အပိုင်း(၆၉၃)

တော်ဝင်လမ်းကို လျှောက်ဖို့ ကံမပါသူ

ဂူတုံးလျို၏စကားကို ကြားသည်တွင် မရေမတွက်နိုင်သော မျက်လုံးများက သူ့ထံကို ကျဆင်းလာသည်။ ကျိရှမ်းကမ်းပါးအား မလေးမစား ပြုမူခြင်းက အမှန်ပင် သူ၏သေတွင်းကို တူးနေခြင်း ဖြစ်သည်။

ခွန်ယိုက ထရပ်ကာ ထက်ရှသော မျက်လုံးများဖြင့် ကြည့်သည်။ ဂူတုံးလျိုက ကျိရှမ်းကမ်းပါးကို မည်သို့ စော်ကား ပြောဆိုရဲသနည်း။

“ဂူတုံးလျို… မင်းက ယွီပြည်နယ်ရဲ့ တော်ဝင်မြေကို ဘယ်လိုလုပ် စော်ကားရဲရတာလဲ…” ကျန်းရှာက အေးစက်စွာ ပြောသည်… “သူ့ကို ရိုက်ချကြစမ်း…”

ဘုန်း…

ဧရာမ ရွှေလူဝံကြီးတစ်ကောင် ဂူတုံးလျို၏နောက်မှ ပေါ်လာသည်။ ယန်ဟောင်က ထိုနေရာတွင်ပင် ရပ်ကာ လူများအား ကြည့်သည်။ လူအများအပြားက သူ့အား ကြည့်ကြသည်။ လွန်ခဲ့သော ရက်ပိုင်းက မြို့စားပိုင်ဂူကို သူက အနိုင်ယူခဲ့သည်။

“ကျန်းရှာ… မင်းက ရတနာတွေကို ရဖို့ အဲဒီ ရှီတန်ခိုးရှင်တွေ အကုန်လုံးကို သတ်ဖြတ်ခဲ့တယ်… ရတနာကသာ ငါ့ကို မရွေးခဲ့ဘူးဆိုရင် ငါက အဲဒီနေရာမှာပဲ သေသွားခဲ့လိမ့်မယ်…” ဂူတုံးလျိုက ကျန်းရှာအား ကြည့်ကာ ပြောသည်… “ဒါကြောင့် ဒီရတနာကို ငါက ခိုးယူခဲ့တာ မဟုတ်ဘူးလို့ ပြောတာ… ရတနာက ငါ့ကို ရွေးခဲ့တာ… ဒုတိယအချက်က ယွီပြည်နယ် ရှီတန်ခိုးရှင်တွေကို ကျုပ်မသတ်ဘူး… ဒီကိစ္စမှာ ဘယ်သူက ကောက်ကျစ် ယုတ်မာတယ် ဆိုတာ မင်းအသိဆုံးပဲ… ကျိရှမ်းကမ်းပါးက လူတွေကလည်း ဒါကို သိလား ကျုပ်မသိဘူး… ဒါပေမဲ့ ကျုပ်ပြောတာကို အမှန်အဖြစ် သက်သေပြဖို့ မခက်ဘူး… အားလုံးက ကိုယ်တိုင် တွေ့မြင်ချင်တယ်ဆိုရင် ကျုပ်က ဖြစ်ပျက်ခဲ့သမျှကို စိတ်စွမ်းအင်နှင့် ပြန်ပြလို့ ရတယ်… ဝန်ခံလိုက်စမ်းပါ… မင်းက ရတနာကို ယူပြီး ငါ့ကို နှုတ်ပိတ်ချင်နေတာ… တခြား အောက်တမ်းကျတဲ့ အကြောင်းပြချက်တွေ မပေးနဲ့တော့…”

ဂူတုံးလျို၏ စကားတွင် အားလုံးက တိတ်ဆိတ် သွားကြသည်။ ရွှမ်ဝူမျှော်စင်အနီးမှ ပတ်ဝန်းကျင် တစ်ခုလုံးလည်း တိတ်ဆိတ် သွားကြသည်။ ကျန်းရှာပြောသည်မှာ မှားနိုင်သည်ဟု အားလုံးက တွေးမိကြသော်လည်း ဂူတုံးလျိုက အမှန်တရားကို ဘယ်တုန်းကမှ ထုတ်ပြောခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ကျန်းရှာ၏ စကားကသာ လုံးဝ မှန်ကန်သည်ဟု တဖြည်းဖြည်း ယုံကြည်လာခဲ့ကြကာ ကျန်းရှာက လုံးဝ အမှန်မဟုတ်သည့်တိုင် သူတို့ လုပ်ဆောင်နေသည်က မှားယွင်းသည့် လမ်းစဉ်မဟုတ်ဟု သတ်မှတ် တွေးထင်ခဲ့ကြသည်။ သို့သော်လည်း ဂူတုံးလျို ထုတ်ပြလိုက်သည့် အချက်က တကယ့် အဖြစ်အပျက်နှင့် ဆန့်ကျင်ဘက်လုံးလုံး ဖြစ်နေသည်။

ကျန်းရှာ၏အမူအရာက ချက်ချင်း နက်မှောင်သွားကာ နှာခေါင်းရှုံ့လိုက်သည်… “မင်းလုပ်ခဲ့သမျှကို ငါ့ဆီအပြစ် ဘယ်လိုပုံချရဲတာလဲ… ကျိရှမ်းကမ်းပါးကလူတွေ မင်းကို လာမဖမ်းခဲ့ဘူးဆိုရင် မင်းရဲ့ သနားစရာ ဂုဏ်သိက္ခာ သေးသေးလေးအတွက် ငါတို့ ကျိရှမ်းကမ်းပါးကို စော်ကားပြောဆိုနေမှာ သေချာတယ်… ဂူတုံးလျို… မင်းက တကယ်ကို မကောင်းတဲ့လူပဲ…”

“အတင့်ရဲတယ်…” ခွန်ယိုကလည်း ထရပ်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော ဖိအားက ကျယ်ပျံ့သော ပတ်ဝန်းကျင် တစ်ခုလုံးအား ဖိအားပေးလာသည်။ သူက ကျန်းရှာအပေါ် လုံးဝ မယုံကြည်သော်လည်း ဂူတုံးလျိုပြောသည်ကို အမှန်ဟုလည်း မယုံကြည်လိုပေ။ မည်သို့ဆိုစေ ကျန်းရှာကား ကျိရှမ်းပါးကမ်း၏ သူရဲကောင်း ကိုးဖော်ဖြစ်သည်။

ဂူတုံးလျိုပြောသည်က အမှန်ဆိုလျှင် ကျန်းရှာကား အမှန်ပင် စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ ရတနာကို ရရန် သူက ထိုရှီတန်ခိုးရှင်များအား သတ်ဖြတ်ခဲ့ခြင်းက ပြဿနာ သိပ်မရှိပေ။ သို့သော် ရတနာက ဂူတုံးလျိုကို ရွေးချယ်ခဲ့သည်။ သူကား ကျိရှမ်းကမ်းပါး၏ သူရဲကောင်း ကိုးဖော်ထဲမှ တစ်ယောက်ဖြစ်သည်။ မည်သို့ တခြားတစ်ယောက် သူ့အား ကျော်၍ ရတနာကို ရယူနိုင်ရသနည်း။

သို့သော် အမှန်တရားက အရေးမကြီးပေ။ ဂူတုံးလျိုက အရာအားလုံးကို ထုတ်ပြောလိုက်သည်နှင့် သူကား သေရန် ထိုက်တန်သွားပြီ ဖြစ်သည်။ ကျန်းရှာ၏ကိစ္စက ကျိရှမ်းကမ်းပါးကို သူတို့ ပြန်သွားသောအခါ တစ်ဖန် စီရင်ပေမည်။

“ကျုပ်က အတင့်ရဲတာ မရဲတာ ဘာကွာလို့လဲ…” ဂူတုံးလျိုက တည်ငြိမ်စွာ ပြောသည်… “ဒီမတိုင်ခင်က ရတနာကို ကျုပ်က ပြန်ပေးချင်ခဲ့တယ်… ယုတ်မာ ကောက်ကျစ်တယ်ဆိုတဲ့ နာမည်ကို ရရင်တောင် ခင်ဗျားတို့ တော်ဝင်မြေက ကျုပ်ကို လက်လွှတ်ပေးမယ်ဆိုရင် ရတနာကို ပေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်… ဒါပေမဲ့ ခင်ဗျားတို့ အားလုံးက ကျုပ်ကို လက်မလွှတ်ချင်မှတော့ ဘာကို ထိန်းသိမ်း ထားပေးရတော့မလဲ… ကျန်းရှာ… မင်းက တော်ဝင်မြေက ဆိုပြီးတော့ ကြွားဝါတယ်… ငါနဲ့တိုက်ခိုက်မယ်…ငါရှုံးရင် မင်းလိုချင်တဲ့ရတနာနဲ့ ငါ့ကိုပါရမယ်… ဒါပေမဲ့ မင်းရှုံးသွားရင် မင်းငါ့ကို သတ်ရင်လည်း ရတနာကို ရမယ်လို့ စိတ်မကူးနဲ့…”

“မင်းကို ကျိရှမ်းကမ်းပါးကို ခေါ်သွားရင် အဖြစ်မှန်တွေ ကျုပ်တို့ သိလိမ့်မယ်… ရတနာက ဘာဖြစ်ဖြစ် ကျုပ်တို့ ပိုင်တာ ဖြစ်လိမ့်မယ်…” ခွန်ယိုက အရှိန်အဝါ ကြီးမားစွာဖြင့် လှမ်းလာသည်။ နတ်ဆင်သားရိုင်း၏ လောကစွမ်းအားက လေဟာနယ်သို့ ဆင်းသက်လာသည်။ ဖိအားကား ကြီးမားလွန်းကာ လူတိုင်းက မလှုပ်မရှားနိုင် ဖြစ်လာကြသည်။

ဘုန်း…

ယန်ဟောင်က ရှေ့ကို တက်လာသည်တွင် ကမ္ဘာမြေပြင် တုန်ခါသွားသည်။ သူက ဂူတုံးလျိုရှေ့တွင် ရပ်ကာ ရွှေရောင် ခန္ဓာကိုယ်ကလည်း အားကောင်းသော အရှိန်အဝါများ စိမ့်ထွက်လာနေသည်။ ထိုစွမ်းအင်များက ရွှေလူဝံများ၏မွေးရာပါ ခံနိုင်ရည်စွမ်းအား ဖြစ်သည်။ သားရိုင်းများက လူသားများနှင့် နှိုင်းယှဉ်ပါက အားနည်းသည့် အချက်များ ရှိသော်လည်း လူသားတို့ထက် ကောင်းမွန်သော မွေးရာပါ စွမ်းအားများလည်း ပိုင်ဆိုင်ကြပေသည်။

ခွန်ယိုက နှုတ်ခေါင်း ရှုံ့လိုက်သည်။ ယန်ဟောင်က မြို့စားပိုင်ဂူကို အနိုင်ယူခဲ့သည်အား သူသိသည်။ သို့သော်လည်း ယန်ဟောင်က ပြည်နယ်ကိုးခု ရှီအဆင့်၉ရှိသော သူ့အား မည်သို့ ယှဉ်နိုင်မည်နည်း။

ခွန်ယိုထံမှ ဖိအားက လူတိုင်း၏ ခန္ဓာကိုယ်ကို ဖိအားပေးလာကာ တန်ခိုးအဆင့် နိမ့်သူများက သူတို့၏ စီနီယာများ၏နောက်တွင် ရပ်နေကြရသည်။

ယန်ဟောင်က ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ဝှေ့ယမ်းသည်။ ကောင်းကင်တွင် များစွာသော ရွှေလူဝံပုံရိပ်များ ပေါ်လာကာ ပတ်ဝန်းကျင်ကလည်း အရောင် ပြောင်းလာသည်။ ထို့နောက်တွင် အားလုံးက နောက်ကို မြန်ဆန်စွာပင် စတင် ဆုတ်ခွာကြသည်။ တိုက်ပွဲ၏ အရှိန်အဟုန်က အလွန် ကြီးမားမည်ဖြစ်ရာ လူတိုင်းက ဘေးလွတ်ရာကို ရှောင်ဖယ်ကြသည်။

ခွန်ယိုက ယန်ဟောင်ထံကို လျှောက်လာကာ လက်ဝါးတစ်ချက် ရိုက်ထုတ်သည်။ သာမန် လက်ဝါးရိုက်ချက် တစ်ခုဟု ထင်မှတ်ရသော်လည်း စွမ်းအားကား ကောင်းကင်အောက်မှ အရာခပ်သိမ်းကို ဖိနှိပ်ထားဟန် ရသည်။ အဆုံးမဲ့သော နတ်ဆင်သားရိုင်း ပုံရိပ်များ ဖြစ်ပေါ်လာကြကာ ယန်ဟောင်ထံသို့ တိုးဝင်သွားကြသည်။ ချက်ချင်းပင် ယန်ဟောင်၏အနီးမှ ရွှေလူဝံများအားလုံး အစအနမကျန် ပျောက်ကွယ် သွားကြသည်။

သို့တိုင်အောင် ယန်ဟောင် ကိုယ်တိုင်ကား မားမားမတ်မတ် ရပ်ကာ နှင်တံတစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် လက်ဝါးက ပေါက်ကွဲသွားပြီး ပျောက်ကွယ် သွားသည်။ ကောင်းကင်က ဟိန်းဟောက်လိုက်ကာ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံအား ထပ်မံ ဝှေ့ယမ်းလိုက်သည်။

ယန်ဟောင်က နတ်ဆင်ရိုင်းများအား ဖြတ်ကျော်လျက် ခွန်ယိုထံကို တိုက်ရိုက် တိုးဝင်သွားသည်။ ခွန်ယိုကလည်း တွန့်ဆုတ်ခြင်းမရှိဘဲ​ သူ၏လက်ချည်း သက်သက်ဖြင့် ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကို ခုခံတိုက်ခိုက်သည်။ သူ၏လက်ဝါးပညာက အံ့အားသင့်ဖွယ် ကောင်းအောင်ပင် အရောင်အဝါများ ထွက်ပေါ်လာနေသည်။

ဘန်း…

နတ်ဆင်ရိုင်းတစ်ကောင် ပျက်စီးသွားသည်။ သို့သော်လည်း နှင်တံ၏ အရှိန်အဝါက ပျက်စီးသွားသည်။ သူတို့အနီးတွင် ကြောက်မက်ဖွယ် လေပွေမုန်တိုင်းများ ဖြစ်ပေါ်နေသည်။

ထိုစဉ်မှာပင် ကျူးကော့ချန်းဖန်က ယန်ဟောင်၏ ဘေးနားကို လာရောက်ရပ်သည်။ တိုက်ပွဲက စမှတော့ သူကလည်း နောက်ဆုတ်နေစရာ အကြောင်းမရှိပေ။ ခွန်ယိုက သူ့ရှေ့မှ လူနှစ်ယောက်ကို ကြည့်သည်။ ကျူးကော့ချန်းဖန်ကား ရတနာကို လက်ဝယ်ပိုင်ဆိုင်သူ ဖြစ်သည်။ တခြား တစ်ဖက်တွင် ယန်ဟောင်၏ခုနက တိုက်ခိုက်ရေး စွမ်းအားအရ အလွန် အားကောင်းသည်ဟု သူခံစားမိသည်။ သူတို့နှစ်ယောက်အား တစ်ယောက်တည်း ရင်ဆိုင်ရမည်မှာ အနည်းငယ် ပြဿနာရှိပေသည်။

အားလုံးဘက်ကို ပြန်လှည့်ကြည့်ကာ ခွန်ယိုက ပြောသည်… “အားလုံး…ဒီလူက နဂါးပတ်တောင်က ဆင်းလာမှတော့ ကျုပ်တို့အတွက် ပိုလွယ်ကူသွားတယ်… ကျိရှမ်းကမ်းပါးနဲ့ ဘယ်သူ ပူးပေါင်းချင်လဲ…”

လူအုပ်ထဲတွင် အမှန်လည်း ကျိရှမ်းကမ်းပါးနှင့် ပူးပေါင်းလိုသူများ ရှိကြပေသည်။ အချို့က တွန့်ဆုတ်နေကြသည်။ ဦးဆုံး သူတို့က ကျူးကော့ချန်းဖန်နှင့် ယန်ဟောင်ကို အနိုင် တိုက်ခိုက်နိုင်ရမည်ဟု ယုံကြည်မှဖြစ်ပေမည်။ မအောင်မြင်ခြင်း၏ အကျိုးဆက်က အလွန်ကြီးမားပေသည်။

ဂူတုံးလျို၏စကားနှင့် အပြုအမူက ယန်ဟောင်နှင့် ကျူးကော့ချန်းဖန်တို့အား ကျိရှမ်းကမ်းပါးနှင့် ဆန့်ကျင်ဘက် ဖြစ်စေသည်။ ထို့ကြောင့် ခွန်ယိုက သေချာပေါက် နောက်ဆုတ်မည် မဟုတ်ပေ။ ခွန်ယိုက ကျူးကော့ချန်းဖန်အား အနိုင်ယူရန် သိပ်ခက်မည် မဟုတ်ပေ။ သို့သော်လည်း ယန်ဟောင်ကား တိမ်ဖြူမြို့စားကိုပင် အနိုင်ယူနိုင်သူ ဖြစ်သည်။ အကယ်၍ သူတို့က ပူးပေါင်း တိုက်ခိုက်မည် ဆိုလျှင်ပင် ယန်ဟောင်နှင့် ကျူးကော့ချန်းဖန်တို့က သူတို့အား အသက်အန္တရာယ် ပေးနိုင်ပေသည်။

“ကျူးကော့ချန်းဖန်… ဂူတုံးလျိုက ကျိရှမ်းကမ်းပါးဆီက ရတနာကို ခိုးသွားတယ်… မင်းက သူ့ကို ထုတ်ပေးသင်တ့ယ်…” အသံတစ်သံ ထွက်ပေါ်လာသည်တွင် ကျူးကော့ချန်းဖန်က လှမ်းကြည့်သည်။ သူကား တော်ဝင်မီးတောက်ဂိုဏ်း ခေါင်းဆောင်ဖြစ်သည်။

“ကျုပ်သားက ရှန့်ထိုအဆင့်ကို တက်ဖို့ အလားအလာ ရှိတယ်… အခု သူက ရှီအဆင့်မှာ ရှိတယ်… အစ်ကိုခွန်… ခင်ဗျားက ကျိရှမ်းကမ်းပါးမှာ လေ့ကျင့်ဖို့ သူ့ကို ထောက်ခံပေး နိုင်မလား…” ထိခိုင်က ခွန်ယိုကို ကြည့်ကာ ပြောသည်။ သူ၏သားပါရမီဖြင့် ကျိရှမ်းကမ်းပါးတွင် သားတော်တစ်ပါးပင် ဖြစ်သွားနိုင်ပေသည်။

“ဒါက​ သေချာပေါက် ပြဿနာမရှိဘူး…” ခွန်ယိုက လွယ်လင့်တကူ သဘောတူသည်။ မည်သို့ဆိုစေ ထိခိုင်ကား ကောင်းကင်မြေရိုင်းအဆင့်၁၂တွင်ရှိသည်။

“ကျုပ်လည်းပါမယ်…” ဓားကျေးရွာ ခေါင်းဆောင်က​ ပြောသည်။

“ကြည့်ရတာ အများစုက မင်းနဲ့ဆန့်ကျင်ဘက် ဖြစ်နေပြီ… ကျူးကော့ချန်းဖန်… ဘာလို့ အများနဲ့ ဆန့်ကျင်ချင်ရတာလဲ…” နန်ထျန်းအိမ်တော် ခေါင်းဆောင်ကလည်း ပြောသည်။

ဂူတုံးလျို၏အကြည့်က ထိုလူများ အားလုံးထံကို ရောက်သွားကာ တည်ငြိမ်စွာ ပြောသည်… “ရှန့်ထိုအဆင့်က အပြစ်အနာအဆာ ကင်းတဲ့ စိတ်အခြေအနေကို ပြောတာလို့ ဆရာပြောတာကို ကြားဖူးတယ်… ခင်ဗျားရဲ့စိတ်နှလုံးက အပြစ်ကင်းနေသရွေ့ ရှန့်ထိုအဆင့်ကို တက်လှမ်းနိုင်တယ်…. ခင်ဗျားတို့အားလုံးက ကောင်းကင်မြေရိုင်း အဆင့်က လူတွေပဲ… အခု ဒီနေ့ ခင်ဗျားတို့ စိတ်နှလုံးမှာ အပြစ်တွေ အများကြီး မြင်နေရတယ်… ရှန့်ထိုအဆင့်ကို တက်ဖို့ဆိုတာ ခင်ဗျားတို့အတွက် အိပ်မက်အဆင့် သတ်သတ်ပဲ…”

“အပြစ်များတယ်ဆိုတာ ဘာလဲ…” ယန်ဝူကျိက ဂူတုံးလျိုကို ကြည့်ကာ ပြောသည်။ သူ၏အလိုဆန္ဒက အလွန်ပြင်းထန်ကာ မျှော်လင့်ချက် အနည်းငယ်ရှိလျှင်ပင် သူက ကြိုးစားကြည့် လိုပေသည်။ ယခု သူ၏စိတ်နှလုံးက အပြစ်များနေသည်ဟု ဆိုသည်။

“ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့အခါ တော်ဝင်လမ်းကို လျှောက်တဲ့အခါ အပြစ်များလာတယ်…” ရီဖူရှင်းက ဂူတုံးလျို၏ နောက်မှ ပြောသည်… “အစ်ကိုပြောတာ မှန်တယ်…” ခင်ဗျားတို့ အားလုံးက ဒီဘဝ တစ်လျှောက်လုံးမှာ တော်ဝင်လမ်းကို လျှောက်ဖို့ ကံမပါဘူး…”

***


Comment

Leave a Reply


Options

not work with dark mode
Reset