Switch Mode

အပိုင်း(၆၉၇)

အမြင်သဘောထား

ချင်ကျောင်းက မြေပြင်ပေါ်တွင် ကျောက်ရုပ်အလား မတုန်မလှုပ် ရပ်နေသည်။ တခြားတိုက်ပွဲများက သူနှင့် သက်ဆိုင်သည့်ပုံလည်း မရတော့။ သူ ရှုံးနိမ့်သွားပြီ။

ယွီပြည်နယ်တွင် သူ့မျိုးဆက်၌ ပြိုင်ဘက်ကင်းသော သူကား ယနေ့ ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်။ ကျိရှမ်းကမ်းပါး၏ ရှီအဆင့်အောက်မှ ပြိုင်ဘက်ကင်းသော နံပါတ်တစ်နိုဘယ်ကား မြေရိုင်းဒေသ၏ ထူးချွန်ထက်မြက်သော နိုဘယ်အဆင့် တန်ခိုးရှင် တစ်ယောက်ထံတွင် ရှုံးနိမ့်ခဲ့၏။ ထို့အပြင် ရီဖူရှင်း၏ တန်ခိုးအဆင့်က သူ့ထက် နိမ့်သေးသည်။

သူက ခေါင်းမော့ကာ ရီဖူရှင်းအား ကြည့်သည်။ ရီဖူရှင်း၏ ကာယကြံ့ခိုင်မှု၊ စိတ်ဝိညာဉ်စွမ်းအား၊ နားလည်ထားသည့် လောကသဘာဝတို့ အားလုံးက အလွန် အားကောင်းသည်။ သူက လောက သဘာဝပိုင်းတွင် ပိုမိုရင့်ကျက်စွာ နားလည်ထားသည့်တိုင် ထိုအရာများအားလုံးက သူ့အား ဒဏ်ရာရစေခဲ့၏။ သည်က ဤတိုက်ပွဲကို မှတ်ထားပေမည်။

ပြည်နယ်ကိုးခုတွင် မရေမတွက်နိုင်သော ပါရမီရှင်များ ရှိကြသည်။ သူက ပြည်နယ်ကိုးခုတွင် အလားအလာ အကောင်းဆုံး လူငယ်ဟု လူအများက သတ်မှတ်ကြသော်လည်း သူက ကျေနပ်နှိပ်သိမ့်ခြင်း မရှိပေ။ ယခု မြေရိုင်းပြည်နယ်၌ သူ၏ဆရာတူအစ်ကိုနှင့် သူတို့နှစ်ယောက်လုံးက ရှုံးနိမ့်ခဲ့ကြရ၏။

ဤသို့ဆိုလျှင် တခြားပြည်နယ်မှ ပါရမီရှင်များကရော…။ ယခု သူက ရှီအဆင့်ကိုပင် မတက်ရောက်သေးရာ တခြားပြည်နယ်မှ တန်ခိုးရှင်များနှင့် ထိတွေ့ဆက်ဆံခြင်း မရှိဖူးသေးပေ။ သို့သော်လည်း သူတို့တွင်လည်း ထူးခြားထက်မြက်သော ပါရမီများ ရှိကြပေမည်။

တခြား လူများကလည်း တိုက်ပွဲကို ကြည့်ကာ ရှုပ်ထွေးသော ခံစားချက်များကို ခံစားနေကြရသည်။ နန်းတော်မှ လူများကား သည်နေ့ သည်နေရာတွင် မရှိကြပေ။ အကယ်၍ သူတို့ကသာ သည်တိုက်ပွဲကို မြင်လျှင် မည်သို့ ခံစားရမည်နည်း။ ဤမတိုင်မီ ချင်ကျောင်းက စီမင်ဟန်ကျင့်ကို နန်းတော်တွင် အနိုင်ယူခဲ့ကာ မည်သူကမှ သူ့အား တားဆီးနိုင်စွမ်း မရှိခဲ့ကြပေ။ ယနေ့ နန်းတော်မှ ထုတ်ပယ်ခံခဲ့ရသော ရီဖူရှင်းက သူ၏ပြိုင်ဘက်ကင်းဘွဲ့ကို ဆက်လက် ထိန်းသိမ်းခဲ့သည်။ ယွီပြည်နယ်မှ အလားအလာ အကောင်းဆုံး ပါရမီအမြင့်ဆုံး သားတော်နှင့် ယှဉ်လျှင်ပင် ရီဖူရှင်းက ဒုတိယတန်းစား နိုဘယ်အနေဖြင့် ပြိုင်ဘက်ကင်းနေဆဲ ဖြစ်သည်။

