Switch Mode

အခန်း ( ၁၉ )

မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်

ဝမ်ပေါင်လဲ့သည် ချော်ရည်အခန်းထဲတွင် သုံးရက်နှင့် လေးညတိတိ နေခဲ့ပြီးနောက် ဓမ္မလက်နက်တောင်ထိပ်သို့ သူ ပြန်သည့်လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသည့် ကျောင်းသားအားလုံးက သူ့အား အမြဲတစေ စိုက်ကြည့်နေကြသည်ကို သတိထားမိလိုက်သည်။ သူ စံချိန်ချိုးနိုင်ခဲ့သည့် အောင်မြင်မှုကြီးက အံ့ဩမှင်တက်ဖွယ် ကောင်းလွန်းနေ၏။

အဆင့်နိမ့်ကျွန်းမှ ဆရာများစွာပင် ဝမ်ပေါင်လဲ့အား အရိပ်အခြည် စောင့်ကြည့်နေကြပြီဖြစ်သည်။ ကျောင်းဖွင့်သေးသည်မှာ တစ်နှစ်ပင် မပြည့်သေးသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့၏ အဆင့်တက်နှုန်းများမှာ အမြန်ဆုံးဟု မဆိုနိုင်ပါသော်လည်း သူ့ကြောင့် ပေါ်ထွက်လာရသည့် အကျိုးဆက်များကိုမူ မည်သူကမှ မယှဥ်နိုင်ကြပေ။

ယင်းအပြင် သူ၏ စွမ်းဆောင်မှုများက တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါ်ထွက်လာနေသည်ဖြစ်ရာ ဝိညာဉ်ကွန်ရက်ပေါ်တွင် ဗြောင်းဆန်နေကြပြီ ဖြစ်သည်။ အဆင့်နိမ့်ကျွန်းပေါ်ရှိ ကျောင်းသားအားလုံး ကျောင်းသားသစ်များ ဖြစ်စေ၊ စီနီယာများဖြစ်စေ ဝမ်ပေါင်လဲ့အကြောင်းကို သိထားနေကြပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့က သူ၏ နတ်ဝိဇ္ဇာဂူသို့ ပြန်နေသည့်လမ်းတစ်လျှောက် ဝိညာဉ်ကွန်ရက်ထဲသို့ဝင်ကြည့်လိုက်သောအခါ သူ ဝိတ်ချနေစဉ်အတောအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအားလုံးကို သိသွားတော့သည်။ ထိုအခါ သူသည် တသသဖြစ်သွား၏။

” ငါက ဝိတ်နည်းနည်းလေးပဲ ချခဲ့တာဆိုပေမဲ့ လူတွေကို ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင် လုပ်မိခဲ့တာပဲ။ ငါကိုက တမူထူးခြားလွန်းနေတာ ဖြစ်မယ်။ ဒီလိုဆိုရင် မဖြစ်သေးဘူး။ ငါက ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်လာရမယ့်လူတစ်ယောက်ဆိုတော့ သိုသိုသိပ်သိပ် နေဖို့လိုတယ် ”
ဝမ်ပေါင်လဲ့သည် ဟန်ဆောင်ချောင်းဟန့်လိုက်ပြီး ကျေနပ်အားရစွာဖြင့် သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။ ထို့နောက် သူသည် ဝိညာဉ်ရေခဲရေအချို့ကို ထုတ်ယူလိုက်ပြီး တဝကြီး သောက်ချလိုက်သည်။ ထိုအခါ သူသည် ချက်ချင်းဆိုသလိုပင် များစွာ လန်းဆန်းသွားသလို ခံစားလိုက်ရတော့သည်။

” ဝိတ်ကျအောင် လုပ်ရတာက တကယ်ကို မလွယ်ဘူးပဲ ”
ဝမ်ပေါင်လဲ့မှာ ဝိတ်ကျအောင် လုပ်မည့် အစီအစဉ်အား ပြန်၍ အမှတ်ရသွားသောအခါ သက်ပြင်းချကာ မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။ သူသည် ထိုမုန့်များကိုလည်း ပလုတ်ပလောင်းနှင့် အသံမျိုးစုံမြည်အောင် အငမ်းမရစားနေ၏။

” ငါ သတိရှိရှိ နေမှရမယ်။ ပြန်ဝလာလို့ မဖြစ်ဘူး။ ဝိတ်ကျအောင် လုပ်ရတာက အရမ်း ငြီးငွေ့ဖို့ ကောင်းတာ ”
ဝမ်ပေါင်လဲ့သည် သူ့ကိုသူ အမြဲမပြတ် သတိပေးနေတော့သည်။ ချော်ရည်အခန်း၏ မြင့်မားသောအပူချိန်အား တွေးမိလိုက်တိုင်း သူ ကြောက်ရွံ့တုန်လှုပ်သွားရသောကြောင့် မုန့်ထုပ် နောက်ထပ်တစ်ထုပ်ကို ထပ်၍ ထုတ်ယူလိုက်ပြန်သည်။

” ငါ တကယ်ကို ပြန်ပြီးတော့ ဝလာလို့မဖြစ်ဘူး ”
ဝမ်ပေါင်လဲ့သည် ထိုကဲ့သို့ သန္နိဋ္ဌာန်ချလိုက်ပြီး တစ်နေ့လယ်ခင်းလုံး မုန့်များကို ထိုင်စားလိုက်ပြီးမှ သူ၏ဗိုက်ကို ပုတ်လိုက်၏။ သူ၏မျက်လုံးများထဲတွင် စိတ်ဓာတ်ပြတ်သားမှုများဖြင့် ပြည့်နှက်နေပြီး ဝိညာဉ်ကျောက်တုံး သန့်စင်မှုအား ပြန်၍သုံးသပ်လိုက်တော့သည်။

ဝိညာဉ်ကျောက်တုံး သန့်စင်မှု ရှစ်ဆယ့်ငါးရာခိုင်နှုန်းသို့ ရောက်သွားသောအခါတိုင်း ပေါ်ထွက်လာသည့် ရူးသွပ်ဖွယ်ကောင်းသောဝိညာဉ်ချီစုပ်ယူအားကြီးအကြောင်းကို တွေးမိလိုက်သောအခါ ဝမ်ပေါင်လဲ့ ဝေခွဲမရ ဖြစ်သွားရတော့သည်။ သူသည် ဝိညာဉ်ကွန်ရက်ပေါ်တွင် အချက်အလက်များစွာကို ရှာဖွေပြီးသွားသည့်အခါမှသာ သူ့ကိုယ်သူ ယုံကြည်မှု ရှိလာတော့သည်။ နောင် သန့်စင်သောအခါ သူ၏ ထိန်းချုပ်နိုင်စွမ်းကို တိုးတက်လာအောင် ကြိုးစားလိုက်မည် ဖြစ်သည်။ သူသည် ဝိညာဉ်ချီများ အရှိန်အဟုန်ဖြင့် ထိုးဝင်လာသည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် ကြိုးစားနေရသောကြောင့် သူ၏ သန့်စင်နှုန်းမှာ အတန်ငယ် နှေးကွေးသွားရတော့သည်။

ထို့ကြောင့် ဝိညာဉ်ကျောက်တုံး သန့်စင်ခြင်းမှာ နှေးကွေးလာပါသော်လည်း သူ၏ စေ့စပ်တိကျမှုများကြောင့် ဝိညာဉ်အဆီများ ရုတ်ချည်း ထိုးတက်မလာတော့ပေ။

ဝမ်ပေါင်လဲ့သည် ထိုပြဿနာအား ဖြေရှင်းပြီးနောက် စိတ်အေးလက်အေး ဖြစ်သွားရတော့သည်။ သူ ကျောင်းသားခေါင်းဆောင် ဖြစ်လာရန် နီးစပ်နေပြီဖြစ်ကြောင်း ခံစားနေရ၏။ ထို့ကြောင့် သူသည် ထိုခံစားချက်အား နှလုံးသွင်းကာ ဝိညာဉ်ကျောက်တုံးများ၏ သန့်စင်မှုကို မြှင့်တင်ရန် စတင်ကြိုးစားလိုက်တော့သည်။

သို့သော် ပျော်ရွှင်စရာအချိန်များက ကြာကြာမခံပေ။ တစ်လကြာပြီးနောက် ဝိညာဉ်ကျောက်တုံးများကို သန့်စင်ရာတွင် နောက်တစ်ကြိမ် အတားအဆီးတစ်ခုနှင့် ထပ်၍ကြုံနေရသည်ကို သိလိုက်ရသောကြောင့် ဝမ်ပေါင်လဲ့ စိတ်ဓာတ်ကျသွားရတော့သည်။ သူသည် သန့်စင်မှု ရှစ်ဆယ့်ခြောက် ရာခိုင်နှုန်းအား မထိုးဖောက်နိုင်ဘဲ ဖြစ်နေရသည်။

ယခုမှာ ထိုကဲ့သို့ အတားအဆီးတစ်ခုနှင့် ကြုံရသည့် ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ဝမ်ပေါင်လဲ့သည် စိတ်ပျက်လက်ပျက်နှင့် အနက်ရောင်မျက်နှာဖုံးအား ထုတ်ယူလိုက်၏။ သူသည် အတန်ငယ် တွေဝေတွန့်ဆုတ်နေပြီးနောက် ပုံရိပ်ယောင်နယ်မြေအား ဖွင့်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုအခါ သူ၏ရှေ့ရှိ မြင်ကွင်းမှာ မှုန်ဝါးသွားပြီး ပြန်လည်၍ ကြည်လင်ပြတ်သားလာသောအခါ သူ မြင်တွေ့ဖူးပြီးသားဖြစ်သည့် နှင်းများဖုံးလွှမ်းနေသော ရေခဲပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

လေအေးများ တရွှီရွှီတိုက်ခတ်နေသဖြင့် ဝမ်ပေါင်လဲ့သည် ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီး လက်ထဲမှ အနက်ရောင်မျက်နှာဖုံးကြီးကို စိုက်ကြည့်လိုက်သည်။ သို့သော် ထိုမျက်နှာဖုံးကြီးအား အချိန်အတော်အတန်ကြာသည်အထိ စိုက်ကြည့်ပြီးသည့်တိုင်အောင် ၎င်းပေါ်ရှိစာလုံးများက သန့်စင် ဆေးလုံးအကြောင်း ဖြစ်နေဆဲပင်။ မည်သည့်အရာကမှ ပြောင်းလဲမသွားသေးပေ။

” ထူးဆန်းလိုက်တာ…. ငါ အသံထွက်ပြီးပြောမှ ရမှာလား ”
ဝမ်ပေါင်လဲ့မှာ ခေါင်းတကုတ်ကုတ် ဖြစ်သွားပြီး ယခင်အကြိမ်က သူ့ကိုယ်သူ စကားပြောလိုက်သည့် အချိန်မှသာ ထိုမျက်နှာဖုံးကြီး ပြောင်းလဲသွားခဲ့သည်ကို ပြန်၍ အမှတ်ရသွားသည်။ ထို့ကြောင့် သူသည် ထိုမျက်နှာဖုံးကြီးအား မယုံသင်္ကာဖြင့် ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်တော့သည်။
” အို အသင်မျက်နှာဖုံး။ ဝိညာဉ်ကျောက်တုံးတွေကို ဖန်တီးတဲ့အချိန် သန့်စင်မှု ရှစ်ဆယ့်ငါးရာခိုင်နှုန်းမှာ ရှိတဲ့ အတားအဆီးကို ထိုးဖောက်ပြီးတော့ ကိုးဆယ်ရာခိုင်နှုန်း ကျော်သွားတဲ့အထိ ဖန်တီးနိုင်အောင် ကူညီပေးနိုင်မယ့် နည်းလမ်းလေးများ ရှိပါသလား ”

ဝမ်ပေါင်လဲ့က ထိုသို့ဆိုလိုက်ပြီး ထိုအနက်ရောင်မျက်နှာဖုံးကြီးအား စိုက်ကြည့်နေလိုက်တော့သည်။ ထို့နောက် အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် မျက်နှာဖုံးပေါ်မှာ စာလုံးများ မှုန်ဝါးသွား၏။ မျက်နှာဖုံးကြီး တစ်ခုလုံးပင် အကြိမ်အနည်းငယ်ခန့် ပေါ်လိုက်ပျောက်လိုက် ဖြစ်သွားပြီး စာလုံးအသစ်များ တဖြည်းဖြည်း ပေါ်လာတော့သည်။

” မျက်နှာဖုံးထဲမှာ တကယ်ကို လူတစ်ယောက်ရှိနေတာပဲ ”
ဝမ်ပေါင်လဲ့ ပင့်သက်ရှိုက်မိသွားပြီး ရင်တဒိန်းဒိန်းနှင့် ထိုစာလုံးများကို ဖတ်လိုက်၏။

” မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ် ဆိုပါလား ”

ယခုအကြိမ်တွင် ပေါ်လာသည့် စာလုံးများမှာ ပို၍ပင် များပြားနေ၏။ ဝမ်ပေါင်လဲ့သည် ထိုစာလုံးအကုန်လုံးကို ဖတ်ပြီးသွားသောအခါ မှင်တက်သွားရတော့သည်။ အဘယ့်ကြောင့်ဆိုသော် မျက်နှာဖုံးကြီး သူ့အား ပေးခဲ့သည့်အဖြေက ဆေးလုံးတစ်လုံး မဟုတ်တော့ဘဲ သိုင်းပညာရပ်တစ်ခုနှင့် ဆင်တူသည့် ကျင့်ကြံခြင်းပညာရပ်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။

ထိုကဲ့သို့ သိုင်းပညာများမှာ ကောင်းကင်တာအိုကျောင်းတွင် အများအပြားရှိသည်။ အထူးသဖြင့် သိုင်းပညာဌာနတွင် အမျိုးအစားစုံလင်စွာ ရှိပေသည်။ ဥပမာပြရလျှင် ရစ်ပတ်ခြင်းပညာရပ် အမျိုးအစားများစွာ ရှိသည်ဖြစ်ရာ ၎င်းမှာ အထူးအဆန်း မဟုတ်ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အတန်ငယ် ဇဝေဇဝါဖြစ်သွားရပြီး ထိုစာကြောင်းအား သေသေချာချာ ပြန်၍ဖတ်လိုက်သည်။

ထို ရှင်းလင်းချက်အရဆိုလျှင် ထိုအတားအဆီး ပေါ်ထွက်လာရသည့် အကြောင်းအရင်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ ဝါးမျိုချင်းသစ်စေ့သည် သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းနိုင်စွမ်း မရှိသောကြောင့် သူ ဆန္ဒရှိသည့်အတိုင်း လုပ်နိုင်ရန် အခက်တွေ့နေရခြင်း ဖြစ်သည်။ ထို ရစ်ပတ်ခြင်းပညာရပ်မှာ သူ၏ ခန္ဓာကိုယ်နှင့် ဝါးမျိုခြင်းသစ်စေ့တို့ တစ်သားတည်းပေါင်းစည်းသွားမည့် ဖြစ်စဉ်ကို အရှိန်တင်ပေးနိုင်သည့် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

ထိုပညာရပ်အား သူ အောင်မြင်စွာ ကျင့်ကြံပြီးသွားသည်နှင့် တစ်ပြိုင်နက် ဝါးမျိုခြင်းသစ်စေ့၏ စုပ်ယူအားကို ကြီးထွားလာအောင် လုပ်နိုင်ရုံသာမက ၎င်းအား သူ၏ ခန္ဓာကိုယ် အနှံ့အပြားသို့ အလိုအလျောက် ပျံ့နှံ့သွားအောင်ပါ လုပ်နိုင်သွားမည် ဖြစ်ရာ သူဆန္ဒရှိသလို ဝါးမျိုစုပ်ယူနိုင်စွမ်း ရှိသွားမည် ဖြစ်သည်။ ထိုအချိန်သို့ရောက်လျှင် သူသည် သန့်စင်မှု ရှစ်ဆယ့်ငါးရာခိုင်နှုန်းရှိ အတားအဆီးကို ဖောက်ထွင်းကျော်ဖြတ်ကာ ပြီးပြည့်စုံခြင်းကို ရယူသိမ်းပိုက်နိုင်မည် ဖြစ်သည်။

” ဒီပညာရပ်ထဲက ပထမဆုံး တိုက်ကွက်က လက်ချောင်းတွေကို လှန်ချိုးတဲ့ တိုက်ကွက်လား ”
ဝမ်ပေါင်လဲ့ မျက်တောင် တဖျတ်ဖျတ် ခတ်မိသွားသည်။ သူသည် ကျွမ်းကျင်ပါးနပ်သည်ဖြစ်ပြီး မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်မှာလည်း ထူးခြားနေသည့်ပုံ မပေါ်ပေ။ ထို့ကြောင့် သူသည် ဘယ်ဘက်လက်ကိုမြှောက်ကာ ရှေ့သို့ လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

သူသည် အကြိမ်အနည်းငယ်ခန့် လေ့ကျင့်လိုက်ပြီးနောက် ပုံရိပ်ယောင်နယ်မြေကိုပါ ထိန်းချုပ်ရန်ဆုံးဖြတ်လိုက်ပြီး သက်လတ်ပိုင်းလူကြီးတစ်‌ယောက်ကို ဖန်တီးလိုက်၏။ ထိုလူကြီး၏ မျက်နှာမှာ မှုန်ဝါးဝါး ဖြစ်နေပြီး သွေးချီအဆင့်တွင် ရှိနေ၏။ သူသည် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့ဆီသို့ ပြေးဝင်လာတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများပြူးသွားရပြီး ရှေ့သို့ပြေးသွားလိုက်သည်။ သူသည် ခန္ဓာအချုပ်အနှောင်အဆင့်၏ အမြန်နှုန်းနှင့် ခွန်အားကိုအသုံးပြု၍ လက်သီးချက်တစ်ချက် ပစ်လွှတ်လိုက်သောအခါ သူ၏ လေ့ကျင့်ဖော်မှာ ချက်ချင်းဆိုသလိုပင် နောက်သို့ ဆုတ်ခွာသွားရတော့သည်။ သူသည် ဖျတ်ခနဲ ရွေ့လျားကာ ထိုလေ့ကျင့်ဖော်၏ အနားသို့ ချဥ်းကပ်သွားလိုက်ပြီး လက်ဖဝါးကို လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ့ပြိုင်ဘက်၏ လက်ချောင်းအား ရှာတွေ့သွားသောအခါ ၎င်းအား နောက်ဘက်သို့ လှန်ချိုးရန် ကြိုးစားလိုက်သည်။

” လွယ်လွန်းတယ် ”
ဝမ်ပေါင်လဲ့က ရေရွတ်လိုက်၏။

ထိုအချိန်တွင် အနက်ရောင် မျက်နှာဖုံးထဲမှ ရုတ်တရက် အနက်ရောင် အလင်းတန်းတစ်တန်း ဖျတ်ခနဲ ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် ပုံရိပ်ယောင်နယ်မြေ တစ်ခုလုံး ချက်ချင်းဆိုသလိုပင် တွန့်လိမ်ပုံပျက်သွားရတော့သည်။ ထို့နောက် အက်ကွဲသံတစ်သံ အရပ်မျက်နှာအနှံ့သို့ ပျံ့ထွက်သွား၏။

” ဘာတွေဖြစ်နေတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ အလန့်တကြားဖြင့် ထခုန်လိုက်ပြီး ချက်ချင်းပင် နောက်သို့ဆုတ်သွားကာ ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။ ထိုအခါ လေအေးများမှာ ပို၍ပင် အေးစက်လာသည်ကို သတိထားမိလိုက်၏။ ခပ်လှမ်းလှမ်းရှိ တိရစ္ဆာန်တချို့မှာလည်း ယခင်ကနှင့် သိပ်၍ မတူတော့သည့်ပုံ ပေါက်နေပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့က ပတ်ဝန်းကျင်အား သေသေချာချာ အကဲမခတ်နိုင်သေးခင်မှာပင် သူ မကြာသေးမီက ဖန်တီးခဲ့သည့် လေ့ကျင့်ဖော်မှာ ရုတ်တရက် ခေါင်းမော့လာ၏။ သူသည် သွေးချီအဆင့်တွင် ရှိနေဆဲဖြစ်သော်လည်း လူအသစ်တစ်ယောက် ဖြစ်သွားသည့်အလားပင်။ ထို့နောက် သူက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာတော့သည်။

သူသည် စောစောက လူကြီးပင် ဖြစ်နေပါသော်လည်း ဝမ်ပေါင်လဲ့၏ ခံစားချက်များမှာမူ လုံးဝမတူညီတော့ပေ။ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် ချက်ချင်းပင် ထိုးနှက်လိုက်၏။ သို့သော် ယခုအကြိမ်တွင်မူ….

ထိုလေ့ကျင့်ဖော်မှာ ဝမ်ပေါင်လဲ့ ထိုကဲ့သို့ ထိုးနှက်လိုက်ချိန်တွင် ရှောင်တိမ်းလိုက်ခြင်း မရှိပေ။ သို့သော် သူသည် မည်သို့မည်ဖုံ လုပ်လိုက်သည်မသိဘဲ ဝမ်ပေါင်လဲ့၏ လက်ကောက်ဝတ်အား ခေါက်လိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ လက်တစ်ဖက်စလုံး ချက်ချင်းပင် ထုံကျဉ်သွားရတော့သည်။

ထို့ကြောင့် သူ၏ ဆုပ်ထားသော လက်သီးမှာ ချက်ချင်း ပြေလျော့သွားပြီး သူ၏ ခွန်အားများပင် လွင့်စင်ပျောက်ကွယ်သွားသလို ခံစားလိုက်ရတော့သည်။ သူ၏ လေ့ကျင့်ဖော်ကမူ သူ၏အရှိန်အဟုန်ကို အသုံးချကာ ဝမ်ပေါင်လဲ့၏ လက်ချောင်းအား ဖမ်းဆုပ်လိုက်ပြီး အပေါ်ဘက်သို့ ဆောင့်ဆွဲလိုက်တော့သည်။

” နာတယ်။ တော်တော့။ တော်တော့။ တော်ပါတော့ ”

ထိုနာကျင်မှုကြီးက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ လျှပ်စီးများ ပျံ့နှံ့သွားသည့် အလားပင်။ သူသည် ချက်ချင်းဆိုသလိုပင် ဇောချွေးများပြန်သွားပြီး မနေနိုင်တော့သဖြင့် သနားစဖွယ် အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အားအင်များ ကုန်ခမ်းသွားသလို ဖြစ်သွားပြီး သူ့ ပြိုင်ဘက်၏ ဆောင့်ဆွဲမှုကြောင့် ဒယိမ်းဒယိုင် ဖြစ်သွားရတော့သည်။

ဝမ်ပေါင်လဲ့၏ အော်ဟစ်သံများကြောင့် သူ၏လေ့ကျင့်ဖော်မှာ ချက်ချင်းပင် သူ့အား လွှတ်ပေးလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား အသက်မဲ့သောအကြည့်ဖြင့် စိုက်ကြည့်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ သူ၏ လက်ချောင်းကို ဆုပ်ကိုင်ကာ အသက်ရှူသံများ မြန်လာပြီး သူ၏ လေ့ကျင့်ဖော်အား ကြောက်ကြောက်ရွံ့ရွံ့နှင့် စိုက်ကြည့်နေတော့သည်။ ထို့နောက် သူသည် အနက်ရောင် မျက်နှာဖုံးကြီးအား ကြည့်လိုက်သောအခါ ယခုဖြစ်ပျက်သွားခဲ့သည့် အခြင်းအရာအားလုံးက ထိုမျက်နှာဖုံးကြောင့် ဖြစ်လိမ့်မည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် မခံမရပ်နိုင်ဖြစ်သွားရပြီး စိတ်ကသိအောက် ဖြစ်သွားတော့သည်။

” လက်ချောင်းတွေကို လှန်ချိုးရတာ ဘာ အထင်ကြီးစရာ ကောင်းလို့လဲ။ ငါက အဆင်သင့် ဖြစ်မနေခဲ့လို့ပါ။ နောက်တစ်ခေါက် လာခဲ့စမ်းပါ ”
ဝမ်ပေါင်လဲ့က ထိုသို့ဆိုလိုက်သည်နှင့် သူ၏ လေ့ကျင့်ဖော်မှာ ရှေ့သို့ ပြေးထွက်လာ၏။ ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ ပြင်ဆင်ထားသည်ဖြစ်ရာ လက်သီးနှင့်မထိုးဘဲ ခြေထောက်ဖြင့်သာ ကန်လိုက်၏။ သူ၏ ပြိုင်ဘက်မှာ ထိုကန်ချက်အား ရှောင်တိမ်းလိုက်သောအခါ သူသည် ထိုအခွင့်အရေးကို အသုံးချ၍ သူ့ပြိုင်ဘက်၏ နားထင်အား ထိုးနှက်လိုက်တော့သည်။

သို့သော် ယခုအချိန်တွင်မူ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့သည်။ ထိုရှောင်တိမ်းမှုကို အခွင့်ကောင်းယူကာ တိုက်ခိုက်လိုက်သူမှာ ဝမ်ပေါင်လဲ့ ဖြစ်နေပါသော်လည်း သူ၏ ပြိုင်ဘက်က ရုတ်တရက် စုပ်အားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုစုပ်အားမှာ မျက်လုံးဖြင့် မမြင်နိုင်သော လက်တစ်ဖက်ကဲ့သို့ ဖြစ်သွားပြီး ဝမ်ပေါင်လဲ့၏ လက်မောင်းအား ဖမ်းဆုပ်ကာ ဆောင့်ဆွဲလိုက်သဖြင့် သူ့လက်သီးမှာ လမ်းကြောင်းပြောင်းသွားရတော့သည်။ ပြီးနောက် ဝမ်ပေါင်လဲ့၏ ပြိုင်ဘက်က နောက်သို့ချာခနဲ လှည့်လာပြီး သူ၏လက်ချောင်းအား ဖမ်းဆုပ်ကာ ချက်ချင်းပင် လှန်ချိုးပစ်လိုက်တော့သည်။

ထိုရင်းနှီးနေသော နာကျင်မှုကြီးမှာ နောက်ထပ်တစ်ကြိမ် ပေါ်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ ရပ်တန့်ရန် ချက်ချင်းပင် အော်ဟစ်လိုက်၏။ သို့သော် သူသည် စိတ်ထဲတွင်မူ မခံမရပ်နိုင်ဖြစ်ကာ ရူးသွပ်လုမတတ် ခံစားနေရတော့သည်။

လက်ချောင်းလှန်ချိုးခံရသည်မှာ အလွန် နာကျင်စရာကောင်း၏။ အခြားသူများ၏ ” အရှက်မရှိတဲ့ကောင် ” ဟု မကြာခဏ ခေါ်ခံရလေ့ရှိသော ဝမ်ပေါင်လဲ့ပင် ဤတိုက်ကွက်မှာ အလွန် အရှက်မရှိကြောင်း ခံစားနေရ၏။ သူ၏ ပြိုင်ဘက်က သူ၏ လက်ချောင်းများကို လှန်ချိုးရန် ကြိုးပမ်းနေစဉ် သူ၏ ခွန်အားများကို ထုတ်မသုံးနိုင်သည့် ခံစားချက်ကြီးကြောင့် သူ အသိစိတ်ပျောက်လုမတတ် ဖြစ်နေရတော့သည်။

” နောက်တစ်ခေါက် လာခဲ့စမ်း ”
အချိန်အတော်အတန် ကြာပြီးနောက် ဝမ်ပေါင်လဲ့က မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ပြန်လည်သက်သာလာ၏။ ယခုအကြိမ်တွင်မူ သူသည် လက်များကို အသုံးမပြုဘဲ သူ၏ လေ့ကျင့်ဖော်နှင့် နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။

သိပ်မကြာခင် ဝမ်ပေါင်လဲ့၏ လက်ချောင်းက သူ့ ပြိုင်ဘက်၏ ဖမ်းဆုပ်ခြင်းကို နောက်ထပ်တစ်ကြိမ် ခံလိုက်ရပြန်သည်။ ထို့နောက် သူ၏လက်မှာ အပေါ်သို့ ဆောင့်ဆွဲခံလိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားရတော့သည်။ သူ၏ ပြိုင်ဘက်မှာ သူ၏လက်ချောင်းအား လိမ်မချိုးရသေးပါသော်လည်း သူ စိတ်ထဲတွင်ကြိတ်၍ ဝမ်းနည်းပူဆွေးနေရပြီ ဖြစ်သည်။

” ငါ့လခွမ်း … မင်းက တော်တော် အနိုင်ကျင့်ရတာ ကြိုက်တဲ့ကောင်ပဲ။ တချိန်လုံး ငါ့ရဲ့လက်တွေကို ဖွက်ထားတာတောင် မင်းက ငါ့လက်ချောင်းကို ရအောင် လှန်ချိုးနိုင်သေးတယ်။ အား… နာလိုက်တာ ”

ဝမ်ပေါင်လဲ့မှာ ငိုမဲ့မဲ့ဖြစ်နေပါသော်လည်း စိတ်ထဲတွင်မူ မုန်းတီးမှုများနှင့် ပြည့်နှက်နေပြီဖြစ်သည်။ သူသည် အဆုံးမစမဲ့လောက်အောင် ပေါက်ကွဲထွက်လာနေသော သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။ သူ၏ ပြိုင်ဘက်မှာ သွေးချီအဆင့်သာ ရှိနေသေးသည်ဖြစ်ပြီး ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်နေသည့်တိုင်အောင် သူ၏ပြိုင်ဘက်မှာ အကြိမ်တိုင် သူ၏ လက်ချောင်းကို မိအောင် ဖမ်းဆုပ်နိုင်စွမ်း ရှိနေသည်သာ ဖြစ်သည်။ ထို ဆိုးရွားလှသည့် နာကျင်မှု၊ မကျေနပ်ချက်များနှင့် ကူရာကယ်ရာမဲ့သလို ဖြစ်နေသည့် ခံစားချက်များကြောင့် ဝမ်ပေါင်လဲ့ အလွန် စိတ်ထိခိုက်နေ၏။

” ငါ မယုံဘူးကွာ။ နောက်တစ်ခေါက် ထပ်လာခဲ့စမ်း ”
ဝမ်ပေါင်လဲ့က အံကြိတ်ကာ နောက်ထပ်တစ်ကြိမ် ရှေ့သို့ ပြေးထွက်သွားပြန်သည်။

ထိုသို့ဖြင့် ပုံရိပ်ယောင်နယ်မြေထဲတွင် အချိန်များကုန်ဆုံးသွားသည်။ ဝမ်ပေါင်လဲ့၏ သနားစဖွယ် အော်ဟစ်မြည်တမ်းသံများ အဆက်မပြတ် ပေါ်ထွက်လာနေ၏။ နောက်တစ်ရက်သို့ ရောက်သောအခါ ထိုအော်ဟစ်သံများမှာ ပို၍ စူးရှကျယ်လောင်လာတော့သည်။ ပုံရိပ်ယောင်နယ်မြေထဲမှ ဝမ်ပေါင်လဲ့ ထွက်ခွာလာသည့်အချိန်တွင် အလွန် အားအင်ချိနဲ့‌နေသလို ခံစားနေရတော့သည်။ သူသည် နတ်ဝိဇ္ဇာဂူထဲတွင် လဲလျောင်းကာ သူ၏ လက်ချောင်းဆယ်ချောင်းကိုကြည့်ရင်း မျက်ရည်များ စီးကျလာတော့သည်။

” သောက်ကျိုးနည်း … ဒီ လက်ချောင်းလှန်ချိုးတဲ့ပညာရပ်က တော်တော်ကိုဆိုးတာပဲ။ စုပ်အားကလည်း ပေါ်လာသေးတယ်။ ဘယ်လိုမှကို မရှောင်တိမ်းနိုင်ဘူး။ ငါ ဒီ တိုက်ကွက်ကို လေ့လာရမယ်။ တော်တော်ကို အစွမ်းထက်တာပဲ ”

အနက်ရောင်မျက်နှာဖုံးမှ ဖျတ်ခနဲလက်သွားသည့် အလင်းရောင်မှာ သူ၏လေ့ကျင့်ဖော်အား ပြောင်းလဲသွားစေခဲ့သည်ဖြစ်ပြီး မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်အား သူ့အပေါ် အသုံးပြုရန် စေခိုင်းလိုက်ခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ရိပ်မိသွားတော့သည်။

ထိုသို့သာမဟုတ်ပါက ထိုစုပ်အားကို ရှင်းပြနိုင်မည်မဟုတ်ပေ။ ၎င်းမှာ မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်၏ ပထမဆုံးတိုက်ကွက်အတိုင်းပင် ဖြစ်နေသည် မဟုတ်ပါလော။ ထိုစုပ်အားမှာ ဝါးမျိုခြင်းသစ်စေ့ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီးနောက်တွင် ပေါ်ထွက်လာမည့် အာကာသတွင်းနက်ကြီးနှင့်ဆင်တူသော စုပ်အားမျိုးဖြစ်သည်။

ဝမ်ပေါင်လဲ့က မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်၏ အစွမ်းကို မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရပြီးနောက် သူ၏ စိတ်ဝင်စားမှု ကြီးထွားလာရတော့သည်။ မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်မှာ ဝိညာဉ်ကျောက်တုံး သန့်စင်မှုပြဿနာကို ဖြေရှင်းပေးနိုင်မည်သာမက သိုင်းပညာများကိုပါ တတ်မြောက်သွားစေမည်ဖြစ်ကြောင်း ခံစားလိုက်ရသည်။

ထို့ကြောင့် သူသည် သန္နိဋ္ဌာန် ချလိုက်တော့သည်။ ညအချိန်တွင် အနားယူနေလျှင်တောင် သူ၏ အသိစိတ်မှာ အမြဲမပြတ် စဉ်းစား‌တွေးတောကာ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနေ၏။ မိုးသောက်ချိန်သို့ ရောက်သောအခါတွင် သူက မနက်စာအဖြစ် မုန့်အနည်းငယ် စားလိုက်ပြီး ပုံရိပ်ယောင်နယ်မြေထဲသို့ နောက်ထပ်တစ်ကြိမ် ဝင်သွားလိုက်တော့သည်။

ရက်ပေါင်းများစွာကုန်ဆုံးသွားပြီး ပုံရိပ်ယောင်နယ်မြေထဲမှ စူးရှသော အော်ဟစ်သံများမှာလည်း အဆက်မပြတ် ပေါ်ထွက်နေတော့သည်။ ထိုအသံများမှာ လျော့နည်းမသွားသည့်အပြင် ပို၍ ခပ်စိပ်စိပ် ဖြစ်လာ၏။ ဝမ်ပေါင်လဲ့၏ ဒဏ်ခံနိုင်စွမ်း တိုးတက်လာသောကြောင့် သူ၏ အနာကျက်နှုန်းမှာလည်း ပို၍မြန်ဆန်လာ၏။ ထို့ကြောင့် သူ၏ လက်ချောင်းများမှာလည်း ခဏခဏ လှန်ချိုးခံနေရတော့သည်။

” နာတယ်ဟ ”

” သောက်ကျိုးနည်း … ဒီ ရစ်ပတ်ခြင်းပညာရပ်ကို ဘယ်သူကများ ထွင်ထားတာပါလိမ့် ”

” ငါ့လက်ချောင်းက ကျိုးခါနီးနေပြီ ”

ဝမ်ပေါင်လဲ့သည် ဇွဲကြီးသည့် လူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် အလျှော့ပေးချင်စိတ်များ ပေါက်နေပြီဖြစ်သည်။ သူသည် အသိစိတ်ပျောက်လုနီးပါးပင် ဖြစ်ကာ လူသားများတွင် လက်ချောင်းများ ရှိနေရသောကြောင့် ပူဆွေးသောက ရောက်နေရသည်အထိ ဖြစ်နေတော့သည်။

ထို့ကြောင့် သူသည် အဖြေတစ်ခုကို စဉ်းစားလိုက်၏။ သူက တစ်ကိုယ်တည်းရေရွတ်ကာ မျက်နှာဖုံးနှင့် ဆွေးနွေးညှိနှိုင်းလိုက်ပြီး နောက်ထပ် ဂျူနီယာ လေ့ကျင့်ဖော်တစ်ယောက်ကို ဖန်တီးလိုက်သည်။ ၎င်းမှာ လေ့ကျင့်ဖော်အဟောင်းနှင့် လုံးဝမတူဘဲ ဝမ်ပေါင်လဲ့၏ ခံပြင်းမှုများကို ဖြေဖျောက်ရာ ပစ်မှတ်တစ်ခု ဖြစ်လာတော့သည်။

သူသည် လက်ချောင်းများ လှန်ချိုးခံလိုက်ရသည့် အခါတိုင်း ထို ဂျူနီယာ လေ့ကျင့်ဖော်နှင့် လေ့ကျင့်လိုက်ပြီး သူ၏ နာကျင်မှုနှင့်ဒေါသများကို သူ့အပေါ်သို့ ပုံချကာ သူ၏လက်ချောင်းကိုပါ လှန်ချိုးပစ်နေတော့သည်။ ဝမ်ပေါင်လဲ့သည် ထိုနည်းလမ်းဖြင့် သူ၏ ခံပြင်းမှုများကို ဖြေဖျောက်ကာ ဆက်၍ လေ့ကျင့်နေတော့သည်။

နောက်ထပ်တစ်လတိတိ ကုန်ဆုံးသွားသောအခါ ခံပြင်းမှုများကို ဖြေဖျောက်ရာတွင် အသုံးပြုနေသည့် ဂျူနီယာ ကျင့်ကြံဖော်မှာ အလွန် အားနည်းကာ အရုပ်တစ်ရုပ်လို တောင့်တောင့်တင်းတင်းကြီး ဖြစ်နေသည်ကို သိလိုက်ရသဖြင့် ဝမ်ပေါင်လဲ့ စိတ်ဓာတ်ကျသွားတော့သည်။ သူသည် သူခံစားနေရသောဒေါသများကို လုံးဝ မချုပ်တည်းနိုင်တော့သလို သူ၏ တိုက်ရည်ခိုက်ရည် အတွေ့အကြုံကိုလည်း မြှင့်တင်နိုင်စွမ်း မရှိတော့ပေ။ ပို၍ အရေးကြီးသည့်အချက်မှာ ထို လေ့ကျင့်ဖော်လေးက မငိုသည့် အချက်ပင်ဖြစ်သည်။ လက်ချောင်းများ မည်မျှပင် လှန်ချိုးခံနေရစေကာမူ သူ့အား အသက်မပါသော အကြည့်များဖြင့်သာ စိုက်ကြည့်နေသည်။

ဝမ်ပေါင်လဲ့က ထိုအခြင်းအရာကို လက်မခံနိုင်ပေ။ တစ်ပြိုင်နက်တည်းမှာပင် ပြီးခဲ့သော လအနည်းငယ်အတွင်း စီနီယာလေ့ကျင့်ဖော်နှင့် အမြဲမပြတ် တိုက်ခိုက်နေခဲ့သောကြောင့် အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းအချို့ကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ ထို့ကြောင့် သူသည် အခြားသူများအား သူကြုံတွေ့ခဲ့ရသည့် ခံစားချက်များကို ခံစားရအောင်လုပ်ရန် မစောင့်စားနိုင်ဘဲ ဖြစ်နေရတော့သည်။

သို့ဖြစ်၍ တိုက်ခိုက်ရေး အသင်းဂေဟာအကြောင်းကို တွေးမိသွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset