Switch Mode

အပိုင်း (၆၉၉)

ရူးသွပ်မှု

တော်ဝင်ကျဲနန်းတော်တွင် အကြီးအကဲများ သာမက တပည့်များ အားလုံးကလည်း တိုက်ပွဲရလဒ်ကို ကြားသိရကာ အံ့အားသင့် ကြရသည်။

နန်းတော်မှ ထုတ်ပယ်ခံရသော ပါရမီရှင် အဆင့်တစ်ကား နန်းတော်မှာ မရှိတော့သည့် တိုင်အောင် သူ၏ပြိုင်ဘက်ကင်း ဂုဏ်ကို ထိန်သိမ်းထားဆဲ ဖြစ်သည်။ သူကား မြေရိုင်းပြည်နယ်တွင် ပြိုင်ဘက်ကင်းပေသည်။ ယခု ယွီပြည်နယ်မှ နံပါတ်တစ် နိုဘယ်ပင်လျှင် သူ့အား အနိုင်မယူနိုင်ပေ။

ဓားနန်းတော်ထဲရှိ ရှေးဟောင်းနန်းဆောင် တစ်ခုရှေ့တွင် လက်တစ်ဖက်ပြတ်နေသော လူတစ်ယောက်က သူ့ရှေ့မှ မြစ်ကျယ်ကြီးကို ကြည့်နေသည်။ သည်နေရာတွင် ထိုင်နေခြင်းဖြင့် သူက တော်ဝင်ကျဲနန်းတော် တစ်ခုလုံးကို စီးမိုးကာ မြင်ရသည်။

သူ့နောက်တွင်ကား အနီရောင်ဝတ်စုံ ဝတ်ထားသော မိန်းကလေး တစ်ယောက်က လျှောက်လာကာ သူ့ဘေးတွင် ထိုင်လိုက်သည်။ သူမက ညင်သာစွာ မေးသည်… “သူတို့ဆီက ဘာသတင်းတွေ ကြားသေးလဲ…”

“သူတို့က ယာယီအနေနဲ့ ကျိရှမ်းကမ်းပါးကို နှင်ထုတ်နိုင်ခဲ့ကြတယ်… ဒါပေမဲ့ ဒီကိစ္စက မပြီးသေးဘူး… တခြား အင်အားစုတွေက အခု ကျိရှမ်းကမ်းပါးနဲ့ ပေါင်းပြီးတော့ နဂါးပတ်တောင်ကို တိုက်ခိုက်ဖို့ လုပ်နေကြတယ်…”

လျူချန်းယွီ၏ မျက်နှာတွင် စိုးရိမ်သော အမူအရာများအား မြင်တွေ့ကြရသည်။ အတန်ကြာ ထိုနေရာက တိတ်ဆိတ်နေသည်။ သူတို့က စိတ်ပူပန်နေကြသော်လည်း ထိပ်သီး အင်အားစုများအကြား ဝင်စွက်ဖက်ရန် မတတ်နိုင်ပေ။ ကောင်းကင်မြေရိုင်း အဆင့်နိမ့်တွင် ရှိနေသူများပင်လျှင် သည်ကိစ္စတွင် ဝင်စွက်ဖက်၍ မရနိုင်ပေ။

“ကျန်းရှာနဲ့ ချင်ကျောင်းတို့က အခု တော်ဝင်ကျဲ နန်းတော်မှာပဲ… ကျိရှမ်းကမ်းပါးက သူတို့ဘေးကင်းဖို့ တော်ဝင်ကျဲ နန်းတော်ကို ပို့ထားတယ်… တကယ်လို့ ဒီကိစ္စကို ဖြေရှင်းနိုင်မယ့်လူ ရှိမယ်ဆိုရင် ဒါက တော်ဝင်ကျဲနန်းတော်ပဲ ဖြစ်လိမ့်မယ်…” ရီဝူချင်းက ပြောသည်။ သို့သော်လည်း သူ့အမြင်တွင် ထိုသို့ဖြစ်လာရန် မရှိပေ။ တိမ်ဖြူမြို့ကိစ္စ၌ နန်းတော်မှ ဝင်စွက်ဖက်ခြင်းက သူတို့၏သဘောထားကို မြင်သာနေပြီ ဖြစ်သည်။ သူတို့က ကျူးကော့မိသားစု အရေးတွင် ဝင်မပါခြင်းကပင် အလွန် ကံကောင်းနေပြီဟု ပြော၍ ရသည်။ သို့သော် နန်းတော်က ဝင်မပါလျှင် မည်သူက ဤကိစ္စကို ဖြေရှင်းမည်နည်း။

ကျိရှမ်းကမ်းပါးက ဂူတုံးလျိုမပါဘဲ ပြန်မည်မဟုတ်ပေ။ သို့သော်လည်း ကျူးကော့ချန်းဖန် ကလည်း သူ့ကို ထုတ်ပေးမည် မဟုတ်ပေ။ ရီဖူရှင်းကလည်း ခွင့်ပြုမည် မဟုတ်ရာ တိုက်ပွဲက သေချာပေါက် ဖြစ်ပေတော့မည်။

“သူတို့ အဆင်ပြေမှာပါ…” လျူချန်းယွီက တီးတိုးပြောသည်။ သူမကလည်း ဘာလုပ်ရမည် မသိပေ။ သူမက မိမိကိုယ်ကို နှစ်သိမ့်ရန် ကြိုးစားနေသည်လည်း ဖြစ်နိုင်ပေသည်။

ရီဝူချင်းက ဘာမှ မပြောပေ။ သူကလည်း အရာအားလုံး ကောင်းမွန်စွာ အဆုံးသတ်ရန် လိုလားနေသည်။

သည်အခြေအနေကို ရောက်ရန် သူတို့အားလုံးအတွက် မလွယ်ကူခဲ့ပေ။

ရက်များ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ကာ မြေရိုင်းပြည်နယ်မှ ရှုပ်ထွေးမှုများကလည်း တည်ငြိမ်ခြင်း မရှိသေးပေ။

ဓားကျေးရွာ၊ အင်ပါယာမိသားစု၊ နန်ထျန်းအိမ်တော်နှင့် တခြား အင်အားစုများအားလုံးက ရွှမ်ဝူမြို့တွင် စုစည်းနေကြသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ယူစီက အင်ပါယာမိသားစုအား အာခီမီမြို့ကို ပြန်လာရန် အမိန့်ပေးခဲ့သည်။ ထို့အပြင် ယူစီက အလွန် တင်းမာသော အမိန့်အာဏာဖြင့် ပြန်ခေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

သည်တစ်ကြိမ်ကား ယူစီက ပထမဆုံးအကြိမ် အဖြစ် အင်ပါယာ မိသားစုကို အမိန့်ပေးခြင်းလည်း ဖြစ်သည်။ ပုံမှန်အားဖြင့် အင်ပါယာ မိသားစုနှင့် မြို့စားယူစီတို့ မိသားစုနှစ်ခုလုံးက အာခီမိမြို့ကို အတူတူ တည်ဆောက်ခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော်လည်း တခြားသော အမြင်တစ်ခုအရ အာခီမီမြို့စားက အင်ပါယာ မိသားစုကို ကျိရှမ်းကမ်းပါးနှင့် ပူးပေါင်း၍ ကျူးကော့မိသားကို တိုက်ခိုက်ခြင်းအပေါ် ခွင့်မပြုပေ။

ထိခိုင်က ထိုသတင်းကို ကြားသောအခါ သူက ဒေါသပေါက်ကွဲသည်။ သို့သော်လည်း ယူစီ၏သဘောထားကား အလွန်ပြတ်သားသော အခြေအနေ၌ နောက်ဆုတ်ရန်မှ တပါး တခြား မတတ်နိုင်ပေ။  အကယ်၍ အင်ပါယာမိသားစုက သူ၏အမိန့်အား လွန်ဆန်ပါက အကျိုးဆက်ကို သိမည်ဟု ယူစီက အမိန့်ထုတ်ပြန်ထားသည်။

မြေရိုင်းပြည်နယ်မှ ထိပ်သီးအင်အားစုများ၏ သဘောထားများကလည်း ပိုမို၍ ကွဲပြားလာကြသည်။ နဂါးပတ်တောင်ဘက်မှ အတိအလင်း ထောက်ခံသော ထိပ်သီး အဖွဲ့စည်းများလည်း ပေါ်လာကြသည်။ သူတို့က ကျိရှမ်းကမ်းပါးနှင့် လုံးဝ ဆန့်ကျင်ခြင်း မရှိသည့်တိုင် သူတို့၏သဘောထားက အခြေအနေကို အတိုင်းအတာ တစ်ခုအထိ အကျိုးသက်ရောက်မှု ရှိပေသည်။

ပြင်ပလောကတွင် အရာအားလုံးက ပြောင်းလဲနေသော်လည်း နန်းတော်က တိတ်ဆိတ်နေမြဲ ဖြစ်သည်။ ကျန်းရှာကလည်း နန်းတော်ကို ဝင်ပါရန် တိုက်တွန်းသော်လည်း ကျူးကော့ချန်းဖန်ကား နန်းတော်၏ တပည့်ဟောင်း တစ်ယောက်ဖြစ်သည်။ မည်သို့ဆိုစေ နန်းတော်က နဂါးပတ်တောင်ကို ဝန်းရံခြင်းကိစ္စတွင် ဝင်မပါနိုင်ပေ။

ကျန်းရှာကလည်း ထိုကိစ္စအပေါ် သဘောမကျဖြစ်ကာ မြေရိုင်းပြည်နယ်မှ လူများအား အလွန်စိတ်ပျက်နေသည်။ သို့သော်လည်း ချင်ကျောင်းမူကား ဖြစ်ပျက်နေသမျှသော ကိစ္စရပ်မျာအား လျစ်လျူရှုကာ တိတ်ဆိတ်စွာ လေ့ကျင့်နေသည်။

တစ်နေ့ နန်းတော်၏ လေ့ကျင့်ရာနေရာတွင် တပည့် အများအပြားက စုစည်းနေကြသည်။ ကျန်းရှာကလည်း ထိုနေရာတွင် ရှိနေသည်။ တိမ်ဖြူမြို့၏ ဒုတိယသခင်လေးက ကျန်းရှာအား ထိုနေရာတွင် တွေ့ဆုံရန် ချိန်းတွေ့ထားသည်။ တိမ်ဖြူမြို့၏ ဒုတိယသခင်လေးပိုင်စီက သူနှင့် ရင်းနှီးလိုဟန် ရနေသည်။

တိမ်ဖြူမြို့သခင်လေး ပိုင်လွေလီက မြေရိုင်းပြည်နယ်၏ အထူးချွန်ဆုံး ပါရမီရှင်ဟု သူကြားထားသည်။ ရီဖူရှင်းကား သူ့ကြောင့် နန်းတော်မှ ထုတ်ပယ်ခံရသည်။ သည်တစ်ခေါက် ပိုင်လွေလီကို မတွေ့လိုက်ရခြင်းက သူ့အတွက် စိတ်ပျက်ဖွယ်ရာပင်။ ပိုင်လွေလီကား နန်းတော်တွင် မရှိဘဲ အတွေ့အကြုံရှာရန် အပြင်ကို ထွက်သွားသည်။

“အစ်ကိုကျန်း … ခင်ဗျားက တကယ်ပဲ ဒီတိုက်ပွဲကိုမှာ လက်ရှောင်တော့မှာလား…” ပိုင်စီက ကျန်းရှာကို ပြောသည်။

“ဒီတစ်ခေါက် နဂါးပတ်တောင်ကို ဝိုင်းတိုက်ခိုက်မှာက ကွန်းရှီအဆင့်တွေပဲ… ကျုပ်ရဲ့ တန်ခိုးအဆင့်နဲ့ ဘာလုပ်လို့ ရမှာလဲ…” ကျန်းရှာက ပိုင်စီကို ကြည့်ကာ ပြောသည်။ ပိုင်စီက သူနှင့် မည်ကဲ့သို့ ကိစ္စရပ်များ ဆွေးနွေးလိုသည်ကို သူသိလိုသည်။

“အစ်ကိုကျန်း … သူတို့က ဒီတစ်ခေါက် နဂါးပတ်တောင်ကို တိုက်ခိုက်တဲ့အပေါ်မှာ ခင်ဗျားက ဘယ်လောက် ယုံကြည်မှု ရှိလဲ…” ပိုင်စီက မေးသည်။

“ဘယ်သူသိမှာလဲ…” ကျန်းရှာက ပြန်ပြောသည်။ သူ၏ ဆရာဦးလေးခွန်ယိုကား အမှန်ပင် ဒေါသထွက်နေပြီ ဖြစ်သည်။ တစ်ဖက်အုပ်စုတွင် ရှန့်ထိုအဆင့် ရတနာနှစ်ခုရှိကာ အလွန်အားကောင်းသော ခုခံရေးလက်နက်များ ဖြစ်ကြသည်။ ထို့အပြင် အာခီမီမြို့စားကလည်း သည်ကိစ္စတွင် ပြဿနာ အချို့ပေးနေသည်။

“တကယ်လို့ တိမ်ဖြူမြို့က ဝင်တိုက်ခိုက်ရင်တော့ ရလဒ်က ပြောနေစရာတောင် မလိုဘူး.. ဒါပေမဲ့ အစ်ကိုကျန်းရဲ့ အဖေက ကြောက်နေပုံရတယ်…” ကျန်းရှာက ပိုင်စီကို အေးစက်စွာ ပြောသည်။

“အစ်ကိုကျန်းက ဒါကို နားလည်နိုင်မယ်လို့ ကျုပ်ယုံကြည်တယ်… ရီဖူရှင်းက ပိုင်ကလန်ကို အရမ်း ယုတ်မာတဲ့နည်းလမ်း သုံးခဲ့တယ် … သူက ပိုင်ကလန်ကို ဓားစာခံလုပ်ပြီး အဖေ့ကို ခြိမ်းခြောက်ထားတော့ အဖေက မြို့က ခွာလို့မရဘူး…” ပိုင်စီက အေးစက်စွာ ပြောသည်… “တွေးကြည့်ရအောင်… ဂူတုံးလျိုက အစ်ကိုကျန်းရဲ့ တော်ဝင်ရတနာကို လုယူတဲ့ကိစ္စမှာ ရီဖူရှင်းက သူနဲ့ဘာဆိုင်လို့လဲ… သူက ဝင်ပါနေပြီးတော့ အစ်ကိုကျန်းတို့ ကိစ္စတွေကို အမြဲ လိုက်ပါ ဖျက်ဆီးနေတယ်… ယန်ဟောင်ကို ဖိတ်ခေါ်ပြီးတော့ နဂါးပတ်တောင်ကို ကူညီတယ်… ယူစီရဲ့ သဘောထားကလည်း သူ့ကြောင့်ပဲ ဖြစ်တယ်… သူမရှိရင်က အစ်ကိုကျန်းတို့က ဂူတုံးလျိုကို ဖမ်းဆီးပြီးတာ ကြာလောက်ပြီ…”

ကျန်းရှာ၏မျက်လုံးက အေးစက်သော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ ပိုင်စီပြောသည်ကား အမှန်ပင်ဖြစ်သည်။ အကယ်၍ ရီဖူရှင်းကြောင့်သာ မဟုတ်လျှင် သည်ကိစ္စက ပြီးဆုံးသွားသည်မှာ ကြာမြင့်လောက်ပေပြီ။ သို့သော်လည်း ရီဖူရှင်းက အမှန်ပင် ထူးချွန် ထက်မြက်လှသည်။ ချင်ကျောင်းပင် သူ့ထံတွင် ရှုံးနိမ့်ခဲ့သည်။

“ရီဖူရှင်းက ရနိုင်သမျှ နည်းလမ်းကို သုံးတဲ့ လိမ်လည် ကောက်ကျစ်တတ်တဲ့လူပဲ … တကယ်လို့ ကျိရှမ်းကမ်းပါးကသာ သူ့နည်းတူ ပြန်တုံ့ပြန်ခဲ့ရင် ဒါက အရင်ကတည်းက ပြေလည်လောက်ပြီ… ကျိရှမ်းကမ်းပါးနဲ့ အစ်ကိုကျန်းတို့က ဒီလို ပြန်မလုပ်သေးတာပဲ ရှိတယ်…” ပိုင်စီက ဆက်ပြောသည်။

“မင်းက ဘာကြောင့် ဒီလို ပြောရတာလဲ…” ကျန်းရှာက ပိုင်စီကို ကြည့်သည်။

“ရီဖူရှင်းက နန်းတော်က ထွက်သွားချိန်တုန်းက သူ့မိသားစုတွေနဲ့ သူ့မိတ်ဆွေတွေကို အတူခေါ်သွားတယ်လို့ ကျုပ်ကြားတယ်… ဒါပေမဲ့ သူပြန်ထွက်လာတဲ့ အချိန်မှာ ယန်ဟောင်ပဲ သူနဲ့အတူပါလာတယ်… ကျန်တဲ့လူတွေက ထိုက်ဟန်တောင်မှာပဲ ရှိလိမ့်မယ်… အခု ထိုက်ဟန်တောင်ရဲ့ အင်အားက နဂါးပတ်တောင်ကို ရောက်နေတယ်… တကယ်လို့ တခြားလူတွေကသာ ရီဖူရှင်းလုပ်တဲ့နည်းတူ ပြန်လုပ်ရင် ဒါက အလွယ်တကူ မဖြေရှင်းနိုင်ဘူးလား…” ပိုင်စီက အေးအေးလူလူ ပြောသည်။ ကျန်းရှာက ပြုံးလျက် ပိုင်စီကို ကြည့်သည်။ သည်အကောင်ကား ယုတ်မာကောက်ကျစ်သူ ဖြစ်သည်။ သို့သော်လည်း သူ၏စကားများက အမှန်ပင် အသုံးဝင်ပေသည်။

နဂါးပတ်တောင်မှ တိုက်ပွဲက မည်သို့ အခြေအနေရှိမည်ကို သူမသိပေ။ သူက ဤတစ်ကြိမ် ကျိရှမ်းကမ်းပါးကို ပြန်ရောက်သောအခါ အမှန်တရားက ပေါ်ထွက်လာပြီး အပြစ်ပေးခံရရန်လည်း ရှိနေသေးသည်။ သည်ကိစ္စတွင် အဖြေတစ်ခုခုရှာမှ ဖြစ်ပေမည်။

ကျန်းရှာကလည်း ပြုံးလျက် ခေါင်းညိတ်သည်… “ပိုင်စီ… မင်းငါ့ကို သတိပေးလိုက်တာပဲ… ယုတ်မာ ကောက်ကျစ်တဲ့လူတွေနဲ့ ရင်ဆိုင်ရာမှာ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာနေစရာ မလိုဘူး…”

“အစ်ကိုကျန်းက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်တတ်တယ်… တကယ်ပဲ လေးစားဖို့ ကောင်းပါတယ်…” ပိုင်စီကလည်း လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောသည်… “ဒီလိုဆိုရင်လည်း ကျုပ် သွားလိုက်ပါဦးမယ်…”

“ကောင်းပြီ…” ကျန်းရှာက ခေါင်းညိတ်သည်။ ပိုင်စီ ထွက်သွားသည်တွင် ကျန်းရှာက သူ့အား ကြည့်လျက် ကောက်ကျစ်စွာ ပြုံးသည်… “သွားစို့…”

မကြာမီ သတင်းအချို့ နန်းတော်ထဲတွင် ပျံ့လွင့်လာသည်။ ကျိရှမ်းကမ်းပါးမှ ကျန်းရှာက သူ့လူများကို ခေါ်ကာ တော်ဝင်ကျဲနန်းတော်မှ ထွက်သွားသည်။

ဓားနန်းတော်ထဲ၌ ရီဝူချင်း လေ့ကျင့်ရာနေရာသို့ စုချွဲနှင့် ကျွေ့ချိန်ချူတို့ ရောက်လာကြသည်။

ရီဝူချင်းက သူတို့နှစ်ယောက်ကို မြင်သည်တွင် မေးသည်… “ဘာဖြစ်လို့လဲ…”

“နန်းတော်ထဲ သတင်းတွေ ပြန့်နေတယ်… ယူချင်း၊ ဟွာဂျီယူတို့နဲ့ တခြားလူတွေ ရှိနေတဲ့ နေရာကို ကျန်းရှာတို့သိအောင် ပိုင်စီက တမင် ပြောပြလိုက်တယ် ကြားတယ်… အခု ကျန်းရှာ နန်းတော်က ထွက်သွားပြီ…” စုချွဲက ပြောသည်။

ရီဝူချင်း၏ အမူအရာက ရုတ်တရက် ထက်ရှသွားကာ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

“ငါတို့ ရီဖူရှင်းကို သတင်းပို့လို့ ရမလား…” ရီဝူချင်းက မေးသည်။

“ထင်းဆွေအိမ်တော်မှာ အထူးသတင်းပို့တဲ့ နည်းလမ်းရှိတယ်.. ငါက သတင်းကို နဂါးပတ်တောင်သို့ အမြန်ဆုံး​ ပို့ပေးမယ်…ဒါက ကျန်းရှာတို့ထက် သေချာပေါက် မြန်တယ်…” ရီဝူချင်းက ခေါင်းညိတ်ကာ နောက်လှည့်ကာ အဝေးကို ကြည့်လျက် မေးသည်… “ပိုင်စီ ဘယ်မှာလဲ…”

“ကောလာဟလတွေအရ သူက ပညာရှိ တောင်ကြားမှာ…” စုချွဲက ပြောသည်။

ပညာရှိတောင်ကြားကား နန်းတော်၏ လျှို့ဝှက်လေ့ကျင့်ရာ နေရာတစ်ခုလည်း ဖြစ်သည်။ ထိုနေရာက စိတ်ဝိညာဉ်ပညာကို လေ့ကျင့်ရာတွင် အထောက်အကူ ပြုပေသည်။

ရီဝူချင်းက အဝေးကို လှမ်းကြည့်သည်။ သူ၏မျက်လုံးမှ ထက်ရှသော ဓားအသိ ထွက်ပေါ်လာကာ ဓားတစ်လက် ဖြစ်ပေါ်လာပြီး သူက ဓားပေါ်ကို တက်လိုက်သည်။ ထို့နောက် သူက ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ပညာရှိတောင်ကြားသို့ ပျံသန်းသွားသည်။

စုချွဲနှင့် ကျွေ့ချိန်ချူတို့က အချင်းချင်း ကြည့်ကြသည်။ ထို့နောက် သူတို့ကလည်း ရီဝူချင်းနည်းတူ ဓားကို စီးနင်းလျက် နောက်မှ လိုက်ပါသွားကြသည်။

ပညာရှိတောင်ကြားတွင် ထူးဆန်းသော စိတ်ဝိညာဉ် စွမ်းအားများ ထွက်ပေါ်နေသော တစ်နေရာရှိသည်။ ထိုနေရာက စိတ်စွမ်းအား ခိုင်မာ အားကောင်းသူများသာလျှင် လေ့ကျင့်နိုင်သော နေရာဖြစ်ရာ လူအနည်းငယ်ကသာ ထိုနေရာကို လာရောက် လေ့ရှိသည်။

လက်ရှိတွင် ထိုနေရာ၌ ပိုင်စီက လေ့ကျင့်နေသည်။

သို့သော်လည်း ယခု သူက တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် နောက်လှည့် ကြည့်သည်။ သူက ဓားတစ်လက်ကို စီးနင်းလာသောသူ တစ်ယောက်ကို မြင်သည်။

“ရီဝူချင်း…” ပိုင်စီက သူ့ထံကို ရောက်လာသူအား ကြည့်ကာ လှောင်ပြုံး ပြုံးသည်။ သူက ထိုကိစ္စကြောင့် လာရောက်ခြင်း ဖြစ်ဟန်ရသည်။ သူကလည်း ထိုကိစ္စအား တမင် ထိမ်ချန်ထားခြင်း ဖုံးကွယ်ထားခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက ဂရုမစိုက်သောကြောင့် ဖြစ်သည်။ ရီဖူရှင်းသိလျှင်ကော အဘယ်အရေးနည်း။ ပိုမို၍ပင် စိတ်ဝင်စားဖွယ် ကောင်းလာ နိုင်သေးပေသည်။ သူက နဂါးပတ်တောင်တွင် နေမည်လော … သို့မဟုတ် ထိုက်ဟန်တောင်ကို ပြန်သွားမည်လော…။

သတ်ဖြတ်လိုသော အငွေ့အသက်များနှင့်အတူ ဓားအသိတစ်ခု စတင် ဖြစ်ပေါ်လာသည်။ ဓားအရောင်အဝါကို ခံစားမိသည်တွင် ပိုင်စီက ပိုမိုတောက်ပစွာ ပြုံးသည်… “ရီဝူချင်း… မင်းက ငါနဲ့ တိုက်ခိုက်ချင်လို့လား…” သူ့အား ရီဖူရှင်းက အလွယ်တကူ အနိုင်ယူခဲ့သော်လည်း ရီဝူချင်းကိုမူကား မကြောက်ပေ။

ဝှစ်…

ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်က ပိုင်စီထံကို တိုးဝင်လာသည်။ ချက်ချင်းပင် ဓားစွမ်းအင်က ရီဝူချင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ပိုင်စီထံသို့ လျှပ်စီးတန်း အလား  တိုးဝင်သွား၏။ ပိုင်စီ၏မျက်လုံးများ၌ ဖျတ်ခနဲ လင်းလက်သွားသည်။ ရီဝူချင်းက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် သူ့အား တိုက်ခိုက်မည်ဟု မထင်ထားပေ။ သူကလည်း ဖျက်ဆီးခြင်း မျက်လုံးကို ထုတ်လွှတ်လိုက်သည်တွင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော  မီးခိုးရောင် အသက်များ ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံလာသည်။

မီးခိုးရောင် နယ်ပယ်ထဲတွင် သူက ရီဝူချင်း၏ဓားအလင်းကို မြင်သည်။ ဓားချက်ကား အနက်ရောင် အငွေ့အသက်များ ကပ်ငြိနေကာ ဓားမိစ္ဆာ၏ ပညာရပ်တစ်ခုလည်း ဖြစ်သည်။ ထိုဓားပညာက ဓားချက်၏စွမ်းအားကို အချိန် အနည်းငယ်အတွင်း ဆပွားစေသည်။

“သေစမ်း…” ပိုင်စီက အော်ဟစ်ကာ သူ၏သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်ပြီး စိတ်စွမ်းအားကို အမြင့်ဆုံးသို့ အသက်သွင်းလိုက်၏။ သို့သော်လည်း ရီဝူချင်း၏ဓားက အဆုံးမရှိသည့်အလား ရှေ့ကို ဆက်တိုးလာသည်။

“မင်းက သေချင်နေတာပဲ…” ရီဝူချင်းက သူ့ထံသို့ ပိုမိုနီးကပ်လာသည်ကို မြင်လျှင် ဧရာမမီးခိုးရောင် လက်ကြီးတစ်ခုက လေဟာနယ်ထဲတွင် ပေါ်လာပြီး ရီဝူချင်းအား လှမ်းဆွဲသည်။

ဧရာမလက်ကြီးဖြင့် ရီဝူချင်းကို တိုက်ခိုက်သော အချိန်တွင် ပိုင်စီ၏မျက်လုံးထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များကား ကြောက်မက်ဖွယ်ပင် ကောင်းလေ၏။ သို့သော်လည်း ထိုအခိုက်၌ ရီဝူချင်း၏နဖူးမှ ငွေရောင် အလင်းတစ်ချက် ဝင်းလက်သွားကာ အရာခပ်သိမ်းကို ဖျက်ဆီးသွားသည်။

ထိုအခိုက်တွင် အလွန်တရာ ချောက်ချားဖွယ် ခံစားချက်တစ်ခုအား ပိုင်စီက ခံစားလိုက်ရသည်။ ဓားက သူနှင့်မည်မျှ အကွာအဝေး ရှိသည်ကို ခန့်မှန်းနိုင်စွမ်း ရှိဟန်မရဘဲ အရာခပ်သိမ်းက သူ့အတွက် ထင်ယောင်ထင်မှား အခြေအနေ ဖြစ်သွားသည်။

ဘုန်း..

အလွန်ပြင်းထန် အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားက ဓားချက်ကို ခုခံရန် ကြိုးစားသည်။ ပိုင်စီ၏မျက်လုံးက အလွန်တရာ နက်မှောင်သွားကာ ရောက်လာသမျှသော ဓားစွမ်းအင်များအား ဖျက်ဆီးသည်။ သို့သော်လည်း ထိုအခိုက်တွင်ပင် ရီဝူချင်း၏ စွမ်းအားများက မြန်ဆန်စွာ အားကောင်းလာပြီး မရေမတွက်နိုင်သော စိတ်ဓားများက တစ်နေရာတည်းကို စုစည်းလျက် တိုးဝင်သွားသည်။ သူက ပိုင်စီ၏ခေါင်းထဲမှ ထင်ယောင်ထင်မှား ဖြစ်မှုကို ပိုမို အားကောင်းစေရန် ရှိရှိသမျှသော စွမ်းအားများကို အားကုန် ထုတ်သုံးခဲ့သည်။ ဓားမုန်တိုင်းထဲတွင် ပိုင်စီကား ဓားချက်များ၏ အကွာအဝေးကို ခန့်မှန်းနိုင်စွမ်း မရှိသလို ဓားချက် အစစ်အမှန်များကိုလည်း ရှာတွေ့နိုင်စွမ်း မရှိတော့ပေ။ သူမြင်သည်ကား ဓားမုန်တိုင်းထဲတွင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော မျက်လုံးအစုံ ဖြစ်သည်။

“သေစမ်း…” ပိုင်စီက အော်ဟစ်သည်တွင် သူ၏မှော်စာလိပ်များ အရောင်လင်းလက် လာကြသည်။ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးစွမ်းအားက အရာခပ်သိမ်းကို ထွင်းဖောက်လျက် ရီဝူချင်းထံသို့ တိုးဝင်သွားသည်။

ထို့နောက်တွင် ဓားမုန်တိုင်းက သူ၏စိတ်ဝိညာဉ်ကို တိုက်ဖြတ်သွားကာ မြန်ဆန်စွာ တိုက်စားသွားသည်။ ပိုင်စီ၏မျက်နှာက ရှုံ့တွသွားပြီး သူက လက်ကို မြှောက်လျက် ရီဝူချင်းကို ရိုက်ချလိုက်သည်။ သို့သော်လည်း နောက်ထပ် ပုံရိပ်တစ်ခုက ပိုင်စီ၏ဘေးနားကို လျှပ်တစ်ပြက် ရောက်လာကာ အရောင်တစ်ချက် လင်းလက်သွားသည်။ ထို့နောက် လည်ပင်းမှ အလွန်တရာ အေးစက်သော ခံစားချက်ကို ရလိုက်ကာ သူ၏လည်ပင်းမှသွေးများ ပန်းထွက်လာ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset