Switch Mode

အပိုင်း (၇၀၁)

ထိုက်ဟန်တောင်ပေါ်တွင်

နဂါးပတ်တောင်၏ လခြမ်းအိမ်တော်တွင် ဂူတုံးလျိုက ရီဖူရှင်း၏ဘေးနားကို ရောက်လာကာ ပြောသည်… “ညီငယ်လေး… ငါ ထိုက်ဟန်တောင်ကို သွားမယ်”

အရာအားလုံးက သူ့ကြောင့် အစပြုခဲ့ရ၏။ ကျန်းရှာက ထိုက်ဟန်တောင်ကို ဦးတည် သွားနေသည်တွင် သည်ကိစ္စအား သူက အဆုံးသတ်ရန် ဖြစ်လာသည်။ ကျိရှမ်းကမ်းပါးနှင့် ကျန်းရှာတို့က ကိစ္စရပ်များအား နောက်ဆုတ်ရန် မရှိသည်တွင် သူက အဆုံးသတ်မှ ရပေတော့မည်။

သည်ကာလ တစ်လျှောက်လုံး၌ သူက မိမိကိုယ်တိုင်သာ တာဝန်ယူ အဆုံးသတ်လိုခဲ့၏။ သို့သော်လည်း ကိစ္စရပ်များက သူထင်ထားသလို ဖြစ်မလာခဲ့ပေ။

“ကျွန်တော်က ဂျီယူနဲ့ တခြားလူတွေကို စိတ်ပူတယ်… ကျွန်တော် ကိုယ်တိုင် သွားဖို့လိုတယ်” ရီဖူရှင်းက ပြောသည်။ ဂျီယူ၊ ယူရှမ်း၊ လို့လန်ရွှီ၊ ချိန်ချန်နှင့် တခြားလူများက ထိုက်ဟန်တောင်တွင် ရှိနေရာ သူတို့သာ တစ်စုံတစ်ခု ဖြစ်သွားပါက ရီဖူရှင်းက မိမိကိုယ်ကို ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

“ဖူရှင်း” လူတစ်ယောက် ရောက်လာသည်။ သူကား ကျူးကော့ချန်းဖန် ဖြစ်သည်။

ရီဖူရှင်းက ကျူးကော့ချန်းဖန်ကို ကြည့်ကာ ပြောသည်… “တော်ဝင်ကျဲနန်းတော်က လာတဲ့ သတင်းတွေ အရ ကျန်းရှာကို ထိုက်ဟန်တောင်သို့ သွားအောင် တိုက်တွန်းတာ ပိုင်စီဖြစ်တယ်… ဒါကြောင့်ပဲ ပိုင်စီက အသတ်ခံရပြီးတော့ သတ်တဲ့လူက ရီဝူချင်း၊ ကျွေ့ချိန်ချူနဲ့ စုချွဲတို့ဖြစ်နိုင်ဖွယ် အရှိဆုံးလို့ ကြားတယ်… သူတို့သုံးယောက်က တော်ဝင်ကျဲနန်းတော်က ထွက်ပြေးသွားကြပြီ”

“ပိုင်စီ” သူက ထိုနာမည်ကို ကြားသည်တွင် ရီဖူရှင်း၏မျက်လုံးက အေးစက်သော အငွေ့အသက်များ လွှမ်းခြုံသွား၏။ တစ်ဖက်ကလည်း ရီဝူချင်းတို့အတွက် လွန်စွာ စိုးရိမ်သွားသည်။ ရီဝူချင်းတို့က သူ့ပြဿနာထဲ ပါဝင်ပတ်သက်မိ ပြန်ချေပြီ။

“ယန်ဟောင်ကို မင်းနဲ့ ခေါ်သွား” ကျူးကော့ချန်းဖန်က ပြောသည်။

“မလုပ်နိုင်ဘူး” ရီဖူရှင်းက တွန့်ဆုတ်ခြင်း မရှိဘဲ ပြောသည်… “ဦးလေးက ကျွန်တော့်ကြောင့်ပဲ​ မိသားစုတစ်ခုလုံးရဲ့ အသက်ကို ရင်းပြီး စွန့်စားထားရတာ… တကယ်လို့ အဘိုးယန်ကိုသာ ထိုက်ဟန်တောင်သို့ ခေါ်သွားရင် နဂါးပတ်တောင်က အဆုံးသတ်ပြီ… ပြီးတော့ ကျိရှမ်းကမ်းပါးက နဂါးပတ်တောင်ကို ဖျက်ဆီးပြီးရင်လည်း ကျွန်တော့်ကို အလွတ်ပေးမှာ မဟုတ်ဘူး… ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ”

ကျူးကော့ချန်းဖန်က ရီဖူရှင်းကို ကြည့်သည်။ အခြေအနေက အရေးပေါ်ဖြစ်ကာ ထပ်စောင့်ဆိုင်း၍ ​မရတော့ပေ။

“ဦးလေးတို့က အခုပဲ​ အဘိုးယန်နဲ့အတူ သွားတိုက်ဖို့ လိုလိမ့်မယ်… သူတို့က ဒီကို လာအောင် စောင့်နေဖို့ အချိန်မရှိဘူး… ဒါမှ ကျွန်တော်က ထိုက်ဟန်တောင်ကို သူတို့ စောင့်ကြည့်နေတဲ့ကြားက ထွက်သွားနိုင်မှာ” ရီဖူရှင်းက ပြောသည်။

ကျူးကော့ချန်းဖန်၏မျက်လုံးများက အရောက်လက် သွားသည်။ သူက စစ်ကို ဦးဆုံး စတင် တိုက်ခိုက်လိုသည်လား…။

“ငါမင်းကို ခေါ်သွားပေးမယ်” နောက်တစ်ယောက်က ရောက်လာသည်။ ကျူးကော့ချန်းဖန်၊​ရီဖူရှင်းနှင့် တခြားလူများကလည်း အနည်းငယ် အံ့အားသင့်သွားကာ ရောက်လာသူကို ကြည့်ကြသည်။

ထင်းဆွေအိမ်တော် ခေါင်းဆောင် စုရှမ်းကား ကောင်းကင်မြေရိုင်း အဆင့်ကိုးတွင် ရှိသည်။

ရီဖူရှင်းက စုရှမ်းကို ကြည့်ကာ ပြောသည်… “ဒါဆိုလည်း ကျေးဇူးတင်ပါတယ်… စီနီယာ” ရီဖူရှင်းကား အလွန်စိုးရိမ်နေရာ ယန်ဟောင်ကိုလည်း ခေါ်သွားလိုသည်။ သို့သော် လက်ရှိ အခြေအနေအရ ယန်ဟောင်ကို ခေါ်သွား၍လည်း မရပေ။ ယခု စုရှမ်းက ကူညီမည် ဆိုသောအခါ ငြင်းဆန်ရန် အားမရှိတော့ပေ။ သူက စုရှမ်း၏အကူအညီကို မှတ်သား ထားပေမည်။

“ငါက မြေရိုင်းပြည်နယ်မှာ တစ်ယောက်တည်း မဟုတ်ဘူး… ဒါကြောင့် ကျိရှမ်းကမ်းပါးနဲ့ တိုက်ရိုက် တိုက်ခိုက်လို့ မရဘူး” စုရှမ်းက ပြောသည်။

“ဒီလို ပြောဖို့ မလိုပါဘူး.. စီနီယာ… ကျွန်​တော် နားလည်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကျိရှမ်းကမ်းပါးက ရှန့်ထိုကို ပိုင်ဆိုင်ကာ စုရှမ်းက သူတို့နှင့် ရန်ဖြစ်ခြင်းက အလွန်ဆိုးဝါးသော အကျိုးဆက်များ ဖြစ်လာနိုင်ပေသည်။

“ဒါဆိုလည်း လှုပ်ရှားကြရအောင်” စုရှမ်းက ပြောသည်။

“အမှန်ပဲ” ရီဖူရှင်းက ပြောသည်။

“ယန်ဟောင်… ဒါဆိုလည်း သွားရအောင်” ကျူးကော့ချန်းဖန်က ယန်ဟောင်ကို ကြည့်ကာ ပြောသည်။

“ကောင်းပြီ” ယန်ဟောင်က ခေါင်းညိတ်သည်။ သူကလည်း ထိုက်ဟန်တောင်ကို စိတ်ပူ၏။

“သွားစို့” ကျူးကော့ချန်းဖန်နှင့် ယန်ဟောင်တို့က တစ်ချိန်တည်းတွင် လေထဲကို ပျံတက်သွားကာ နဂါးပတ်တောင်မှ ဆင်းသက် သွားကြ၏။

ရွှမ်ဝူမြို့တွင် ထိပ်သီး တန်ခိုးရှင်များက စုစည်းနေကြကာ နဂါးပတ်တောင်နှင့် သိပ်မဝေးသော နေရာ၌ စတည်းချနေကြ၏။ များစွာသော ထိပ်သီး တန်ခိုးရှင်များက ထိုနေရာတွင် ရှိကာ ရုတ်တရက် ကြောက်မက်ဖွယ် လေထုဖိအားတစ်ခုကို သိသိသာသာ ခံစားလိုက်ကြရသည်။ ထိုက်ဟန်တောင်၏ ထိပ်သီးတန်ခိုးရှင်များနှင့် ကျူးကော့မိသားစုမှ တန်ခိုးရှင်များ ပေါ်လာကြသည်။ ကျူးကော့မိသားစုမှ ရှီတန်ခိုးရှင်များပင်လျှင် သည်တစ်ခေါက် ပါဝင်လာကြသည်။ သူတို့ကလည်း အခြေအနေကို သိနားလည်ကြ၏။ အကယ်၍ ကျူးကော့ချန်းဖန်ကသာ တိုက်ပွဲတွင် ကျရှုံးသွားခဲ့ပါက ကျူးကော့မိသားစုလည်း အဆုံးသတ်ပြီ ဖြစ်သည်။ သူတို့က မည်သို့ပင် မလိုလားပါစေ ကျူးကော့မိသားစု အတွက် မတတ်သာပဲ ဝင်ရောက် တိုက်ခိုက်ရတော့သည်။

“ငါသိပြီ… မင်းတို့အားလုံးက သေချင်နေကြတာပဲ” ခွန်ယိုက သူတို့အားလုံးကို မြင်သည်တွင် အေးစက်စွာ ပြောသည်။ သူက ကိုယ်ရောင် ကိုယ်ဝါများအား ထုတ်လွှတ်လျက် လေထဲကို ခုန်တက်လိုက်သည်။ နောက်ဆုံးတိုက်ပွဲက သူ့အား လွန်စွာ ဒေါသထွက်စေကာ ယခုတွင် သူ့စိတ်၌ သတ်ဖြတ်ရန်မှအပ တခြား အတွေးများ မရှိတော့ပေ။

တော်ဝင်မီးတောက်ဂိုဏ်းမှ တန်ခိုးကြီးပုဂ္ဂိုလ်များ၊ ဓားကျေးရွာမှ လူများနှင့် နန်ထျန်းအိမ်တော်မှ လူများကလည်း တစ်ပြိုင်နက်လည်း လေထဲကို တုန်တက်လိုက်ကြကာ စတင်တိုက်ခိုက်ရန် ပြင်ဆင်ကြ၏။ သူတို့တွင် တခြားလမ်း မရှိပေ။ ကျူးကော့မိသားစုကို မသတ်လျှင် နောင်တွင် သူတို့ကသာ ပြဿနာ တက်ပေမည်။

ထိခိုင်ကလည်း ထိုနေရာတွင် ရှိနေ၏။ သို့သော် သူက အနည်းငယ် တွန့်ဆုတ်နေ၏။ ယူစီက သူ့အား သည်အရေးတွင် မပါဝင်ရန် သတိပေးထားကာ အကယ်၍ ပါဝင်ခဲ့ပါက အကျိုးဆက်ကို ထည့်တွက်ရန် လိုပေသည်။ သည်စစ်ပွဲတွင် သူပါဝင်သည်ကို ယူစီသိသွားပါက သူမည်သို့ ဖြစ်မည်ကို မခန့်မှန်းနိုင်ပေ။

ကောင်းကင်တွင်ကား လူများနှင့် ပြည့်နှက်နေကာ ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါများ နေရာအနှံ့ ပျံ့နှံ့နေ၏။ ရွှမ်ဝူမြို့မှ လူများက တိုက်ပွဲနေရာကို ကြည့်ကာ စိတ်လှုပ်ရှားခြင်းကြီးစွာ ဖြစ်နေကြသည်။ သည်တိုက်ပွဲကား နောက်ဆုံး တိုက်ပွဲပင် ဖြစ်သွားနိုင်ပေသည်။

***

မရေမတွက်နိုင်သော လူများက ရွှမ်ဝူမြို့တိုက်ပွဲကို အာရုံစိုက်နေကြရာ လူအချို့က ထိုက်ဟန်တောင်ကို ထွက်သွားသည်ကို သတိမထားမိကြပေ။ သို့သော်လည်း တစ်ချိန်တည်းမှာပင် နောက်အုပ်စုတစ်ခုက ထိုက်ဟန်တောင်ကို ဦးတည်နေကြသည်။ ခေါင်းဆောင်နေသူကား အလွန် အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ပြီး သူ့မျက်လုံးများထဲမှ ကြောက်မက်ဖွယ် လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

သူကား ပိုင်ဂူဖြစ်သည်။ ပိုင်စီ သေဆုံးသွားသည်ကို သူက ဦးဆုံးသိခဲ့ကာ ပိုင်စီ၏ဝိညာဉ် ကျောက်တုံးက ပိုင်အိမ်တော်တွင် တည်ရှိပေသည်။

သူက ပိုင်စီ သေဆုံးသွားသည်ကို သိသည်နှင့် တော်ဝင်ကျဲနန်းတော်ကို သွားရောက်ခဲ့၏။ ထို့နောက် သတ်ဖြတ်သွားသူက ရီဝူချင်းတို့ ဖြစ်သည်ကို သိခဲ့ရသည်။ သူက ရီဝူချင်းတို့ အုပ်စုနောက်ကို လိုက်ပါစုံစမ်းခြင်း မရှိတော့ပေ။ ထိုအစားသူက ထိုက်ဟန်တောင်ကို ဦးတည်နေသည်။ ယခု သူအလုပ်ချင်ဆုံး ဆန္ဒကား ထိုက်ဟန်တောင်ကို အဆုံးသတ်လိုခြင်းပင်။ ယန်ဟောင်၏ စွက်ဖက်မှုကြောင့်သာ မဟုတ်လျှင် အရာအားလုံးက ကွဲပြားခြားနားသော ရလဒ်များ ဖြစ်ပေါ်လာနိုင်ပေသည်။

ထိုက်ဟန်တောင်က သည်ကိစ္စအတွက် ပြန်ပေးဆပ်ရမည်။ ရီဖူရှင်းကလည်း သူလုပ်ခဲ့သည်အတွက် ပြန်ပေးဆပ်ရမည်။

ပိုင်စီ၏သေဆုံးခြင်းက ပိုင်ဂူအား ရူးသွပ်စေကာ စဉ်းစား ဆင်ခြင်မဲ့စေ၏။ သူ၏လက်ရှိ စိတ်ထဲတွင်ရှိသည်ကား သတ်ဖြတ်ရန်သာ ဖြစ်သည်။

သူက ထိုက်ဟန်တောင်ကို ဦးစွာ အဆုံးသတ်ပြီး နဂါးပတ်တောင်ကို ဆက်သွားမည်။

အားလုံးက သူ၏သားသေဆုံးရခြင်းအတွက် ပေးဆပ်ရန် လိုသည်။

***

ယခုကား ထိုက်ဟန်တောင်ပေါ်တွင် ညနေချင်း အချိန်အခါဖြစ်သည်။ နီစွေးသော ကောင်းကင်တိမ်တိုက်များ မိုးထားသော ထိုက်ဟန်တောင်ကား အထီးကျန်ဆန်လွန်း လှသည်။

ဟွာဂျီယူကား ထိုက်ဟန်တောင်၏ အစွန်းတစ်နေရာတွင် ရပ်နေသည်။ သူမက သည်နေရာမှ ရပ်ကာ အဝေးကို နေ့စဉ် ငေးမော ကြည့်ရှုသည်။ ရီဖူရှင်းက သူမအား စိတ်ပူပန်သောကြောင့် နဂါးပတ်တောင်အား မလာခိုင်းခဲ့သည်ကို သူမနားလည်သည်။ သို့သော်လည်း သူမက နဂါးပတ်တောင်မှ အခြေအနေကို နားလည်နေကာ စိတ်အေးလက်အေး မနေနိုင်သေးပေ။ အလွန်အမင်း စိုးရိမ်စိတ်များ ကြီးစိုးနေသည့်တိုင် သူမက ထိုက်ဟန်တောင်တွင် နေနေရသည်။

ထိုစဉ်မှာပင် ညနေခင်း နေရောင်အောက်၌​ လူတစ်စု ထိုက်ဟန်တောင်ပေါ်သို့ ပျံသန်းလာသည်ကို မြင်ကြရသည်။ ဟွာဂျီယူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော ဟန်အမူအရာများ ပေါ်လာပြီး မြေပြင်တစ်နေရာမှ များစွာသော ရွှေလူဝံကြီးများက ကောင်းကင်ထက်ကို ပျံသန်းတက်ရောက် သွားကြသည်။

လာရောက်သူများက ရီဖူရှင်းတို့အုပ်စု မဟုတ်သည်မှာ သေချာပေသည်။

လေထဲမှ တုန်ခါမှုများက ထိုက်ဟန်တောင် သားရဲများ အားလုံးကို နိုးကြားစေခဲ့၏။ တောင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါလာကာ လူဝံကြီးများ တစ်ကောင်ပြီး တစ်ကောင် လေထဲကို ခုန်တက် လာကြသည်။

ယူရှမ်းနှင့် ယိချိန်ချန်တို့ကလည်း ဟွာဂျီယူ၏ဘေးကို ရောက်လာကြသည်။ ယူရှမ်းက အဝေးကို အေးစက်စွာ ကြည့်သည်။

ကျန်းရှာကား စွမ်းအားမြင့် တန်ခိုးရှင်များအား ဦးဆောင်ကာ ထိုက်ဟန်တောင်ကို ရောက်လာသည်။ သူတို့အုပ်စုက ကျိရှမ်းကမ်းပါး၏ အင်အား အကောင်းဆုံးအုပ်စု မဟုတ်သည့်တိုင် အလွန် အားကောင်းသူများ ပါဝင်ကြသည်။ သူတို့က ကျန်းရှာနှင့် ချင်ကျောင်းတို့ကို ကာကွယ်ရန် လိုက်ပါနေကြခြင်း ဖြစ်ကာ ယခု ထိုက်ဟန်တောင်သို့ လာရန် ကျန်းရှာက ခေါ်ဆောင် လာခဲ့သည်။

ထိုက်ဟန်တောင်ကို စောင့်ကြပ်နေသော လူဝံများစွာ ရှိသောလည်း တကယ့်ထိပ်သီးလူဝံများ အားလုံးက နဂါးပတ်တောင်ကို လိုက်ပါ သွားခဲ့ကြသည်။

“ဒီတိရစ္ဆာန်တွေကို သတ်စမ်း” ကျန်းရှာက အေးစက်စွာ ပြောလျှင် ရှေ့ကို တက်လာသည်။ သူ့ရှေ့၌ အလွန် စွမ်းအားမြင့်သော တန်ခိုးရှင်နှစ်ယောက် ပါလာသည်။ တစ်ယောက်က ကြောက်မက်ဖွယ် ကောင်းသော ဓားတစ်လက်အား ကိုင်ဆောင်ထားပြီး သူ၏ဓားကို ဝှေ့ယမ်း တိုက်ခိုက်သည်တွင် နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ နောက်တစ်ယောက် ကလည်း တူညီစွာပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူတို့က လမ်းတစ်လျှောက် လူဝံများကို သတ်ဖြတ်ကာ ထိုက်ဟန်တောင်ပေါ်ကို တက်လာကြသည်။

လမ်းတစ်လျှောက် ရွှေလူဝံများ၏ သွေးများဖြင့် နီရဲနေသည်။ ကျန်းရှာနှင့် သူ့လူများကို တားဆီးနိုင်သူ မည်သူမှ မရှိပေ။

သူတို့အုပ်စုက ပင်မတောင်သို့အထိ သတ်ဖြတ်ကာ တက်ရောက် လာကြသည်တွင် နောက်ဆုံး၌ တောင်ပေါ်တွင် ဟွာဂျီယူ၊ ယူချင်းနှင့် တခြားလူများအား မြင်ကြရသည်။ သူ၏မျက်လုံးတွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်။ ရီဖူရှင်းကား သူ၏အကြံအစည်များအား ကြီးစွာ ပျက်စီးစေခဲ့၏။ ယခု ရီဖူရှင်းက သူလုပ်ခဲ့သည်များ အတွက် ပြန်ပေးဆပ် ရပေတော့မည်။

“မင်တို့အားလုံး နောက်ဆုတ်ကြ” များစွာသော ရွှေလူဝံများ ဟွာဂျီယူတို့ဘေးတွင် ပေါ်လာကာ ပြောသည်။ ဧရာမကြီးမားသော ရွှေလူဝံနှစ်ကောင်က ကျန်းရှာတို့ဘက်ကို ပြေးဝင်လာကြကာ ယူရှင်းတို့ ထွက်ပြေးရန် အခွင့်အလမ်း ဖန်တီးပေးကြသည်။

“မရီး… သွားကြမယ်” ယူရှမ်းက ဟွာဂျီယူကို ပြောသည်။ လူဝံများ တစ်ကောင်ပြီး တစ်ကောင် အသက်စွန့် သွားကြသည်ကို မြင်လျှင် သူမ၏စိတ်က အလွန်အမင်း ထိခိုက်နာကျင်မှုကို ခံစားရသည်။ သို့သော်လည်း တစ်ဖက်က လူဝံများ ကာကွယ်ပေးနေသော အချိန်တွင် သူမလည်း မြန်ဆန်စွာပင် နောက်ဆုတ် ထွက်ပြေးရန် အားထုတ်ရသည်။

“မင်းတို့က ပြေးချင်တာလား” ကျန်းရှာ၏အမူအရာက အလွန်တရာ အေးစက်နေသည်… “သူတို့ကို တားစမ်း” သူတို့က မြန်ဆန်စွာပင် ပျံသန်းသွားကြကာ​ နောက်ဆုံးတွင် သူတို့ရှေ့ကို ဧရာမကြီးမားသော လူဝံနှစ်ကောင် ပေါ်လာတော့သည်။ ဧရာမကြီးမားသော လူဝံနှစ်ကောင်က သူတို့၏ နှင်တံများကို ဝှေ့ယမ်းကာ ဆက်တိုက် တိုက်ခိုက်ကြ၏။ မကြာမီ တဝုန်းဝုန်း ပေါက်ကွဲသံများ ကြားရကာ ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များက သူတို့၏ပြိုင်ဘက်များနှင့် တွေ့ဆုံသွားကြသည်။

“ကျုပ်တို့က သူတို့ကို ထိန်းထားတယ်… သူတို့နောက်ကို ဆက်လိုက်ပါ” ကျိရှမ်းကမ်းပါးမှ စွမ်းအားမြင့်တန်ခိုးရှင်များက ပြောသည်။ ကျန်းရှာကလည်း ခေါင်းညိတ်ကာ တန်ခိုးရှင် နှစ်ယောက်အား ခေါ်လျက် ရှေ့ကို ဆက်သွားသည်။ လူဝံများက ကျန်းရှာကို တားဆီးရန် ကြိုးစားသော်လည်း ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များက သူတို့အား တားဆီးထားကြသည်။

“မင်းတော့ ထွက်ပြေးလို့ မရဘူး” ကျန်းရှာက အေးစက်စွာ ပြောကာ မြန်ဆန်စွာပင် လိုက်ပါသွားသည်။

မကြာမီ သူတို့အုပ်စုက ဟွာဂျီယူတို့ အုပ်စုကို လိုက်မှီလာကြ၏။ လူဝံများကား ပြေးလွှားရာတွင် သိပ်မမြန်ကြပေ။

“သူတို့ကို ဖမ်းစမ်း” ကျန်းရှာက အမိန့်ပေးသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက တိုက်ခိုက်သည်တွင် ဟွာဂျီယူတို့အား လိုက်ပါပို့ဆောင်ကြသော လူဝံများကလည်း ပြန်လည် တိုက်ခိုက်ကြသည်။ ကျန်းရှာကလည်း သူ့လူနှစ်ယေက်ကို ခေါ်ကာ ရှေ့ကို ဆက်သွားသည်။ သူကား ဟွာဂျီယူတို့ကို လိုက်မီနေပြီး ဖြစ်သော်လည်း ဆက်လက်၍ ဆော့ကစားလိုသော စိတ်ကူးများ ရှိနေဟန်ရ၏။

ကြောက်မက်ဖွယ် ကောင်းသော အလင်းတန်းများက ထိုက်ဟန်တောင်၏ကွဲပြားခြားနားသော အရပ်မျက်နှာနှစ်ခုမှ တိုးဝင်လာကြသည်။

“စီနီယာ… နည်းနည်း မြန်မြန်သွားလို့ မရဘူးလား” ရီဖူရှင်းက စုရှမ်း၏ဓားပေးတွင် ရပ်ကာ မေးသည်။

ရီဖူရှင်းကား အလွန် စိတ်ပူပန်နေသည်။ သို့သော် ထိုက်ဟန်တောင်ကား သူတို့၏မျက်လုံးထဲတွင် ရောက်နေပြီဖြစ်သည်။

“ဘယ်သူလဲ” စုရှမ်းက နောက်အရပ် မျက်နှာတစ်ခုကို ကြည့်သည်။ အဝေးမှ အလွန်အားကောင်းသော အရှိန်အဝါတစ်ခုအား သူက ခံစားရသည်။ သူ၏စူးရှသော အကြည့်က အဝေးတစ်နေရာမှ အုပ်စုထံကို ရောက်သွားကာ ဦးဆောင်လာသူကို မြင်သည်။ သူကား တိမ်ဖြူမြို့စားပိုင်ဂူဖြစ်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset