလဲခြင်း

ဟွမ်းထျန်းမင်အပေါ်ဖိစီးထားသောအရှိန်အဝါကို ပယ်ဖျက်ပေးလိုက်သော်ငြား လုချန်ရှန်းက သူထွက်မပြေးနိုင်အောင် နန်းတော်ပတ်ပတ်လည်တွင် အစီအရင်တစ်ခုဖန်ဆင်းလိုက်သည်။

သို့ဖြစ်လေရာ ဟွမ်းထျန်းမင်ထွက်ပြေးမလွတ်မြောက်နိုင်ပေ။

သူ့အကြီးဆုံးတပည့်အတွက် တိုက်ရိုက်လက်စားချေမပေးနိုင်သော်လည်း တိတ်တဆိတ်တော့ကူညီပေးနိုင်သည်။ မည်သို့ပင်ဖြစ်စေ လုချန်ရှန်းကိုယ်တိုင်လည်း ဟွမ်းထျန်းမင်ထပ်လွတ်မြောက်သွားမည်ကို မလိုလားပေ။

ထိုသို့သာဆက်ဖြစ်နေပါက အဆုံးသတ်နိုင်တော့မည်မဟုတ်ပေ။

ကိစ္စများရှုပ်ထွေးသွားမည်ကို သူမလိုလားချေ။ လွတ်မြောက်သွားသောဟွမ်းထျန်းမင်ကတော့ ဝမ်းသာလုံးဆို့နေချေသည်။ သူ့ဆီအလျင်အမြန်ချဉ်းကပ်လာသောယဲ့ချိုးပိုင်ကိုကြည့်ရင်း သူ့မျက်ဝန်းထဲ၌ သတ်ဖြတ်လိုသောအရိပ်အယောင်များ ပြည့်နှက်သွားသည်။

လုချန်ရှန်းကို သူရင်မဆိုင်နိုင်သော်ငြား ယင်ဓာတ်အလောင်းကောင်အဘိုးကြီးဖြစ်သောသူက လူငယ်လေးတစ်ယောက်ကို ကြောက်ရမည်တဲ့လား။

သူဟာ ရှေးပဝေသဏီခေတ်တုန်းက ဂိုဏ်းဂဏပေါင်းများစွာနှင့် တော်ဝင်မိသားစုတို့ကြောက်ရွံ့ခဲ့ရသောဖြစ်တည်မှုမျိုးပင်။ သူသည် မိစ္ဆာကျင့်ကြံသူများထဲကတစ်ယောက်ဖြစ်၏။

ထိုသို့တွေးရင်း ဟွမ်းထျန်းမင်အော်ဟစ်လိုက်သည်။

အလောင်းကောင်ချီစွမ်းအင်လှိုင်းလုံးကြီးက ဟွမ်းထျန်းမင်၏ခန္ဓာကိုယ်ထဲက ပေါက်ကွဲထွက်လာပြီး လေထုအလယ်၌ သိပ်သည်းသွားပေသည်။

အရိုးစုသံချပ်ကာယင်ဓာတ်အလောင်းကောင်ကြီးက အရိုးစုသံချပ်ကာကိုကိုင်စွဲထားပြီး နောက်လက်တစ်ဖက်ဖြင့်ကိုင်ထားသောအရိုးစုဓားဖြင့် ယဲ့ချိုးပိုင်ကိုထိုးစိုက်ပစ်လိုက်သည်။

အရိုးစုဓားသွားကြောင့် လေထုထဲတွင် ဓားရာကြီးတစ်ချက်ပေါ်လာ၏။ ၎င်းမှာ အလောင်းကောင်စွမ်းအင်မီးတောက်ကြီးကို သယ်ဆောင်လာပြီး ယဲ့ချိုးပိုင်ကိုခုတ်ချလိုက်လေတော့သည်။

ယဲ့ချိုးပိုင်လည်း မှင်တက်သွားရသည်။

ဟွမ်းထျန်းမင်၏လက်ရှိခွန်အားမှာ ဟွမ်းယီထုံကိုပင်ကျော်လွန်နေလေပြီဖြစ်၏။ အာကာသနတ်ဘုရားအဆင့်ကိုမရောက်သေးသော်ငြား သိပ်တော့မလိုတော့ပေ။

ယဲ့ချိုးပိုင်အနေနှင့် သူ့ရန်သူကိုလျှော့တွက်ဖို့စိတ်ကူးမရှိချေ။ သူသည် သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားသွားကို တစ်ဖန်လွှဲယမ်းလိုက်ပြန်သည်။

သို့သော် ဤတစ်ကြိမ်တွင် မှော်နက်မိစ္ဆာချီစွမ်းအင်များ အရူးအမူးထွက်ပေါ်လာခြင်းမရှိ။ ထိုအစား အဆုံးမဲ့စွမ်းအားများကသာ လေထုထဲပြည့်နှက်သွားရသည်။

ဓားသွားပိုင်နက်နယ်မြေထဲတွင်ပြည့်သိပ်နေသော ဓားဆန္ဒများမှာ ဤအဆုံးမဲ့စွမ်းအားဖြင့် ပြီးပြည့်စုံစွာပေါင်းစပ်သွားသည်။ ထိုပေါင်းစပ်စွမ်းအားများက မှော်နက်မိစ္ဆာဓားပေါ်သို့ စုဝေးသွားချေသည်။

ဓားဝှေ့ယမ်းလိုက်သည့်နေရာတိုင်း ရေခဲပြာရောင်ပုံစံများက ရေခဲရောင်ခြည်စက်ဝန်းကိုထုတ်လွှတ်လာသည်။ ရေခဲဓားဝိညာဉ်ကလည်း သူ့ခွန်အားကိုထုတ်လွှတ်လိုက်ပေသည်။

စွမ်းအားသုံးခု ပေါင်းစပ်သွားသည်။

အာဒိကပ္ပဓားသိုင်းကျမ်း။

ငြိမ်းချမ်းသောတောင်တန်းနှင့်မြစ်ပြင်များ။

ဆန္ဒဘုံသုံးခု၏ပေါင်းစပ်မှုကြာင့် ငြိမ်းချမ်းသောတောင်တန်းနှင့်မြစ်ပြင်၏အစွမ်းမှာ ပိုမိုသန်မာလာလေသည်။

ဤရိုက်ချက်မှာ ယဲ့ချိုးပိုင်၏အမြုတေ၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့ကိုစုစည်းထားသည်ဟု ဆိုနိုင်လေသည်။ ဓားသိုင်းတာအိုသိမြင်နားလည်မှုလည်း ပါဝင်သေးသည်။

ဤဓားချက်က လက်ရှိအချိန်တွင် ယဲ့ချိုးပိုင်ထုတ်သုံးနိုင်သည့် အားအကောင်းဆုံးသောဓားချက်ပင်တည်း။

ကမ္ဘာမြေနှစ်ခြမ်းကွဲလုမတတ်ဖြစ်သွားပြီး လေထုလည်းကစဉ့်ကလျားဖြစ်သွားလေသည်။

ချန်းယွမ်အဆင့်မျှဖြင့် လေထုကိုပင်တုန်ခါသွားစေနိုင်သည်။ ဤကဲ့သို့သောခွန်အားနှင့်အရည်အချင်းမျိုးကိုမြင်လိုက်သည့်လူတိုင်း အဲ့အားသင့်ထိတ်လန့်သွားကြမည်သာ။

ဟွမ်းထျန်းမင်ပင်လျှင် ထိတ်လန့်သွားရသည်။

ယခုလိုပါရမီရှင်မျိုးအနေနှင့် တိမ်လွှာဖီးနစ်ဧကရီ၏ဆရာတူအစ်ကိုဖြစ်လာသည်မှာ မဆန်းလှပေ။

ထိုကဲ့သို့သောဓားသိုင်းတာအိုအရည်အချင်းမျိုးက ရှေးခေတ်တုန်းကပင် ပြိုင်စံရှားလှသည်။ သို့သော် ဟွမ်းထျန်းမင်၏မျက်လုံးထဲမှာတော့ မလုံလောက်သေးပေ။

ရှေးခေတ်၏မိစ္ဆာကျင့်ကြံသူတစ်ယောက်အနေနှင့် သူ့မှာလည်းအခြေခံအုတ်မြစ်များရှိသည်။

ဟွမ်းထျန်းမင်က သူ့လက်ကိုချက်ချင်းဆန့်ထုတ်လိုက်သည်။ သူ့လက်ချောင်းငါးချောင်းကိုဖြန့်၍ လေထဲမှာ ရုတ်ခြည်းလက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။ လေထုကိုဆုပ်ကိုင်ဖျစ်ညှစ်နေသည့်အလားပင်။

ထိုအချိန်တွင် လေထုထဲ၌ အက်ကွဲကြောင်းများပေါ်ပေါက်လာသည်။ အက်ကွဲကြောင်းများမှတစ်ဆင့် အလောင်းကောင်ချီစွမ်းအင်များ စိမ့်ထွက်လာလေသည်။

ထိုချီစွမ်းအင်များက အရိုးစုသံချပ်ကာယင်ဓာတ်အလောင်းကောင်ကြီး၏ခန္ဓာကိုယ်ပေါ်တွင် စုဝေးသွားသည်။ အလောင်းကောင်ချီစွမ်းအင်များပါ ပေါင်းစုံလိုက်သည့်အခါ အရိုးစုသံချပ်ကာယင်ဓာတ်အလောင်းကောင်ကြီးမှာ ပို၍ပင်ကြောက်မက်ဖွယ်ကောင်းသွားသေးသည်။

သူ့မျက်လုံးအိမ်များက ဦးစွာပြောင်းလဲသွားပြီး မျက်လုံးအိမ်ထဲတွင် သူငယ်အိမ်တစ်ခုပေါ်ပေါက်လာသည်။ ယင်ဓာတ်ဝိညာဉ်များက ထိုသူငယ်အိမ်ထဲ၌ လိပ်တက်နေချေသည်။

သရဲတစ္ဆေများက သူတို့၏နာကြည်းချက်များကိုဖွင့်အံပြီး အော်ဟစ်သောင်းကျန်းနေလေသည်။ အော်ဟစ်သံများက နန်းတော်တစ်ခုလုံးအနှံ့ ပြည့်သွားသည်။

ခွန်အားနည်းပြီးစိတ်အခြေအနေမတည်ငြိမ်သူများအဖို့ ထိုအော်သံများကြောင့် တစ်ခုခုသက်ရောက်မှုဖြစ်သွားပြီး တာအိုနှလုံးသားလည်း ပြိုလဲရပေလိမ့်မည်။ လမ်းမှားကိုရောက်သွားပြီး မိစ္ဆာကျင့်ကြံသူတစ်ယောက်၏လမ်းစဉ်ကိုလျှောက်လှမ်းသွားရလိမ့်မည်သာ။

သို့သော် ယဲ့ချိုးပိုင်မှာ ဓားသိုင်းကျင့်ကြံသူတစ်ဦးဖြစ်သည်။ ဓားသိုင်းကျင့်ကြံသူတစ်ဦး၏စိတ်အခြေအနေမှာ ယခုလိုပတ်ဝန်းကျင်မှာ့င် အတည်ငြိမ်ဆုံးဖြစ်၏။

ထို့ပြင် ယဲ့ချိုးပိုင်မှာ နက်နဲသိမ်မွေ့သောဓားသိုင်းနှလုံးသားရှိသည်။ ဤသည်မှာ ပို၍ပင်ချီးကျူးထိုက်သောအရာဖြစ်သည်။

လူတစ်ယောက်၏စိတ်အခြေအနေကို အန္တရာယ်ပေးတတ်သော ကျင့်စဉ်တိုင်းက ယဲ့ချိုးပိုင်ရှေ့မှာ သက်ရောက်မှုမရှိချေ။ ယဲ့ချိုးပိုင်၏အဆင့်ကိုနှိမ်နင်းမှသာ အလုပ်ဖြစ်မည်။

သို့သော် ဟွမ်းထျန်းမင်ကတော့ ထိုအရာမျိုးပိုင်ဆိုင်မထားပေ။

အဆုံးမဲ့ဓားဆန္ဒများက ရေခဲရောင်ခြည်စက်ဝန်းဖြင့်ပေါင်းစပ်၍ အရိုးစုသံချပ်ကာယင်ဓာတ်အလောင်းကောင်ကြီးကို တိုက်ခိုက်လေတော့သည်။

ထိုအလောင်းကောင်ကြီးကလည်း အရိုးစုဓားကိုမြှောက်၍ အော်ကာဟစ်ကာဖြင့် လိပ်တက်လာသောဓားဆန္ဒများကို လွှဲရိုက်လိုက်ပေသည်။

နှစ်ဖက်စလုံး ထိခတ်မိကြ၏။

ထိုအခိုက်အတန့်လေးမှာ နန်းတော်ကြီးနှစ်ခြမ်းကွဲသွားရရှာသည်။

နန်းတော်၏တစ်ဖက်ခြမ်းတွင် ယဲ့ချိုးပိုင်ရှိပြီး ကျန်တစ်ဖက်တွင် အလောင်းကောင်ချီစွမ်းအင်များထွက်ပေါ်လာပြီး ယင်ဓာတ်ဝိညာဉ်များက ဟိန်းဟောက်နေသည်။

ဤသည်မှာ ကောင်းကင်ဘုံဧကရာဇ်၏စွမ်းအားပင်တည်း။ အောင်နိုင်သူဟူ၍မရှိဘဲ သရေရလဒ်ထွက်ပေါ်လာသည်။

ဟွမ်းထျန်းမင်၏အမူအရာကား ပျက်ယွင်းသွားရချေသည်။

ဤရလဒ်ကိုသူမကျေနပ်ပေ။

ထို့နောက် သူက အရိုးစုသံချပ်ကာယင်ဓာတ်အလောင်းကောင်ကြီးကိုထိန်းချုပ်၍ လက်ထဲရှိအရိုးစုသံချပ်ကာကိုလွှတ်ချလိုက်သည်။ ထို့နောက် အရိုးစုကြီးများဖြင့် လက်သီးကျစ်ကျစ်ဆုပ်ကာ ယဲ့ချိုးပိုင်ဆီကို လက်သီးပစ်သွင်းလိုက်၏။

ယဲ့ချိုးပိုင်၏အမူအရာကတော့ ပြောင်းလဲမသွားပေ။

ဓားသွားပိုင်နက်နယ်မြေထဲတွင် ဓားဆန္ဒများစုဝေးသွားပြီး ဓားဆန္ဒမြစ်ပြင်ရှည်ကြီးဖြစ်ပေါ်လာသည်။ ၎င်းမှာ လက်သီးဆုပ်ကြီးဆီသို့ တည့်တည့်ချီတက်သွား၏။

နှစ်ဖက်စလုံးက အကြိမ်ကြိမ်အခါခါတိုက်ခိုက်ကြသည်။ ဤနည်းဖြင့် တစ်ဖက်လူ၏ခွန်အားကို ယုတ်လျော့လာစေရန်အတွက်ပင်။

သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ ယဲ့ချိုးပိုင်၏အားသာချက်က ပိုမိုသိသာလာသည်။

ဟွမ်းထျန်းမင်၏တိုက်ခိုက်မှုကတော့ အချိန်နှင့်အမျှအားနည်းယုတ်လျော့လာသည်။ အရိုးစုသံချပ်ကာယင်ဓာတ်အလောင်းကောင်ကြီးပေါ်ရှိ အလောင်းကောင်အရှိန်အဝါများလည်း ကွယ်ပျောက်သွားသည်။

ဤမြင်ကွင်းကို သတိပြုမိလိုက်သည့်အတွက် ဟွမ်းထျန်းမင် မှင်တက်သွားရလေသည်။

အဆုံးမဲ့စွမ်းအားများကို သူခံစားမိပြီး သဘောပေါက်သွားသည်။ ဆန္ဒဘုံများက ယဲ့ချိုးပိုင်၏တိုက်ခိုက်မှုကို အဆုံးမဲ့ခွန်အားများပေးစွမ်းနေခြင်းပင်။

ယခုလိုသာဆက်ဖြစ်နေပါက သူ ရှုံးရတော့မည်သာ။

ဟွမ်းထျန်းမင်၏မျက်ဝန်းထဲ၌ အကြောက်တရားများဖြင့်ပြည့်နှက်နေသည်။ လက်ရှိသူဟာ ပိုမိုကောင်းမွန်သောနည်းနာများမရှိတော့ချေ။

ဖုတ်ကောင်ကြီးကလည်း ပင်ပန်းချည့်နဲ့နေပြီဖြစ်၏။ သူ လွတ်လမ်းတွေ့လိုတွေ့ငြား ပတ်ပတ်လည်ကိုလှည့်ပတ်ကြည့်ရှုလိုက်သည်။

သို့သော် ပတ်ပတ်လည်ကို အစီအရင်ဖြင့်ချိတ်ပိတ်ထားကြောင်း သိလိုက်ရသည်။ ထိုအစီအရင်ရှိနေလေရာ ကိုယ့်ဝိညာဉ်ကိုယ်ဖျက်ဆီးဖို့ရာလည်း မစွမ်းသာပေ။

ဟွမ်းထျန်းမင်၏နှလုံးသား နိမ့်ဆင်းသွားရလေသည်။

ဤတစ်ခေါက်တော့ သူ အမှန်စင်စစ်ပျက်ကိန်းဆိုက်လေပြီ။

ယဲ့ချိုးပိုင်ကတော့ မည်သည့်အခွင့်အလမ်းကိုမှလက်လျှော့လိုစိတ်မရှိသေးသောဟွမ်းထျန်းမင်ကိုကြည့်လိုက်သည်။ ထိုအချိန်မှာ ဟွမ်းထျန်းမင်အာရုံပြောင်းသွားသည်။

သူလည်း ဤအခွင့်အရေးကိုအရယူလိုက်ရသည်။ ယဲ့ချိုးပိုင် ဓားကိုရုတ်ခြည်းလွှဲယမ်းလိုက်သည်။

အဆုံးမဲ့ဓားဆန္ဒများက ကြောက်မက်ဖွယ်ကောင်းသောသားရဲကောင်ကြီးတစ်ကောင်အလားပင်။ ထိုအရာမှာ ထိတ်လန့်ဖွယ်လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရိုးစုသံချပ်ကာယင်ဓာတ်အလောင်းကောင်ကြီးဆီကို ရွေ့သွားလေတော့သည်။

ဟွမ်းထျန်းမင် သတိပြန်ဝင်လာသောအခါ အချိန်နှောင်းသွားခဲ့လေပြီ။ ခုခံဖို့ရာ အချိန်မရလိုက်တော့ချေ။

လျှပ်တပြက်ဆန်သောဓားဆန္ဒများက အရိုးစုသံချပ်ကာယင်ဓာတ်အလောင်းကောင်ကြီးအား တိုက်ခိုက်လိုက်သည့်မြင်ကွင်းကို ကူကယ်ရာမဲ့စွာကြည့်နေရုံသာတတ်နိုင်လေသည်။

၎င်းမှာ အလောင်းကောင်စွမ်းအင်အဖြစ်အသွင်ပြောင်းသွားပြီး အရပ်မျက်နှာအဖက်ဖက်သို့ လွင့်စဉ်ပပျောက်သွားချေသည်။

အရိုးစုသံချပ်ကာယင်ဓာတ်အလောင်းကောင်ကြီး၏ နှောင့်ယှက်မှုမရှိတော့သည့်အတွက် ဓားဆန္ဒများကလည်း ဟွမ်းထျန်းမင်ကို အတားအဆီးမရှိတိုက်ခိုက်လေတော့သည်။

ဟွမ်းထျန်းမင် အံတင်းတင်းကြိတ်ထားလိုက်မိသည်။ အခြားနည်းမရှိတော့ပေ။

သူသည် ဝိညာဉ်အလံကို သိုလှောင်ရေးလက်စွပ်ထဲမှထုတ်ယူလိုက်သည်။ မရေမတွက်နိုင်သောအလောင်းကောင်ချီစွမ်းအင်များက ဝိညာဉ်အလံထဲတွင်ခိုအောင်းနေပေသည်။

ဟွမ်းထျန်းမင်က လက်ဟန်တစ်ခုပြုလုပ်၍ ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ အတူသေကြတာပေါ့”

ထိုသို့ပြောပြီးနောက် ဝိညာဉ်အလံထဲရှိအရှိန်အဝါက ထွက်ပြူစပြုလာလေသည်။

ထိုအချိန်လေးမှာ လုချန်ရှန်းက သူ့လက်ချောင်းများကိုဆန့်ထုတ်ပြီး ပြင်းထန်လှသောထိုစွမ်းအားကို နှိမ်နင်းလိုက်ချေသည်။

ဟွမ်းထျန်းမင် မှင်တက်သွားပြီး မျက်နှာလည်းဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။

သူ့မှာ သူ့ကိုယ်သူဖျက်ဆီးခွင့်ပင်မရှိချေ။

ဓားဆန္ဒများက မျက်စိတစ်မှိတ်အတွင်း သူ့ဆီရောက်ချလာသည်။ ထိုအရာက ဟွမ်းထျန်းမင်ကို နှစ်ပိုင်းခြမ်းပစ်လိုက်သည်။ သူ့ဝိညာဉ်ကား လုံးဝပျက်စီးသွားချေပြီ။

ယခုအချိန်မှစ၍ ရှေးခေတ်တုန်းက လူတိုင်းကြောက်ခဲ့ရသော ယင်ဓာတ်အလောင်းကောင်အဘိုးကြီး ကမ္ဘာမြေပေါ်ကပျောက်ကွယ်သွားရှာပြီဖြစ်၏။

ဟွမ်းထျန်းမင်လည်း သေသွားရပြီသာ။

ထိုအချိန်မှာပင် ယဲ့ချိုးပိုင်လည်း သူ့နှလုံးသားထဲရှိအထုံးကို လုံးဝဖြေလိုက်နိုင်ပြီဖြစ်၏။ သူ့ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်များ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် တင်ပျဉ်ခွေထိုင်လိုက်သည်။

ခဏအကြာ၌ ချန်းယွမ်ကနဦးအဆင့်ကိုတက်လှမ်းသွားသည်။ တစ်ချိန်တည်းမှာပင် ဓားဆန္ဒများကလည်း ကောင်းကင်ထက်သို့ဆန်တက်သွား၏။

ဤသည်မှာ ဓားသိုင်းမျိုးနွယ်စု၏သင်္ကေတပင်တည်း။

ယဲ့ချိုးပိုင်ကား နှလုံးသားထဲရှိအထုံးကိုဖြေနိုင်ခဲ့ပြီး ပိုးတုံးလုံးဘဝမှ လိပ်ပြာအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

တစ်ဖက်တွင်လည်း မြေအောက်အကျဉ်းတိုက်ထဲ၌ ကျန်းချန်၏ချိတ်ပိတ်အစီအရင်က ဟွမ်းထျန်းမင်သေဆုံးသွားသည်နှင့် ပျောက်ကွယ်သွားခဲ့လေပြီ။

Comment

Leave a Reply

Options

not work with dark mode
Reset