အပိုင်း(၆၉၀)

မြေရိုင်းပြည်နယ်တစ်ခုလုံး ရှုပ်ထွေးလာခြင်း

ထျန်ရှင်းနှင့် ဓားမိစ္ဆာတို့က လေထဲမှ တိုက်ပွဲကို ကြည့်ကြသည်။ ရီဖူရှင်းက နန်တော်ဝင်ခွင့်အတွက် ဝင်ရောက် ယှဉ်ပြိုင်စဉ်တုန်းက ဓားမိစ္ဆာလည်း ထိုနေရာတွင် ရှိနေခဲ့သည်။ ယန်ဟောင် အသုံးပြုနေသော နှင်တံပညာရပ်က ရီဖူရှင်း အသုံးပြုခဲ့သော ပညာရပ်နှင့် အတူတူသာ ဖြစ်ကြောင်း သူသိသည်။ သည်ပညာရပ်ကား လူဝံများနှင့် အလွန်လိုက်ဖက်ကာ ကောင်းကင်ဖြတ်သန်းခြင်း ရှစ်ဆယ့်တစ်ချက်မှ ဆင့်ကဲ ဖြစ်တည်လာသော ပညာရပ်ဖြစ်သည်မှာ ထင်ရှားသည်။

ရီဖူရှင်း၏ မြင့်မားသော ပါရမီကို မြင်ကာ ယန်ဟောင်က သူ၏နှင်တံပညာအား ရီဖူရှင်းကို သင်ပေးခဲ့သည်များလား…။ ထိုက်ဟန်တောင်ကလည်း ရှန့်ထိုတစ်ပါး မွေးဖွားရန် ကြိုးစားနေသည်များလား…။

လေထဲမှ ကိုယ်ရောင်ကိုယ်ဝါကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ကောင်းကင်မြေရိုင်း အဆင့်၁၈တွင် ရှိသော ယန်ဟောင်က ကောင်းကင်မြေရိုင်း အဆင့်၄တွင်ရှိသော ပိုင်ဂူအား အနိုင်ယူခဲ့၏။ သည်အဖြစ်က ယုံနိုင်ဖွယ်ပင် မရှိပေ။ ယန်ဟောင်နှင့် ရီဖူရှင်းတို့က တိမ်ဖြူမြို့ကို လာခြင်းမှာ မထူးဆန်းတော့ပေ။ သူတို့က ကောင်းကောင်း ပြင်ဆင်လာခဲ့ကြသည်။

တိမ်ဖြူမြို့စားက ခေါင်းမော့ကာ ကြည့်သည်။ သူ၏မျက်လုံးမှ လူသတ်လိုသော အငွေ့အသက်များကား ပိုမိုပြင်းထန်စွာ ထွက်ပေါ်လာကာ ရွှေလူဝံကြီးအား ဒေါသတကြီး ကြည့်သည်။ သူ့အား အရိုင်းအစိုင်း သားရဲတစ်ကောင်က ရိုက်နှက်ခဲ့ခြင်းက သူ့အတွက် လက်မခံနိုင်စရာပင်။ သူကား ကောင်းကင်မြေရိုင်း အဆင့်၄တွင်ရှိကာ မြေရိုင်းပြည်နယ်တွင် အဆင့်အမြင့်ဆုံးသော နေရာတွင် ရှိသည်။ သူ့အား မသိသူမရှိပေ။ သည်တိုက်ပွဲတွင် သူရှုံးနိမ့်၍ မရပေ။

ကောင်းကင်တွင် မီးခိုးရောင် လေပွေမုန်တိုင်းများ စတင် ရိုက်ခတ်လာသည်။ လေဟာနယ် တစ်ခုလုံးက မီးခိုးရောင် ဖြစ်သွား၏။ မှော်စာလိပ်မှ အလင်းတန်းများ ဖြာထွက်လာသည်။ မှော်စာလိပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာကာ မြို့စားပိုင်ဂူ၏ ပုံရိပ်များအဖြစ် ပြောင်းလဲ သွားကြသည်။

ကောင်းကင်တွင် ဧရာမ မီးခိုးရောင် မျက်လုံးအစုံပေါ်လာပြီး ကြီးမား များပြားသော သဘာဝ စွမ်းအင်များအား ဝါးမျိုကာ ပတ်ဝန်းကျင် တစ်ခုလုံးအား မှော်မျက်လုံး သီးသန့်နယ် အတွင်းသို့ ကျဆင်းစေသည်။ ယန်ဟောင်၏ စိတ်ထဲတွင် မရေမတွက်နိုင်သော ပိုင်ဂူ၏ ပုံရိပ်များပေါ်လာပြီး စိတ်စွမ်းအင်များက သူ့အား ပိတ်ဆို့ရန် ကြိုးစားကြသည်။

ယန်ဟောင်က သူ၏စိတ်အသိနယ် တစ်စတစ်စ ယိုယွင်း ပျက်စီးလာသည်ကို ခံစားရသည်။ ထိုအခိုက်တွင် သူ့အနီး၌ မရေမတွက်နိုင်သော ရွှေလူဝံပုံရိပ်များ ပေါ်လာပြီး နှင်တံများကို စတင်ဝှေ့ယမ်းကြသည်။ ခုခံနိုင်စွမ်းမဲ့သော စွမ်းအားများ ထွက်ပေါ်လာကာ ယန်ဟောင်၏ ခန္ဓာကိုယ်ကလည်း လေဟာနယ်နှင့် ပေါင်းစပ်သွား၏။ သူက ခေါင်းမော့ကာ လူဝံများ၏ ဟိန်းသံတစ်ချက် ပေးလိုက်သည်။ တဝုန်းဝုန်းမြည်သံများ ကြားရကာ မရေမတွက်နိုင်သော လူဝံများကလည်း ပြိုင်တူဟိန်းသံ ပေးကြသည်။ ယန်ဟောင်၏ခန္ဓာကိုယ်က ပိုမိုကြီးမားလာကာ သူကိုယ်တိုင်က အစစ်အမှန် ရှေးဟောင်းနတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်သွားသည်။ သူက လေထဲတွင် ဝင့်ကြွားစွာ ရပ်လျက် အရာခပ်သိမ်းကို ထီမထင်သော မျက်လုံးများဖြင့် ကြည့်သည်။

“သတ်…” မြို့စားက ပုံရိပ်တစ်ခုကို ဖန်တီးကာ သူ၏အဆုံးအစမဲ့သော စိတ်စွမ်းအင်များက ယန်ဟောင်၏စိတ်ကို တိုက်ခိုက်ကြသည်။

“သေစမ်း…” ယန်ဟောင်ကလည်း အော်ဟစ်လိုက်သည်။ ကောင်းကင် ပျက်သုန်းခြင်း နှင်တံက မြို့စားထံကို ကျဆင်းလာသည်။ တခြားလူများ အားလုံးက တုန်လှုပ်စွာ ကြည့်နေကြသည်။

ဖျက်ဆီးခြင်း မုန်တိုင်းများက သူတို့အနီးပတ်လည်မှ လေဟာနယ် တစ်ခုလုံးကို နေရာယူထားကြသည်။ သားရဲနတ်ဘုရားနှင့် ပေါင်စပ်ထားသော ရွှေလူဝံကြီးက သူ၏နှင်တံဖြင့် ရိုက်ချသည်။ တိုက်ခိုက်မှုကို သူတို့ကိုယ်တိုင် ကြုံနေရသည့်အလား ပရိသတ်များ၏ ရင်ဘတ်များကလည်း တုန်ခါရသည်။ သည်မြင်ကွင်းကား ကြည့်ရှုရန်ပင် အလွန်ကြောက်မက်ဖွယ် ကောင်း၏။ တဘုန်းဘုန်း မြည်သံများကို ကြားကာ လေဟာနယ် တစ်ခုလုံးကို သဘာဝ စွမ်းအင်လှိုင်းများ ပေါက်ကွဲသွား၏။ ကြည့်နေသူများ အားလုံးက သူတို့အား မုန်တိုင်းက ဝါးမျိုသွားမည်ကို စိုးရိမ်သည့်အလား မျက်လုံးများကိုပင် မှိတ်လိုက်ကြသည်။

အရာခပ်သိမ်းက တိတ်ဆိတ် ငြိမ်သက်သွားသောအခါ ယန်ဟောင်အား လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည်ကို မြင်ကြရသည်။ မြို့စားပိုင်ဂူကား အဝေးကို လွင့်စဉ်သွားကာ သူ၏ခန္ဓာကိုယ်၌ သွေးခြင်းခြင်းနီနေ၏။

“မြို့စားပိုင်ဂူ ရှုံးနိမ့်သွားတယ်…” အားလုံး၏စိတ်နှလုံးများ တုန်ယင်သွားကြသည်။ ကောင်းကင်မြေရိုင်း အဆင့်၄မှ ပိုင်ဂူက ထိုက်ဟန်တောင်မှ​လူဝံကို ရှုံးနိမ့်သွားသည်။ မြေရိုင်းပြည်နယ်က သည်ကိစ္စပြီးနောက်တွင် ကြီးစွာ လှုပ်ခတ်ပေတော့မည်။ ကောင်းကင်မြေရိုင်း အဆင့်ကလည်း မကြာမီ အပြောင်းအလဲ ဖြစ်တော့မည်မှာ သေချာပေ၏။

အကယ်၍ အဆင့်များကို စီပါက ယန်ဟောင်ကား သေချာပေါက် ကောင်းကင်မြေရိုင်း အဆင့်၄သို့ တက်လှမ်း သွားပေရော့မည်။

ထျန်ရှင်းနှင့် ဓားမိစ္ဆာတို့၏ မျက်လုံးများက အေးခဲသွားကြသည်။ သည်တိုက်ပွဲက သူတို့အား ကြီးစွာ ထိတ်လန့်စေခဲ့၏။ ထိုက်ဟန်တောင်မှ ယန်ဟောင်ကား ရီဖူရှင်းကို ကာကွယ်ပေးနေသူ ဖြစ်သည်။ ယခု သူက မြို့စားပိုင်ဂူအား အနိုင်ယူခဲ့၏။ သည်ကိစ္စအား တော်ဝင်ကျဲ နန်းတော်ကပင် လျစ်လျူရှု၍​ မရနိုင်ပေ။

“မင်းက ထိုက်ဟန်တောင်ကို ဖယ်ရှားဖို့ စိတ်ကူးရှိတယ် ဟုတ်လား…” ယန်ဟောင်၏အသံက လေထုကို တုန်ခါစေလျက် ထွက်ပေါ်လာသည်။

ပိုင်ဂူ၏မျက်နှာက အလွန်အမင်း ပျက်ယွင်းနေသည်။ ထိုက်ဟန်တောင်ကို ဖျက်ဆီးမည်ကိုထား၊ သူက ယန်ဟောင်ကိုပင် အနိုင်မယူနိုင်ပေ။ အကယ်၍ သူက ထိုက်ဟန်တောင်ကို ဖျက်ဆီးမည် စိတ်ကူးရှိပါက ယန်ဟောင်က တိမ်ဖြူမြို့ကို အမြစ်ဖြုတ် သတ်ဖြတ် ပေရော့မည်။

“ပိုင်ဂူ… ခင်ဗျားက ကျုပ်အစ်ကို၃နဲ့အစ်မ၂တို့ကိစ္စမှာ ဆက်ပြီး ဝင်ပါနေမယ်ဆိုရင် ပိုင်လွေလီ သက်သာမယ် မထင်နဲ့…   ရီဖူရှင်းက အေးစက်စွာ ခြိမ်းခြောက်သည်။ အကယ်၍ တိမ်ဖြူမြို့စားက ဂူတုံးလျိုကို နောက်တစ်ကြိမ် ထိရဲပါက ရီဖူရှင်းကလည်း သက်ညှာမည် မဟုတ်ပေ။

ထျန်ရှင်းနှင့် ဓားမိစ္ဆာတို့က ရီဖူရှင်း၏စကားကို ကြားသည်တွင် အေးခဲသွားကြသည်။ ပိုင်လွေလီကား တိမ်ဖြူမြို့စား သခင်လေးဆိုသော နာမည်ထက်ပိုသည်။ ရီဖူရှင်းက ထိုစကားကို ပြောလိုက်သည်နှင့် တောဝင်ကျဲနန်းတော်ကို သူ၏ရန်သူအဖြစ် သတ်မှတ်လိုက်ခြင်းနှင့် တူညီပေသည်။

ဓားမိစ္ဆာ သက်ပြင်းချသည်။ ယန်ဟောင်သာ ရှုံးနိမ့်သွားခဲ့ပါက အရာအားလုံးက ရိုးရှင်းနေပေလိမ့်မည်။ သို့သော်လည်း မြေရိုင်းပြည်နယ်မှ ကိစ္စများကား ယခင်ထက် ပိုမိုရှုပ်ထွေး လာတော့မည်။ ကျိရှမ်းကမ်းပါးမှ ခွန်ယိုက သည်အတိုင်း လက်လျှော့မည် မဟုတ်သည်မှာ ထင်ရှားပေ၏။

“အဘိုးယွန်… သွားစို့…” ရီဖူရှင်းက အော်လိုက်သည်။ ယန်ဟောင်က ခေါင်းညိတ်သည်။ ရီဖူရှင်းက ယန်ဟောင်၏ပခုံးပေါ်ကို ခုန်တက်လိုက်သည်တွင် သူတို့က ကောင်းကင်ကို ပျံတက် ထွက်ခွာသွားကြသည်။ နာမည်ကျော် တိမ်ဖြူမြို့ကား သူတို့၏ အဆင့်အတန်း မြင့်မားသော ဂုဏ်ပုဒ်များက သည်တိုက်ပွဲ အပြီးတွင် သိသိသာသာ မှေးမှိန် သွားပေရော့မည်။

ထိုက်ဟန်တောင်ကို မြေရိုင်းပြည်နယ် တစ်ခုလုံးက သိကြပေရော့မည်။

ရီဖူရှင်းနှင့် ယန်ဟောင်တို့ ထွက်သွားသည်ကို မြင်သည်တွင် ပိုင်ဂူက လက်သီးဆုပ်သည်။ သူ၏မျက်လုံးမှ လူသတ်လိုသော အငွေ့အသက်များကား ကြောက်မက်ဖွယ် ကောင်းအောင် ရှိနေဆဲဖြစ်သည်။ ဓားမိစ္ဆာကလည်း ပြောသည်… “ပိုင်ဂူ… ကျုပ်တို့ တော်ဝင်ကျဲ နန်းတော်ကို ပြန်တော့မယ်…”

“ကောင်းပြီ…” ပိုင်ဂူက ခေါင်းညိတ်သည်။ တော်ဝင်ကျဲနန်းတော်မှ လူများကလည်း မကြာခင် ထွက်ခွာ သွားကြသည်။ သို့သော်လည်း တိမ်ဖြူမြို့ကား အချိန်များစွာ ကြာအောင် ငြိမ်သက် တိတ်ဆိတ်နိုင်ခြင်း မရှိခဲ့ပေ။ တိုက်ပွဲသတင်းက မြေရိုင်းပြည်နယ် တစ်ခုလုံးကို ကြောက်မက်ဖွယ် ကောင်းအောင် မြန်ဆန်စွာဖြင့် ပျံ့နှံ့သွားသည်။

***

ကျူးကော့မိသားစု အိမ်တော်တွင် ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့က ရီဖူရှင်းအတွက် စိတ်ပူနေကြသည်။ ကျူးကော့ချန်းဖန်ကလည်း စိတ်မသက်မသာ ခံစားနေရသည်။ ထိုက်ဟန်တောင်မှ ယန်ဟောင်ကို ခေါ်ကာ ရီဖူရှင်းက တိမ်ဖြူမြို့ကို သွားရောက်ခြင်းက ကျူးကော့မိသားစုကို ခဏတာ အသက်ရှူ ရှောင်စေသော်လည်း တိမ်ဖြူမြို့စားက ကျူးကော့ မိသားစုထံကို ပြန်လာပေတော့မည်။ ရီဖူရှင်းနှင့် ယန်ဟောင်တို့က ဘာလုပ်နိုင်မည်နည်း။

ထိုအခိုက်တွင် ပုံရိပ်နှစ်ခုက နဂါးပတ်တောင်ကို ဆင်းသက်လာသည်။ လူအများအပြားက လှမ်းကြည့်ကြသည်တွင် ကောင်းကင်၌ သားရဲနှစ်ကောင်ကို မြင်ကြသည်။ တစ်ကောင်ကား ရွှေလူဝံဖြစ်ပြီး နောက်တစ်ကောင်ကား သိမ်းငှက်နက်တစ်ကောင် ဖြစ်၏။

“သူတို့က ထိုက်ဟန်တောင်ကလား…” ကျူးကော့မိသားစုမှ တစ်ယောက်က မေးသည်။

ကျူးကော့ချန်းဖန်၊ ဂူတုံးလျိုနှင့် တခြားလူများကလည်း လေထဲကို ကြည့်ကြသည်။ သိမ်းငှက်နက်ကို မြင်သည်တွင် ကျူးကော့မင်းယွီက ပြောသည်… “ဒါက မောင်ငယ်လေးရဲ့ သိမ်းငှက်နက်ပဲ…”

သိမ်းငှက်နက်က ကျူးကော့ချန်းဖန်ရှေ့ကို ရောက်လာကာ အားလုံးကို ပြောသည်… “ဆရာက ဒီက အခြေအနေတွေကို မြင်ရအောင် ကျွန်တော့်ကို လွှတ်ထားတယ်… ပိုင်ဂူက ကျူးကော့မိသားစုကို လက်ချောင်းနဲ့ ထိရဲတာနဲ့ သူက တိမ်ဖြူမြို့ကို ဖျက်ဆီးပစ်လိမ့်မယ်…”

သိမ်းငှက်နက်၏ စကားကို ကြားသည်တွင် ကျူးကော့ချန်းဖန်က အံ့အားသင့်စွာ မေးသည်… “မင်းရဲ့ဆရာနဲ့ စိတ်ချင်း ဆက်နေတာလား…”

“အမှန်ပဲ…” သိမ်းငှက်နက်က ခေါင်းညိတ်သည်။

ကျူးကော့ချန်းဖန် စိတ်လှုပ်ရှား သွားသည်။ ရီဖူရှင်းကား အမှန်ပင် အလေးအနက် လုပ်ဆောင်နေခြင်းပင်။ သိမ်းငှက်နက်အား ထိုက်ဟန်တောင်မှ ရှီလူဝံတစ်ကောင်အား စောင့်ကြပ်စေပြီး နဂါးပတ်တော်ကို စေလွှတ်ထားကာ တစ်ဖက်တွင် သူနှင့်ယန်ဟောင်တို့က တိမ်ဖြူမြို့ကို ထွက်သွားသည်။

“ညီငယ်လေးတို့ ဘယ်လို အခြေအနေရှိလဲ…” ဂူတုံးလျိုက မေးသည်။ သူတို့က စိတ်ချင်း ဆက်နွှယ်နေပါလျှင် ထိုနေရာတွင် ဖြစ်ပျက်နေသည်များကို သိမ်းငှက်နက်က သိရပေမည်။

“တော်ဝင်ကျဲနန်းတော်က ထျန်ရှင်းနဲ့ ဓားမိစ္ဆာတို့ကို တိမ်ဖြူမြို့သို့ စေလွှတ်ပြီး ဝင်စွက်ဖက်တယ်… သူတို့က စီနီယာယန်ဟောင်နဲ့ တိုက်ခိုက်ပြီးတော့ ရှုံးသွားတယ်… မြို့စားပိုင်ဂူက တိမ်ဖြူမြို့ကို ပြန်ရောက်လာပြီး နောက်ထပ် တိုက်ပွဲတစ်ခု ထပ်ဖြစ်တယ်… မြို့စားပိုင်ဂူ ရှုံးသွားတယ်…” သိမ်းငှက်နက်က ပြန်ပြောသည်။

“ဘာ…” ကျူးကော့ချန်းဖန်က အံ့အားသင့်သွားသည်… “ယန်ဟောင်က ပိုင်ဂူကို အနိုင်ယူခဲ့တယ်လို့ မင်းပြောတာလား…”

“အမှန်ပဲ… စီနီယာယန်ဟောင်နဲ့ ဆရာတို့က အခုပဲ တိမ်ဖြူမြို့က ထွက်လာကြတယ်… သူတို့က အခု နဂါးပတ်တောင်ကို လာနေကြတယ်…” သိမ်းငှက်နက်က ခေါင်းညိတ်ကာ ရှင်းပြသည်။ ကျူးကော့ချန်းဖန် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းရှည်ချသည်။ အခြေအနေက ဤသို့ ဖြစ်လာမည်ဟု သူမထင်ထားပေ။ သို့သော်လည်း သူက ဤသို့ ဖြစ်လာသည့်အပေါ် ပျော်ရွှင်ခြင်းလည်း သိပ်မရှိပေ။ တော်ဝင်ကျဲနန်းတော်က ဝင်စွက်ဖက်ခြင်းအပေါ် သူက အဓိပ္ပာယ်အား ကောင်းကောင်း နားလည်ပေသည်။ တော်ဝင်ကျဲနန်းတော်က သူ့အား ပစ်ပယ်လိုက်ပြီ ဖြစ်သည်။

“မောင်ငယ်လေးက ထူးဆန်းတာတွေ လုပ်တတ်တယ်…” ကျူးကော့မင်းယွီကလည်း ပြုံးလျက်ပြောသည်။ တိမ်ဖြူမြို့စား ရှုံးနိမ့်သွားခြင်းက သူ့အား နောက်တစ်ကြိမ် ကျူးကော့မိသားစုထံကို လာရောက် တိုက်ခိုက်မည်ကို စိတ်ပူနေစရာ မလိုတော့ပေ။

“ကျိရှမ်းကမ်းပါးကတော့ ဒီကိစ္စကို လက်လျှော့မှာ မဟုတ်ဘူး…” ဂူတုံးလျိုက တီးတိုးပြောသည်။ သူကလည်း ကြီးမားသော ဖိအားကို ခံစားနေရသည်။ သူက မူလကတည်းက မည်သို့ကိုမှ ပါဝင် ပတ်သက်စေလိုခြင်း မရှိခဲ့ပေ။ သို့သော်လည်း ယခု ရီဖူရှင်း လုပ်လိုက်သည်က ရီဖူရှင်းအား မုန်တိုင်းအလယ်သို့ တွန်းပို့စေသည်။ ကျိရှမ်းကမ်းပါးက ရီဖူရှင်းကိုလည်း အလွတ်ပေးတော့မည် မဟုတ်ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset