အပိုင်း(၆၈၇)

နန်းတော်၏ဆုံးဖြတ်ချက်

ဝမ်ရှင်းကလည်း တိတ်ဆိတ်နေသည်။ သူက နန်းတော်၏ ကံကြမ္မာအား လွန်ခဲ့သော ရက်အနည်းငယ်က ခန့်မှန်း တွက်ချက်ခဲ့သည်။ နန်းတော်ကား ဘေးအန္တရာယ်ကြီးတစ်ခုကို ကြုံရမည်။ ထိုအန္တရာယ်အား ရှောင်ဖယ်ရန် လွန်စွာ ခက်ခဲကာ မည်သို့ အတိအကျ ဖြစ်လာမည်ကိုလည်း မခန့်မှန်းနိုင်ပေ။ သို့သော်လည်း အဖြစ်နိုင်ဆုံးက ယွီပြည်နယ် ကျိရှမ်းကမ်းနှင့် ပတ်သက်နေနိုင်ခြင်း ဖြစ်သည်။

“ နန်းတော်သခင်က ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ… ”

ဝမ်ရှင်းက ထပ်မပြောတော့ပေ။ မြေရိုင်းပြည်နယ်မှ ကိစ္စရပ်များကား အလွန်ရှုပ်ထွေးလာကာ မကြာမီ ပေါက်ကွဲတော့မည့် ဟန်ရှိနေသည်။

“ မင်းတို့နှစ်ယောက်ကရော… ”

လျူချန်းက ထောင်ကျန်းနှင့် ဓားမိစ္ဆာတို့ကို မေးသည်။

“ ဝမ်ရှင်းမသိမှတော့ ကျုပ်တို့က ဘယ်သိပါ့မလဲ… ”

ထောင်ကျန်းက ခေါင်းယမ်းသည်။ တိမ်ဖြူမြို့စားနှင့် ကျူးကော့ချန်းဖန်ကား နန်းတော်၏ တပည့်ဟောင်းများ ဖြစ်ကြသည်။ ယခု သူတို့နှစ်ယောက်က ဆန့်ကျင်ဘက် အခြေအနေသို့ ရောက်ရှိနေ၏။

ဓားမိစ္ဆာကလည်း တိတ်ဆိတ်နေသည်။ သူက ပိုင်လွေလီကို အသိအမှတ်ပြုသော်လည်း ရီဖူရှင်းကိုလည်း သဘောကျပေသည်။ သူ၏တပည့် ရီဝူချင်းကလည်း အလားအလာ ကောင်းများကို ပိုင်ဆိုင်ပေ၏။

စိတ်မကောင်းစရာကား သူတို့နှစ်ယောက်က လက်ရှိမျိုးဆက်ကို ဦးဆောင်နိုင်သူများဖြစ်ကာ ယခု သူတို့နှစ်ယောက်က ဆန့်ကျင်ဘက် အခြေအနေသို့ ရောက်နေသည်။ ရီဖူရှင်းကသာ တိမ်ဖြူမြို့ကို လာရောက် တိုက်ခိုက်သည်ကို ပိုင်လွေလီသိပါက မည်သို့ တွေးထင်မည်နည်း။

“ လျူချန်း… ”

အက်ကွဲသော အသံတစ်ခုအား အဝေးမှ ကြားကြရသည်။ အားလုံး၏ အမူအရာကလည်း ပြောင်းလဲသွားကာ အသံလာရာ အရပ်ကို ကြည့်ကြသည်။

“ အစ်ကို… ”

လျူချန်းက ပြန်ထူးသည်။ ပြောလိုက်သူကား ကောင်းကင် မြေရိုင်းအဆင့်၁တွင်ရှိကာ လက်ရှိနန်းတော်သခင်လည်း ဖြစ်၏။

“ နန်းတော်ရဲ့ ဆန္ဒက မပြီးမြောက်ခဲ့ဘူးဆိုမှတော့ မင်းက ဘာကို တွန့်ဆုတ်နေရသေးတာလဲ… ငါတို့က မှားနေတယ်ဆိုတာကို သိရင်တောင်မှ ​လုပ်ရမယ့်ကိစ္စကို လုပ်ရမှာပဲ.. ငါတို့ရဲ့ စိတ်က အပြစ်ကင်းနေသမျှ ဒါက မှန်ကန်တယ်… လွေလီက တော်ဝင်ကျဲနန်းတော်ရဲ့ နောက်တက်မယ့် နန်းတော်သခင်ပဲ… သူ့မိသားစု တစ်ခုခုဖြစ်လို့ မရဘူး… ငါမသေခင် မြေရိုင်းပြည်နယ်မှာ ရှန့်ထိုတစ်ပါး မွေးဖွားတာကို မြင်ချင်တယ်… ”

သူ၏အသံက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ့အသံထဲတွင် အလွန်ခိုင်မာသော စိတ်ဆန္ဒအားလည်း ခံစားမိကြသည်။ ထိုအရာကား မြေရိုင်းပြည်နယ်၌ ရှန့်ထိုတစ်ပါး ဖြစ်လာရမည်။

ကောင်းကင်မြေရိုင်းအဆင့်၁တွင် ရှိသည့်တိုင်အောင် တော်ဝင်လမ်းကို လျှောက်လှမ်းရာ၌ အသက်ဘေးနှင့် ကြုံဆိုခဲ့ရသည်။ နန်းတော်က သူသေပြီးနောက်ပိုင်း ဆုတ်ယုတ်သွားမည်ကို သူမလိုလားပေ။ ထိုသို့ဖြစ်လာခဲ့ပါက သူ၏ဆရာကို သေလွန်ပြီးနောက်ပိုင်း မည်သို့ မျက်နှာ ပြရမည်နည်း။

“ ဟုတ်ကဲ့… အစ်ကို… ”

လျူချန်းက အသံလာရာဘက်ကို ဦးညွတ် အရိုအသေပေးကာ ပြောသည်။ သူ၏အစ်ကို ပြောသည်မှာ မှန်ပေသည်။ သူတို့က တစ်ဖက်ကို ရွေးပြီးမှတော့ အဘယ်ကြောင့် တွန့်ဆုတ်နေရမည်နည်း။

“ ထျန်ရှင်း… ဓားမိစ္ဆာ… လူနည်းနည်း ခေါ်ပြီးတော့ တိမ်ဖြူမြို့ကို သွားလိုက်… တိမ်ဖြူမြို့က ရီဖူရှင်းကို ထွက်သွားခိုင်းလိုက်… သူ့ကို ဒဏ်ရာ မရစေနဲ့… ”

လျူချန်းက ပြောသည်။

“ အင်း… ” ထျန်ရှင်းက ခေါင်းညိတ်သည်။ ဓားမိစ္ဆာကား မည်သို့မှ မတတ်နိုင်ပေ။ သူက ဤသို့သော အခြေအနေကို မတွေ့မြင်လိုပေ။

“ ထောင်ကျန်း… ဒီကိစ္စမှာ ဝင်မပါနဲ့… ရီဖူရှင်းကို ဘာမှ မဖြစ်စေဖို့ သူတို့ကို ပြောထားပြီးပြီ… ”

လျူချန်းက ထောင်ကျန်းကို ပြောသည်။

ထောင်ကျန်းက လျူချန်းကို ကြည့်ကာ ဘာမှမပြောပေ။ သူတို့က ရီဖူရှင်းကို ဒဏ်ရာ မရစေသော်လည်း ရီဖူရှင်းအား တစ်ဖက်စွန်းသို့ တွန်းထုတ်နေသည်နှင့် ဘာမှ မထူးခြားတော့ပေ။

ရွှမ်းဝူမြို့၊ နဂါးပတ်တောင်အပြင်ဘက်၌…။

လူတစ်စုက လေထဲတွင် ရပ်ကာ ကျူးကော့မိသားစုကို ကြည့်နေသည်။ ရှေ့ဆုံးမှ လူငယ်နှစ်ယောက်ကား ကျိရှမ်းကမ်းပါး၏ သားတော်ကိုးယောက်ထဲမှ နှစ်ယောက်ဖြစ်သော ချင်ကျောင်းနှင့် ကျန်းရှာတို့ ဖြစ်ကြသည်။

“ ညီလေး… ဒီတစ်ခေါက် ဆရာဦးလေးက တိမ်ဖြူမြို့နဲ့ ပူးပေါင်းလိမ့်မယ်… သူတို့က နဂါးပတ်တောင်ကို အနိုင်တိုက်နိုင်မယ်လို့ ငါယုံတယ်… ”

ကျန်းရှာက တိမ်ဖြူမြို့ထံကို ဦးတည်ကာ သွားနေသော နှစ်ယောက်အား ကြည့်ကာ ပြုံးရောင်သန်းလျက် ပြောသည်။

တိမ်ဖြူမြို့စားကား အလွန် စိတ်ဝင်စားဖွယ် ကောင်းပေသည်။ သူက တိမ်ဖြူမြို့ကို သွားရောက် ဆွေးနွေးသည့်နေ့က တိမ်ဖြူမြို့စားကား သူတို့ကို ကူညီရန် အလွယ်တကူ လက်ခံခဲ့သည်။ အပြန်အလှန်အားဖြင့် ကျိရှမ်းကမ်းပါးက ပိုင်လွေလီ တော်ဝင်လမ်းကို သွားသောအချိန်၌ အကူအညီ ပေးရမည်ဖြစ်သည်။

“ တိမ်ဖြူမြို့စားပိုင်ဆိုင်တဲ့ ရတနာက ရှန့်ထို အဆင့်မဟုတ်ပေမဲ့ ရှန့်ထို အတန်းအစားထဲကို သွင်းလို့ရတယ်… ဆရာဦးလေးရဲ့ စွမ်းအားနဲ့ဆို ဒါက သိပ်ပြဿနာမရှိလောက်ဘူး… ”

ချင်ကျောင်းက ပြောသည်။ တိမ်ဖြူမြို့စားနှင့် သူ၏ဆရာဦးလေးတို့က ကျူးကော့ မိသားစုထံကို ပျံသန်း သွားနေကြပြီ ဖြစ်သည်။ အားလုံးကလည်း ထိုမြင်ကွင်းကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။

ကျူးကော့မိသားစုက သည်မုန်တိုင်းတွင် ဖယ်ရှားခံရတော့မည်လော…။

“ ညီလေး… ငါမင်းကို နောက်တစ်ခါ ထပ်ဖျောင်းဖျမယ်… ဂူတုံးလျိုက ယွီပြည်နယ်ရဲ့ တောဝင်ရတနာကို လုယက်ပြီးတော့ လွေလီရဲ့ လက်ထပ်ပွဲကို ဖျက်ဆီးခဲ့တယ်.. သူ့ကို ထုတ်ပေးလိုက်တာ နောက်မကျသေးဘူး… မင်း ဆက်မမှားနဲ့တော့… ”

တိမ်ဖြူမြို့စားက လေထဲတွင် ရပ်ကာ ကျူးကော့မိသားစုကို ကြည့်လျက်ပြောသည်။

ကျူးကော့ချန်းဖန်က ထူးမခြားနားစွာ ရပ်လျက် ကြည့်နေသည်။ မြေရိုင်းပြည်နယ်တွင် ပထမဆုံး သူနှင့် တိုက်ခိုက်ရမည့်လူက သူ၏ဆရာတူ အစ်ကိုဖြစ်နေသည်။

အရာအားလုံးက ခန့်မှန်းရ ခက်လွန်းလှပေသည်။

“ ကလန်ခေါင်းဆောင်… သူ့ကို ထုတ်ပေးရအောင်… ”

ကျူးကော့ မိသားစုမှ လူများက ကျူးကော့ချန်းဖန်ကို ပြောကြသည်။

“ကျူးကော့ချန်းဖန်… မင်းက မိသားစုတစ်ခုလုံးရဲ့ အသက်ကို တစ်ယောက်တည်းနဲ့ လဲတော့မလို့လား… ”

စီနီယာကျသော မိသားစုအကြီးအကဲ တချို့က ကျူးကော့ချန်းဖန်ကို ပြောသည်။ သိသာစွာပင် သူတို့က ဂူတုံးလျိုကို ထုတ်ပေးလိုနေကြသည်။

“ အကောင်းဆုံးလမ်းနှစ်ခုကို တစ်ပြိုင်နက်တည်း မရနိုင်ဘူး… ကျုပ်က တစ်ဖက်ကို ရွေးပြီးမှတော့ နောက်ဆုတ်စရာ မရှိဘူး… ”

ကျူးကော့ချန်းဖန်က ပြောသည်။

“ မင်းက ကျူးကော့မိသားစုကို တကယ်ပဲ ဖျက်ဆီးတော့မလို့လား… ”

နောက်တစ်ယောက်က ဒေါသတကြီး အော်ဟစ်သည်။

“ ကျုပ်တို့က မကြိုးစားရသေးဘူး… ကျုပ်တို့ ကျရှုံးမယ်လို့ ဘယ်သူက ပြောလဲ…ကျုပ်ရှုံးသွားခဲ့ရင် အစ်ကိုနဲ့ ခွန်ယိုတို့က အပြစ်မရှိတဲ့လူတွေကို မသတ်ဖို့ မျှော်လင့်ပါတယ်…

အကယ်၍ သူက ရှုံးနိမ့်ခဲ့ပါက သူ၏အသက်ဖြင့် ပေးဆပ်ရန် ဆန္ဒရှိပေသည်။ အကယ်၍ သူက သည်တိုက်ပွဲတွင် အသက်ရှင်ခဲ့ပါက မြေရိုင်းပြည်နယ်က ရှန့်ထို​ သေချာပေါက် မွေးဖွားနိုင်ပေလိမ့်မည်။ ရီဖူရှင်းနှင့် ဧကရာဇ်ရီချင်တို့ မည်သို့ ပတ်သက်သည်ကို သူမသိသော်လည်း ရှန့်ထိုအဆင့်က ရီဖူရှင်းအတွက် အကန့်အသတ်မဟုတ်ပေ။

“ ညီလေးက ဒီကိစ္စအတွက် စတေးချင်တယ် ဆိုမှတော့ ငါက ဖြည်းဆည်းပေးရတာပေါ့… ”

ပိုင်ဂူက ခံစားချက်ကင်းမဲ့စွာ ပြောသည်။ ချက်ချင်းပင် သူနှင့် ခွန်ယိုတို့ နှစ်ယောက်လုံးက ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။

“ ခဏနေပါဦး.. ”

ထိုအခိုက်တွင် အသံတစ်သံကို ကြားကြရသည်။ ခွန်ယိုက မျက်မှောင်ကြုတ်လိုက်ကာ တိမ်ဖြူမြို့စားကလည်း အဝေးမှ ရောက်လာသော လူကို လှမ်းကြည့်သည်…

“ ယွန်ဟို… မင်းက ဘာလို့ ဒီကို လာတာလဲ… ”

“ ရီဖူရှင်းက ယန်ဟောင်ကို ခေါ်ပြီး လူဝံတွေနဲ့အတူ တိမ်ဖြူမြို့ကို ရောက်နေတယ်… သူတို့က ကွန်ဆွန်ကလန်ကိုလည်း ဖျက်ဆီးပြီးကြပြီ… ”

ယွန်ဟိုက ပြန်ပြောသည်။

တိမ်ဖြူမြို့စား၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားကာ သူ၏မျက်လုံးက သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်သွားသည်။

“ မင်းဆိုလိုတာက ရီဖူရှင်းနဲ့ ယန်ဟောင်က ငါ့အိမ်တော်မှာလား… ”

ပိုင်ဂူ၏အသံက ခြောက်ကပ်အေးစက်နေသည်။

“ ဟုတ်တယ်… ”

ယွန်ဟိုက ခေါင်းညိတ်သည်… “

သူက ကျုပ်ကို သတင်းပို့ခိုင်းလိုက်တယ်… တကယ်လို့ သူ့အစ်ကိုနဲ့အစ်မက တစ်ခုခုဖြစ်သွားခဲ့ရင် မြို့စားအိမ်တော် တစ်ခုလုံးကို သတ်ဖြတ်မယ်လို့ ပြောတယ်… ”

ပိုင်ဂူက ကြောက်မက်ဖွယ်ကောင်းအောင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် အဝေးကို ကြည့်သည်။ မည်သူကမှ တိမ်ဖြူမြို့ကို မခြိမ်းခြောက်ရဲပေ။ တော်ဝင်ကျဲနန်းတော်နှင့် ရေခဲနန်းတော်တို့မှ လွဲ၍ သူကား ကောင်းကင် မြေရိုင်းအဆင့်တွင် အမြင့်ဆုံးဖြစ်သည်။ ယခု နိုဘယ် အဆင့်ကလေး တစ်ယောက်က သူ့အား ခြိမ်းခြောက်နေသည်။

ဘယ်လို ဟာသလဲ…။

သူနှင့် ယန်ဟောင်တို့ နှစ်ယောက်လုံးက သေတွင်းတူးနေကြခြင်း ဖြစ်သည်။

“ အစ်ကိုခွန်…ကျုပ်က ဒီကကိစ္စကို ခဏ နောက်ဆုတ်ရဦးမယ်… ”

ပိုင်ဂူက ခွန်ယိုဘက်ကို ကြည့်ကာပြောသည်…

“ ကျုပ်က အဲဒီ ခွေးကောင်ကို သတ်ပြီး ပြန်လာခဲ့မယ်… ”

ခွန်ယိုက မျက်မှောင်ကြုတ် လိုက်သည်။ သူတို့ကား တိုက်ခိုက်ခါနီး အချိန်ဖြစ်ကာ ယခုကဲ့သို့ ရုတ်တရက် ရပ်တန့်လိုက်ရသည်။ တိမ်ဖြူမြို့ကို မည်သူက ထိရဲသနည်း။ သူကား ထိုသို့သော လူကို မကြားဖူးပေ။ သူက ကောင်းကင် မြေရိုင်းအဆင့်က လူလား…။ ထို့အပြင် ဘယ်သူတို့က သူ၏ အစ်ကိုနှင့်အစ်မလည်း…။

ပိုင်ဂူက မြန်ဆန်စွာပင် တိမ်ဖြူမြို့သို့ ပျံသန်းထွက်ခွာသွားခဲ့သည်။

ကျူးကော့ မိသားစုတွင် ကျူးကော့ချန်းဖန်ကလည်း ထိတ်လန့်သွားသည်။ ထိုကောင်လေးက တိမ်ဖြူမြို့ကို သွားရောက်မည်ဟု သူမထင်ထားခဲ့ပေ။ သို့သော်လည်း ယန်ဟောင်က ပိုင်ဂူကို ရင်ဆိုင်ရန် လွယ်ကူမည် မဟုတ်ပေ။

ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့၏ဂျူနီယာလေးကား အမှန်ပင် တိမ်ဖြူမြို့ကို သွားရောက်ခဲ့သည်။ သူတို့က ရီဖူရှင်းအတွက် ကြီးစွာ စိုးရိမ်သွားကြ၏။

“ ဒါတွေက ငါ့ကြောင့်ဖြစ်လာခဲ့ရတာ… ”

ဂူတုံးလျိုက သက်ပြင်းချသည်။ သူကား အဆုံးဝါးဆုံး အခြေအနေကို လက်ခံရန် ပြင်ဆင်ပြီးဖြစ်ကာ တခြားလူများအား မထိခိုက်စေလိုတော့ပေ။

“ သိပ်အများကြီး မတွေးနဲ့… ”

ကျူးကော့မင်းယွီက သူ၏လက်ကို ကိုင်ကာ ပြောသည်…

“ မောင်ငယ်လေးက သူ့အကန့်အသတ်ကို သူသိတယ်… သူက မတတ်နိုင်တာကို လုပ်မှာ မဟုတ်ဘူး… ”

“ ကောင်းပြီ… ”

ဂူတုံးလျိုက ခေါင်းညိတ်သည်။ သူက အဆင့်မြင့်ရှီတွင် ရှိနေသော်လည်း သူ၏တန်ခိုးအဆင့်က တိုက်ပွဲထဲဝင်ပါရန် အလွန်အမင်း အားနည်းနေပေသေးသည်။

ခွန်ယိုက ကျူးကော့ချန်းဖန်အား ကြည့်သည်။ ကျူးကော့မိသားစုကား အလွန်ကံကောင်းသွား၏။ သူက နောက်ကို ပြန်ဆုတ်လိုက်သည်တွင် ကျူးကော့မိသားစုထံကို ကျဆင်းလာသော ဖိအားကလည်း ပျောက်ကွယ်သွား၏။

ခွန်ယိုက ကျန်းရှာထံကို လျှောက်သွားကာ မေးသည်…

“ ရီဖူရှင်းက ဘယ်သူလဲ… ”

ကျန်းရှာက မြေရိုင်းပြည်နယ်ကို ရောက်ရှိသည်မှာ အတန်ကြာခဲ့ပြီဖြစ်ရာ သူက ရီဖူရှင်းအား သိလောက်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset