အပိုင်း (၆၈၉)

မြို့စားပိုင်ဂူနှင့်တိုက်ခိုက်ခြင်း

ထိုအခိုက်တွင် ထောင်ပေါင်းများစွာသော နှင်တံပုံရိပ်များက နှင်တံတစ်ခုတည်း အဖြစ် ပြောင်းလဲသွားကြသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်မွေးဖွားမှုနှင့်အတူ လေထုက ပေါက်ကွဲထွက် သွားတော့မည်ဟု အားလုံးက ခံစားကြရသည်။ ဓားမိစ္ဆာကလည်း သူ၏ဓားကို ထုတ်လွှတ်လိုက်သည်တွင် မဆုံးနိုင်သော ဓားအသိက လေထုကို ပိုင်းဖြတ်လျက် တိုးဝင်လာသည်။ သူ၏ တိုက်ခိုက်မှုများက နှင်တံနှင့် ရင်ဆိုင်မိသည်တွင် အဆုံးမဲ့သော ပင်လယ်ကို လက်ပစ်ကူး သကဲ့သို့ မည်သို့မှ မတတ်သာသော ခံစားချက်ကို ရသည်။ အဆုံးမဲ့သော စွမ်းအားက သူ့အား နောက်ပြန်ကန် သွားစေသည်။

“ဒါက အရမ်း အားကောင်းတာပဲ…” ရီဖူရှင်းက ရေရွတ်လိုက်သည်။ ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်ကား ကောင်းကင်ဖြတ်သန်းခြင်း ရှစ်ဆယ့်တစ်ချက်ကို အခြေခံ၍ အသစ်တီထွင်ထားခြင်း ဖြစ်သည်။ ယန်ဟောင်လို ထိပ်သီးရှီတန်ခိုးရှင် တစ်ယောက်အတွက် သိုင်းပညာအပေါ် နားလည် သိမြင်ခြင်းက ရီဖူရှင်းကဲ့သို့ နိုဘယ်တစ်ယောက်ထက် များစွာ နက်ရှိုင်းပေသည်။ ထို့ကြောင့် ယန်ဟောင်က ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်အား ယခုမှ အသုံးပြုသော်လည်း ရီဖူရှင်းထက် ပိုမိုကျင်လည်စွာ အသုံးချနိုင်စွမ်းရှိသလို သူထုတ်လွှတ်သော စွမ်းရည်ကလည်း ပိုမို အားကောင်းပေသည်။

ထျန်ရှင်း၏ ကောင်းကင်ပုဆိန်ရှည်က နှင်တံနှင့် ရင်ဆိုင်တွေ့ဆုံသော အခါတွင်လည်း သူ၏လက်က ထုံကျဉ်သွားကာ နောက်ကို အတော်ဝေးဝေး လွင့်စဉ်သွားသည်။ သူကား နှင်တံရိုက်ချက်ကို ဖျက်ဆီးနိုင်စွမ်း မရှိပေ။

ဘုန်း… ယန်ဟောင်က ရှေ့ကို တက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားကိုယ်ရောင် ကိုယ်ဝါတစ်ခု လေထဲတွင် ပေါက်ကွဲထွက်လာကာ မရေမတွက်နိုင်သော ဓားအလင်းများ စတင်ဖြစ်ပေါ်လာပြီး ယန်ဟောင်ထံကို ပိုင်းဖြတ်ကြသည်။ ယန်ဟောင်က နှင်တံကို ဝှေ့ယမ်းလိုက်သည်တွင် ရောက်လာသမျှသော ဓားအလင်းတန်းများ အားလုံး ပျက်စီးပျောက်ကွယ် သွားရသည်။

ယန်ဟောင်က ရှေ့ကို တစ်ဖန် ထပ်မံ၍ တက်လာသည်။ ထျန်ရှင်းက ယန်ဟောင်၏အနီးကို ထပ်မံကပ်လာသော အချိန်တွင် ယန်ဟောင်ထံမှ​ အရှိန်အဝါကား အမြင့်ဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်။ ယန်ဟောင်က နှင်တံကို ဝှေ့ယမ်းလိုက်သည်တွင် လေဟာနယ် တစ်ခုလုံးကပါ လိုက်ပါလှုပ်ရှားပြီး ကြီးမားသော စွမ်းအားလှိုင်းအောက်တွင် ထျန်ရှင်းနှင့် ဓားမိစ္ဆာတို့ နှစ်ယောက်လုံးက နှေးကွေး လေးလံသွားသည်။

ဘန်း…

ယန်ဟောင်၏ပဉ္စမရိုက်ချက်က ကျဆင်းလာသည်။ သူတို့နှစ်ယောက်လုံးက မဆုံးနိုင်သော နှင်တံများ ရိုက်ချက်များကို ခုခံကြသော်လည်း နောက်ဆုံး တားဆီးမရနိုင်သော အားလှိုင်းများ အောက်တွင် ကျဆုံးကြရသည်။

မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံအောက်တွင် နှစ်ယောက်လုံးက နှင်တံရိုက်ချက် ထိမှန်ပြီး လွင့်စဉ်သွားကြ၏။ ပါးစပ်မှ သွေးများ စီးကျလာကာ သူတို့၏ အတွင်းကလီစာများက ကြီးစွာသော နာကျင်မှုကို ခံစားကြရ၏။

ကျောက်သား ကျောက်ဆောင်ကဲ့သို့ ခိုင်မာသော တိုက်ခိုက်ရေး စွမ်းအားအောက်တွင် မရေမတွက်နိုင်သော နည်းစနစ်များ ကျရှုံးရပေသည်။ သူတို့က များစွာသော ပညာရပ်များအား ပိုင်ဆိုင် တတ်မြောက်ကြသော်လည်း ယန်ဟောင်၏ ကြီးမားသော စွမ်းအားအောက်တွင် မည်သို့မှ အသုံးမဝင် ဖြစ်ရသည်။

“ခင်ဗျားတို့နှစ်ယောက်က ကျုပ်ကို တိမ်ဖြူမြို့က ထွက်သွားစေချင်တယ် ဆိုရင်တော့… စိတ်မကောင်းပါဘူး… ကျုပ် မလိုက်နာနိုင်ဘူး…” ရီဖူရှင်းက ထျန်ရှင်းနှင့် ဓားမိစ္ဆာတို့အား ကြည့်ကာ ပြောသည်။ သူတို့နှစ်ယောက်လုံး၏ မျက်နှာများ သိပ်မကောင်းကြတော့ပေ။ ယန်ဟောင်၏စွမ်းရည်ကား ကောင်းကင်မြေရိုင်း အဆင့်၁၈ နေရာမှ တန်ခိုးရှင်၏ စွမ်းအားမျိုးမဟုတ်ပေ။

တိမ်ဖြူမြို့စားအိမ်တော်မှ လူများအားလုံး ထိတ်လန့်သွားကြသည်။ နန်းတော်အရှင် နှစ်ယောက်က ဝိုင်းဝန်း တိုက်ခိုက်သည့်တိုင် ယန်ဟောင်အား အနိုင်မရပေ။

တိုက်ပွဲကို ကြည့်နေကြသော တခြားလူများကလည်း အံ့အားသင့်နေကြသည်။ ကောင်းကင်မြေရိုင်း အဆင့်မှ တန်ခိုးရှင်များ၏ တိုက်ပွဲက အလွန် ကြည့်ရခဲပေသည်။ ထို့အပြင် ယန်ဟောင်က တော်ဝင်ကျဲနန်းတော် အရှင်နှစ်ပါးအား အနိုင်ယူခဲ့သည်ကို သူတို့က မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ အကယ်၍ သူတို့က ယန်ဟောင်အား တားဆီးလိုသည် ဆိုပါက မြို့စားပိုင်ဂူ ရောက်လာရန် လိုပေသည်။

ယန်ဟောင်က ထျန်ရှင်းနှင့် ဓားမိစ္ဆာတို့အား လေထဲတွင် ရင်ဆိုင် တိုက်ခိုက်နေဆဲဖြစ်သည်။ ရီဖူရှင်းက ယန်ဟောင်၏ ပခုံးပေါ်တွင် ရပ်ကာ နန်းတော် အရှင်နှစ်ပါးနှင့် ယန်ဟောင်တို့၏ တိုက်ခိုက်ပုံအား အသေးစိတ် ကြည့်ရှုနေသည်။

ထျန်ရှင်းနှင့် ဓားမိစ္ဆာတို့က ယန်ဟောင်အပေါ်တွင် မည်သို့မှ မလုပ်နိုင်သည်ကို ရိပ်မိလိုက်ကြသည်။ ရီဖူရှင်းနှင့် ယန်ဟောင်တို့အား တိမ်ဖြူမြို့မှ မောင်းထုတ်ရန်မှာ မဖြစ်နိုင်ပေ။

“ရီဖူရှင်း… မင်းက တော်တော် ခေါင်းမာတယ်… မင်းက နိုဘယ်တစ်ယောက်အနေနဲ့ ဒါတွေ လုပ်နေမယ်ဆိုရင် နောက်ဆုတ်ဖို့ ဘယ်တော့မှ အခွင့်အရေးရမှာ မဟုတ်တော့ဘူး…” ထျန်ရှင်းက ပြောသည်။ လက်ရှိအခြေအနေက ရှီတန်ခိုးရှင်များပင် ဖြေရှင်းရန် လွန်စွာ ခက်ခဲနေကာ ကောင်းကင်မြေရိုင်း အဆင့်မှ ထိပ်သီး တန်ခိုးရှင်များသာ အဆုံးအဖြတ် လုပ်နိုင်စွမ်း ရှိပေသည်။

ကျိရှမ်းကမ်းပါး၊ တော်ဝင်ကျဲနန်းတော်နှင့် ကျူးကော့မိသားစုက သည်မုန်တိုင်းထဲကို ပါဝင်ပတ်သက်နေကြပြီ ဖြစ်သည်။ တော်ဝင်ကျဲနန်းတော်၏ တပည့်ဟောင်း ဖြစ်သော်လည်း ရီဖူရှင်း၏ တန်ခိုးအဆင့်ကား အလွန်နိမ့်ပါး နေပေသေးသည်။ အကယ်၍ သူက ထိုက်ဟန်တောင်မှ ယန်ဟောင်ကြောင့်သာ မဟုတ်ပါက ရီဖူရှင်းကလည်း ဤသို့ စကားပြောရန် အခွင့်အရေးရမည် မဟုတ်ပေ။

“ဒါက ကျွန်တော့် ဆုံးဖြတ်ချက်ပဲ… ဒါက ကျုပ်ကို ငရဲဆီ ခေါ်သွားမယ် ဆိုရင်တောင် ကျုပ် နောင်တမရဘူး…” ရီဖူရှင်းက ဆက်ပြောသည်… “ကျုပ်က တော်ဝင်ကျဲ နန်းတော်ကိုပဲ​ပိုပြီး စိတ်ပူတယ်… တကယ်လို့ ခင်ဗျားတို့ ယုံကြည်ထားတာတွေ အကုန် မှားယွင်းနေတာကို တစ်နေ့သိသွားခဲ့ရင် အဲဒီအချိန်ကျရင် ခင်ဗျားတို့ ဘယ်လိုနေမလဲ ကျုပ်သိချင်တယ်…”

“တော်ဝင်ကျဲနန်းတော်ရဲ့ ယုံကြည်မှုက မင်းထင်တာထက် မှန်ကန်ပြီး သမာသမတ်ကျတယ်…” ထျန်ရှင်းက ပြောသည်… “မင်းက နောက်ဆုတ်ဖို့ ငြင်းဆန်တယ် ဆိုမှတော့ ပိုင်ဂူလာတာကိုပဲ စောင့်ကြတာပေါ့… အကယ်လို့ ယန်ဟောင်ရှုံးသွားခဲ့ရင် မင်းက ဒီအကျိုးဆက်ကို ခံစားရလိမ့်မယ်…”

“ကျုပ်တို့ ကြည့်ကြတာပေါ့…” ရီဖူရှင်းက အေးအေးလူလူပြောကာ ယန်ဟောင်၏ ခန္ဓာကိုယ်ထံမှ မြေပြင်သို့ ဆင်းသက်လိုက်သည်။ တိမ်ဖြူမြို့ကို ရောက်ရှိနေကြသော တန်ခိုးရှင်များကလည်း ထွက်သွားခြင်းမရှိဘဲ အခြေအနေကို စောင့်ကြည့်နေကြသည်။ မကြာမီ မြို့စားပိုင်ဂူ ပြန်ရောက်လာမည်ဖြစ်ကာ ပိုမို စိတ်ဝင်စားဖွယ်ကောင်းသော တိုက်ပွတစ်ခုအား မြင်တွေ့ကြရမည် ဖြစ်သည်။

ထိုအခိုက်တွင်ပင် တိမ်ဖြူမြို့၏ ကောင်းကင်ယံမှ ကြောက်မက်ဖွယ် ကောင်းသော လေထုတုန်ခါမှုတစ်ခုကို ခံစားလိုက်ကြရသည်။ လူအများအပြားက အဝေးကို လှမ်းကြည့်ကြသည်တွင် ထိတ်လန့်ဖွယ် လေလှိုင်းများ ရိုက်ခတ်လာသည်ကို မြင်ကြရသည်။ လေပွေလှိုင်းများ လွန်သွားသောအခါ တိမ်ဖြူမြို့စားပိုင်ဂူက လေထဲတွင် ရပ်နေသည်ကို မြင်ကြရသည်။ သူ၏အကြည့်က မြေပြင်ထံကို ကြောက်မက်ဖွယ် လူသတ်လိုသော အငွေ့အသက်များနှင့်အတူ ရောက်ရှိလာသည်။

“မြို့စား ရောက်လာပြီ…” တိမ်ဖြူမြို့မှ လူများအားလုံး စိတ်လှုပ်ရှား သွားကြသည်။ မြို့စားပိုင်ဂူက ဤမျှ ဒေါသထွက်နေသည်ကို သူတို့ တစ်ခါမှ မမြင်ဖူး။

လေထဲတွင် မီးခိုးရောင်မျက်လုံးတစ်စုံ ပေါ်လာကာ ထိုမျက်လုံးကား ဖျက်ဆီးခြင်း မျက်လုံးသာ ဖြစ်သည်။ မျက်လုံးက ယန်ဟောင်နှင့် ရီဖူရှင်းကို စိုက်ကြည့်သည်တွင် သူတို့ရပ်နေရာ လေဟာနယ်က ချက်ချင်း ပိတ်လှောင်ခံရသည့် ခံစားချက်ကို ရသည်။ ယန်ဟောင်၊​ ရီဖူရှင်းနှင့် ထိုက်ဟန်တောင်မှ လူဝံများအားလုံးက လောကနှင့် သီးခြားကွဲပြားသော ကမ္ဘာတစ်ခုသို့ ရောက်သွားဟန်ရသည်။

ထိုအခိုက်တွင် ကြောက်မက်ဖွယ် အားကောင်းသော စိတ်စွမ်းအားတစ်ခု သူ့ကို ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။ သူ၏မျက်နှာက ပြာနှမ်းသွား၏။ ထိပ်သီး ရှီတန်ခိုးရှင်၏ စိတ်ပိုင်းဆိုင်ရာ ဖိအားအောက်တွင် ရီဖူရှင်းအား မည်သို့မှ ခုခံနိုင်စွမ်း မရှိပေ။

ယန်ဟောင်က ပိုင်ဂူကို တစ်ချက်ကြည့်ကာ မြေပြင်မှ ခုန်တက်လိုက်သည်။ မြေပြင်က အက်ကွဲသွားကာ လေထုက တုန်ခါသွားပြီး မြို့စားအိမ်တော်မှ လူများအားလုံးက ကြီးမားသော ဖိအားကို ခံစားရကာ သွေးများ တဝေါ့ဝေါ့ အန်ကြသည်။

“ယန်ဟောင်… မင်းက သေချင်တာလား…” ပိုင်ဂူက ပထမဆုံး စတင်ပြောဆိုသည်။ သူ၏လေသံ၌ ကြောက်မက်ဖွယ် လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေ၏။

“မင်း နောက်တစ်ခါ သူ့ကို ထိလိုက်လေ… ငါက ပိုင်ကလန်ကို တစ်ခါတည်း ဒီနေရာမှာ အဆုံးသတ်ပေးလိုက်မယ်…” ယန်ဟောင်ကလည်း အေးစက်စွာ ပြောသည်။

ပိုင်ဂူ၏လူသတ်လိုသော မျက်လုံးများက ရီဖူရှင်းကို ကြည့်သည်။ သူက ကျူးကော့မိသားစု အိမ်တော်၌ ရီဖူရှင်းကို တွေ့ဆုံစဉ်က သူ့အား သိပ်အလေးမထားခဲ့ပေ။ ရီဖူရှင်းကား သာမန်နို ဘယ်တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း ယခုကား ကွဲပြားခြားနား နေပြီဖြစ်သည်။ ရီဖူရှင်းက ထိုက်ဟန်တောင်မှ စွမ်းအားမြင့်လူဝံများကို ခေါ်ဆောင်ကာ ပိုင်ကလန်ကို ခြိမ်းခြောက်ထားသည်။ သည်အပြုအမူမျှဖြင့် သူက ရီဖူရှင်းအား သတ်ဖြတ်ရန် အကြောင်းပြချက် ခိုင်လုံနေပြီဖြစ်သည်။ သို့သော်လည်း ယန်ဟောင်ရှိနေခြင်းက ရီဖူရှင်းအား သတ်ချင်သလို သတ်၍ မရသေးပေ။ အကယ်၍ ရီဖူရှင်းကို ပိုင်ဂူက သတ်လျှင် ယန်ဟောင်က ပိုင်ကလန်မှ လူများအားလုံးကို သတ်ပေမည်။

“ဒါဆိုလည်း ငါက မင်းကို အရင်သတ်ရတာပေါ့…” ပိုင်ဂူက အေးစက်စွာ ပြောသည်။ ကြောက်မက်ဖွယ် ကောင်းသော သင်္ကေတများ ကြယ်ရောင်စုံ လင်းလက်သကဲ့သို့ ဖြစ်ပေါ်လာကာ ယန်ဟောင်၏ အနီးပတ်ဝန်းကျင် တစ်ဝိုက်အား တဘုန်းဘုန်း ပေါက်ကွဲစေသည်။ သို့သော်လည်း ယန်ဟောင်က ကောင်းကင်ထက်ကို ဆက်လက် ပျံတက်လာ၏။

“အောက်မှာပဲ စောင့်နေ… ” ယန်ဟောင်က ရီဖူရှင်းကို ပြောသည်။

ရီဖူရှင်း ခေါင်းညိတ်သည်။ တခြား မဟာရွှေလူဝံများက ရီဖူရှင်းကို ပတ်ပတ်လည်မှ ဝန်းရံပေးကြသည်။ သို့သော်လည်း အမှန်တကယ်အားဖြင့် ရီဖူရှင်းကို မည်သူမှ ကာကွယ်ရန် မလိုအပ်ပေ။ အကယ်၍ ပိုင်ဂူက ယန်ဟောင်ကို အနိုင်မယူခံ ရီဖူရှင်းကို ထိခိုက်ပါက ပိုင်ကလန်ကလည်း အခြေအနေ ကောင်းမည် မဟုတ်ပေ။

“ယန်ဟောင်… ဒီနေ့ မင်းလုပ်ခဲ့တာတွေက လူဝံတွေကို မြေရိုင်းပြည်နယ်က လုံးဝ​ ပျောက်ကွယ် သွားအောင် လုပ်လိုက်တာပဲ…” ပိုင်ဂူက အေးစက်စွာ ပြောသည်။ သူ့ထံမှ ကြောက်မက်ဖွယ် ကောင်းသော ရှေးဟောင်း နတ်ဘုရားပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ ယန်ဟောင်ထံကို တိုက်ရိုက် တိုးဝင်သွားသည်။

ယန်ဟောင်က ရှေ့ကို တစ်လှမ်း တက်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်လာကာ လူဝံဟိန်းသံ တစ်သံနှင့်အတူ မမြင်ရသော စိတ်စွမ်းအားလှိုင်းက ကြေပျက်သွားသည်။

ယန်ဟောင်က လေထဲတွင်ပင် မြေပြင်၌ ပြေးလွှားသကဲ့သို့ ရှေးဟောင်း နတ်ဘုရားပုံရိပ်ထံသို့ စတင် ပြေးလွှားသည်။ သူ၏ ခြေလှမ်းတိုင်းက ကောင်းကင်ကို တုန်ခါစေကာ လက်ထဲ၌ လည်းကောင်း ကင်ပျက်သုန်းခြင်းနှင်တံ ပေါ်လာသည်။ ပိုင်ဂူက ယန်ဟောင်ကို အေးစက်စွာ ကြည့်သည်။ လွန်ခဲ့သော လများစွာက ယန်ဟောင်နှင့် တိုက်ခိုက်ခဲ့ရာ ယခု ယန်ဟောင်က ထိုစဉ်ကထက် သိသိသာသာ အားကောင်းလာသည်ကို ခံစားရသည်။

ဒုတိယ သက်စောင့်ဝိညာဉ် ထွက်ပေါ်လာသည်တွင် ဧရာမရှေးဟောင်း စာလိပ်တစ်ခုကို မြင်ကြရသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များက စာလိပ်မှ ဖြာထွက်နေကာ ထိုသက်စောင့်ဝိညာဉ်၌ ရှန့်ထိုရတနာ ပေါင်းစပ်ပါဝင်နေသည်။ အလင်းတန်းများက တစ်မုဟုတ်ချင်းပင် ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသွား၏။

“ပိတ်ဆို့စမ်း…” ပိုင်ဂူက အေးစက်စွာ ပြောသည်။ မှော်စာလိပ်က အလင်းရောင် ဖြာထွက်သွားကာ ပတ်ဝန်းကျင် လေဟာနယ်အား ပိတ်ဆို့သွားပြီး မမြင်ရသော အရံအတားတစ်ခု ယန်ဟောင်ကို ဗဟိုပြုလျက် ဖြစ်ပေါ်လာသည်။

ယန်ဟောင်က လေပေါ်ကို တစ်ဖန် ခုန်တက်ကာ နောက်တစ်ဖန် ဟိန်းသံပေးလိုက်သည်။ မရေမတွက်နိုင်သော လူဝံပုံရိပ်များ ကောင်းကင်တွင် ဖြစ်ပေါ်လာကာ သူတို့အားလုံးက ပြိုင်တူ နှင်တံဖြင့် ရိုက်ချလိုက်ကြသည်။ လေထုက တဝုန်းဝုန်း မြည်ဟည်းသွားကာ အရံအတားက ကျိုးပျက်သွားသည်။ သို့သော်လည်း တိုက်ပွဲကား ယခုမှ စတင်ခြင်းဖြစ်သည်။ နောက်ထပ် ကြီးမားသော မှော်စာလိပ်တစ်ခုက ယန်ဟောင်ထံကို ပျံဝဲသွားကာ ရှေးဟောင်း သင်္ကေတများ ဖြာထွက်လာပြီး ဖျက်ဆီးခြင်း စွမ်းအားများက ယန်ဟောင်ထံကို ဦးတည် ဖြစ်ပေါ်လာသည်။

ပိုင်ဂူက လက်သီးဆုပ်လိုက်သည်။ မှော်စာလိပ်က ပေါက်ကွဲသွားကာ လေဟာနယ်က အပိုင်းပိုင်း ဖြစ်သွားပြီး ထိုနေရာမှ အနက်ရောင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကာ အရိုးကွဲမတတ် အေးစက်သော ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝတစ်ခု ဖြစ်ပေါ်လာသည်။

“အဲဒါ ဘာလဲ…” ရီဖူရှင်းက လေထဲကို မော့ကြည့်သည်။ မြို့စားကား အမှန်ပင် ကောင်းကင်မြေရိုင်း အဆင့်၄မှ စွမ်းအားမြင့် တန်ခိုးရှင်ဖြစ်သည်။ သူ၏လောကစွမ်းအားကို ထိန်းချုပ်ခြင်းက အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်း၏။

သို့သော်လည်း ယန်ဟောင်က ကောင်းကင် ပျက်သုန်းခြင်းနှင်တံကို လေဟာနယ်ထဲတွင်ပင် ဝှေ့ယမ်းသည်။ မိုးခြိမ်းသံများ ကြားရကာ ကြောက်မက်ဖွယ် ဖျက်ဆီအားက ပိတ်ဆို့ခြင်း ခံရသည်။ စွမ်းအင်ပေါက်ကွဲမှုများ ကြားတွင် သူတို့က ရွှေလူဝံ၏ပုံရိပ်ကို ဝေဝေဝါးဝါးမျှသာ မြင်ကြရသည်။ မဟာရွှေလူဝံက သူ၏နှင်တံကို ဆက်လက် ဝှေ့ယမ်းကာ ပိုင်ဂူကို သွားရောက် ရိုက်နှက်သည်ကိုလည်း သူတို့က မြင်ကြရသည်။

ပိုင်ဂူက သူ့နေရာတွင်ပင် ရပ်ကာ ယန်ဟောင်ကို အေးစက်စွာ ကြည့်သည်။ သူ့နောက်မှ ရတနာမှော်စာလိပ်က အလင်းတန်းများ ကွဲထွက်လာကာ များစွာသော မှော်စာလိပ်များ ဖြစ်ပေါ်လာသည်။ မဆုံးနိုင်သော သဘာဝစွမ်းအင်များက လောကစွမ်းအားများ အဖြစ် ပြောင်းလဲကာ ထိုအခိုက်တွင် သူတို့ အနီးပတ်ဝန်းကျင် လေဟာနယ်တစ်ခုလုံးကို ပိုင်ဂူက အပိုင်စိုးရသည်။

“မဟာဆင့်ခေါ်ခြင်း မှော်ပညာ…” ပိုင်ဂူက ပြောသည်။ မှော်စာလိပ်တိုင်းမှ ရှေးဟောင်း နတ်ဘုရားပုံရိပ်များ ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် ရှေးဟောင်း နတ်ဘုရားများ အားလုံး၏ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ယန်ဟောင်ထံကို ဦးတည် ပျံသန်း သွားကြသည်။ ပိုင်ဂူက အေးစက်စွာ ပြောသည်… “ယန်ဟောင်… အခု ငါအသစ် တီထွင်ထားတဲ့ စွမ်းအားအသစ်ကို ခံစားကြည့်စမ်း… ဒါက ကမ္ဘာဖျက် မှော်စာလိပ်ပဲ…” သူက ထိုသို့ ပြောလိုက်သည်နှင့် မရေမတွက်နိုင်သော ရှေးဟောင်း နတ်ဘုရားများ အားလုံးက ယန်ဟောင်ထံကို တိုးဝင်သွားကြကာ သူတို့၏ လက်ဝါးများဖြင့် ရိုက်ထုတ်လိုက်ကြသည်။ လက်ဝါးပုံရိပ်များ ဖြစ်ပေါ်လာကာ အလယ်တွင် လက်ဝါးတစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး လေထုက လှိုင်းလုံးများ အသွင်ဖြင့် စွမ်းအင်များကို သယ်ဆောင်သည်။

လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ မြိုစားပိုင်ဂူကို ချီးကျူး လေးစားကြရသည်။ သူကား အမှန်ပင် ကောင်းကင်မြေရိုင်း အဆင့်၄နေရာနှင့် ထိုက်တန်ပေသည်။

ယန်ဟောင်က နှင်တံကို ဝှေ့ယမ်းလိုက်သည်တွင် ကောင်းကင်၌ မရေမတွက်နိုင်သော နှင်တံများ ဖြစ်ပေါ်လာသည်။ မိုးခြိမ်းသံများ ကြားရကာ သူ၏ဝှေ့ယမ်းမှု အောက်၌ ထူးခြားသော ဟန်ချက်တစ်ခု စတင် ဖြစ်တည်လာကာ သဘာဝစွမ်းအင်များ ဒေါသတကြီး ပေါက်ကွဲပြီး အဆင့်အဆင့် စုစည်းလာကြသည်။ နောက်ဆုံးတွင် ရွှေရောင်မုန်တိုင်းက လေဟာနယ် တစ်ခုလုံးကို နေရာယူသွားပြီး ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်၏ ဆဋ္ဌမရိုက်ချက်ကို ထုတ်လိုက်သည်။ ထို့နောက်တွင် အလွန်လင်းလက်သော ရွှေရောင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာကာ လေထုအား ဖြတ်တောက် သွားသည်။ နှင်တံများအားလုံးက ရှေးဟောင်းနတ်ဘုရား ပုံရိပ်များအားလုံးကို ဖျက်ဆီးလိုက်ကာ ကမ္ဘာဖျက် မှော်စာလိပ်များ တဝုန်းဝုန်းနှင့် ပေါက်ကွဲကြသည်။ ထို့နောက် ကြောက်မက်ဖွယ် ကောင်းသော အလင်းတန်းကလည်း ပိုင်ဂူထံကို တိုးဝင်သွားပြီး ကောင်းကင် တစ်ခွင်လုံးကို လှုပ်ခါသွားစေသော မြည်သံနှင့်အတူ ပိုင်ဂူက နောက်ကို လွင့်စဉ်သွားသည် ထိတ်လန့်စွာ မြင်တွေ့ကြရသည်။

မျက်လုံးပေါင်း များစွာက ယန်ဟောင်ကို ကြည့်ကြသည်။ သူကား နတ်ဘုရားများ အလယ်တွင် ရပ်နေသော မဟာရွှေလူဝံ ဧကရာဇ်တစ်ပါးအလား ထင်မှတ်ရသည်။ ယနေ့တွင် သူကား ကောင်းကင်မြေရိုင်း အဆင့်၄ မြို့စားပိုင်ဂူအား အနိုင်ယူခဲ့၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset