Switch Mode

အခန်း ( ၁၈ )

ခန္ဓာအချုပ်အနှောင်အဆင့်

အဆင့်နိမ့်ကျွန်း တစ်ကျွန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြစဉ် ကျိုးရိဖန်နှင့် မိတ်ဆွေများမှာမူ ဒေါသအမျက်ချောင်းချောင်း ထွက်နေကြတော့သည်။ ချော်ရည်အခန်းထဲတွင် ရှိနေခဲ့သည်မှာ နှစ်ရက်တိတိ ရှိသွားပြီဖြစ်သော ဝမ်ပေါင်လဲ့ကမူ တစ်ကိုယ်လုံး ချွေးများဖြင့်ရွှဲနစ်နေပြီး ကြယ်တွေလတွေပင် မြင်နေရပြီ ဖြစ်သည်။

သူသည် အသက်ကိုပင် ခက်ခက်ခဲခဲ ရှူနေရသည်ဖြစ်ပြီး ထိုအခန်းထဲတွင် ထပ်၍ မနေနိုင်တော့သည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ ချော်ရည်အခန်း၏ အတွင်းပိုင်းထဲရှိ အပူချိန်မှာ အလွန် မြင့်မားနေသောကြောင့် ဝမ်ပေါင်လဲ့၏ ချွေးစက်များပင် အငွေ့ပျံနေ၏။ ထို့ကြောင့် ချော်ရည်အခန်းထဲတွင် တိမ်တိုက်များဖြင့် ပြည့်နှက်နေသလိုပင် ဖြစ်နေတော့သည်။

” ငါ့တစ်ကိုယ်လုံးနီးပါး အကင်ခံထားရတာ ကျနေတာပဲကွာ ”
ဝမ်ပေါင်လဲ့မှာ ကြောက်ဒူးများ တုန်နေ၏။ သူသည် အရှင်လတ်လတ် အကင်ခံရမည်ကို အလွန် စိုးရိမ်နေတော့သည်။ ထိုသို့သာဆိုလျှင် ` ဝက်ကင်ကြီး ‘ ဟူ၍ သရော်ခံရကာ ဟာသကြီးတစ်ခု ဖြစ်သွားမည်မှာ အမှန်ပင်။

ဤကမ္ဘာပေါ်တွင် အလွန် ခေါင်းမာပြီး ကြောက်စရာကောင်းသည့် လူများရှိကြ၏။ သူတို့ကို ဝိတ်ချသူများဟု ခေါ်ဆိုေပသည်။

သူတို့သည် ထိုသို့ဝိတ်ချနေစဉ်အတွင်း ထူးခြားသော ပျော်ရွှင်မှုတစ်မျိုးကို ရရှိပိုင်ဆိုင်သွားလေ့ ရှိကြသည်။ ထိုပျော်ရွှင်မှုမှာ ဝိတ်ပိုကျလာသည်နှင့်အမျှ ပို၍ သိသာလာသည် ဖြစ်ရာ အံ့ဩဖွယ်ရာကောင်းသော အဆင့်တစ်ခုအထိပင် ရောက်သွားနိုင်သည်။

အချိန်တိုလေးအတွင်း မှင်တက်ဖွယ်ရာကောင်းသော ရလဒ်များကို ပိုင်ဆိုင်လိုက်ရမည်ဆိုပါက ပို၍ သိသာထင်ရှားသည်။ ဝမ်ပေါင်လဲ့သည် အရှင်လတ်လတ် အကင်ခံလိုက်ရမည်ကို စိုးရိမ်နေသောကြောင့် လုံးလုံးလျားလျား သည်းညည်းမခံနိုင်လောက်အောင် ဖြစ်နေခဲ့ရသည်။ သို့သော် ပြီးခဲ့သည့် နှစ်ရက်အတွင်း သူ၏ခန္ဓာကိုယ် သိသိသာသာ ပိန်ကျသွားခဲ့သည်ကို မြင်လိုက်ရသောအခါတွင်မူ သူသည် ချက်ချင်းပင် အလွန် စိတ်လှုပ်ရှားသွားတော့သည်။

” ဖြစ်ချင်ရာဖြစ်ကွာ။ အရှင်လက်လက် အကင်ခံရရင်ခံရ၊ မခံရရင် အများကြီး ပိန်ကျသွားမှာပဲ ”
ဝမ်ပေါင်လဲ့သည် အံကြိတ်ကာ ညာဘက်လက်ကို‌မြှောက်၍ မန္တန် အစီအရင်၏ ခလုတ်ကို နှိပ်လိုက်၏။ ထိုအခါ ချော်ရည်အခန်းကြီးက ချက်ချင်းပင် နောက်ထပ်တစ်ကြိမ် တုန်ရီသွားပြီး ပို၍မြင့်မားသော အပူချိန်များက သူ့အား ချက်ချင်း ဝန်းရံသွားတော့သည်။

ချော်ရည်အခန်းတစ်ခန်းလုံး တွန့်လိမ်ပုံပျက်နေသည့်ပုံ ပေါက်နေ၏။ ဝမ်ပေါင်လဲ့၏ခန္ဓာကိုယ်နှင့် သူ မှုတ်ထုတ်လိုက်သော လေများပင် ခြစ်ခြစ်တောက် ပူနေပြီဖြစ်သည်။ သူ့ ခန္ဓာကိုယ်၏ အတွင်းပိုင်းသာမက အပြင်ပိုင်းပါ မီးလောင်ကျွမ်းနေသည့်အလား ခံစားနေသည်။

ထိုကဲ့သို့ သူ အကြာကြီး တောင့်ခံနိုင်ရသည့် အကြောင်းအရင်းမှာ သူ၏ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်အဆီ မြောက်များစွာ စုဝေးနေသောကြောင့် ဖြစ်သည်။ ယင်းကဲ့သို့ မီးလောင်ကျွမ်းနေသည့်ပမာ ခံစားနေရစဉ် ဝိညာဉ်အဆီများမှာ အရည်ပျော်ကျသွားပြီး ဝိညာဉ်ချီများက သူ၏ ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွားကာ သူ၏ အသွေးအသားများကို အာဟာရဓာတ်များဖြင့် အဆက်မပြတ် ဖြည့်ဆည်းပေးနေ၏။

ထိုကဲ့သို့ အာဟာရဓာတ်များ ရရှိနေရုံသာမက အပူချိန်မှာလည်း မြင့်တက်လာသောကြောင့် သွေးချီများက တဖြည်းဖြည်း အရည်အသွေး တိုးတက်ကောင်းမွန်လာသည်။ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့၏ သွေးချီများမှာ အနီရောင် အလင်းတန်းတစ်ခုအဖြစ် ခန္ဓာကိုယ်ထဲမှ ဖြာထွက်လာတော့သည်။

အကယ်၍ ထိုကဲ့သို့ စူးရှတောက်ပနေသော သွေးချီများကို တစ်ယောက်ယောက်သာ မြင်လိုက်ရမည်ဆိုပါက အံ့သြတုန်လှုပ်သွားမည်သာ ဖြစ်သည်။ သူသည် ခြစ်ခြစ်တောက် ပူနေသော အပူဓာတ်များကို စုပ်ယူထားခြင်းကြောင့်လားတော့ မသိပေ။ သူ၏သွေးချီများက သူနှင့် အဆင့်အတူတူတွင် ရှိသော အခြားလူများထက်ပင် များစွာပို၍သာလွန်သည့် သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်ပေးနေတော့သည်။

ဤအခန်းထဲသို့ ဝင်မလာခင်ကတည်းက သွေးချီနောက်ဆုံးအဆင့်နားသို့ ရောက်နေသည်ဖြစ်ရာ ငရဲမီးကဲ့သို့ ပူနေသော အပူဓာတ်များကို နှစ်ရက်တိတိ ကြုံ‌တွေ့ခံစားလိုက်ရသောအခါ သူ၏ သွေးချီများမှာ လူသားတစ်ယောက် ပိုင်ဆိုင်နိုင်သည့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သူသည် ခန္ဓာအချုပ်အနှောင်အဆင့်သို့ ဖောက်ထွက်နိုင်ရန် အနည်းငယ်မျှသာ လိုတော့သည်။

သူသည် ထို့ကဲ့သို့ ဖောက်ထွက်သွားနိုင်စွမ်း ရှိနေပြီဟု ဆိုနိုင်သည်။ သူက ခန္ဓာကိုယ်အား အတင်းအကြပ် ချုပ်တည်းဖိနှိပ်ထားကာ သွေးချီအဆင့်တွင်သာ ရှိနေပြီး ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်မသွားအောင် ခက်ခက်ခဲခဲ ထိန်းသိမ်းထားခြင်း ဖြစ်သည်။ သူ ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်သူ ဤလေပူများထံမှ ကာကွယ်လိုက်သလို ဖြစ်သွားမည်ဖြစ်ပြီး သူ၏ခန္ဓာကိုယ် အတွင်းပိုင်းနှင့် အပြင်ပိုင်းတွင် မတူညီသော ကမ္ဘာနှစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားမည်ကို သိထားသည်။ ထိုသို့သာ ဖြစ်သွားပါက သူ၏ ဝိတ်ကျအောင်လုပ်မည့် အစီအစဉ် ပျက်ပြားသွားမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့က ထိုကဲ့သို့ ကြံ့ကြံ့ခံနေသောကြောင့် ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ရီလာပြီး သူ၏ အဆီများ တဖြည်းဖြည်း လျော့နည်းလာရတော့သည်။ သူ၏ အသိစိတ်ထဲတွင် ထိုကဲ့သို့ နာကျင်မှုများနှင့် စိတ်လှုပ်ရှားမှုများ ရောထွေးနေစဉ် ချော်ရည်အခန်း၏ အပြင်ဘက်၌ စုဝေးနေကြသည့် လူများ ပို၍ပင် များပြားလာနေ၏။ ပင့်သက်ရှိုက်သံများနှင့် တအံ့တဩ ရေရွတ်သံများမှာလည်း ဆက်တိုက် ပေါ်ထွက်လာနေတော့သည်။

” သုံး… သုံးရက်တောင် ရှိသွားပြီဟ ”

” ဒီဝမ်ပေါင်လဲ့ဆိုတဲ့ကောင် အထဲမှာများ သေသွားတာများလား ”

” တော်တော်လေးကို လွန်နေပြီဟေ့။ သောက်ကျိုးနည်း … သူက ဖောက်ထွက်ဖို့များ လုပ်နေတာလား ”

လူများစွာ ထိုကဲ့သို့ ငြင်းခုန်ဆွေးနွေးနေကြစဉ် ကျိုးရိဖန်နှင့် သူ၏မိတ်ဆွေများမှာ ဒေါသထွက်နေရာမှ စိတ်ဓာတ်ကျသွားကြတော့သည်။ သူတို့က လက်မခံချင်လည်း လက်ခံရတော့မည် ဖြစ်သည်။ ကောင်းကင်တာအိုကျောင်းတွင် လူတစ်ယောက်က ချော်ရည်အခန်းထဲ၌ သုံးရက်တိတိကြာမြင့်အောင် နေနိုင်ခဲ့သည့် ဖြစ်ရပ်မျိုး တစ်ကြိမ်သာ ရှိခဲ့ဖူးသည် မဟုတ်ပါလော။

ဝိညာဉ်ကွန်ရက်ပေါ်ရှိ ဝမ်ပေါင်လဲ့နှင့် ပတ်သက်သော ဆွေးနွေးငြင်းခုန်မှုများ ပို၍ပင် များပြားလာတော့သည်။ ထိုကဲ့သို့ ငြင်းခုန်နေကြစဉ် ဝမ်ပေါင်လဲ့သည် ပြည်ထောင်စုဥက္ကဋ္ဌဟောင်း၏ စံချိန်အား ချိုးနိုင်၊ မချိုးနိုင် လောင်းကြေးများပင် ထပ်နေကြသည့် လူများပင် ပေါ်လာတော့သည်။

ယခုကဲ့သို့ မရေမတွက်နိုင်သော လူပေါင်းများစွာ စောင့်ကြည့်ကာ ငြင်းခုန်ဆွေးနွေးနေကြစဉ် အချိန်များကုန်ဆုံးသွားပြီး ညအချိန်သို့ ရောက်ရှိလာတော့သည်။ ချော်ရည်အခန်း အပြင်ဘက်တွင် ထိုကိစ္စကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည့် လူပေါင်းများစွာ ရှိနေကြဆဲပင်။

အလွန် ပညာရှင်ပီသသည့် ကျောင်းသားတချို့ပင် ရှိနေ၏။ သူတို့က မှတ်တမ်းတင် ကိရိယာများကိုပင် ကိုင်၍ တိုက်ရိုက်ထုတ်လွှင့်နေကြသည်။ သူ၏ ဆံပင်အား တာအိုဆံပင်ပုံစံဖြစ်အောင် စည်းထားသည့် မျက်နှာရှည်ရှည်နှင့် လူငယ်လေးတစ်ယောက် ရှိနေ၏။ သူ၏ မျက်နှာပေါ်တွင် မှဲ့‌ခြောက်များစွာ ပေါက်နေပါသော်လည်း သူ၏ မျက်လုံးများကမူ ဝင်းလက်တောက်ပနေသည်။ သူသည် သူ၏ မှတ်တမ်းတင်ကိရိယာအား အမြင့်တစ်နေရာတွင် ကိုင်ထားရင်း စိတ်လှုပ်တရှားဖြင့် ကျယ်လောင်စွာ စကားပြောနေ၏။

” နတ်ဝိဇ္ဇာဂူ လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မမလေးချင်းတျန်ရေ၊ လေသင်္ဘော လက်ဆောင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် အစ်ကိုရန်ရေ ”

” ဟေး ကိုယ့်လူတို့။ ကျနော်ကတော့ ခင်ဗျားတို့ရဲ့ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ တာအိုလေးပါ။ ခင်ဗျားတို့ရဲ့ အားပေးမှုတွေက ကျနော့်အတွက် အကောင်းဆုံး အားဆေးပါပဲဗျာ။ အခု ကျနော်တို့က စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်တစ်ခုအတွက် အချိန်ကို စတင် ရေတွက်နေကြပြီ။ ဒီည ပြီးသွားရင် ဝမ်ပေါင်လဲ့က စံချိန်ကို ချိုးသွားတော့မှာပါ ”

” လက်ဆောင်လေးတွေ ပေးကြပါဗျ။ အစီအစဉ်တင်ဆက်သူ တာအိုလေးဆိုတဲ့ ကျနော့်ကို ဒုန်းပျံတစ်စင်း လက်ဆောင်ပေးတဲ့လူရှိရင် ဝမ်ပေါင်လဲ့တစ်ယောက် သုံးရက်သုံးညတိတိ တောင့်ခံနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကို အသက်ပေးပြီးတော့ကို ရှာပြမယ်ဗျာ ”

ထိုညတွင် ချော်ရည်အခန်းအပြင်၌ ထိုကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှုများဖြင့် ပြည့်နှက်နေစဉ် ဝိညာဉ်ကွန်ရက်တစ်ခုလုံးမှာမူ စိတ်လှုပ်ရှားမှုများကြောင့် ဆူညံပွက်လောရိုက်နေတော့သည်။

သူ့ကိုယ်သူ တာအိုလေးဟု ခေါ်ခဲ့သည့် လူငယ်လေးဆိုလျှင် တစ်ညလုံး မမောမပန်းနှင့် တိုက်ရိုက်ထုတ်လွှင့်နေခဲ့၏။

လူတိုင်းပေါ်သို့ အရုဏ်ဦး နေရောင်ခြည်များ ဖြာကျလာသည့်အချိန်တွင် ချော်ရည်အခန်းထဲရှိ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာလည်း ဆက်၍ တောင့်မခံနိုင်တော့သည့် အခြေအနေသို့ ရောက်သွားပြီဖြစ်သည်။ သူသည် တစ်ကိုယ်လုံး ရဲရဲနီနေပြီး ယိမ်းထိုးနေ၏။

” ဝိတ်ကျအောင် လုပ်ရတာ တော်တော်ကို စိတ်မချမ်းမြေ့စရာ ကောင်းတာပဲ ”
ဝမ်ပေါင်လဲ့သည် သွေးချီအဆင့်အား ထပ်၍ ဖိနှိပ်ချုပ်တည်းထားရန် မဖြစ်နိုင်တော့ကြောင်း ရိပ်မိသွားတော့သည်။ ထို့ကြောင့် သူသည် ဝမ်းနည်းပူဆွေးစွာ အော်ဟစ်မြည်တမ်းလိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ဗုံသံများနှင့်တူသော ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

ထိုပေါက်ကွဲသံများမှာ ပဲ့တင်ထပ်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့အား လှုံ့ဆော်လိုက်၏။ ထိုကြောင့် ချက်ချင်းပင် မှင်တက်ဖွယ်ကောင်းသော စုပ်ယူအားတစ်မျိုးက ချော်ရည်အခန်းထဲရှိ အပူဓာတ်များအားလုံးကို ဝါးမျိုစုပ်ယူသွားသဖြင့် သူ၏ခန္ဓာကိုယ်ထဲတွင် သူမတူသော အပူဓာတ်များဖြင့် ပြည့်နှက်သွားတော့သည်။

ထိုအခါ သူ၏ပတ်ပတ်လည်တွင် တိမ်တိုက်များ ရစ်ဝဲနေသကဲ့သို့ ဖြစ်သွားပြီး သူ၏ ဝိညာဉ်အဆီများမှာလည်း သိသိသာသာ ကျုံ့ဝင်သွားကာ ချွေးပေါက်အားလုံးမှာလည်း ချက်ချင်းပင် ပိတ်ဆို့သွားကြတော့သည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းမှာ အပြင်ပိုင်းနှင့် လုံးဝသီးခြား ဖြစ်သွားတော့သည်။

ထိုအခိုက် သိုင်းပညာဌာန၏ ချော်ရည်အခန်း အပြင်ဘက်တွင် စတုတ္ထမြောက်ည ကုန်ဆုံးသွားပြီဖြစ်သည်။ မရေမတွက်နိုင်သော ကျောင်းသားများစွာမှာလည်း လုံးလုံးလျားလျား တုန်လှုပ်ချောက်ချားနေကြပြီ ဖြစ်သည်။ ထိုအချိန်တွင် ချော်ရည်အခန်း၏ အခန်းနံပါတ်သုံးဆယ့်ကိုးအတွက် လင်းနေခဲ့သည့် အချက်ပြမီးမှာ ကောင်းကင်တာအိုကျောင်း၏ စံချိန်အား ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။

ထိုကိစ္စအပေါ် အာရုံအပြည့်စိုက်နေကြသည့် ဆရာများပင် ရှိနေ၏။ ဝိညာဉ်ကွန်ရက်ပေါ်မှ ဆွေးနွေးငြင်းခုန်မှုများမှာလည်း ပို၍ များပြားလာနေပြီဖြစ်သည်။

” သုံးရက်နဲ့ လေးညရှိသွားပြီ။ ဝမ်ပေါင်လဲ့ စံချိန်ချိုးသွားနိုင်ခဲ့ပြီ ”

” သူ ပြည်ထောင်စုဥက္ကဋ္ဌဟောင်းကြီးထက် သာသွားပြီဟေ့ ”

လူအုပ်ထဲမှနေ၍ တိုက်ရိုက်ထုတ်လွှင့်နေသည့် ကျောင်းသားများထံမှ အော်ဟစ်သံများ နေရာအနှံ့မှ ထွက်ပေါ်လာတော့သည်။ အထူးသဖြင့် မျက်နှာရှည်ရှည်နှင့် လူငယ်လေးဆိုလျှင် သူ၏ မှတ်တမ်းတင်ကိရိယာကို အမြင့်သို့ မြှောက်ကာ အသံကုန် အော်ဟစ်နေတော့သည်။

” ကိုယ့်လူတို့။ မြင်လိုက်ကြလား။ ဝမ်ပေါင်လဲ့က စံချိန်ချိုးသွားခဲ့ပြီ။ ဒီလို အံ့သြဖို့ကောင်းတဲ့ အချိန်မျိုးမှာ လက်ဆောင်တွေ ပေးသင့်တယ်လို့ မထင်ဘူးလား ”

” ကျနော် ထပ်ပြောမယ်နော်။ ကျနော် ဒုန်းပျံတစ်ခု လက်ဆောင်ရမယ်ဆိုရင် လျှို့ဝှက်ချက်ကို ဖော်ထုတ်ပေးမယ် ”

ကျောင်းသားများ၏ ဆူညံပွက်လောရိုက်နေသော ဆွေးနွေးငြင်းခုန်မှုများကြောင့် ချော်ရည်အခန်းအပြင်ဘက်၌ အုတ်အော်သောင်းနင်း ဖြစ်နေစဉ် အခန်းနံပါတ်သုံးဆယ့်ကိုး၏ အချက်ပြမီးလုံးမှာ ရုတ်တရက် မှိတ်သွား၏။

လူတစ်ယောက်က ထိုအခြင်းအရာအား ချက်ချင်းပင် သတိထားမိလိုက်တော့ကြောင့် အလန့်တကြား အော်ဟစ်လိုက်၏။
” ကြည့်လိုက်ကြစမ်း။ အချက်ပြမီးလုံးက မှိတ်သွားပြီ ”

” ဝမ်ပေါင်လဲ့ ထွက်လာပြီဟေ့ ”

တိုက်ရိုက်ထုတ်လွှင့်နေသည့် တာအိုလေးမှာ ပို၍ စိတ်လှုပ်ရှားသွားပြီး လူအုပ်ကြီးထဲမှ ဖြတ်ပြေးကာ ရှေ့ဆုံးတွင် ရပ်လိုက်သည်။ သူသည် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း မေ့မသွားဘဲ အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။
” ဝမ်ပေါင်လဲ့ ပေါ်လာတော့မှာနော်။ ကိုယ့်လူတို့ဆီမှာ ဒုန်းပျံတွေ ရှိကြလား ”

ထိုအခိုက်အတန့်တွင် ချော်ရည်အခန်းအပြင်ဘက်ရှိ မျက်လုံးများအားလုံးက အပေါက်ဝအား ပြိုင်တူစိုက်ကြည့်နေကြ၏။ ဝိညာဉ်ကွန်ရက်ပေါ်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုများကို စောင့်ကြည့်နေကြသော ကျောင်းသားတိုင်းမှာလည်း မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေကြတော့သည်။

လူတိုင်း ထိုကဲ့သို့ ဂရုတစိုက် စောင့်ကြည့်နေကြစဉ် ရုတ်တရက် ဧရာမသတ္တဝါကြီး၏ ပါးစပ်ထဲမှ လေပူများ အရှိန်ပြင်းစွာ ထိုးထွက်လာသည်ကို ခံစားလိုက်ရသည်။ ထိုလေပူများမှာ အရပ်မျက်နှာအနှံ့သို့ ချက်ချင်းပင် ပျံ့နှံ့သွားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး၏ အပူချိန်မှာ သိသိသာသာ မြင့်တက်သွားတော့သည်။

” ပူလိုက်တာ ”

” အခန်းနံပါတ်သုံးဆယ့်ကိုး ပွင့်သွားတာပဲဖြစ်ရမယ်။ ဒါတွေက အဲဒီအခန်းထဲကနေ ထွက်လာတဲ့ လေပူတွေပဲ ”

ထိုလေပူများက လူအုပ်ကြီးအား ဝန်းရံသွားကြသဖြင့် သူတို့ မျှော်လင့်ချက်အပြည့် ပြန်ဖြစ်သွားကြသည်။ ထို့နောက် ချက်ချင်းပင် သူတို့၏ရှေ့၌ လူရိပ်တစ်ခု ဖြည်းညင်းစွာ ပေါ်လာ၏။ ယင်းက ဖက်တီးလေးတစ်ယောက်နှင့် တူနေသည်။ သူသည် လက်တစ်ဖက်ဖြင့် နံရံအားမှီ၍ တစ်လှမ်းချင်းလှမ်းကာ ရှေ့သို့ထွက်လာသည်။

သူ့အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် သွေးချီအဆင့်ထက် ပို၍အံ့ဩဖွယ်ရာကောင်းသည့် ဖိအားတစ်မျိုး ပျံ့လွင့်လာတော့သည်။

ထိုဖက်တီးလေးက ဝမ်ပေါင်လဲ့ပင် ဖြစ်သည်။ သူသည် ချော်ရည်အခန်းထဲသို့ ဝင်သွားခဲ့သည့် အချိန်ကထက် အများကြီးပို၍ ပိန်နေပြီဖြစ်သည်။ သို့သော် သူသည် အတန်ငယ် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အားအင်ချိနဲ့နေသလို ဖြစ်နေသည်။ သို့သော် သူ၏ခန္ဓာကိုယ်က ထုတ်လွှတ်နေသော အ‌ငွေ့အသက်များမှာမူ စူးရှနေ၏။ ထိုအငွေ့အသက်ထဲတွင် ဖော်ပြ၍မရနိုင်သော ဖိအားတစ်မျိုး ပါဝင်နေသည်ကို ခံစားနိုင်ပေသည်။

၎င်းမှာ ကမ္ဘာကြီးနှင့် တသီးတခြားစီ ဖြစ်သွားရာမှာ ပေါ်ထွက်လာသည့် အငွေ့အသက်မျိုး၊ ခန္ဓာအချုပ်အနှောင်အဆင့်သို့ ဖောက်ထွက်သွားနိုင်သည့်အခါတွင် ကြည်လင်ပြတ်သားစွာ ခံစားနိုင်သည့် အငွေ့အသက်မျိုး ဖြစ်သည်။ ထိုအငွေ့အသက်မှာ ကြာကြာမခံဘဲ ဖောက်ထွက်ပြီး ရက်အနည်းငယ်အကြာတွင် သိသာထင်ရှားမှု ရှိတော့မည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချော်ရည်အခန်း အပြင်ဘက်မှလူများမှာ မယုံသင်္ကာ ဖြစ်နေသည့် လေသံများဖြင့် တအံ့တဩ ရေရွတ်မိလိုက်ကြတော့သည်။

” ဒီအငွေ့အသက်က …. သူ တကယ့်ကို ဖောက်ထွက်သွားနိုင်ခဲ့တာပဲ ”

” ခန္ဓာအချုပ်အနှောင်အဆင့်ပါလား ”

” သူက ကမ္ဘာကြီးနဲ့ သီးခြားဖြစ်နေသလိုမျိုး သူ့ ခန္ဓာကိုယ်တစ်ခုလုံးက အချုပ်အနှောင်တွေကင်းမဲ့သွားပြီပဲ။ ဒါ … ဒါက ခန္ဓာအချုပ်အနှောင်အဆင့်ပဲ ”

တအံ့တဩအော်ဟစ်သံများဖြင့် ဆူညံသွားသောကြောင့် ယခုလေးတင် အပြင်သို့ ထွက်လာသည့် ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရတော့သည်။ သူ၏ အသိစိတ်များ ဂယောင်ချောက်ချား ဖြစ်နေဆဲပင်။ သူသည် ရုတ်ချည်း ဝိတ်ကျသွားမှုကြောင့် ခန္ဓာကိုယ်ပိုင်းတွင် အားအင်ချိ‌နဲ့နေရုံသာမက မြင့်မားလှသော အပူချိန်များကြောင့် သူ၏စိတ်မှာလည်း မောပန်းနွမ်းနယ်နေရပြီ ဖြစ်သည်။ ထို့ကြောင့် သူက လူအုပ်ကြီးကို မြင်လိုက်ရသောအခါ အနည်းငယ် မူးဝေသွားတော့သည်။

ထိုအခိုက် လူအုပ်ထဲမှ တိုက်ရိုက်ထုတ်လွှင့်နေကြသည့် ကျောင်းသားများမှာ အလျင်အမြန်ပင် သူ့ဆီသို့ ချဉ်းကပ်လာကြသည်။ အထူးသဖြင့် တာအိုလေးက ရှေ့သို့အရင်ဆုံး လှမ်းလာပြီး ဝမ်ပေါင်လဲ့၏ဘေးသို့ ရောက်လာ၏။ သူသည် အလွန် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် သူ၏ မှတ်တမ်းတင်ကိရိယာကို အမြင့်သို့ မြှောက်ကာ ဝမ်ပေါင်လဲ့နှင့် သူ နှစ်ယောက်စလုံး ပါနေအောင် မှတ်တမ်းတင်လိုက်သည်။ သူ အလွန်အမင်း စိတ်လှုပ်ရှားနေတော့သည်။

” ကိုယ့်လူတို့ ကြည့်ကြပါဦး။ ဒါ ကျနော်တို့ရဲ့ ကျောင်းနေ‌ဖော် ကျောင်းနေဖက် ဝမ်ပေါင်လဲ့ပဲ။ သူ့ရဲ့ မျက်နှာက နည်းနည်းကြီးနေလို့ ဖန်သားပြင်ပေါ်မှာ အပြည့်မပေါ်ပေမယ့် ခင်ဗျားတို့ လက်ဆောင်လေးတွေတော့ ပေးသင့်သေးတယ်နော်။ လက်ဆောင်မပေးနိုင်တဲ့ လူတွေကလည်း ကျနော့်ရဲ့ ထုတ်လွှင့်မှုချန်နယ်ကို မှတ်သွားလို့ရတယ်နော် ”

ထိုမျက်နှာရှည်ရှည်နှင့် တာအိုလေးမှာ ဝမ်ပေါင်လဲ့အား စိတ်လှုပ်တရှားနှင့် ကြည့်နေ၏။ သူသည် ဝမ်ပေါင်လဲ့၏ အခြေအနေနှင့် ခံစားချက်ကို ဂရုစိုက်ခြင်း မရှိပေ။ သူသည် တိုက်ရိုက်ထုတ်လွှင့်နေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့ပ သူ့ကြောင့် စိတ်ကသိကအောက် ဖြစ်နေလျှင်တောင် တိုက်ရိုက်ဖြစ်နေသောကြောင့် ဘာမှလုပ်နိုင်မည်မဟုတ်ကြောင်း သူက သိထားသည်။

ဝမ်ပေါင်လဲ့ကမူ အနည်းငယ် မူးဝေဝေ ဖြစ်နေဆဲဖြစ်ပြီး မျက်နှာရှည်ရှည်နှင့် တာအိုလေးအား ကြည့်လိုက်၏။ ထိုအခါ သူသည် လေပေါ်သို့မြှောက်ထားသော မှတ်တမ်းတင် ကိရိယာထဲရှိ လူများနှင့် လက်ဆောင်များကို မြင်လိုက်ရသည်။ ထို့ကြောင့် သူ၏ မောပန်းနွမ်းနယ်နေသော မျက်နှာပေါ်တွင် အထင်သေးသည့် အမူအရာတစ်ခု ပေါ်လာတော့သည်။

” မင်းက ဒီလိုပုံစံနဲ့ တိုက်ရိုက်ထုတ်လွှင့်နေတာလား။ ဒီလောက် ကျော်ကြားမှုမျိုးနဲ့ဆို ဘာလက်ဆောင်မှ သိပ်ရမှာ မဟုတ်ဘူး။ အခုမှ ဒုန်းပျံနှစ်ခုပဲ ရထားသေးတာလား။ ကိုယ့်ဟာကိုယ် လက်ဆောင်ပြန်ပေးထားတာတော့ မဟုတ်ပါဘူးနော် ”

တာအိုလေးမှာ ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူ၏ မှတ်တမ်းတင် ကိရိယာအား ကြည့်ကာ စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။

” ကိုယ့်လူတို့။ ဝမ်ပေါင်လဲ့က ချောလား၊ မချောဘူးလား။ ရုပ်ချောရင် ‘ တစ် ‘ လို့ ရေးခဲ့။ မချောဘူးဆိုရင် ‘ နှစ် ‘ လို့ ရေးခဲ့ “

” မင်းက အခုမှ ဒီအလုပ် လုပ်ဖူးတာလား။ ဘယ်လိုလုပ်နေတာလဲကွာ ”
ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ကာ မှတ်တမ်းတင်ကိရိယာကို လှမ်းဆွဲလိုက်ပြီး သူ၏ မျက်နှာတည့်တည့်အားချိန်၍ အော်ပြောလိုက်တော့သည်။

” ညီအစ်ကိုတို့။ ကျုပ်ကို ရုပ်ချောတယ်လို့ မြင်ရင် ‘ တစ် ‘ လို့ ရေးခဲ့။ နတ်ဘုရားတစ်ပါးလို ရုပ်ချောတယ်လို့ထင်ရင် ‘ နှစ် ‘ လို့ ရေးခဲ့။ ဘာမှ မရေးတဲ့ လူတွေကတော့ စကြဝဠာတခုလုံးမှာ ကျုပ်က ရုပ်အချောဆုံးလူဆိုတဲ့အချက်ကို လက်ခံလိုက်တာပဲ ”

ထိုအခါ တာအိုလေးမှာ အံ့ဩမှင်တက်သွားရတော့သည်။ ချက်ချင်းဆိုသလိုပင် ထိုဖန်သားပြင်ပေါ်၌ သူ တစ်ခါမှ မကြုံဖူးလောက်အောင် ကြည့်ရှုသူများဖြင့် ပြည့်နှက်သွားပြီး ” အရှက်မရှိလိုက်တာ ” ဆိုသော စာလုံးမှာ ဖန်သားပြင်အပြည့် ဖြစ်နေတော့သည်။

ဝမ်ပေါင်လဲ့ကမူ ကြက်သေသေနေသည့် တာအိုလေးအား ဘဝင်လေဟပ်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

” မြင်လား။ ကြည့်ရှုသူအရေအတွက်ကို တစ်ချက်ကြည့်လိုက်ဦး။ ကိုယ့်လူတို့ ခင်ဗျားတို့ ဒုန်းပျံတစ်စင်း လက်ဆောင်ပေးရင် ဒီက တာအိုရောင်းရင်းလေးက ချော်ရည်အခန်းထဲမှာ နှစ်နာရီတိတိ နေပြမယ်တဲ့။ ဒုန်းပျံတွေ အများကြီး ပိုပေးရင်တော့ သူက အဲဒီအခန်းထဲ ကြာကြာနေပြမှာပဲ ”
ထိုအခါ အချိန်အနည်းငယ်အတွင်း ဖန်သားပြင်ပေါ်၌ ဒုန်းပျံအစင်း နှစ်ဆယ်ကျော်မှာ တရွှီရွှီ ပေါ်လာတော့သည်။

တာအိုလေးမှာမူ ချက်ချင်းပင် ဆွံ့အသွားကာ တုန်လှုပ်ချောက်ချားသွားပြီး မျက်လုံးများ ပြူးသွားတော့သည်။ ထို့နောက် သူသည် ပင့်သက်ရှိုက်ကာ ကျောချမ်းသွား၏။ သူသည် ဇောချွေးများ ပြန်လာပြီး ရှင်းပြရန် ပြင်လိုက်ချိန်တွင် ဝမ်ပေါင်လဲ့က မှတ်တမ်းတင်ကိရိယာအား သူ့ဆီသို့ ပစ်ကာ ပြန်ပေးလိုက်၏။

” မြင်တယ်မလား။ လက်ဆောင်ဆိုတာ အဲဒီလိုတောင်းရတယ်ကွ ”
ဝမ်ပေါင်လဲ့က လက်ကိုနောက်ပစ်၍ သူ့ကိုယ်သူ ကျေနပ်နေတော့သည်။ ထို့နောက် သူက စိတ်ထဲတွင် ရေရွတ်လိုက်၏။

” မင်းကများ ငါ့ရဲ့မျက်နှာကို ကြီးတယ်လို့ ပြောရဲသေးတယ် ”

ထို့နောက် သူသည် စိတ်ထဲတွင် နှာမှုတ်လိုက်ပြီး အံ့ဩမှင်တက်နေသော လူအုပ်ကြီး၏ ရှေ့မှ ထွက်ခွာသွားတော့သည်။

တာအိုလေးမှာမူ သူ၏ မှတ်တမ်းတင်ကိရိယာကို ကိုင်ရင်း ငိုမဲ့မဲ့နှင့် ကျန်ရစ်ခဲ့တော့သည်။ သူ၏ မှတ်တမ်းတင်ကိရိယာ၏ ဖန်သားပြင်ပေါ်တွင်မူ ဒုန်းပျံများ အဆက်မပြတ် တရွှီရွှီ ပျံဝဲနေသည်ကို မြင်လိုက်ရသည်။


Comment

Leave a Reply

Options

not work with dark mode
Reset