Switch Mode

အပိုင်း (၆၉၈)

သူတို့ မှားယွင်းနေခဲ့သလား

မရေမတွက်နိုင်သော မျက်လုံးများက ဟောင်စီထံကို ရောက်လာကြသည်။

ယန်ဝူကျိက အေးစက်စွာ ပြောသည်… “ဟောင်စီ… မင်းက ကျိရှမ်းကမ်းပါးကို သံသယ ဝင်နေပြီးတော့ တမင် ဂူတုံးလျိုကို လွှတ်ပေးချင်နေတာလား…” သူက ကျိရှမ်းကမ်းပါး နာမည်ကို တမင် ထုတ်ပြောကာ ဟောင်စီအား ဝင်မပါရန် သတိပေးလိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့ ပြဿနာတက် နိုင်ပေသည်။

“မဟုတ်ဘူး… ငါက ဂူတုံးလျို ပြောတာကို ကြားတယ်… တကယ်လို့ ကျိရှမ်းကမ်းပါးက သူ့လူပြောတာကိုပဲ နားထောင်ပြီး ကိစ္စတစ်ခုလုံးကို မစစ်ဆေးဘူးဆိုရင် ဒါက ဂူတုံးလျိုအတွက် မမျှတဘူး… တော်ဝင်မြေဖြစ်တဲ့ ကျိရှမ်းကမ်းပါးက ဒီလိုမလုပ်ဘူးလို့ ကျုပ်ယုံတယ်… ဒါက တော်ဝင်မြေရဲ့ နာမည်ဂုဏ် သတင်းကို ထိခိုက်စေတယ်…”

ဟောင်စီက ဆက်ပြောသည်… “ဂူတုံးလျိုပြောတာ မှန်တယ်… ဒီကိစ္စကို စုံစမ်းဖို့က အရမ်းလွယ်တယ်… ကျုပ်တို့က ဂူတုံးလျိုကို သူ့စိတ်စွမ်းအားနဲ့ အဖြစ်အပျက်ကို ပြန်ပြခိုင်းရုံပဲ… အားလုံးက ရှင်းလင်းသွားလိမ့်မယ်… ဂူတုံးလျိုကသာ အမှန် အဲဒီလို လုပ်ခဲ့တယ်ဆိုရင် ကျိရှမ်းကမ်းပါးဘက်က ကျုပ်ထောက်ခံပြီးတော့ ဂူတုံးလျိုကို ဖမ်းပေးမယ်…”

လူအများအပြားက ထူးဆန်းသော အမူအရာ ဖြစ်လာကြသည်။ ဟောင်စီ၏စကားက တစ်ဝက်တစ်ပျက် ရပ်တည်ချက် ဖြစ်သော်လည်း သူက ကျိရှမ်းကမ်းပါးနှင့် လုံးဝဆန့်ကျင်ခြင်း မဟုတ်ဆိုပါက သူက ရူးနေသူသာ ဖြစ်ရမည်။ သည်ကိစ္စ၏ ဇာစ်မြစ်ကား အမှားအမှန် မဟုတ်ဘဲ အကျိုးအမြတ် သက်သက်ဖြစ်သည်။ အမှန်တရားက သူတို့အတွက် အရေးမပါပေ။ ထို့ကြောင့် ဤသို့သော ပဋိပက္ခ အထွတ်အထိပ်၌ ဟောင်စီက ထိုစကားများကို ပြောသောအခါ အခြေအနေက ကွဲပြားသွားသည်။

“ကျုပ်က ကျူးကော့ချန်းဖန်နဲ့ အရင်ကတည်းက ပြိုင်ဘက်တွေ ဖြစ်နေပေမဲ့ သူက မဟုတ်မမှန်တဲ့လူ မဟုတ်တာ သေချာတယ်… ဂူတုံးလျိုရဲ့ စိတ်နေသဘောထားက တကယ်ပဲ ယုတ်မာ ကောက်ကျစ်တယ်ဆိုရင် ကျူးကော့ချန်းဖန်… မင်းက သူ့ကို ကာကွယ်ပေးမှာလား…” ဟောင်စီက ကျူးကော့ချန်းဖန်ကို မေးသည်။

“ရလဒ်က တကယ်ပဲ ကျန်းရှာ ပြောသလိုဆိုရင် ကျုပ်ကိုယ်တိုင် ဂူတုံးလျိုကို ဖမ်းပြီးတော့ ကျိရှမ်းကမ်းပါးကို အပ်မယ်… ပြီးတော့ ကျိရှမ်းကမ်းပါးကို တောင်းပန်တဲ့အနေနဲ့ ကျူးကော့မိသားစုရဲ့ ရတနာကိုလည်း ပေးအပ်မယ်…” ကျူးကော့ချန်းဖန်က ပြောသည်။ သူ၏စကားကို ကြားသည်တွင် အားလုံး တိတ်ဆိတ် သွားသည်။

“ခင်ဗျားက ကျုပ်ကို သံသယ ဝင်တာလား…” ကျန်းရှာ၏ အမူအရာက အလွန်တရာ အေးစက်နေသည်။ အမှန်တရားကို သူအသိဆုံး ဖြစ်သည်။ လူအများအပြားက သူ့အား လှမ်းကြည့်ကြသည်။ သူကား ကျိရှမ်းကမ်းပါး၏ သားတော်တစ်ပါးမျှသာ ဖြစ်ကာ ကောင်းကင်မြေရိုင်း အဆင့်၏ ပုဂ္ဂိုလ်ကြီးများက သူ့အား မျက်လုံးထဲပင် မထည့်ပေ။ ကျိရှမ်းကမ်းတွင် မျိုးဆက်တိုင်း၌​သားတော်ကိုးပါးစီ ရှိကာ ဘယ်နှယောက်က ရှန့်ထိုအဆင့်သို့ တက်လှမ်းနိုင်သနည်း။

ကျန်းရှာက ခွန်ယို၏အဆင့်သို့ အများဆုံး ရောက်နိုင်ပေမည်။ သူ၏အကျင့်စရိုက်အရ သူက ရှန့်ထိုဖြစ်လာရန် မရှိပေ။

“ဟောင်စီပြောတာ နည်းလမ်းကျတယ်…” ထိုအခိုက် နောက်တစ်ယောက်က ဝင်ပြောသည်။ လူအုပ်ကြီးတစ်ခုလုံးက အဝေးကို လှမ်းကြည့်ကြသည်။ ထင်းဆွေအိမ်တော် ခေါင်းဆောင်က ပြုံးလျက် ရောက်လာသည်။

ကောင်းကင်မြေရိုင်း အဆင့်ကိုး စုရှမ်းကလည်း သူ၏ ရပ်တည်ချက်ကို ထုတ်ဖော်သည်။ သူတို့က ကျိရှမ်းကမ်းပါးကို တိုက်ရိုက် မဆန့်ကျင်သော်လည်း သူတို့၏ရပ်တည်ချက်က တစ်ဖက်ကို ယိမ်းသွားသည်မှာ သေချာ၏။

“ခင်ဗျားတို့ နှစ်ယောက်က ဒီကိစ္စမှာ ဝင်စွက်ဖက်တော့ မလို့လား…” ခွန်ယိုက ဟောင်စီနှင့် စုရှမ်းကို အေးစက်စွာ မေးသည်။

“မဟုတ်ဘူး… မဟုတ်ဘူး…” စုရှမ်းက ပြုံးလျက်​ ခေါင်းယမ်းသည်… “ကျုပ်က ဒီအတိုင်း ဝင်ပြောရုံပါပဲ… အစ်ကိုခွန်ယိုက ကျုပ်ပြောတာ မှားတယ် ထင်ရင်လည်း ကျုပ်က ဘာမှ မကြားလိုက်ဘူးလို့ပဲ မှတ်လိုက်ပါ…” သူကား သည်တိုက်ပွဲတွင် ဝင်မပါနိုင်ပေ။ သူ့တွင် ကာကွယ်ပေးရမည့် မိသားစု ရှိနေသေးသည်။ ကျိရှမ်းကမ်းပါးက မြေရိုင်းပြည်နယ်တွင် အတင်း ခြယ်လှယ်မည် ဆိုပါက မည်သည့် အင်အားစုကမှ တားဆီးနိုင်မည် မဟုတ်ပေ။ သူက ပုံမှန်အားဖြင့် ကျိရှမ်းကမ်းပါးကို တိုက်ရိုက် မဆန့်ကျင်နိုင်ပေ။

“ကျုပ်ပြောတာ မှားတယ်လို့ အစ်ကိုခွန်က ထင်လား…” ဟောင်စီက ပြုံးလျက်ပြောသည်.. “ကျုပ်က နှစ်ဖက်လုံးအတွက် ပြောနေတာ… တကယ်လို့ အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းလို့ ရတယ်ဆိုရင် ဘာလို့ တိုက်ခိုက်နေမှာလဲ … တကယ်လို့ ဂူတုံးလျိုကသာ တကယ် မှားယွင်းခဲ့တယ်ဆိုရင် ကျူးကော့ချန်းဖန်က ဂူတုံးလျိုကို ထုတ်ပေးမယ်လို့ ပြောသားပဲ… ဒါက ကျိရှမ်းကမ်းပါး အတွက် မလုံလောက်ဘူးလား…”

ထိုမျှ ပြောပြီးနောက် ကျိရှမ်းကမ်းပါးကသာ ဆက်လက် ဖိအားပေးနေမည် ဆိုပါက သူတို့က အမှားကို တမင်ဖုံးကွယ်ကာ ကျန်းရှာအား ကာကွယ်ပေးနေခြင်းက လယ်ပြင်တွင် ဆင်သွားသလို ထင်ရှား နေပေတော့မည်။ ဂူတုံးလျိုက အမှန်ပြောနေခြင်း ဖြစ်ကြောင်း အားလုံးက ခံစားမိသော်လည်း ဟောင်စီ၏ နုတ်ထွက်စကားကို ကြားရခြင်းက ကျိရှမ်းကမ်းပါးကို အပြစ်လုပ်နေခြင်းလည်း ဖြစ်နေသည်။

ကျန်းရှာကိုမူကား မည်သူကမှ ဂရုမစိုက်ကြပေ။

ဟောင်စီနှင့် စုရှမ်းတို့က ကျိရှမ်းကမ်းနှင့် များစွာ အတိုက်အခံ မလုပ်နိုင်ပေ။ သို့သော်လည်း အနည်းဆုံး သူတို့က စကားအားဖြင့် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ သူတို့နှစ်ယောက်၏ သဘောထားကြောင့် တခြားလူများက မပါဝင်ရဲကြတော့ပေ။ အကယ်၍ တခြားလူများ မပါဝင်ပါက ခွန်ယိုကလည်း သည်အခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိပေ။

“ကျန်းရှာပြခဲ့တဲ့ ပုံရိပ်တွေကို ငါမြင်ပြီးပြီ… တကယ်လို့ သူ့ကို သံသယဝင်တယ် ဆိုရင် ကျိရှမ်းကမ်းပါးကို သံသယဝင်တာပဲ…” ခွန်ယိုက တင်းမာစွာ ပြောသည်။ ဟော်စီနှင့် စုရှမ်းတို့၏ပြောဆိုချက်က အခြေအနေကို ပြောင်းလဲ သွားစေခဲ့သည်။ သူတို့ဘက်ကမှ အရှိန်အဟုန်က ရပ်တန့်သွားရ၏။ အကယ်၍​ သူတို့က အခြေအနေကို လွှမ်းမိုးနိုင်စွမ်း မရှိပါက မြေရိုင်းပြည်နယ်မှ ထွက်ခွာကာ ယွီပြည်နယ်သို့ ပြန်ရပေတော့မည်။

“ဒီနေ့ ရွှမ်ဝူမျှော်စင်မှာ ကျုပ်က မြေရိုင်းပြည်နယ်က လူတွေရဲ့ သဘောထားကို တွေ့မြင်ခဲ့တယ်… ကျူးကော့မိသားစုက မြေရိုင်းပြည်နယ်ရဲ့ အရေးပါတဲ့ အင်အားစုတစ်ခုပဲ… ဒါကြောင့် ကျုပ်က ကျူးကော့မိသားစုကို နောက်ထပ် ရက်နည်းနည်း ပေးမယ်… တကယ်လို့ သူ့ကို ဆက်ပြီး ကာကွယ် ပေးနေမယ်ဆိုရင် အကျိုးဆက်ကို ခံနိုင်ဖို့ ပြင်ဆင်ထားကြပေတော့…” ခွန်ယိုက အေးစက်စွာ ပြောသည်… “နှုတ်ဆက်ပါတယ်…”

ထိုသို့ပြောပြီးနောက် ခွန်ယိုက နောက်လှည့်ကာ ထွက်သွားသည်။ ယန်ဝူကျိနှင့် တခြား လူများကလည်း မျက်နှာများ သုန်မှုန်သွားကြ၏။ သူတို့က အမှန်ပင် မအောင်မြင်ခဲ့ပေ။

“သွားမယ်…” သူက အမိန့်ပေးသည်ကာ ထွက်သွားသည်တွင် သူ့လူများ အားလုံးက နောက်မှ လိုက်ပါ သွားကြသည်။ ချက်ချင်းပင် ပုဂ္ဂိုလ်ကြီးများကလည်း စတင် ထွက်ခွာ သွားကြသည်။ ဓားကျေးရွာ၊ အင်ပါယာမိသားစုနှင့် တခြား တန်ခိုးရှင်များလည်း ဆုတ်သွားကြ၏။

“အစ်ကိုခွန်… ကျုပ်တို့က ကျူးကော့မိသားစုကို မရှင်းရင် နောက်ပိုင်း အန္တရာယ်ရှိတယ်…” ယန်ဝူကျိက သုန်မှုန်စွာ ပြောသည်။

“ကျုပ်သိတယ်…ဒါပေမဲ့ ဒီနေ့ ဖြစ်ပျက်ခဲ့တာကို ခင်ဗျားလည်း သိတာပဲ… သူတို့ကို အနိုင်ရလို့လား…” ခွန်ယိုက ဆက်ပြောသည်… “ကျူးကော့မိသားစုက ဆက်ပြီး ရုန်းကန်ချင်တယ် ဆိုရင်လည်း ကျုပ်က ဒီထက် ကြီးတဲ့တိုက်ပွဲကို ဖန်တီးရတာပေါ့… ခင်ဗျားရဲ့ မိသားစုတန်ခိုးရှင်တွေ အကုန်ခေါ်လာပြီးတော့ အတူတိုက်ခိုက်မယ်…”

သည်တစ်ခေါက် ကျိရှမ်းကမ်းပါးမှ လူငယ်မျိုးဆက်ကလည်း သူနှင့်အတူ ပါလာသည်။ ထို့ကြောင် ထိုလူများ ဘေးကင်းရန် သူက မိမိကိုယ်ကို ထိန်းချုပ်ကာ စတင်၍ မသတ်ဖြတ်ခဲ့ပေ။

“ကောင်းပြီ…” ယန်ဝူကျိက ခေါင်းညိတ်ကာ ပြန်ပြောသည်… “ဒါပေမဲ့ ကျုပ်တို့က အခု ရွှမ်ဝူမြို့က ထွက်သွားလို့ မရဘူး… နဂါးပတ်တောင်ကို ကျုပ်တို့က စောင့်ကြည့်နေမှ ရမယ်… အထူးသဖြင့် ကျူးကော့ချန်းဖန်နဲ့ ယန်ဟောင်ပဲ…”

“ကျုပ်သိတယ်…” ခွန်ယိုက ပြောသည်။ ယန်ဟောင်က ဓားကျေးရွာကို သွားရောက် တိုက်ခိုက်ပါက အကျိုးဆက်က မတွေးရဲစရာပင်။

“ချင်ကျောင်း၊ ကျန်းရှာ… မင်းတို့နှစ်ယောက် တော်ဝင်ကျဲ နန်းတော်ကို သွားလိုက်… မင်းတို့က ဒီတိုက်ပွဲမှာ ဝင်ပါစရာ မလိုဘူး… နန်းတော်က သူတို့ရဲ့ လူတွေကို လွှတ်နိုင်ရင်တော့ အကောင်းဆုံးပဲ…” ခွန်ယိုက ပြောသည်။ ကျန်းရှာနှင့် ချင်ကျောင်းတို့က ခေါင်းညိတ်ကြသည်။ သည်တစ်ခေါက် ခွန်ယိုကား အမှန်ပင် ဒေါသထွက်နေဟန်ရကာ နဂါးပတ်တောင်ကို အမြစ်ပြုတ်ရှင်းရန် ကြံစည်နေသည်။

“ကျုပ်တို့လည်း စီစဉ်စရာတွေကို စီစဉ်လိုက်မယ်…” ယန်ဝူကျိနှင့် ထိခိုင်တို့က ပြောသည်။ အရာအားလုံးကို သည်တိုက်ပွဲဖြင့် အဆုံးအဖြတ် ဖြစ်စေမည်။

တခြားတစ်ဖက်တွင် ကျူးကော့ချန်းဖန်က ခွန်ယိုအား နှင်ထုတ်နိုင်ခဲ့သော်လည်း သူက စိတ်အေးခြင်း မရှိပေ။ သည်တစ်ခေါက် ဂူတုံးလျိုက ဆုံးဖြတ်ချက်ချကာ ကျူးကော့မိသားစု အပြင်သို့ ထွက်သွားခြင်းက သူတို့အား ရှေးဦးစွာ စတင် တိုက်ခိုက်ခြင်းအား ဖြစ်သွားစေခဲ့သည်။ သည်နေ့တိုက်ပွဲတွင် အားလုံးက အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသည်။ ခွန်ယို၏ သဘောထားက ပိုမိုတင်းမာ လာသည်ကိုလည်း သူတို့က ခံစားမိသည်။ နောက်တစ်ကြိမ် တိုက်ပွဲက သေချာပေါက် အန္တရာယ်များပေမည်။

ဂူတုံးလျိုက တိတ်ဆိတ်စွာ ရပ်နေသည်။ သူက အရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်လိုခဲ့သော်လည်း ရီဖူရှင်းနှင့် ကျူးကော့ချန်းဖန်က ခွင့်မပြုခဲ့ပေ။

ရီဖူရှင်းက ဟောင်စီနှင့် စုရှမ်းတို့ထံကို လျှောက်သွားကာ ပြောသည်… “ကျေးဇူးတင်ပါတယ်… စီနီယာ ”

“ငါ့ကို ကျေးဇူးမတင်နဲ့… ငါဘာမှ​မလုပ်ခဲ့ဘူး…” စုရှမ်းက ပခုံးတွန့်သည်။ သူက အမှန်ပင် ဘာမှ​မလုပ်ခဲ့ဘဲ စကားအနည်းငယ်မျှ ပြောရုံသာ ဖြစ်သည်။

“တကယ်က မင်းကို ဒီကိစ္စထဲ မပါစေချင်ဘူး…” ဟောင်စီက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ ကျိရှမ်းကမ်းပါးက သူတို့လိုချင်သည်ကို ရအောင်ယူမည့် သဘောရှိသည်။ ရီဖူရှင်းတို့ဘက်က အားနည်းနေ၏။ အကယ်၍ ရီဖူရှင်းကသာ သည့်ထက်ပို၍ ဝင်ပါနေပါက သူ့အတွက် အခြေအနေ မကောင်းနိုင်ပေ။ မြေရိုင်းပြည်နယ်တွင် ရီဖူရှင်းလို နောက်တစ်ယောက် ပေါ်လာရန် မလွယ်ကူပေ။ သူတို့က ရီဖူရှင်းအား မဆုံးရှုံးလို။

ကျူးကော့ချန်းဖန်က ရီဖူရှင်းနှင့် ဟောင်စီတို့အား ကြည့်သည်။ ရီဖူရှင်းကား ကောင်းကင်မြေရိုင်း အဆင့် ပုဂ္ဂိုလ်ကြီးများ၏ နှစ်သက်မှုများကို ရရှိပြီးဖြစ်သည်။ သူက နိုဘယ်အဆင့်မျှသာ ရှိသေးသော်လည်း မြေရိုင်းပြည်နယ် တစ်ခုလုံးကို အကျိုးသက်ရောက်မှု ရှိနေနိုင်ပြီဖြစ်သည်။ အကယ်၍ နန်းတော်၏မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့်သာ မဟုတ်ပါက နောင်တွင် သူက နန်းတော်သခင် ဖြစ်နိုင်ကာ မြေရိုင်းပြည်နယ်အား ကိုယ်စားပြု နိုင်ပေလိမ့်မည်။ သို့သော်လည်း နန်းတော်တွင် ရီဖူရှင်းမတိုင်မီ ပိုင်လွေလီ ရှိနေခဲ့ကာ နန်းတော်က ပိုင်လွေလီကို ရွေးချယ်ခဲ့သည်။

***

ရွှမ်ဝူမြို့တိုက်ပွဲက မြေရိုင်းပြည်နယ် တစ်ခုလုံးကို ပျံ့နှံ့ခဲ့သည်။ ဓားကျေးရွာ၊ အင်ပါယာမိသားစု၊ နန်ထျန်းအိမ်တော်နှင့် တခြား အင်အားစုများက ကျိရှမ်းကမ်းပါးနှင့် ပူးပေါင်းကာ ကျူးကော့မိသားစုကို တိုက်ခိုက်ခဲ့ကြသည်။ မြေရိုင်းပြည်နယ်၏ အခြေအနေက ပိုမို ရှုပ်ထွေးလာခဲ့၏။ ချင်ကျောင်းနှင့် ကျန်းရှာတို့က တော်ဝင်ကျဲနန်းတော်ကို ရောက်ရှိ လာခဲ့ကြသည်။

နန်းတော်မှ တန်ခိုးရှင်များက ရွှမ်ဝူမြို့တိုက်ပွဲကို သိပြီးဖြစ်သည်။ အများအပြားက အံ့အားသင့်ကြရ၏။ တော်ဝင်ကျဲနန်းတော် သခင်ပင်လျှင် သတင်းတစ်ခုကို ကြားကာ မှင်တက်သွားသည်။ ရီဖူရှင်းက ကျိရှမ်းကမ်းပါးမှ ချင်ကျောင်းကို ဒုတိယတန်းစား နိုဘယ်အဖြစ်ဖြင့် အနိုင်ယူခဲ့သည်။ ထိုသတင်းက နန်းတော်မှ ပုဂ္ဂိုလ်ကြီးများ အားလုံးကို စိတ်လှုပ်ရှား စေခဲ့သည်။

ချင်ကျောင်းကား တော်ဝင်ကျဲနန်းတော်၏ နံပါတ်တစ်ပါရမီရှင် စီမင်ဟန်ကျင့်ကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သူ ဖြစ်သည်။ ယခု ချင်ကျောင်းက နန်းတော်၏ထုတ်ပယ်ခံ တပည့်​ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်။ သူတို့ မည်သို့ ခံစားနေရမည်ကို အားလုံးက တွေးနိုင်သည်။

ရှီနန်းတော်တွင် လျူချန်းက ကောင်းကင်ကို ငေးမော ကြည့်နေသည်။ ချင်ကျောင်းကား ရှန့်ထိုဖြစ်ရန် အလားအလာရှိသူ ဖြစ်သည်။ ထိုစကားကို ကျိရှမ်းကမ်းပါး ရှန့်ထိုကိုယ်တိုင် ပြောခဲ့ခြင်းလည်းဖြစ်ရာ အလွန်စိတ်ချရသော မှတ်ချက်ဖြစ်သည်။ သို့သော်လည်း သူ့ကား ဒုတိယတန်းစား နိုဘယ်ဖြစ်သော ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်။

ဤသို့ဆိုလျှင် ရီဖူရှင်းကကော…။ သူကလည်း ရှန့်ထိုဖြစ်ရန် အလားအလာ ရှိသူဖြစ်သည်။

နန်းတော်တွင် မူလကတည်းက ရှန့်ထိုဖြစ်နိုင်သော ပါရမီရှင် နှစ်ယောက်ကို ပိုင်ဆိုင်ခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက နန်းတော်မှ ထုတ်ပယ်ခံခဲ့ရသည့်အပြင် ပိုင်လွေလီနှင့်လည်း ရန်သူများ ဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက်က နန်းတော်တွင် ရှန့်ထိုဖြစ်လာရန် အလားအလာ ပါသူများ ဖြစ်ကြသော်လည်း မီးနှင့်ရေကဲ့သို့ အတူတကွ တည်ရှိမနေနိုင်ပေ။

သူတို့ နောင်တရပါသလား…။

လျူချန်းက သူ၏ဆုံးဖြတ်ချက်ကို ပထမဆုံးအကြိမ် သံသယ ဝင်လာခဲ့သည်။ သို့သော်လည်း သူက နန်းတော်အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် သူက မှားယွင်းရမည်နည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset