ရီဖူရှင်းက ကျန်းရှာအား ဘာမှမပြောဘဲ ဒေါသတကြီး ကြည့်သည်။ သည်တိုက်ပွဲတွင် နှစ်ယောက်ထဲမှ တစ်ယောက်သာ အသက်ရှင်မည် ဖြစ်သည်ကိုလည်း သူနားလည်သည်။ ထို့ကြောင့် တခြားပြောစရာ သိပ်မရှိတော့ပေ။
ရွှေမီးတောက်များက သူ၏ခန္ဓာကိုယ်ထဲတွင် စတင် စီးဆင်းလာသည်ဟု ရီဖူရှင်းက ခံစားရသည်။ ရွှေရောင် အလင်းများက သူ၏ခန္ဓာကိုယ်တွင် စတင် လှည့်ပတ်လာကြကာ မြင့်မြတ်သော အငွေ့အသက်များကို ပေးသည်။ ရီဖူရှင်း၏ ကိုယ်ရောင်ကိုယ်ဝါက အလွန် အားကောင်းလာကာ ထူးဆန်းသော အရှိန်အဝါများ စတင်၍ ပတ်ဝန်းကျင်ကို ပျံ့နှံ့လာ၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသော စွမ်းအားများ အားလုံးက ယခု စတင်လောင်ကျွမ်း နေကြပြီဖြစ်သည်။ သူ၏အရိုး၊ အသားနှင့် သွေးကြောများ အားလုံးက သဘာဝ စွမ်းအင်များဖြင့် ပြည့်နှက် လာနေကြသည်။ သူ၏ စိတ်စွမ်းအားများကလည်း ထိုနည်း၎င်းပင်။ မြင့်မြတ်သော ရောင်ဝါအောင်တွင် သူ၏စွမ်းအားများ အားလုံးက အမြင့်ဆုံး အခြေအနေသို့ စတင် အသက်ဝင် လာနေကြသည်။
တိုက်ပွဲစတင်သည်နှင့် ရီဖူရှင်း ထုတ်လွှတ်သော ကိုယ်ရောင်ကိုယ်ဝါကား အလွန်အမင်း အားကောင်းလွန်းလှသည်။
ဘုန်း.. ဘုန်း… ဘုန်း…
အလင်းတန်းများက သူ၏ခန္ဓာကိုယ်ထဲကို ဖြတ်သန်းသွားကာ သူ၏ သွေးကြောမငါးခုက ပွင့်ထွက်သွားပြီး ရုန့်ရင်းကြမ်းတမ်းသော ခွန်အားများက သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာ၏။ ထောင်ကျန်း ခန္ဓာကိုယ် စတင် ဖြစ်တည်လာသည်နှင့်အတူ သူ၏ခန္ဓာက စတင် ပြောင်းလဲလာသည်။ နတ်လူဝံပုံရိပ်က သူ့အား အုပ်မိုးလျက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားက လေထုကိုပင် အနည်းငယ် ဖိနှိပ်ထားဟန်ရသည်။
ရီဖူရှင်းထံမှ အပြောင်းအလဲကို မြင်သည်တွင် ကျန်းရှာ၏အပြုံးက ပျောက်ကွယ် သွားသည်။ ဤသည်က မည်ကဲ့သို့သော ကိုယ်ရောင် ကိုယ်ဝါနည်း။ ရီဖူရှင်းကား ဘုရင်များ၏ ဘုရင်များသာ ပိုင်ဆိုင်သော အရောင်အဝါများကို ထုတ်လွှတ်ထားသည်။
ဒုတိယတန်းစား နိုဘယ်မျှသာ ဖြစ်သော်လည်း ရီဖူရှင်းထံမှ ထွက်လာသည်က သေချာပေါက် ရှီအတန်းအစားတွင် ရှိသည်။ သူက လောကသဘာဝ စည်းမျဉ်းအား ရင့်ကျက်စေခြင်းမှ လွဲလျှင် သူကား ရှီတန်ခိုးရှင် တစ်ပါးနှင့် မခြားနားတော့ပေ။
“ဒါက ဘယ်လို လျှို့ဝှက်ပညာရပ်လဲ…” ကျန်းရှာက ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။ သူကား ယူချင်းထုတ်ပြသော မိစ္ဆာစွမ်းအားကို ကြည့်ပြီး အလွန်အမင်း ထိတ်လန့် ခဲ့ရသေးသည်။ ယခု ရီဖူရှင်းကလည်း နောက်ထပ် ထူးဆန်းအံ့ဖွယ်ရာ တစ်ခုအား ပြသနေပြန်လေပြီ။
သူတို့ ကိုယ်တိုင်က ယွီပြည်နယ်မှ ဖြစ်ကာ ဤကဲ့သို့ တန်ခိုးအဆင့်ထက် များစွာ မြင့်တက်သွားနိုင်အောင် စွမ်းဆောင်နိုင်သော လျှို့ဝှက်ပညာရပ်များအား သူတို့ တစ်ခါမှ မကြားဖူး မမြင်ဖူးပေ။
ရီဖူရှင်းက သူ၏စွမ်းအားများ အားလုံးကို ထုတ်လွှတ်သည်တွင် သူ၏ ကိုယ်ရောင်ကိုယ်ဝါကား ရှီတန်ခိုးရှင်ထက် အားမနည်းတော့ပေ။
ကျန်းရှာ တစ်ယောက်သာ အံ့အားသင့်သည် မဟုတ်ပေ။ ဂူတုံးလျိုနှင့် တိုက်ခိုက်နေသော မိုရှီနှစ်ယောက်ပင်လျှင် ရီဖူရှင်း၏ အပြောင်းအလဲကို ခံစားမိကာ မှင်တက်မိကြသည်။
ဂူတုံးလျိုက သူတို့အား ပေးထားသော ဖိအားက အလွန် အားကောင်းပေသည်။ သူတို့နှစ်ယောက်လုံးက မိုရှီအဆင့်တွင်ရှိကာ ဂူတုံးလျိုထက် မြင့်မားကြပေသည်။ တစ်ယောက်ကား အလယ်အလတ် မိုရှီပင်ဖြစ်ကာ တန်ခိုးအဆင့်နှစ်ခု မြင့်ပေသည်။ သို့သော်လည်း သူတို့က ဂူတုံးလျိုကို များစွာ ကြိုးစား၍ ထိန်းနေရသည်။
သူတို့က ကျိရှမ်းကမ်းပါး၏ အတော်ဆုံး ပါရမီရှင်များ မဟုတ်ကြသော်လည်း ယွီပြည်နယ် တော်ဝင်မြေမှ လာသော သူများဖြစ်ကြသည်။ သို့တိုင်အောင် မြေရိုင်းပြည်နယ်မှ ပါရမီရှင်များက သူတို့အား အံ့ဩဖွယ်ရာများ ယူလာပေးကြပေသည်။
“မင်းက နိုဘယ်ဖြစ်တယ် ဆိုတဲ့အချက်က ဘာမှ မပြောင်းလဲဘူး… မင်းက တန်ခိုး အဆင့်မြင့်တက်အောင် တစ်ခုခု လုပ်လိုက်တယ် ဆိုပေမဲ့လို့ ငါ့အတွက်ကတော့ ဘာမှ မပြောင်းလဲဘူး… မင်းအတွက် အခုကတော့ သေလမ်းတစ်ခုတည်း ရှိတယ်…” ကျန်းရှာက ရီဖူရှင်းကို အေးစက်စွာ ပြောသည်။ သူ့ထံမှ ကိုယ်ရောင်ကိုယ်ဝါက ကွဲထွက်လာသည်။ သူက ရှေ့ကို တစ်လှမ်း တက်လိုက်လျှင် မြေပြင်က တုန်ခါသွား၏။ ကြောက်မက်ဖွယ် မြေသဘာဝ လောကဓာတ်က အပေါ်မှ စတင် ဖိအားပေးလာကာ ရီဖူရှင်းအား တောင်တစ်လုံးဖြင့် ဖိထားသလို ခံစားရစေသည်။
“မင်းက ရှီတစ်ယောက်ရဲ့ အစစ်အမှန် စွမ်းအားကို သိရလိမ့်မယ်…” ကျန်းရှာက အေးစက်စွာ ပြောသည်။ သူက လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်တွင် ကြီးမားသော အားလှိုင်းတစ်ခုက ရီဖူရှင်းအား လာရောက် တိုက်ခိုက်သည်။
ရီဖူရှင်းက သူ၏စွမ်းအားများ အားလုံးကို အသက် သွင်းလိုက်သည်။ သူက လက်ဝါးဖြင့် ရိုက်သည်တွင် လက်ဝါး ရိုက်ချက်တိုင်းက ဧကရာဇ်တစ်ပါး၏ အားများပါဝင်နေပြီး ကျန်းရှာ၏ လက်ဝါးဖြင့် ရင်ဆိုင်မိသည်။
ကြယ်များ ပေါက်ကွဲကြသကဲ့သို့ စွမ်းအားလှိုင်းကလည်း ပျက်ပြယ်သွားသည်။
“လောကစွမ်းအား…” ရီဖူရှင်း၏ပုံရိပ်ကို ကြည့်ကာ ကျန်းရှာက အံ့အားသင့်သွားသည်။ ရီဖူရှင်းက လောကစွမ်းအားကို နားလည် ဆင်ခြင်ထားသည်မှာ သေချာပေသည်။ မဟုတ်လျှင် ထိုနေ့က ချင်ကျောင်းအား ရီဖူရှင်းက အနိုင်ရမည် မဟုတ်ပေ။ ရီဖူရှင်းပိုင်ဆိုင်သော လောကစွမ်းအားက ရင့်ကျက်ခြင်း မရှိသေးသော်လည်း တခြားအထောက်အကူပြု လျှို့ဝှက် ပညာရပ်များကြောင့် ရင့်ကျက်သော လောကစွမ်းအားများကဲ့သို့ အားကောင်းနေသည်။
ရီဖူရှင်း၏ သက်စောင့်ဟော်နန်းထဲ၌ သဘာဝစွမ်းအင်များ လောင်ကျွမ်းနေသော တစ်နေရာရှိသည်။ ကမ္ဘာသစ်ပင်က လှုပ်ယမ်းနေကာ ရီဖူရှင်း၏ အာရုံခံစားမှုများက ပိုမိုအားကောင်းလာသည်။ သူပတ်ဝန်းကျင်မှ သဘာဝစွမ်းအားများကို သူက ပိုမိုအားကောင်းစွာ ခံစားသိမြင်လာသည်။ သူ၏ထောင်ကျန်း ခန္ဓာကလည်း ဒီမွန်းနတ်ဘုရား အသွင်သို့ ပြောင်းလာ၏။
ရီဖူရှင်းက မျက်လုံးကို မှိတ်လိုက်သည်တွင် ပတ်ဝန်းကျင်နှင့် မိမိကိုယ်ကို တစ်သားတည်း ဖြစ်သွားသည်ဟု ခံစားရသည်။ သူ၏သက်စောင့်ဝိညာဉ်က ထောင်ကျန်း ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ မကြာမီ ဓာတ်မျိုးစုံ၏အလင်းများ ထွက်ပေါ်လာသည်။ ယခုတွင်ကား မည်သည့် နိုဘယ်ကမှ သူ့အား ထိခိုက်နိုင်စွမ်း မရှိနိုင်ပေ။
ပြင်းထန်သော စိတ်စွမ်းအားက ကွဲထွက်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးအား ပြည့်နှက်သွားကာ ကျန်းရှာကိုပင် စတင် ဝါးမျိုလာသည်။ ကျန်းရှာကလည်း သူ့ထံကို ရောက်ရှိလာသော ပိုမိုအားကောင်းသော ဖိအားများအား ခံစားရသည်။ သူက ကြယ်တာယာ များစွာ၏အလေးချိန်ကို ထမ်းပိုးထားရသလို ခံစားရ၏။
“လောကစွမ်းအားက တကယ်ပဲ ရင့်ကျက် လာခဲ့တာလား…” ကျန်းရှာက ကိုယ်ရောင်ကိုယ်ဝါ ပိုမို အားကောင်းလာသော ရီဖူရှင်းကို ကြည့်သည်။
“ကောင်းကင်အေးခဲ…” ရီဖူရှင်းက ကောင်းကင်ယံကို အေးခဲရန် ကြိုးစားသည်။ ကျန်းရှာက မဲ့ပြုံးပြုံးသည်။ မည်သို့ဆိုစေ နိုဘယ်တစ်ယောက်က လောက သဘောဝဓာတ်အား အသုံးမပြုနိုင်သေးပေ။
ဝုန်း… ကျန်းရှာကလေထဲကို ခုန်တက်လာကာ နောက်ထပ် လက်ဝါးရိုက်ချက် တစ်ချက် ထုတ်သည်။ ကြီးမားသော စွမ်းအားက တစ်ဖန် ဖြစ်ပေါ်လာကာ တောင်များစွာက ကောင်းကင်ထက်မှ ကျဆင်းလာသည့်အတိုင်း ပုံရိပ်များ ထင်လာကာ ကောင်းကင် အေးခဲလောကဓာတ်အား ဖျက်ဆီးကြသည်။
ရီဖူရှင်း၏ခန္ဓာကိုယ် အပြင်းပန်း၌ ကြယ်အလင်းများအား တွေ့ရပြီး စတင်၍ အရံအတားများ ဖြစ်လာကြသည်။ တောင်များ ကျဆင်းလာသောအခါ ကြယ်အလင်းများ အက်ကွဲကြသည်။ သို့သော်လည်း စစ်မှန်သော လောကဓာတ် အရံအတားတစ်ခု ဖြစ်တည်လာသည်ကို သူခံစား၍ ရသည်။
“ဖြတ်တောက်စမ်း…” ကျန်းရှာက အေးစက်စွာ ပြောသည်။ မရေမတွက်နိုင်သော လျှပ်စီးများက ဓားသွားများအလား ရီဖူရှင်းထံကို ကျဆင်းလာကြသည်။ ရီဖူရှင်းအနီးမှ ကြယ်တာရာများ တဝုန်းဝုန်း ပေါက်ကွဲကြသည်။
ရီဖူရှင်း၏အာရုံခံစားမှုက အမြင့်ဆုံး၌ ရှိနေသည်။ သူ၏စိတ်က ကောင်းကင်နှင့် မြေကြီး၌ ပျော်ဝင်သွားကာ လောကတစ်ခုလုံးနှင့် ဆက်သွယ်လျှင် အရာအားလုံးကို အေးခဲစေရန် ကြိုးစားသည်။ သို့တိုင်အောင် သူက လုပ်နိုင်စွမ်း မရှိကြောင်း သိလိုက်ရသည်။
ကျန်းရှာက ရှေ့ကို တက်လာကာ နောက်ထပ် လျှပ်စီးတစ်ခုအား ထုတ်လွှတ်သည်တွင် လျှပ်စီးတန်းက အရာအားလုံးကို ဖြတ်တောက်လျက် ရီဖူရှင်းထံသို့ တိုးဝင်လာသည်။
ဘုန်း.. မျှော်စင်တစ်ခု ရီဖူရှင်းရှေ့တွင် ပေါ်လာကာ လျှပ်စီးတန်းကား ကာကွယ်သည်။ မျှော်စင်က တဝှီးဝှီး လှည့်ပတ်လျက် ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွတ်သည်။
“အဆင့်မြင့်ရှီလက်နက်…” ကျန်းရှာက မျှော်စင်ကို ကြည့်သည်။ ရီဖူရှင်းက ထိုလက်နက်ကို သုံးနေခြင်းက စိတ်မကောင်း စရာပင်။ သူက ထိုလက်နက်၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်နိုင်စွမ်း မရှိပေ။
မျှော်စင်ကား ကျန်းရှာ၏ခေါင်းသို့ ပြေးဝင်လာသည်။ ရီဖူရှင်း၏ စိတ်စွမ်းအားက အမြင့်ဆုံးသို့ ရောက်လာကာ မျှော်စင်၏ စွမ်းအားကို ထိန်းချုပ်သည်။ တစ်ချိန်တည်းမှာပင် နတ်လူဝံကြီးက နှင်တံတစ်လက်အား စတင်ဖန်တီးကာ အားများကို စုစည်းသည်။
“သိဒ္ဓိဝင်လက်နက်… ဟုတ်လား… မင်းမှာပဲ ရှိတာ မဟုတ်ဘူး…” ကျန်းရှာက လက်ဆန့်တန်းသည်တွင် တောင်တစ်လုံး ပေါ်လာကာ မျှော်စင်ထံသို့ သွားရောက် ထိရိုက်သည်။
ကျန်းရှာက ဟောင်းနွမ်းနေသော ဓားတစ်လက်အား ထုတ်ကာ နောက်ထပ် ဓားချက်တစ်ချက် ထုတ်သည်။
နတ်လူဝံက နှင်တံကို ကိုင်စွဲလျက် ရိုက်ချလာသည်တွင် ဓားချက်က နှင်တံပုံရိပ်အား နှစ်ပိုင်း ဖြတ်တောက်သွားသည်။ ရီဖူရှင်းက ဒုတိယ နှင်တံရိုက်ချက်ကို ထုတ်သည်။ သူတို့အနီးမှ လေထုက တုန်ခါနေကာ တိမ်များပင် စတင် ရွေ့လျားကြသည်။
ကျန်းရှာကား မည်သို့မှ မခံစားရပေ။ ရီဖူရှင်းက မည်မျှ အားကောင်းပါစေ သေကို သေရမည် ဖြစ်သည်။ သူ၏ လေဟာနယ်ဓားက မဖြတ်တောက် နိုင်သည့်အရာ မရှိပေ။
ဓားအလင်းတန်းများက မိုးစက် မိုးပေါက်များသဖွယ် ကျဆင်း လာကြပြန်သည်။ လေထဲတွင်ပင် ရီဖူရှင်းကလည်း ဒုတိယရိုက်ချက်အား ထုတ်လွှတ် လိုက်သည့်တိုင် ဓားချက်များက အရာခပ်သိမ်းအား ဖြတ်တောက်လျက် ဆက်လက် တိုးဝင်လာကြကာ ရီဖူရှင်း၏ကြယ်တာရာ အရံအတားသို့ ကျဆင်းလာသည်။ ဓားချက်အချို့က သူ၏ထောင်ကျန်း ခန္ဓာကိုယ်ပေါ်ကိုပင် ရောက်ရှိလာသည်။ သို့သော်လည်း ရီဖူရှင်းက ဂရုမစိုက်ဘဲ သူ၏နှင်တံကို ဆက်လက် ဝှေ့ယမ်းသည်။ စတုတ္ထရိုက်ချက်နှင့် ပဉ္စမရိုက်ချက်တို့က မြေပြင်ကို တုန်ခါစေသည်။ နတ်လူဝံက အော်ဟစ်ကာ ကြယ်အလင်းများ ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
ကျန်းရှာက နောက်ထပ် ဓားချက်များကို ထုတ်လွှတ်လိုက်သည်။ ဓားချက်ကိုးချက်က တစ်ချိန်တည်းမှာ ထွက်ပေါ်လာသည်။ ရီဖူရှင်း၏ ထောင်ကျန်း ခန္ဓာကိုယ်ကား စတင်ယိုယွင်း လာကြကာ အချိန်မရွေး ပြိုပျက်နိုင်သည်။
သို့တိုင်အောင် ရီဖူရှင်းက ကျန်းရှာထံသို့ ဆက်လက် တိုးဝင်လာသည်။ ကျန်းရှာကလည်း ပိုမိုအားကောင်းသော ဓားချက်များအား ထုတ်လွှတ်လိုက်သည်။
“သေလိုက်တော့…” ကျန်းရှာက သူ့ထံကို ရောက်လာသော ရီဖူရှင်းအား ဓားဖြင့် ဆီးခုတ်သည်။ သို့သော်လည်း ရီဖူရှင်းက ခုခံရန် မကြိုးစားတော့ပေ။ သူက လက်လျှော့ လိုက်ပြီဖြစ်သည်။ သူက လေဟာနယ်ကို ခြေလှမ်း တစ်လှမ်းဖြင့် ဖြတ်ကာ ကျန်းရှာ၏ဘေး၌ ပေါ်လာပြီး ဆဋ္ဌမရိုက်ချက်အား ရိုက်လိုက်သည်။
ကျန်းရှာက မျက်မှောင်ကြုတ် လိုက်သည်။ သူက ဤနည်းဖြင့် အသက်စွန့်တော့ မည်လား…။
ဓားချက်က ရီဖူရှင်း၏ ထောင်ကျန်း ခန္ဓာကိုယ်ကို ဖြတ်တောက် သွားကာ နှင်တံရိုက်ချက်က ကျန်းရှာ၏ခန္ဓာကိုယ်ကို ကျဆင်းလာသည်။ ကျန်းရှာ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ဓားပုံရိပ်များ ဖြစ်ပေါ်လာကာ ဧရာမကြီးမားသော ကျောက်ဘီလူး ပုံရိပ်တစ်ခုက သူ့အား အုပ်မိုးသွားသည်။
နှစ်ဘက်လုံး၏ တိုက်ခိုက်မှုများ ကျဆင်း လာကြသော်အခါ ရီဖူရှင်း၏ ထောင်ကျန်းခန္ဓာကိုယ်က တစ်တစ်ပြိုပျက် သွားကြသည်။ ဓားစွမ်းအားများက သူ၏အရံအတားများ အားလုံးကို ဖြတ်တောက်ကာ အစစ်အမှန် ခန္ဓာကိုယ်သို့ ရောက်ရှိလာခဲ့သည်။ ကြီမားသော ဒဏ်ရာတစ်ခုက ရီဖူရှင်း၏ခန္ဓာကိုယ်၌ ပေါ်လာသည်။
တခြားတစ်ဖက်တွင် ကျန်းရှာကား ကြီးစွာ တုန်ယင်သွားကာ မြေပြင်ပေါ်ကို ကျသည်။ သူက ညည်းသံ တစ်ချက်နှင့်အတူ ပါးစပ်မှသွေးများ စီးကျလာသည်။ သူကပါးစပ်မှ သွေးများကို လက်ဖြင့် သုတ်လိုက်ပြီး ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။ သူ၏သက်စောင့် ဝိညာဉ်နှင့် ခုခံခြင်း ရတနာများဖြင့်သာ မကာကွယ်ခဲ့ပါက ထိုရိုက်ချက်က သူ့အသက်ကိုပင် အန္တရာယ် ပေးနိုင်ပေသည်။ ရီဖူရှင်းက သူ့အား သေရွာသို့ အပါခေါ်သွားလိုသည်လား…။
“မင်းသေလို့ရပြီ…” ကျန်းရှာက ရီဖူရှင်းထံကို လျှောက်လာသည်။ သို့သော်လည်း နောက်တစ်ယောက်က ရီဖူရှင်း၏ ဘေးကို ရောက်လာ၏။
သူမကား ဟွာဂျီယူ ဖြစ်သည်။ သူမက ရီဖူရှင်း ဘေးနားကို လျှောက်လာကာ သူ၏လက်မောင်းတွင် မှီလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် အကြောက်တရား မရှိပေ။ သူတို့အကြားတိုက်ပွဲက ရှီအဆင့်တွင် ရှိပေသည်။ သူမ၏ စွမ်းအားဖြင့် မည်သို့မှ မတတ်နိုင်ပေ။ ထို့ကြောင့် လက်ရှိ အခြေအနေတွင် သူမက ရီဖူရှင်းနှင့်အတူ သေဆုံးသွားရန်သာ ရှိတော့သည်။
***