ရီဝူချင်းကား နောက်ကို လွင့်စဉ်သွားပြီး ပါးစပ်မှလည်း သွေးများ စီးကျလာသည်။ သို့သော်လည်း သူ၏အမူအရာကား အေးစက်နေဆဲ ဖြစ်ကာ ပိုင်စီ၏လည်ပင်းမှ ဓားကို ကြည့်သည်။
ကျွေ့ချိန်ချူကား ပိုင်စီ၏ဘေးတွင် ရပ်နေသည်။
ပိုင်စီက လည်ပင်းကို သူ၏လက်ဖြင့် အုပ်ရန် ကြိုးစားသော်လည်း သွေးများကား အဆက်မပြတ် ပန်းထွက်နေဆဲ ဖြစ်သည်။ သူ၏မျက်လုံးများက ပြူးကျယ်နေကာ သူ့ရှေ့မှ လူကို ဒေါသတကြီး ကြည့်သည်။ သူ၏မျက်လုံးက အမုန်းတရားများ အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။
သူက ဤနည်းဖြင့် သေဆုံးရတော့မည်လား…။ သူ၏ခန္ဓာကိုယ်က ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားသည်။ ရီဝူချင်းနှင့် တခြားလူများက သူ့ကို နန်းတော်ထဲ၌ အမှန်တကယ်ပင် သတ်ဖြတ်ရဲမည်ဟု မထင်ထားပေ။ သူတို့က ရူးသွပ်သွားပြီလား…။ သူကား တိမ်ဖြူမြို့၏ ဒုတိယသခင်လေး ဖြစ်ကာ တော်ဝင်ကျဲနန်းတော်၏ တပည့်ဖြစ်သည်။ သူ့အား အဘယ်ကြောင့် သည်လူများက သတ်ရဲရသနည်း။
သူ၏မျက်လုံးက တဖြည်းဖြည်း ပိုမိုပြူးကျယ်လာကာ ကိုယ်ရောင်ကိုယ်ဝါက မြန်ဆန်စွာပင် မှေးမှိန်သွား၏။ အကြောက်တရား၊ အမုန်းတရားနှင့် နောင်တရားတို့က သူ့တစ်ကိုယ်လုံးကို တုန်ယင်စေသည်။ သူက ဤမျှ ငယ်ရွယ်စွာ သေဆုံးရမည်ဟု တစ်ခါမှ မထင်ထားပေ။ သူ၏အနာဂတ်က အောင်မြင်မှုများနှင့် ပြည့်နှက်နေသည်။
သူကား မောက်မာကာ မာနကြီးမြင့်ပြီး တော်ဝင်လမ်းကို ဖြတ်သန်းမည့်လူ ဖြစ်သည်။ သို့သော်လည်း အရာအားလုံးက ရီဖူရှင်းကို တွေ့ဆုံစဉ်မှစ၍ ပြောင်းလဲခဲ့သည်။ သူ၏ဘဝက ထိုနေ့မှ စ၍ လုံးဝ အဖတ်ဆယ်မရ ဖြစ်ခဲ့ရ၏။ ယနေ့ သူ အထင်သေးသော လူနှစ်ယောက်၏ လက်ထဲတွင် သူသေဆုံးခဲ့ရသည်။
သူက ရီဖူရှင်းကို ပထမဆုံး တွေ့သော နေ့အား သတိရမိသည်။ သူက လူအများ၏ရှေ့တွင် ရီဖူရှင်းကို လျစ်လျူရှုကာ သူ၏ချစ်သူအား ကလူကျီစယ်ခဲ့သည်။ ထိုစဉ်ကတည်းမှစ၍ သူတို့အကြား အငြိုးအတေးများ စတင် အမြစ်တွယ်လာခဲ့၏။
ယခု သူ့အတွက် အရာအားလုံးက အဆုံသတ်သွားပြီ ဖြစ်သည်။ အေးစက်သော ဓားက သူ၏သွေးပူများအား နုတ်ထုတ်သွားသည်။ စုရွှဲက သူ့အား တစ်ချက်ကြည့်ကာ လက်ကို မြှောက်လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ပိုင်စီအား တိုက်စားသွားပြီး မကြာခင် အမှုန်အမွှားများ အဖြစ်သို့ ပြောင်းလဲသွား၏။ နောက်ဆုံး ပိုင်စီကား လုံးဝ ပျောက်ကွယ် သွားသည်။
“မင်းတို့က ဘာရပ်လုပ် နေကြတာလဲ…” စုချွဲက ပြောသည်။ သူတို့အားလုံး ပြဿနာကြီး လုပ်မိပြီဖြစ်သည်။
ကျွေ့ချိန်ချူက ရီဝူချင်းကို ကြည့်သည်တွင် ရီဝူချင်းက ပြောသည်… “မင်းတို့က ဘာလို့ ဝင်ပါတာလဲ… ဒါက ငါ့ပြဿနာပဲ…”
ကျွေ့ချိန်ချူနှင့် စုချွဲတို့က သူ့ထံကို လျှောက်လာသည်။ ကျွေ့ချိန်ချူက ဘာမှ မလုပ်ခဲ့လျှင်ပင် ပိုင်စီက သေဆုံးသွားမည်ကို သူတို့ သိကြသည်။ သို့သော်လည်း ပိုင်စီ နောက်ဆုံး ထုတ်လိုက်သော အကွက်က ရီဝူချင်းအား ပြင်းပြင်းထန်ထန် ဒဏ်ရာ ရစေနိုင်ရာ ကျွေ့ချိန်ချူက ဝင်ရောက် ပွဲသိမ်းလိုက်သည်။
“သိပ်အများကြီး မတွေးနဲ့… ငါတို့က တကယ် တိုက်ခိုက်ခဲ့တယ် ဆိုမှတော့ တော်ဝင်ကျဲ နန်းတော်က သေချာပေါက် ကြည့်မှာပဲ… ငါတို့က သိပ်အကြာကြီး ပုန်းနိုင်မှာ မဟုတ်ဘူး… အခု ငါတို့လုပ်ရမှာက ဒီနေရာက ထွက်သွားဖို့ပဲ…” ကျွေ့ချိန်ချူကား ပုံမှန် စနောက်ပြောနေခြင်းတို့နှင့် အတူပဲ လေးနက်နေသည်။ သူတို့က တော်ဝင် ရှီနန်းဆောင်၏ တပည့်တစ်ယောက်ကို သတ်လိုက်ပြီ ဖြစ်သည်။ ထို့အပြင် သူကား မြို့စားပိုင်ဂူ၏သားနှင့် ပိုင်လွေလီ၏ညီ ဖြစ်သည်။
တော်ဝင်ကျဲနန်းတော်တွင် အချင်းချင်း သတ်ဖြတ်ချင်းကို တားမြစ်ထားရာ သူတို့အား တော်ဝင်ကျဲနန်းတော်က သေချာပေါက် အပြစ်ပေးမည် ဖြစ်သည်။ ထို့အပြင် တော်ဝင်ကျဲနန်းတော်က ပိုင်လွေလီကို တန်ဖိုးထားပြီး သူ၏ညီ အသတ်ခံရသည်တွင် သတ်ဖြတ်သူအား ကြီးလေးသော အပြစ်ဒဏ် ပေးပေလိမ့်မည်။
သူတို့က ပညာရှိတောင်ကြားမှ ထွက်သည်နှင့် ထိုနေရာတွင် တစ်စုံတစ်ယောက်က ရပ်နေသည်ကို မြင်ကြရသည်။
ရီဝူချင်းတို့က သူတို့ရှေ့တွင် ရပ်နေသူကို မြင်သည်တွင် အေးခဲသွားကြသည်။
ရီဝူချင်းက ရှေ့ကို တည်ငြိမ်စွာ လျှောက်သွားပြီး လေးစားစွာ ပြောသည်… “ဆရာ… ဒီကိစ္စမှာ ကျွန်တော်ကပဲ တာဝန်ရှိပါတယ်… ဒါက သူတို့နဲ့ မဆိုင်ပါဘူး…”
ဓားမိစ္ဆာက သူတို့သုံးယောက်ကို ထက်ရှသော မျက်လုံးများဖြင့် ကြည့်သည်။ သည်ခွေးကောင် သုံးကောင်က အမှန်ပင် ပိုင်စီကို သတ်ရဲသည်။ သူတို့က ရူးသွပ်နေကြသည် များလား…။
“မင်းက ဘာကိစ္စကို ပြောနေတာလဲ…”
ရီဝူချင်း မှင်တက်သွားသည်။ သူက ဓားမိစ္ဆာထံကို လျှောက်သွားကာ အံ့အားသင့်စွာ ကြည့်သည်။
“မင်းတို့အားလုံးက တန်ခိုးအဆင့်တစ်ခုကို ရောက်နေကြပြီ ဆိုတော့ အခု ပြင်ပလောက အတွေ့အကြု ရှာရမယ့်အချိန်ပဲ…” ဓားမိစ္ဆာက နောက်လှည့်သွားကာ ပြောသည်… “နောက်မှ ပြန်တွေ့တာပေါ့…” သူက ပြောပြီးသည်နှင့် ထထိုနေရာမှ ပျောက်ကွယ် သွားသည်။
ရီဖူရှင်းတို့က ထွက်ခွာသွားသော ဓားမိစ္ဆာဘက်ကို ကြည့်ကာ ဦးညွှတ် အရိုအသေပေးသည်။ စုချွဲက ပြောသည်… “ဒီနေရာက ထွက်သွားကြရအောင်…”
သူတို့သုံးယောက် ဓားနန်းဆောင်သို့ သွားကာ လျူချန်းယွီအား ခေါ်ပြီး တော်ဝင်ကျဲနန်းတော်မှ မြန်ဆန်စွာပင် ထွက်သွားကြသည်။
အတန်ကြာလျှင် ပိုင်စီ၏စိတ်ဝိညာဉ် ကျောက်တုံးက အရောင်မှိန် သွားသည်ကို တွေ့ရှိကြရသည်။ တစ်ခုတည်းသော ဆိုလိုရင်းကား ပိုင်စီ သေဆုံးသွားခြင်းပင်။
တော်ဝင်ရှီနန်းဆောင်က ဒုတိယနန်းတော်သခင် လျူချန်းကို သွားရောက် သတင်းပို့ကြသည်။ တော်ဝင်ရှီ နန်းဆောင်တစ်ခုလုံး ကြီးစွာ တုန်လှုပ်သွားကြသည်။ ပိုင်စီကား တော်ဝင်ကျဲ နန်းတော်အတွင်း၌ သေဆုံးသွားခဲ့သည်။ တော်ဝင်မြေထဲတွင် ဤသို့သော ကိစ္စမျိုး မဖြစ်သည်မှာ နှစ်ပေါင်း မြောက်မြားစွာ ကြာပြီဖြစ်သည်။
လျူချန်း၏ အမူအရာကား သုန်မှုန်နေသည်။ အားလုံးက ပြဿနာ တစ်ခုပြီးတစ်ခု ကြားတွင် အလုပ်များနေကြသည်။ ထျန်ရှင်းလည်း ထိုနေရာကို မကြာခင် ရောက်လာ၏။ ပိုင်စီကား တော်ဝင်ကျဲနန်းတော်၏ တပည့်တစ်ယောက်ဖြစ်ကာ ပိုင်ဂူ၏သားဖြစ်ပြီး ပိုင်လွေလီ၏ညီ ဖြစ်သည်။ သူကား တော်ဝင်ကျဲနန်းတော်နှင့် အလွန် နက်နက်ရှိုင်းရှိုင်း ပတ်သက်မှု ရှိသည်။ ယခု သူက နန်းတော်ထဲတွင် သေဆုံးသွား၏။
“ဘယ်သူ လုပ်တာလဲ မြန်မြန်ရှာစမ်း…” လျူချန်းက အေးစက်စွာ ပြောသည်။
“ကျုပ်တို့က ဒီကိစ္စကို စုံစမ်းနေတယ်…” ထျန်ရှင်းက ပြောသည်။ တော်ဝင်ကျဲနန်းတော် တစ်ခုလုံးက လူသတ်မှုတွင် တုန်လှုပ်နေကြသည်။ ပိုင်စီ သေဆုံးသွားမည်ဟု မည်သူကမှ မထင်ထားပေ။
အချိန်အတန်ကြာလျှင် တစ်စုံတစ်ယောက်က ထျန်ရှင်းနှင့် လျူချန်းတို့အား လာရောက် သတင်းပို့သည်… “ပိုင်စီက ကျန်းရာနဲ့ တွေ့ပြီး ထိုက်ဟန်တောင်ကို သွားဖို့ အကြံပေးခဲ့တယ်… ဒါက လတ်တလော တပည့်တွေ အကြား ပြောဆိုနေကြတာပဲ… ပိုင်စီက ယုတ်မာ ကောက်ကျစ်တယ် ဆိုပြီး အများစုက ဝေဖန်နေကြတယ်… ယူချင်း၊ ဟွာဂျီယူနဲ့ တခြားလူတွေက ထိုက်ဟန်တောင်မှာ ရှိနေတယ်…”
“ပြီးတော့…” ထျန်ရှင်းက မေးသည်။
“ရီဝူချင်း၊ ကျွေ့ချိန်ချူနဲ့ စုချွဲတို့က ဓားနန်းဆောင်က ထွက်သွားတာကို တစ်ယောက်က မြင်လိုက်တယ်… အခု သူတို့ကို နန်းတော်မှာ မတွေ့တော့ဘူး… လျူချန်းယွီတောင်မှ ဓားနန်းတော်က ပျောက်သွားတယ်… အစောင့်တွေ ပြောတာကတော့ သူတို့က တော်ဝင်ကျဲနန်းတော်က ထွက်သွားတာ တော်တော် ကြာနေပြီ…” ထိုလူက ရှင်းပြသည်။
လျူချန်းနှင့် ထျန်ရှင်းတို့ နှစ်ယောက်လုံး မျက်နှာ မကောင်းကြပေ။ သူတို့ ကြားသိရသလောက် သုံးယောက်လုံးက သေချာပေါက် လူသတ်မှုနှင့် ပတ်သက်နေသည်။ မည်သူက အမှန်တကယ် လုပ်သည်ကို အတိကအကျ မသိရသော်လည်း သုံးယောက်လုံးက ဓားနန်းဆောင်မှဖြစ်ကာ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသောကြောင့် သုံးယောက်လုံးက တစ်နည်းနည်းဖြင့် ပတ်သက် ကြပေလိမ့်မည်။
“သူတို့နောက်ကို တစ်ယောက် လွှတ်လိုက်… ဓားမိစ္ဆာကို သွားအကြောင်းကြား..” လျူချန်းက ပြောသည်။
သူတို့ရှေ့မှ လူများ ထွက်သွားကြသည်တွင် မကြာမီ တော်ဝင်ကျဲနန်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်များက ရီဝူချင်းတို့နောက်ကို လိုက်ပါ သွားကြသည်။ ဓားမိစ္ဆာကလည်း မကြာမီ တော်ဝင်ရှီ နန်းဆောင်သို့ ရောက်လာသည်။
“ဓားမိစ္ဆာ… ရီဝူချင်းနဲ့ တခြားနှစ်ယောက်က ဓားနန်းဆောင်ရဲ့ တပည့်တွေပဲ… ခင်ဗျား ဘယ်လိုထင်လဲ…” လျူချန်းက မေးသည်။
“ကျုပ်သူငယ်ချင်းကို ပိုင်စီက ဒီလိုလုပ်တယ်ဆိုရင် ကျုပ်ကလည်း ပိုင်စီကို သတ်ဖို့ ရွေးမှာပဲ… သူက တော်ဝင်ကျဲနန်းတော် တပည့်ဖြစ်ဖို့ မထိုက်တန်ဘူး…” ဓားမိစ္ဆာက လျူချန်းကို ကြည့်ကာ ပြောသည်။ ပိုင်စီနှင့် ရီဖူရှင်းအကြားမှ အငြိုးအတေးကို တော်ဝင်ကျဲနန်းတော် တစ်ခုလုံး သိသည်။ ပိုင်စီကား ရီဖူရှင်း၏ အရိပ်ဆိုးအောက်တွင် တစ်ချိန်လုံး ရောက်နေခဲ့သည်။ သူက ရီဖူရှင်းကို မုန်းလျှင် သူကိုယ်တိုင်ကသာ ရီဖူရှင်းထံကို သွားသင့်သည်။ သို့သော်လည်း သူက ကျိရှမ်းကမ်းပါးအား ထိုက်ဟန်တောင်ကို သွားရန် သွေးထိုး လှုံ့ဆော်ခဲ့၏။ ထိုအပြုအမူက တော်ဝင်ကျဲ နန်းတော်၏ဂုဏ်သတင်းကို ကြီးစွာ ထိခိုက်စေသည်။
လျူချန်းက ဓားမိစ္ဆာကို ကြည့်ကာ မသက်မသက် ဖြစ်သွားသည်။ ပိုင်စီ၏အပြုအမူက ယုတ်မာသည်မှာ သေချာသော်လည်း ရီဝူချင်းတို့က သူ့အား မသတ်သင့်ပေ။
“တော်ဝင်ကျဲ နန်းတော်ထဲမှာ ကိုယ့်ကျောင်းတော်သား အချင်းချင်း သတ်ဖြတ်တာက အကြီးလေးဆုံး အပြစ်ပဲ… လူသတ်သမားကို ကောင်းကောင်း အပြစ်ပေးဖို့လိုတယ်…” လျူချန်းက ဓားမိစ္ဆာကို ကြည့်ကာ ပြောသည်။
ဓားမိစ္ဆာက လျူချန်းကို တည်ငြိမ်စွာ ကြည့်သည်။ သည်ကဲ့သို့ ဖြစ်လာမည်ကို သူသိပြီးဖြစ်သည်။ ထို့ကြောင့်လည်း သူက ရီဝူချင်းတို့အား သွားခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့ကို ဖမ်းမိသွားပါက မည်သူကမှ အသက်ရှင်နိုင်မည် မဟုတ်ပေ။
နှစ်ယောက်လုံးက အချင်းချင်း စိုက်ကြည့်နေကြကာ တိတ်ဆိတ်မှုကို ဓားမိစ္ဆာက စတင် ဖြိုခွင်းလိုက်သည်… “ထင်းဆွေအိမ်တော်က သူတို့ရဲ့ ရပ်တည်မှုကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီ… စုချွဲက ဒီကိစ္စမှာ ပါနေတယ်ဆိုရင် စုရှမ်းက ဟိုဘက်ကို ယိမ်းသွားမှာပဲ… ပြီးတော့ ယူစီကလည်း သူ့သဘောထားကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီ… အခု မြေရိုင်းပြည်နယ်မှာ နှစ်ခြမ်းကွဲနေပြီ… ခင်ဗျား လုပ်ခဲ့တာကို အခုထိ မစဉ်းစားမိသေးဘူးလား…”
“ဘာလို့လဲ…” လျူချန်း၏မျက်လုံးများက ထက်ရှသွားကာ ဓားမိစ္ဆာကို ကြည့်သည်။
ဓားမိစ္ဆာက နောက်မဆုတ်တော့ပေ။ သူက လျူချန်းကို ကြည့်ကာ ပြောသည်… “တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ်မှာ ရှန့်ထိုတစ်ပါး ဖြစ်စေချင်ခဲ့တယ်… ဒါပေမဲ့ မြေရိုင်းပြည်နယ်မှာ ရှန့်ထိုရှိတယ် မရှိဘူးဆိုတာကို ဂရုမစိုက်တဲ့အဖွဲ့တွေ အများကြီး ရှိတယ်… တချို့ကဆို ဒါဖြစ်လာဖို့ကို ဆန္ဒမရှိဘူး…ဘာလို့လဲဆိုတော့ တော်ဝင်ကျဲနန်းတော်က ပိုင်လွလီအတွက် မျှော်လင့်ချက်တွေ ပုံထားပြီး အရာအားလုံးကို စွန့်လွှတ်ဖို့ ဝန်မလေးလို့ပဲ… တကယ်လို့ ရှန့်ထိုတစ်ပါး ဖြစ်လာရင်တောင်မှ ဒါက တော်ဝင်ကျဲ နန်းတော်ရဲ့ ရှန့်ထိုပဲ… တိမ်ဖြူမြို့ရဲ့ ရှန့်ထိုပဲ… ဒါကြောင့် သူတို့က တူညီတဲ့ အလားအလာရှိတဲ့ တစ်စုံတစ်ယောက်ကို ရွေးချယ်ခဲ့ကြတယ်…”
ထိုကိစ္စက ယနေ့ ပဋိပက္ခကို ဦးတည်လာရာ လောင်စာများ ဖြစ်ကြသည်။ သို့သော်လည်း ထိုအင်အားစုက တဖြည်းဖြည်း ကြီးထွားလာသည် ကိုလည်း ငြင်းဆန် မရနိုင်ပေ။ သူတို့အင်အားက ခွန်ယို၊ တိမ်ဖြူမြို့နှင့် တခြား အင်အားစုများကိုပင် တုန်လှုပ်စေနိုင်သည်။
“မင်းက ဘာကို ပြောချင်နေတာလဲ…” လျူချန်းက စိတ်ထဲ အနည်မထိုင် ဖြစ်လာသည်။ ဓားနန်းတော်သခင်က သူ၏ယုံကြည်မှုကို သံသယ ဝင်လာသည်အား သူခံစားနေရသည်။
“တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ် အတွက် ရှန့်ထိုတစ်ပါး ဖန်တီးလိုခဲ့တယ်… ဒါပေမဲ့ မြေရိုင်းပြည်နယ် တစ်ခုလုံးက ဒါကို သဘောမတူဘူး… မြေရိုင်းပြည်နယ်က လူတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်အတွေးတွေ ရှိကြတယ်… ဒီအတိုင်းဆို အခြေအနေတွေက ပိုဆိုးလာဖို့ပဲ ရှိတယ်… ဝမ်ရှင်းခန့်မှန်းတာမှာ တော်ဝင်ကျဲနန်းတော်က ကဒ်ဘေးတစ်ခုကို ကျော်ဖြတ်ရဖို့ ရှိနေတယ်… ဒါပေမဲ့ ဒီကပ်ဘေးက ဘယ်နေရာက လာလဲ…” ဓားမိစ္ဆာက သက်ပြင်းချကာ ပြောသည်… “တော်ဝင်ကျဲနန်းတော်က ပိုင်လွေလီနဲ့ ကျူးကော့မင်းယွီ ကိစ္စမှာသာ တခြားလူတွေရဲ့ အမြင်တွေကို ထည့်စဉ်းစားခဲ့ရင်… အခြေအနေတွေက ဒီလို ဖြစ်လာခဲ့မှာမဟုတ်ဘူး…” ဓားမိစ္ဆာက နောက်လှည့်ကာ ထွက်သွားသည်။
ဓားမိစ္ဆာက ပြောပြီးသည်နှင့် နောက်လှည့် ထွက်သွားသည်ကို လျူချန်းနှင့် ဝမ်ရှင်းတို့က ကြည့်နေကြသည်။ သူတို့ ခြောက်ယောက်ထဲတွင် ယခု နန်းတော်၏ ဆုံးဖြတ်ချက်အပေါ် သံသယဝင်နေသော လူများ ရှိလာပြီဖြစ်သည်။ ကြောက်စရာ အကောင်းဆုံးကား အတွင်းပိုင်း စိတ်ဝမ်းကွဲမှု ဖြစ်သည်။ အထူးသဖြင့် သူတို့ တန်ခိုးအဆင့်တွင် မိမိယုံကြည်ရာကိုသာ မဆုတ်မနစ် ရွေးချယ်ကြရာ ဤသို့ စိတ်ဝမ်းကွဲမှုက ပြန်ပြင်ရန် အလွန်ခက်ပေသည်။
တော်ဝင်ကျဲ နန်းတော်၏သဘောထားကား တစ်ခုတည်း မဟုတ်တော့ပေ။
ပိုင်လွေလီအား ကျူးကော့မင်းယွီနှင့် လက်ထပ်ရန် ဖိအားပေးကြသောအခါ လူငယ်မျိုးဆက် တစ်ယောက်၏ သဘောထားကို မည်သူကမှ ဂရုမစိုက်ခဲ့ကြပေ။ သို့သော်လည်း ထိုနိုဘယ်ကပင် သူတို့အား အကြီးမားဆုံး ဒုက္ခပေးနိုင်သော ဝင်ရိုးတစ်ခု ဖြစ်လာသည်။
***
ထင်းဆွေအိမ်တော်မှ တစ်ယောက်က ရီဖူရှင်းထံကို ရောက်လာခဲ့သည်။ ရီဖူရှင်းက သူ့ထံမှ သတင်းအချို့ကို ရ၏။ ကျန်းရှာက ထိုက်ဟန်တောင်ကို သွားနေသည်။ သတင်းအား ကြားသည်နှင့် ရီဖူရှင်း၏အမူအရာက ချက်ချင်း ပြောင်းလဲသွားကာ သူ့၏မျက်လုံးများထဲ၌ လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
နဂါးပတ်တောင်အား ရန်သူများ ပတ်ပတ်လည် ဝန်းရံထားသော အချိန်တွင် အမှန်ပင် ကျန်းရှာက သူ့လူများဖြင့် ထိုက်ဟန်တောင်ကို ထွက်သွားသည်။ ယူချင်း၊ ဟွာဂျီယူနှင့် လို့လန်ရွှီတို့အား ထိုက်ဟန်တောင်တွင် နေစေခြင်းက သည်နေရာကား အလွန် အန္တရာယ်များ၍ ဖြစ်သည်။ သို့သော်လည်း ထိုက်ဟန်တောင်က ဤသို့သော အခြေအနေကို ရောက်လာမည်ဟု သူမထင်ထားခဲ့ပေ။
ထိုက်ဟန်တောင်နှင့် နဂါးပတ်တောင်တို့ အားလုံးက အန္တရာယ်နှင့် ကြုံနေရပြီ ဖြစ်သည်။ ရီဖူရှင်းက မည်သို့ ဆုံးဖြတ်ရမည်ကိုပင် မတွေးတတ်တော့ပေ။ အကယ်၍ သူနှင့် ယန်ဟောင်ကသာ နဂါးပတ်တောင်မှ ဆုတ်သွားပါက နဂါးပတ်တောင်က အခြေအနေ ကောင်းမည် မဟုတ်ပေ။ ဤသို့ဖြစ်၍ မရပေ။ အကယ်၍ သူက ယန်ဟောင်ကို ပြန်မခေါ်လျှင် ထိုက်ဟန်တောင်က သတ်ဖြတ် ခံရပေတော့မည်။
***