ကျိုက်ရှင်း အိမ်တော်တွင်ပင် တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးလာခဲ့သည်။ ကျိုက်ရှင်းအိမ်တော်၏ အမြင့်ဆုံးနေရာတွင် ရှိနေသော အဖြူရောင်လူငယ်အား မူချန်းနှင့် ချန်းယွန်တို့ ကြည့်နေကြကာ မူချန်းက ပြောသည်… “ဒီရက်ပိုင်း သူက လေ့ကျင့်တာကလွဲရင် တခြားဘာမှ မလုပ်ဘူး… သူ့ခေါင်းထဲ ဘာတွေ ရှိနေလဲ မသိဘူး…”
ချန်းယွန်က ခေါင်းယမ်းသည်။ ရီဖူရှင်းက ကျိုက်ရှင်းအိမ်တော်၌ စတင် လေ့ကျင့်ကတည်းက မအိပ်မစားခဲ့ပေ။ ရီဖူရှင်း ဘာတွေးနေသည်ကို ချန်းယွန်ပင် နားမလည်။ ရီဖူရှင်းက မြေရိုင်းပြည်နယ်မှ ထွက်သွားမည့်ပုံစံလည်း မရှိပေ။
တခြားတစ်နေရာမှ ဟွာဂျီယူကလည်း ရီဖူရှင်းကို ကြည့်နေသည်။ သူမက ရီဖူရှင်း တွေးနေသည်ကို နားမလည်သော်လည်း သူ၏ခံစားချက် အချို့အား အာရုံခံမိပေသည်။ သူမက ရီဖူရှင်း၏ စိတ်နေသဘောထား သဘာဝအား ကောင်းကောင်း သိနားလည်ရာ အစ်ကို၃က သူ့အတွက် မည်မျှ အရေးပါသည်ကိုလည်း နားလည်သည်။ အရှေ့မြေရိုင်းဒေသတွင် သူ့ရှေ့၌ မားမားမတ်မတ် ရပ်ကာ ဂရုစိုက်ပေးခဲ့ကြသော သူ၏အစ်မ၂နှင့် အစ်ကို၃တို့က ရီဖူရှင်းအတွက် မိသားစုတစ်ခုကဲ့သို့ အရေးပါပေသည်။ ယခု အစ်ကို၃က တော်ဝင်ကျဲနန်းတော်ကို သွားပြီဖြစ်ကာ ထိုခရီးကလည်း လုံးဝ ပြန်မလာမည့်လမ်း ဖြစ်သည်။
တောင်ထိပ်တွင် ရီဖူရှင်းက မျက်လုံးကို မှိတ်ထားသည်။ ထူးဆန်းသော စွမ်းအားများ ပတ်ဝန်းကျင်ကို လှည့်ပတ်နေကြကာ လေဟာနယ် တစ်ခုလုံးအား လေးလံစေသည်။ သူက ရုတ်တရက် မျက်လုံးအား ဖွင့်လိုက်၏။ သူ့ရှေ့မှ သေးငယ်သော ကျောက်တုံးကလေးများက လေထက်ကို ပျံတက်လာသည်။ သို့သော်လည်း ကျောက်တုံးကလေး တစ်ခုစီက လောကဓာတ်များ ကိန်းဝပ်နေကာ အလွန်အမင်း လေးလံနေကြပြီး အလင်းရောင်များ ဝင်းလက်နေကြကာ ကောင်းကင်တွင် ထွန်းလင်းနေသော ကြယ်တာရာများ အလား ထင်မှတ်ရသည်။ သူ၏မျက်လုံးက အရောင်တစ်ချက် လက်သွားသည်တွင် ကျောက်တုံး အစကလေးများ အားလုံးက အဝေးတစ်နေရာမှ တောင်ကုန်းထံသို့ အလွန်အမင်း မြန်ဆန်စွာဖြင့် ပြေးဝင်သွားကြသည်။ မိုးခြိမ်းသံအလား ကျယ်လောင်စွာ မြည်ဟည်းသံများ ဆက်လက်ကြားရကာ ရှေ့မှ တောင်ကုန်းကြီးကား လုံးဝ ပြိုဆင်းသွားသည်။
ကျိုက်ရှင်းအိမ်တော်၏ အမြင့်ဆုံးနေရာမှ တဝုန်းဝုန်းအသံကို ကြားကြရသော်လည်း အောက်မှ လူများက ဘာဖြစ်နေသည်ကို မသိကြပေ။ ထိုနေရာကား မည်သူမှ မသွားရသော တားမြစ်နေရာ ဖြစ်သည်။ သို့သော် တဝုန်းဝုန်း မြည်သံများဖြင့် တောင်က တုန်ခါနေရာ အပေါ်၌ ဘာဖြစ်နေသည်ကို အားလုံးက စိတ်ဝင်စားမိကြသည်။
မူချန်းနှင့် ချန်းယွန်တို့ကား မျက်လုံးပြူးနေကာ အချင်းချင်း စိုက်ကြည့် လိုက်ကြသည်။
“ကြယ်တာရာ လောကဓာတ်… ကျိုက်ရှင်းအိမ်တော်နဲ့ ကြယ်မင်းကျောင်း နှစ်ခုလုံးက မျိုးဆက် တစ်ခုတည်းက ဆင်းသက်လာတာ… ငါတို့အားလုံးက ရှန့်ထိုတန်ခိုးရှင်ရဲ့ ကြယ်တာရာ လမ်းစဉ်ကို လိုက်ပါ လေ့ကျင့်ကြတယ်… အခု ရီဖူရှင်းက ကြယ်တာရာ လောကဓာတ်ကို နားလည်သွားပြီ… အဘိုးကြီး… မင်းက ဘာပြောချင်သေးလဲ…” ချန်းယွန်က ပြောသည်။
“ဒါက တကယ်ပဲ စိတ်မကောင်းစရာပဲ… ” မူချန်း သက်ပြင်းချသည်။ ရီဖူရှင်း၏ပါရမီကို သူက လုံးဝ လက်မှိုင်ချရပြီ ဖြစ်သည်။
ရီဖူရှင်းက ကြယ်တာရာ လောကဓာတ်အား အသုံးချနိုင်ခြင်းက ရှီတန်ခိုးရှင်တို့၏ အစွမ်းသတ္တိဖြစ်ကာ တစ်ဖက်တွင် သူကား နိုဘယ်အဆင့်သာ ရှိသေးသည်။ ထို့အပြင် ရီဖူရှင်း နားလည် ဆင်ခြင်ထားသည်ကား အလွန့်အလွန် ရင့်ကျက်ပြီး လောကဓာတ် ဖြစ်သည်။
“သူက နည်းနည်းလေးတော့ နားသင့်ပြီ… ” ချန်းယွန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ ထိုစဉ်မှာပင် ရီဖူရှင်းက ရုတ်တရက် သူတို့ထံကို ပျံသန်းလာကာ ပြောသည်… “ကျောင်းအုပ်… ကျွန်တော် ပြန်သင့်ပြီ… ”
“မင်းက ဘယ်ကို သွားမှာလဲ… ” ချန်းယွန်က ရီဖူရှင်းကို စိုက်ကြည့်သည်။
“နဂါးပတ်တောင်… ” ရီဖူရှင်းက ဖြေသည်။
“မင်းက ကိုယ့်သေတွင်းကို ကိုယ်တူးနေတာပဲ…” ချန်းယွန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ ရီဖူရှင်းက မည်မျှ ပါရမီမြင့်ပါစေ ထိုအရာက ကျိရှမ်းကမ်းပါးကို မည်သည့်နည်းနှင့်မျှ အန်မတုနိုင်ပေ။
“ကျွန်တော်က ကျိုက်ရှင်းအိမ်တော်က ထွက်သွားတော့မယ်… စီနီယာယန်ဟောင်က ကျွန်တော့်ကို လာခေါ်လိမ့်မယ်… ဒီနည်းနဲ့ စီနီယာတို့ကို တခြားလူတွေက သံသယဖြစ်မှာ မဟုတ်ဘူး…” အခြေအနေအရ သူက သည်အတိုင်း ထွက်သွား၍ မရပေ။ တကယ်၍ တစ်စုံတစ်ယောက် သူလာရာလမ်းကြောင်းကို မြင်သည်နှင့် မည်သည့် အင်အားစုက သူ့အား ခေါ်ထားသည်ကို ခန့်မှန်းနိုင်ပေသည်။
“မင်းက ကျိုက်ရှင်း အိမ်တော်မှာ လေ့ကျင့်နေတယ်… တကယ်လို့ မင်းပြန်ရင် ဘယ်သူမှ သတိမထားမိဘဲ နေမှာမို့လို့လား…” မူချန်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “မင်းက နဂါးပတ်တောင်ကို ပြန်သွားမှာကို ငါမတားဘူး… ယန်ဟောင် လာတာကို စောင့်လိုက်ဦး… မင်းက ဒီမှာ ရက်နည်းနည်း နေသွားရုံနဲ့တော့ ကျိရှမ်းကမ်းပါးက ငါတို့ကို ရန်မလုပ်ဘူး…”
ရီဖူရှင်းက မူချန်းစကားကို ကြားသည်တွင် ကျိုးကြောင်း ဆီလျော်သည်ဟု ခံစားရသည်။ ကျိုက်ရှင်းအိမ်တော်က သည်ကိစ္စတွင် ဝင်မပါသရွေ့ ကျိရှမ်းကမ်းပါးက ဂရုစိုက်မည် မဟုတ်ပေ။
သိမ်းငှက်နက်က ယန်ဟောင်အား လမ်းညွှန်ပေးခြင်းဖြင့် နောက်ရက်မကြာမီ ရီဖူရှင်းအား ယန်ဟောင် လာခေါ်သည်။
ရီဖူရှင်းက နဂါးပတ်တောင်ကို ပြန်ရောက်လာသည့် သတင်းက မြေရိုင်းပြည်နယ် တစ်ခုလုံးအား တုန်ခါသွားစေသည်။ အတန်ကြာ ပျောက်သွားခဲ့သော ရီဖူရှင်းက နဂါးပတ်တောင်ကို ပြန်ရောက်လာသည်။ တော်ဝင်ကျဲနန်းတော်နှင့် ကျိရှမ်းကမ်းပါးတို့ နှစ်ခုလုံးက ရီဖူရှင်းကို အလိုရှိနေကြ၏။
ရီဖူရှင်းက နဂါးပတ်တောင်ကို ပြန်ရောက်သည်နှင့် ကျူးကော့ချန်းဖန်နှင့် ကျူးကော့မင်းယွီတို့ထံ သွားတွေ့သည်။ ကျူးကော့မင်းယွီက သူ့အား တွေ့သည်နှင့် ယခင်လို တည်ငြိမ်နိုင်ခြင်း မရှိတော့ပေ။ ဂူတုံးလျိုကား တော်ဝင်ကျဲနန်းတော်ကို ထွက်သွားကာ ရီဖူရှင်းက ပြန်လာသည်။
“မင်းက ဘလို့ ဒီလိုလုပ်ရတာလဲ… မင်းအစ်ကိုက အခု လက်လျှော့ပြီး သွားအဖမ်းခံလိုက်ပြီ… မင်းက ဒီကို ဘာလို့ ပြန်လာတာလဲ…” ကျူးကော့ချန်းဖန်က ရီဖူရှင်းကို ကြည့်သည်။
“အစ်ကို၃က လက်လျှော့ပြီး အဖမ်းခံလိုက်တယ် ဆိုရင်တောင်မှ ကျိရှမ်းကမ်းပါးက ကျွန်တော့်ကို လက်လွှတ်မှာ မဟုတ်ဘူး…” ရီဖူရှင်းက ထပ်ပြောသည်… “ကျွန်တော် ထွက်သွားရင် ထိုက်ဟန်တောင်နဲ့ ကျူးကော့မိသားစုက ပြန်ပြီး အေးချမ်းလာမှာလား… ကျိရှမ်းကမ်းပါးက နောက်ထပ် စစ်ကူတွေ ရောက်လာတာတောင်မှ သူတို့က တော်ဝင်ကျဲနန်းတော်ကို ဖိအားပေးပြီး ဒီညစ်ပတ်တဲ့ အလုပ်တွေကို ကိုယ်စား လုပ်ခိုင်းတယ်… ”
ကျူးကော့ချန်းဖန်က ရီဖူရှင်းကို ကြည့်ကာ မေးသည်… “မင်းပြန်လာတာ ဘာပြောင်းလဲမှာ မို့လို့လဲ…”
“အခုလောလောဆယ် တော်ဝင်ကျဲနန်းတော်နဲ့ ကျိရှမ်းကမ်းပါးရဲ့ ဒေါသကို အခိုက်အတန့်အနေနဲ့ ထိန်းချုပ်ဖို့လိုတယ်… ဒါမှ ကျွန်တော်တို့အတွက် လုံလောက်တဲ့ အထောက်အပံ့ အင်အားစုတွေ ရလာလိမ့်မယ်…” ရီဖူရှင်းက ကျူးကော့ချန်းဖန်ကို ပြောသည်… “တော်ဝင်ကျဲနန်းတော်က ဘယ်လို ဆုံးဖြတ်ထားလဲ…”
ရီဖူရှင်းက စိတ်ထဲလွန်စွာ လေးလံနေသည်။ တိမ်ဖြူမြို့တွင် တော်ဝင်ကျဲနန်းတော်က သူ့အား လာတားကတည်းက တော်ဝင်ကျဲနန်းတော်အား သည့်ထက် ဝင်မပါစေရန် သူဆုတောင်းနေခဲ့သည်။ သို့သော်လည်း ယခု သူ၏နောက်ဆုံး မျှော်လင့်ချက်ကလည်း ပြိုပျက်သွားပြီ ဖြစ်သည်။
“တော်ဝင်ကျဲနန်းတော်ရဲ့ ရည်တည်ချက်က အရင်တုန်းက ဘယ်လောက် ပြောင်းလဲဖူးလို့လဲ…” ကျူးကော့ချန်းဖန်က ထပ်ပြောသည်… “သူတို့က မြေရိုင်းပြည်နယ်မှာ ရှုပ်ထွေးတာကို မလိုချင်ဘူး… ပြည်နယ်ရဲ့ အင်အား ယုတ်လျော့သွားမှာ စိုးရိမ်နေကြတယ်… မင်းနဲ့ဂူတုံးလျိုကို ပေးဆပ်ဖို့ ဆုံးဖြတ်တာက ကျိရှမ်းကမ်းပါးရဲ့ ဒေါသကို ဖြေဖျောက်ချင်လို့ပဲ…”
“ဒါဆို တော်ဝင်ကျဲနန်းတော်က သူတို့ ထည့်စဉ်းစားတဲ့ဟာတွေ ရှိသေးတယ်လို့ ဆိုလိုတာပဲ…” ရီဖူရှင်းက ပြောသည်… “တကယ်ပဲ တခြားနည်းလမ်း မရှိတော့တာလား…”
“ကျိရှမ်းကမ်းပါးနဲ့ တော်ဝင်ကျဲနန်းတော်တို့ နှစ်ခုလုံးက အခု တစ်ဖက်တည်းကို ရောက်သွားပြီ… ငါတို့က ဒါကို ဘယ်လို တားဆီးနိုင်တော့မလဲ… တကယ်လို့ မြေရိုင်းပြည်နယ် တစ်ခုလုံးက မင်းဘက်မှာ ဆိုရင်တော့ တစ်မျိုးတစ်ဖုံ ဖြစ်လိမ့်မယ်… ဒါတောင်မှ ကျိရှမ်းကမ်းပါးက မင်းကို ခေါ်သွားရမှ ရမယ်ဆိုရင် သူတို့လည်း ဘာမှ မတတ်နိုင်ဘူး…” သူက လက်မှိုင်ချဟန်ဖြင့် ပြောသည်။ ကောင်းကင်မြေရိုင်း အဆင့်၆မှ လူတစ်ယောက်ကပင် သည်ကိစ္စတွင် အားမတန် ဖြစ်ရသည်။
“သူတို့ကပဲ ဒါကို ဆုံးဖြတ်နိုင်တယ်… ” ရီဖူရှင်းက ကောင်းကင်ကို ကြည့်ကာ ပြောသည်… “အစ်ကို၃ သတင်းကို ကြားကြသေးလား…”
“သတင်း မရဘူး… ” ကျူးကော့ချန်းဖန်က ခေါင်းယမ်းကာ ဖြေသည်။
“တကယ်လို့ တော်ဝင်ကျဲနန်းတော်က တစ်စုံတစ်ယောက် လာခဲ့ရင်… တကယ်လို့ အစ်ကို၃ကသာ တော်ဝင်ကျဲနန်းတော်မှာ ဘေးကင်းနေခဲ့ရင် ကျွန်တော်က တစ်လအတွင်း တော်ဝင်ကျဲနန်းတော်သို့ လာခဲ့မယ်လို့ ပြောလိုက်ပါ…” ရီဖူရှင်းက ပြောကာ နောက်လှည့်၍ ထွက်ခွာသွားသည်။
ကျူးကော့ချန်းဖန်က ထွက်ခွာသွားကော ရီဖူရှင်းကို ကြည့်သည်။ သူကား သူ၏အစ်ကို၃ကဲ့သို့ပင် နောက်တရခြင်းမရှိ တွန့်ဆုတ်ခြင်းမရှိဘဲ တော်ဝင်ကျဲ နန်းတော်သို့ သွားရန် ဆုံးဖြတ်လိုက်သည်သာ…။
သူ့အတွက် ပြန်လမ်းမဲ့သည့် ခရီးတစ်ခုဖြစ်နေခြင်း ကသာ အလွန်ဆိုးဝါးပေသည်။
တော်ဝင်ကျဲနန်းတော်မှ တစ်ယောက် ရောက်လာကာ ကျူးကော့မိသားစုထံတွင် ရီဖူရှင်းကို တောင်းဆိုသည်။ ကျူးကော့ချန်းဖန်ကလည်း သူပြောသင့်သည်များအား ပြောခဲ့သည်။ တော်ဝင်ကျဲနန်းတော်မှ လူက ပြန်ထွက်သွားသည်။ တစ်လဟူသော အချိန်ကား သိပ်မကြာပေ။ တော်ဝင်ကျဲနန်းတော်နှင့် ကျိရှမ်းကမ်းပါးတို့က ထိုမျှသော အချိန်ကို ပေးနိုင်ပေသည်။ တော်ဝင်ကျဲနန်းတော်က စစ်ဖြစ်ရန် မလိုလားသလို ကျိရှမ်းကမ်းပါးကလည်း အမြန်မလိုပေ။ အကယ်၍ ရီဖူရှင်းက ထိုသို့ ပြောမှတော့ သူတို့ကလည်း စောင့်ဆိုင်းရန်သာ ရှိသည်။
သတင်းက မြေရိုင်းပြည်နယ် တစ်ခုလုံးကို ပျံ့နှံ့သွားကာ လူတိုင်းက သက်ပြင်းချကြသည်။ ဂူတုံးလျိုနှင့် ရီဖူရှင်းတို့ကဲ့သို့သော ပါရမီရှင်ပင်လျှင် ကျိရှမ်းကမ်းပါးထံမှ လွတ်မြောက်ခြင်း မရှိပေ။
သတင်း ထွက်လာသောအခါ မြေရိုင်းပြည်နယ် တစ်ခုလုံး တိတ်ဆိတ် သွားကြသည်။ ကြားထဲတွင် ထူးထူးခြားခြား အဖြစ်အပျက်များ မရှိဘဲ အားလုံးက တိတ်ဆိတ်စွာ စောင့်စား နေကြသည်။
ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်ကို တစ်လအတွင်း ရောက်လာမည် ဖြစ်သည်။ ယခင်တိုက်ပွဲ နှစ်ခုနှင့်မတူဘဲ အရာအားလုံးက တစ်ရက်တည်းဖြင့် တိတ်ဆိတ် ငြိမ်သက်သွားသည်။ သို့သော် တတိယတိုက်ပွဲကလည်း ဖြစ်ပွားနိုင်ကာ သည်တစ်ကြိမ် အဆုံးသတ်မူကား အဖြူအမည်း သဲကွဲတော့မည်မှာ သေချာပေသည်။
***