မြေရိုင်းပြည်နယ်မှ ပုဂ္ဂိုလ်ကြီးများ အားလုံးက ထိုဆိုလိုရင်းကို နားလည်ကြသည်။ ဟောင်စီ၊ စုရှမ်းနှင့် တခြားလူများ အားလုံးက လေထဲတွင် ရပ်နေသော လူငယ်လေးကို ကြည့်ကြသည်။ တိုက်ပွဲ အနိုင်ရသည့်အပေါ် သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်ကိုမှ မတွေ့ရပေ။ သည်တိုက်ပွဲက လက်ရှိ ပြဿနာကို မည်သို့မှ​ သက်ရောက်နိုင်စွမ်း မရှိနိုင်သည်ကို သူသိသည်။ သည်တိုက်ပွဲက သူ့အတွက် အဓိပ္ပာယ် ကင်းမဲ့ပေသည်။ ရီဖူရှင်းအတွက်မူ ကျိရှမ်းကမ်းပါးက တခြားလူများ ထင်ထားသလို သိပ်မြင့်မားသည့် အတန်းအစားရှိသူများ မဟုတ်ကြောင်း သက်သေပြခဲ့ခြင်း တစ်ခုသာဖြစ်သည်။ လက်ရှိမျိုးဆက်၏ အတော်ဆုံးဆိုသည့် လူပင်လျှင် ရှုံးနိမ့်နိုင်ကြောင်း သူပြောပြခဲ့သည်။

“ရှန့်ထိုဖြစ်ဖို့ အလားအလာပါသူ…” ဟောင်စီက ရေရွတ်လိုက်သည်။ ချင်ကျောင်းက ရှန့်ထိုဖြစ်ရန် အလားအလာ ရှိသူဖြစ်ကာ ကျိရှမ်းကမ်းပါးရှိ သားတော်ကိုးပါးထဲမှ အတော်ဆုံး အထူးချွန်ဆုံးဟု သူကြားထားသည်။ ယခု ရီဖူရှင်းက ဒုတိယတန်းစား နိုဘယ်အဖြစ်ဖြင့်ပင် သူ့အား အနိုင်ယူခဲ့သည်။ ဘာကို ဆိုလိုသနည်း…။

ရီဖူရှင်းကလည်း ပုံမှန်အားဖြင့် ရှန့်ထိုဖြစ်ရန် ကံပါလာသည်။ ထိုမျှသာမက သည်တိုက်ပွဲက ရီဖူရှင်းသည်လည်း ဒုတိယတန်းစား နိုဘယ်အဖြစ်ဖြင့် ရှီတန်ခိုးရှင်များအား တိုက်ခိုက် အနိုင်ယူနိုင်ကြောင်း သက်သေပြခဲ့သည်။ ချင်ကျောင်းက ရှီအဆင့်ကို မတက်ရောက်ရ သေးသော်လည်း သူကား ရှီအဆင့်ကို တက်ရောက်စ သူများထက် အားကောင်းပေသည်။

ယခင် ပိုင်လွေလီက တိုက်ပွဲတစ်ပွဲမျှဖြင့် နာမည်ကျော်ကြားခဲ့၏။ သူ့တွင် တော်ဝင်ပညာရပ်ကို ပိုင်ဆိုင်ကာ နောင်တွင် ရှန့်ထိုဖြစ်မည်ဟု ရှီတန်ခိုးရှင်ဝမ်ရှင်းက ခန့်မှန်း တွက်ချက်ခဲ့သည်။ တော်ဝင်ကျဲ နန်းတော်ကလည်း ပိုင်လွေလီအတွက် များစွာ စတေးခဲ့ရကာ ထိုအထဲတွင် ရီဖူရှင်းကို ထုတ်ပယ်မှုလည်း ပါဝင်ခဲ့သည်။ သို့သော်လည်း ယခု ရီဖူရှင်းက ပိုင်လွေလီထက် အားနည်းခြင်း မရှိကြောင်း သက်သေပြခဲ့သည်။ တန်ခိုးအဆင့် ကွာဟချက်ကြောင့် မည်သူက ပိုထူးချွန်သည်ကို ပြောရန် ခက်ခဲသော်လည်း တန်ခိုး အဆင့်တူညီစွာ ထားပါက ပိုင်လွေလီ အနိုင်ရမည်ဟု မည်သူမှ တထစ်ချ မတွေးရဲကြတော့ပေ။

ဤသို့ဆိုလျှင် ပိုင်လွေလီအတွက် လုပ်ခဲ့သမျှက နန်းတော်အတွက် ထိုက်တန်မှု ရှိပါသလော…။

နန်းတော်က ရှန့်ထိုဖြစ်ရန် အလားအလာ ရှိသူနှစ်ဦးအား ပိုင်ဆိုင်ခဲ့သော်လည်း ယခု ထိုနှစ်ယောက်က ပြန်လမ်းမရှိသော ဆန့်ကျင်ဘက် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ နန်းတော်ကပင် ရီဖူရှင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေ၏။

ဟောင်စီ၊ စုရှမ်းနှင့် တခြားလူများကပင် စိတ်ထဲ၌ နောင်တရနေကြရသည်။ သူတို့က နန်းတော်မှ မဟုတ်သော်လည်း သူတို့အားလုံး စိတ်မကောင်းဖြစ်ကြရသည်။

ဟောင်ကျူဂီ၊ ထိကန်း၊ နန်ဟိုနှင့် တခြားလူငယ်များ အားလုံးကလည်း ရှုပ်ထွေးသော ခံစားချက်များကို ရနေကြသည်။ သူကား ယနေ့အထိ ပြိုင်ဘက်ကင်းနေဆဲ ဖြစ်ကာ ပိုမို၍ အားကောင်းလာသည်။ အကယ်၍ ပြန်တိုက်ခိုက်မည်ဆိုပါလျှင် ရီဖူရှင်းက သူ့အား အလွယ်တကူ အနိုင်ယူသွားမည်ကို ထိကန်းက ခံစားရသည်။

သူ့အား တော်ဝင်လမ်းကို ဝင်ရောက်နိုင်ရန် သူ၏အဖေ ထိခိုင်က အလွန် မျှော်လင့်ထားသည်။ သူ့အား ကျိရှမ်းကမ်းပါးကို ဝင်ရောက်နိုင်စေရန် သူ၏အဖေ ထိခိုင်က ခွန်ယိုနှင့် ပူးပေါင်းကာ ကျူးကော့ မိသားစုနှင့် စစ်ခင်းရဲခဲ့ပေသည်။ သို့သော်လည်း မြေရိုင်းပြည်နယ်တွင် သူက မည်သည့်အခါမှ လိုက်မီနိုင်စွမ်း မရှိသည့်တစ်ယောက်ကား သူ့မျက်စိရှေ့တွင်ပင် ရှိနေသည်။

သူက ခေါင်းမော့ကာ လေထဲမှ တိုက်ပွဲကို ကြည့်သည်။ ခွန်ယိုနှင့် ယန်ဟောင်တို့ ရင်ဆိုင်မိလိုက်တိုင်း ရိုက်ခတ်မှုများက လူအများ၏ စိတ်နှလုံးကို တုန်ခါစေသည်။ သို့သော်လည်း သူကိုယ်တိုင်၏ တိုက်ပွဲထက် မြေပြင်မှ​ အရေးမပါသော တိုက်ပွဲတစ်ခုကြောင့် ခွန်ယို၏ စိတ်အနေအထားက သိသိသာသာ ထိခိုက်စေခဲ့သည်။

သူ့ဆရာတူအစ်ကို၏ တပည့်ဖြစ်သူ ချင်ကျောင်းကား သူ့မျိုးဆက်တွင် အထူးချွန်ဆုံး ဖြစ်သည်။ ထိုမျှသာမက တစ်ကြိမ်တစ်ခါက သူ့အား ရှန့်ထိုတစ်ပါးက နောက်တွင် ရှန့်ထိုဖြစ်လာမည့်သူဟု သတ်မှတ် ပြောဆိုခဲ့ဖူးသည်။ ချင်ကျောင်းက ရှီအဆင့်ကို တက်လှမ်းသောအခါ သူ့အား ရှန့်ထိုတန်ခိုးရှင် ကိုယ်တိုင်က သင်ကြားပေးခြင်း ခံရနိုင်သူလည်း ဖြစ်သည်။

ထို့ကြောင့် ကျိရှမ်းကမ်းပါး၏ သားတော်ကိုးပါးထဲတွင် ချင်ကျောင်းကား ပါရမီအမြင့်ဆုံးဟု လူအများက သတ်မှတ်ထားကြသည်။ အနာဂတ်တွင် ချင်ကျောင်းက ကျိရှမ်းကမ်း၏ အဓိက ထောက်တိုင်တစ်ခုလည်း ဖြစ်လာမည်။ ချင်ကျောင်းအား ကာကွယ်ရန် ပြည်နယ်ကိုးခု ရှီအဆင့်ကိုးတွင် ရှိသောသူက များစွာ စတေးခံရဲပေသည်။

ထိုအရာက ရှန့်ထိုတန်ခိုးအဆင့်၏ ဆွဲဆောင်မှုလည်း ဖြစ်သည်။ ရှန့်ထိုမျိုးဆက်များသာ သူ၏အကြီးအကဲများက ဤသို့ ကာကွယ်ပေးရန် ထိုက်တန်ပေသည်။ ထို့ကြောင့်လည်း ချင်ကျောင်းနှင့် ရီဖူရှင်းတို့၏စွမ်းအားက သည်ကဲ့သို့ အခြေအနေကို အကျိုးအသက်ရောက်မှု မရှိစေနိုင်သော်လည်း သူ့စိတ်အခြေအနေက အနုတ်သဘော ဆောင်ခဲ့ရသည်။ သူ့တွင် သံသယအတွေးများ ဝင်လာသည်။ သူကိုယ်တိုင်ကိုလား … ချင်ကျောင်းကိုလား ဟူသည်ကိုတော့ သူလည်း အတိအကျ မပြောတတ်ပေ။

မြေရိုင်းပြည်နယ်၌ သူကိုယ်တိုင် လိုက်ပါ စောင့်ရှောက်နေသော ချင်ကျောင်းကား ဒုတိယတန်းစား နိုဘယ်တစ်ယောက်ထံတွင် ရှုံးနိမ့်ခဲ့သည်။

ထိုအခိုက်တွင် နှင်တံပုံရိပ်များစွာက ကောင်းကင်ယံမှ သူ့ထံကို ဆင်းသက်လာသည်။ ခွန်ယို၏ စိတ်အနေအထားက ဆုတ်ယုတ်သွားသော အချိန်တွင် သူ၏တုံ့ပြန်မှုကလည်း အနည်းငယ် နှေးကွေး လေးလံသွားသည်။ သို့သော်လည်း ထိပ်သီးအဆင့်များ၏ တိုက်ပွဲတွင် ထိုမျှသော နှေးကွေး လေးလံမှုကလေးက အဆုံးအဖြတ်လည်း ဖြစ်၏။ ယန်ဟောင်၏ ကောင်းကင် ပျက်သုန်းခြင်းနှင်တံ ကျဆင်းလာသောအခါ နတ်ဘုရားပုံရိပ်က ပြိုကွဲသွားပြီး ခွန်ယိုကလည်း မြေပြင်ပေါ်ကို ပြင်းထန်စွာ ကျသည်။

သို့တိုင်အောင် သူကား ဒဏ်ရာရခြင်း မရှိပေ။ ယန်ဟောင်၏ ရှန့်ထိုရတနာကား ခုခံမှုအားပြု ချပ်ဝတ်ဖြစ်ကာ သူ၏တိုက်ခိုက်ရေး လက်နက်ကား ရှန့်ထိုအဆင့် အပြည့်အဝမရှိသော လက်နက်ဖြစ်သည်။ ရှီအဆင့်၏ အမြင့်ဆုံး အခြေအနေ၌ ရှိနေသောသူကား ယန်ဟောင်က မည်မျှ အားကောင်းပါစေ ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်ပေ။

အမှန်တကယ်အားဖြင့် ပြည်နယ်ကိုးခု ရှီအဆင့် ထိပ်သီး ဆယ်ယောက်လုံးမှာ ကွန်းရှီအမြင့်ဆုံး၌ ရောက်နေကြပြီး ဖြစ်သည်။ သူတို့က နောက်တစ်ဆင့်ကို တက်နိုင်စွမ်း မရှိသော်လည်း ရှီအဆင့်တွင် ပြိုင်ဘက်ကင်း ကြပေသည်။ သို့သော်လည်း ရှန့်ထိုခုခံခြင်း ရတနာကို ပိုင်ဆိုင်ထားသော ယန်ဟောင်အား ခွန်ယိုကလည်း ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်ပေ။

တူညီစွာပင် ကောင်းကင်မြေရိုင်း အဆင့်မှ တန်ခိုးရှင်များစွာ ဝိုင်းဝန်း တိုက်ခိုက်သည့်တိုင် ကျူးကော့ချန်းဖန်ကား သာသာယာယာ ခုခံနိုင်ဆဲဖြစ်သည်။ သူ၏ရှန့်ထို အဆင့်ရတနာဖြင့် ယန်ဝူကျိနှင့် တခြားလူများက ပူးပေါင်း တိုက်ခိုက်သည့်တိုင် ကွာဟချက်ကို အလွန် ကြီးမားပေသည်။ အမှန်တကယ်အားဖြင့် ကျူးကော့ချန်းဖန်ကလည်း သူတို့နှင့် ထိပ်တိုက် ရင်ဆိုင်ခြင်း မရှိဘဲ သူ၏ ပုံရိပ်ယောင်များကိုသာ အားပြု၍ ခုခံနေဆဲ ဖြစ်သည်။

သူကား လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ပေသည်။ သူနှင့် ယန်ဟောင်တို့ မရှုံးနိမ့်သွားသရွေ့ သည်လူများက ဘာမှ လုပ်မရပေ။ သူတို့က အတင့်ရဲစွာ မပြုမူရဲပေ။ လက်ရှိ သူတို့၏အဆင့်ဖြင့် အသက်ရှင်နေသရွေ့ ကာလပတ်လုံး လူငယ်မျိုးဆက်များနှင့် မိသားစုဝင်များကို သွားထိ၍ မရပေ။ မဟုတ်ပါက တခြားဘက်မှလည်း ထိုနည်းတူ မိသားစုဝင်များနှင့် လူငယ်မျိုးဆက်များကို သတ်ဖြတ်လျှင် မည်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့ အသက်ရှိသရွေ့ ဂူတုံးလျိုနှင့် ရီဖူရှင်း ဘေးကင်းပေသည်။ အထူးသဖြင့် ဂူတုံးလျိုနှင့် ရီဖူရှင်းတို့ ပါရမီအရ ပိုမို၍ ရှင်းလင်းစွာ နားလည်လာရသည်ကား သူတို့ အသက်ရှိသရွေ့ မျှော်လင့်ချက် ရှိပေသည်။

အနာဂတ်တွင် ရီဖူရှင်းက သေချာပေါက် ရှန့်ထိုဖြစ်ပေမည်။ တခြားလူများ နားမလည်သော်လည်း ကျူးကော့ချန်းဖန်နှင့် ယန်ဟောင်တို့က ထိုအချက်ကို ကောင်းကောင်း သိနားလည်ပေသည်။ ထို့ကြောင့် ကျိရှမ်းကမ်းပါးက မည်မျှ ဖိအားပေးပါစေ သူတို့၏စိတ်ကို ပြောင်းလဲရန် မဖြစ်နိုင်ပေ။

ဟိန်းသံတစ်ချက်နှင့်အတူ ယန်ဟောင်က ကောင်းကင် ပျက်သုန်းခြင်းနှင်တံကို ဝှေ့ယမ်းကာ နန်ထျန်းအိမ်တော် ခေါင်းဆောင်ထံသို့ ဆင်းသက်လာသည်။ နန်ထျန်းအိမ်တော် ခေါင်းဆောင်ကလည်း သူ၏လှံရှည်ကို ဝှေ့ယမ်းလျက် ကာကွယ်သည်။

ဘုန်း…

ကျယ်လောင်စွာ မြည်ဟည်းသံတစ်ခုနှင့်အတူ နန်ထျန်းအိမ်တော် ခေါင်းဆောင်၏လှံရှည်က မြေပြင်ထဲကို နစ်ဝင်သွားသည်။ လှံရှည်ကို ကိုင်ထားသော သူ၏လက်ကနည်း အနည်းငယ် တုန်ယင်နေသည်ကို မြင်ကြရသည်။ ယခု ယန်ဟောင်၏ တိုက်ခိုက်ရေး စွမ်းရည်ကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ယန်ဟောင်က ရပ်တန့်နေခြင်း မရှိဘဲ နှင်တံကို ဝှေ့ယမ်းကာ တခြားလူများထံသို့ ပြေးဝင်သွားသည်။ ချက်ချင်းပင် ယန်ဝူကျိနှင့် တခြားလူများအားလုံး မျက်နှာများ ပျက်ယွင်းသွားကြကာ မြန်ဆန်စွာ နောက်ဆုတ်ကြသည်။ သူတို့ကား ကျူးကော့ချန်းဖန်ကိုပင် ခက်ခဲစွာ တိုက်ခိုက်နေကြရရာ ယခု ယန်ဟောင်ကပါ သူတို့ တိုက်ပွဲထဲကို ဝင်လာသောအခါ မည်သို့မှ ရင်ဆိုင်နိုင်စွမ်း မရှိတော့ပေ။

“ယန်ဟောင်ရဲ့ သိဒ္ဓိဝင်လက်နက်က ကျူးကော့ချန်းဖန်နဲ့ အတူတူပဲ… သူတို့နှစ်ခုလုံးက ရှန့်ထိုအဆင့်တွေ… အဲဒါက ကျုပ်ရဲ့ တိုက်ခိုက်မှုကို အားနည်းသွားစေလို့ သူတို့ကို ဒဏ်ရာ မရစေနိုင်ဘူး… ” ခွန်ယိုက ပြောသည်။ သူတို့၏ခုခံမှုကို သူက ကျော်ဖြတ်နိုင်စွမ်း မရှိရာ မည်မျှ ဆက်လက် တိုက်ခိုက်နေပါစေ အကျိုးမရှိပေ။ သူကား ယန်ဟောင်ကိုပင် အနိုင်မယူနိုင်ပေ။ တခြား လူများကလည်း ကျူးကော့ချန်းဖန်ကို ဖိအား မပေးနိုင်ပေ။

“ဒါပေမဲ့လည်း ကျုပ်တို့ ဆက်တိုက်ရမယ်…” ယန်ဝူကျိ၏ မျက်လုံးများကား ဓားအိမ်မှ ထုတ်လိုက်သော ဓားတစ်လက်လို ထက်ရှနေသည်။ သူတို့အတွက် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ သည်တိုက်ပွဲက လွယ်ကူခဲ့မည်ဟု သူတို့က တွေးထားခဲ့သည်။ ခွန်ယို၏ အစွမ်းဖြင့် သူက ယန်ဟောင်ကို သတ်နိုင်မည်။ ထို့နောက် သူတို့က ကျူးကော့ချန်းဖန်အား ဆက်လက်၍ တိုက်ခိုက် အနိုင်ယူနိုင်မည်။

ခွန်ယိုကိုယ်တိုင်က တိုက်ပွဲဝင် စိတ်ဓာတ် ပျောက်ဆုံးသွားဟန် ရနေသည်။ သူက ချင်ကျောင်းနှင့် ကျန်းရှာတို့အား ကြည့်သည်။ ကျန်းရှာက ဂူတုံးလျိုထံတွင် အသတ်မခံရသည်မှာ ကျိရှမ်းကမ်းပါ၏ ကွန်းရှီများက ကာကွယ်ပေးသောကြောင့် ဖြစ်သည်။ ချင်ကျောင်းကလည်း ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်။ သွေးအန်ပြီးနောက် ချင်ကျောင်း၏ စိတ်နှင့်ခန္ဓာက အလွန် အားနည်းနေပြီ ဖြစ်သည်။

“ဒီနေရာကို လာတဲ့လူတွေက ဘယ်လို မြင်ကြလဲ…” ခွန်ယိုက တခြား ပတ်ပတ်လည်မှ ကြည့်နေကြသော ထိပ်သီး ပုဂ္ဂိုလ်များအား မေးသည်။ သို့သော်လည်း သူတို့အားလုံးက တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့က ရှန့်ထိုအဆင့်ကို မလိုလားသည် မဟုတ်ပေ။ သို့သော်လည်း အားလုံးတွင် ချင့်ချိန် တွေးတောနိုင်စွမ်း ရှိကြသည်။ အထူးသဖြင့် ယန်ဟောင်၏ အစွမ်းကို တွေ့မြင်သော အချိန်တွင်ဖြစ်သည်။ အကယ်၍ ယနေ့တိုက်ပွဲကသာ သူတို့အား အဆုံးမသတ်နိုင်ပါက အကျိုးဆက်က သိပ်ကောင်းမည် မဟုတ်ပေ။

ကျိရှမ်းကမ်းပါးက ယွီပြည်နယ်၏ တော်ဝင်မြေဖြစ်ကာ ရှန့်ထိုတန်ခိုးရှင်အား ပိုင်ဆိုင်သော်လည်း ရှန့်ထိုတန်ခိုးရှင်က မြေရိုင်းပြည်နယ်ကို ကိုယ်တိုင် လာရောက်မည် မဟုတ်ပေ။ သူတို့က ဤကိစ္စကိုပင် သိမည်မဟုတ်ပေ။ မည်သို့ဆိုစေ သူတို့ကား အဆင့်နယ်လွန် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ ကျိရှမ်းကမ်းပါးတွင် လူများစွာ လေ့ကျင့်နေကြကာ နေ့စဉ်နေ့တိုင်း ကိစ္စရပ်များစွာ ဖြစ်ပျက်နေသည်။ သူတို့က အရာခပ်သိမ်းအား မည်သို့ တင်ပြနေရမည်နည်း။ ခွန်ယိုကို စေလွှတ်ကာ ဖြေရှင်းခိုင်းခြင်းကပင် အလွန် အလေးထားရာ ရောက်နေပြီ ဖြစ်သည်။

“ကျုပ်တို့ ဂူတုံးလျိုရဲ့ စကားကို အလေးထားသင့်တယ်.. ကျိရှမ်းကမ်းပါးက ဒီကိစ္စကို ထပ်စစ်ဆေးသင့်တယ်… တခြားလူတွေကို လွယ်လင့်တကူ မစွပ်စွဲသင့်ဘူး…” ထိုအခိုက်တွင် အသံတစ်သံကို ကြားရသည်။ ခွန်ယိုက အေးစက်သော မျက်လုံးများဖြင့် လှည့်ကြည့်သည်။ ခွန်ယိုသာ မဟုတ် ယန်ဝူကျိနှင့် တခြားလူများကလည်း ထက်ရှသော မျက်လုံးများဖြင့် ကြည့်ကြသည်။ ယခု သူတို့အားလုံးက ကျိရှမ်းကမ်းနှင့် တူတူပူးပေါင်းနေပြီ ဖြစ်ရာ နောက်ဆုတ် မရနိုင်တော့ပေ။

စုံစမ်းစစ်ဆေးရန်လား…။ ထိုလူကား ဂူတုံးလျိုအတွက် ပြောပေးနေခြင်း ဖြစ်သည်။

ဂူတုံးလျိုပြောသည့် စကားက အမှန်ဆိုလျှင် ကျိရှမ်းကမ်းပါးက မြေရိုင်းပြည်နယ်မှ ထွက်သွားကာ ကျန်းရှာအား အပြစ်ပေးပါမည်လော…။ ဤသို့ဆိုလျှင် ယန်ဟောင်နှင့် ကျူးကော့ချန်းဖန်တို့၏ လက်စားချေမှု အလှည့်ကို ရောက်လာပေတော့မည်။

သို့သော်လည်း ယခု ပြောလိုက်သူကား မြေရိုင်းပြည်နယ်၏ ထိပ်သီးတန်ခိုးရှင် တစ်ပါး ဖြစ်နေသည်။ သူကား ကောင်းကင်မြေရိုင်း အဆင့်၅တွင် ရှိသော ဟောင်စီးဖြစ်သည်။ သူကဤသို့သော စကားကို ပြောမည်ဟု မည်သူကမှ မထင်ထားခဲ့ပေ။ သူ၏စကားက သူ၏ရပ်တည်ချက်ကို ဖော်ပြနေသည်။ သူကား နဂါးပတ်တောင်၏ဘက်တွင် ရှိနေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset