သိုင်းပညာဌာန၏ နာမည်အကျော်ကြားဆုံး လေ့ကျင့်ရေးကွင်းဖြစ်သည့် ချော်ရည်အခန်းမှာ ထိုဌာန၏ ငွေကြေးများကို ထောက်ပံ့ပေးရာတွင် တစ်စိတ်တစ်ပိုင်းမှ ပါဝင်နေ၏။ ၎င်း၏ တမူထူးခြားမှုမှာ မြေကြီးအောက်တွင် မြုပ်နေသည့် ချော်ရည်ပူလွှာကြီး ဖြစ်သည်။ ထိုချော်ရည်ပူလွှာကြီးမှာ ထောင်ထိပ်တစ်ခုလုံး ပျံ့နှံ့နေပြီး သစ်တောစိမ်းရေကန်၏ အောက်ခြေအထိသို့ပင် ရောက်ရှိနေ၏။
၎င်း၏ သမိုင်းကြောင်းမှာ အလွန် ရှည်လျားပြီး သမိုင်းစာအုပ်များထဲတွင် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်က ထိုရေကန်ကြီး ရှိမနေခဲ့ကြောင်း ဖော်ပြထားသည်။ ထိုနေရာတွင် နာမည်ကျော်ကြားသော မီးတောင်တစ်လုံးသာ ရှိခဲ့၏။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်း ပထဝီဝင် အနေအထားများမှာ ပြောင်းလဲသွားခဲ့ပြီး သစ်တောစိမ်းရေကန် ပေါ်ပေါက်လာခဲ့သည်။ ထိုရေကန်ကြီးမှာ ချော်ရည်ပူလွှာကြီးကို ဖုံးကွယ်ထားခဲ့သည်ဖြစ်ပြီး ကောင်းကင်တာအိုကျောင်းက ထိုနေရာအား ရွေးချယ်ခဲ့သောအခါမှသာ ၎င်းအား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရှေးဦးဝိညာဉ်ခေတ် ပြီးဆုံးသွားခဲ့သည့် အခါမှသာ သူတို့က ထိုချော်ရည်ပူများကို ထုတ်ယူကာ သိုင်းပညာဌာန၏ ချော်ရည်အခန်းအား တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းမှာ အလွန် ကြီးမားပြီး အဝေးမှ ကြည့်လိုက်မည်ဆိုပါက ဧရာမ သားရဲကြီးတစ်ကောင်၏ ဦးခေါင်းတစ်လုံးနှင့် တူနေ၏။
ထိုသားရဲကြီး၏ ခေါင်းပေါ်ရှိ မျက်ခုံးများကြားတွင် မီးတိုင်တစ်တိုင် ရှိနေ၏။ ညအချိန်မှာပင် ထို မီးတောက်က ငြိမ်းသက်သွားမည့်ပုံ မပေါ်ပေ။ ထို သားရဲကြီး၏ ပါးစပ်ပေါက်မှတစ်ဆင့် သိုင်းပညာဌာန၏ တောင်အတွင်းပိုင်းထဲသို့ ဝင်သွားလိုက်မည်ဆိုပါက အလုံပိတ်ထားသည့် ကျင့်ကြံခြင်းအခန်းပေါင်း တစ်ရာကျော်ကို မြင်လိုက်ရမည်ဖြစ်သည်။
ထိုကျင့်ကြံခြင်းအခန်းတိုင်းတွင် မန္တန်အစီအရင်တစ်ခုစီ ရှိနေ၏။ ထိုအစီအရင်များကို ဖွင့်လိုက်မည်ဆိုပါက မြေအောက်ထဲမှ ချော်ရည်ပူများကို ထုတ်ယူကာ ကျင့်ကြံခြင်းအခန်းထဲမှ အပူချိန်အား ချက်ချင်းပင် အံ့သြမှင်တက်စရာရာကောင်းလောက်အောင် မြှင့်တင်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။
ထိုချော်ရည်အခန်းထဲသို့ ဝင်ခွင့်ရှိသူများမှာ သွေးချီနောက်ဆုံးအဆင့်သို့ ရောက်နေကြသည့် လူများ ဖြစ်ကြသည်။ လူအများစုက ထိုမြင့်မားလှသော အပူချိန်ကို အသုံးပြု၍ သူတို့၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်များအားလုံးကို ပိတ်သွားအောင် လုပ်ချင်ကြခြင်းဖြစ်သည်။ ထို့နောက် သူတို့ကိုယ်သူတို့ အပူဒဏ်မခံရအောင် ကာကွယ်လိုက်လျှင် ခန္ဓာအချုပ်အနှောင်အဆင့်သို့ ထိုးဖောက်နိုင်ရန် အကူအညီကို ရရှိသွားမည် ဖြစ်သည်။
ရှေးဟောင်းသိုင်းအဆင့်တွင် ရှိသော အဆင့်သုံးဆင့်က အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ၎င်း၏ပန်းတိုင်မှာ အစပိုင်းတွင် မည်သို့သော အခြေအနေများနှင့် ကြုံနေရစေကာမူ အပြစ်အနာအဆာ ကင်းစင်သော ခန္ဓာကိုယ်တစ်ခုကို ဖန်တီးနိုင်ရန် ဖြစ်သည်။ သွေးချီအဆင့်က အားကောင်းသော သက်စောင့်စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်နိုင်ရန် ဖြစ်သည်။ သို့မှသာ လူသားတစ်ယောက်က ကျင့်ကြံခြင်းလမ်းစဉ်တစ်လျှောက် ကြုံတွေ့ရမည့် အံ့သြမှင်တက်ဖွယ်ရာကောင်းသော အသွင်ပြောင်းလဲမှုများကို ခံနိုင်ရည် ရှိနေမည်ဖြစ်သည်။
ခန္ဓာအချုပ်အနှောင်အဆင့်မှာမူ လူသားတစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ ချွေးပေါက်များအားလုံးကို ပိတ်ဆို့ပစ်ရန် ဖြစ်သည်။ အတွင်းဘက်နှင့် အပြင်ဘက်ကို ပိတ်ဆို့ခြားနားလိုက်ပါက ခန္ဓာကိုယ်မှာ အချုပ်အနှောင်များ ကင်းမဲ့သွားရုံသာမက သွေးချီ စိမ့်ထွက်မှုများမှာလည်း ရပ်တန့်သွားမည် ဖြစ်သည်။ ထိုကဲ့သို့ နူးညံ့သိမ်မွေ့သော ထိန်းချုပ်မှုမျိုးကို ပိုင်ဆိုင်သွားသည့်အခါတွင် သွေးချီအဆင့်ထက် များစွာပို၍သာလွန်သော စွမ်းအားများကို ထုတ်သုံးနိုင်ရုံသာမက ခန္ဓာအချုပ်အနှောင်အဆင့်သို့ပါ ချောချောမွေ့မွေ့ တက်ရောက်သွားနိုင်မည် ဖြစ်သည်။
ထိုခန္ဓာအချုပ်အနှောင်အဆင့်၏ တမူထူးခြားသော လက္ခဏာကြောင့် ချော်ရည်အခန်းမှာ ဖောက်ထွက်နိုင်အောင် အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်၏။ လူတစ်ယောက်က သေခြင်းတရားကို အနည်းငယ်မျှ စိုးရိမ်မနေဘဲ ချော်ရည်အခန်းထဲသို့ ဝင်သွားနိုင်လောက်သည့်အထိ စိတ်ဓာတ်ပြတ်သားပါက ထိုလူမှာ ချော်ရည်ပူလွှာကြီးကို အတိုင်းအတာတစ်ခုအထိ ထုတ်ယူကာ အပူချိန်ကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် အပူလျှပ်၍ သေဆုံးသွားနိုင်သလို သွေးချီအဆင့်မှ ဖောက်ထွက်ကာ ခန္ဓာအချုပ်အနှောင်အဆင့်သို့ အောင်မြင်စွာလည်း ရောက်ရှိသွားနိုင်ပေသည်။
သို့သော် ထိုကဲ့သို့ ဖောက်ထွက်နိုင်သူများမှာ များများစားစား မရှိပေ။ သာမန်အခြေအနေများတွင် ထိုအခန်းထဲ၌ နှစ်နာရီကျော်အထိ နေနိုင်လျှင်တောင် အထင်ကြီးဖွယ်ကောင်းသော အောင်မြင်မှုတစ်ခုအဖြစ် မှတ်ယူကြသည်။ ကျိုးရိဖန်ပင် ခြောက်နာရီအထိသာ နေနိုင်ခဲ့၏။
ရှေးဦးဝိညာဉ်ခေတ်စတင်ခဲ့ပြီးနောက် နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ကောင်းကင်တာအိုကျောင်း၌ ထူးခြားသော လူတစ်ယောက် ပေါ်ပေါက်လာခဲ့သည်။ ထိုလူမှာ ချော်ရည်အခန်းထဲတွင် သုံးရက်သုံးညတိတိ အလုံပိတ်ကာ နေခဲ့ပြီး ယနေ့အထိ မည်သူမှ မဖျောက်ဖျက်နိုင်သေးသော ဒဏ္ဍာရီတစ်ခုကို ဖန်တီးခဲ့သည်။
ထိုလူမှာ ပြည်ထောင်စုဥက္ကဋ္ဌဟောင်းပင် ဖြစ်သည်။ သူသည် ထို ချော်ရည်အခန်းထဲမှ ထွက်လာပြီး နောက်တစ်ရက် အကြာတွင် ကောင်းကင်တာအိုကျောင်းတစ်ကျောင်းလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည့် စကားတစ်ခွန်းကို ပြောခဲ့သည်ဆိုသော ယုံတမ်းစကားများလည်း ရှိကြသည်။ ထိုစကားမှာ တာအိုအလင်းဆောင်ဌာန၏ ထင်ရှားသောဆောင်ပုဒ်တစ်ခုပင် ဖြစ်သွားခဲ့ပြီး လူပေါင်းများစွာက ၎င်းအား အသုံးပြုနေကြပြီဖြစ်သည်။ ထိုစကားမှာ
” ငါက တာအိုဉာဏ်အလင်းပွင့်နေတာ ”
ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်နေပြီဖြစ်ပြီး ဝမ်ပေါင်လဲ့၏ လုံးဝန်းသော ခန္ဓာကိုယ်ကြီးမှာ တလိမ့်လိမ့်နှင့် ထိုဧရာမသားရဲကြီး၏ ပါးစပ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။ လူတချို့က ချော်ရည်အခန်းထဲတွင် ကျင့်ကြံနေကြဆဲပင်။ ညပိုင်းတွင် ထိုသို့ လာရောက်ကျင့်ကြံကြသည့် လူအရေအတွက်က နေ့ခင်းအချိန်ကထက် ပို၍နည်းပါးပါသော်လည်း ကျင့်ကြံခြင်းအခန်းများ၏ ကိုးဆယ်ရာခိုင်နှုန်းခန့် လူများဖြင့် ပြည့်နှက်နေဆဲပင်။ အပြင်ဘက်ရှိ ဖန်သားပြင်ပေါ်တွင် ကျင့်ကြံခြင်းအခန်း ခုနစ်ခန်း၏ အချက်ပြမီးမှာ လင်းမနေသည်ကို မြင်နိုင်၏။
ထိုဧရာမသားရဲကြီး၏ ပါးစပ်အား ဝင်ချည် ထွက်ချည်လုပ်နေကြသည့်လူများ ရှိနေကြသည်ဖြစ်ပြီး အပေါက်ဝတွင် အစောင့်တစ်ယောက်တလေပင် ထားနေစရာမလိုပေ။ အခန်းတစ်ခန်းထဲသို့ ဝင်လိုပါက ကျောင်းသားတစ်ယောက်၏ တာအိုကျောင်းသားတံဆိပ်ပြား လိုအပ်သည်။
ထိုအခန်းအား အသုံးပြုနိုင်ရန်အတွက် လိုအပ်သော ဝိညာဉ်ကျောက်တုံးများကိုမူ ထို ကျောင်းသားတံဆိပ်ပြားကို အသုံးပြု၍ ပေးချေနိုင်သည်။ ယနေ့အထိ မည်သူကမှ ရှေးဟောင်းသိုင်းပညာများကို အာရုံစိုက်ကာ ကျင့်ကြံနေကြသည့် သိုင်းပညာဌာနမှ ခေါင်းဆောင်ကြီးများအပေါ် ဝိညာဉ်ကျောက်တုံး တစ်တုံးတလေပင် အကြွေးမတင်ရဲကြပေ။
ချော်ရည်အခန်းများထဲသို့ ဝင်ချည်ထွက်ချည် လုပ်နေကြသည့် ကျောင်းသားများစွာရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ လျင်လွန်းနေ၏။ လူများစွာ သူတို့၏ဘေးမှ လေတစ်ချက် တိုက်ခတ်သွားသည်ကိုသာ ခံစားလိုက်ကြရပြီး အနီရောင်အဝတ်အစားများနှင့် ဖက်တီးတစ်ယောက် ပြေးထွက်သွားသည်ကိုသာ ခပ်ရေးရေး မြင်လိုက်ကြရသည်။ သူတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်နိုင်ခင်မှာပင် လူရိပ် ပျောက်ကွယ်သွားတော့သည်။
သို့သော် ဝမ်ပေါင်လဲ့သည် သူ၏ ဂုဏ်သတင်းကျော်စောမှုကို လျှော့တွက်မိခဲ့ပြီဖြစ်သည်။
” ငါ အနီရောင် အသားလုံးကြီးတစ်လုံးကို မြင်လိုက်တယ် ထင်တယ် ”
” အဲ့အသားလုံးကြီးကို ငါ တော်တော်ရင်းနှီးနေပါတယ်။ ငါသူ့ကို မှတ်မိနေတဲ့ပုံပဲ ”
ချော်ရည်အခန်း၏ အပြင်ဘက်တွင်မူ ထွက်ခွာရန်ပြင်နေကြသည့် သိုင်းပညာဌာနမှ ကျောင်းသားအနည်းငယ် ရှိနေကြသည်။ သူတို့သည်လည်း တစ်ယောက်ကိုတစ်ယောက် မျက်လုံးပြူးကြီးများဖြင့် ကြည့်မိလိုက်ကြပြီး မှင်တက်ကာ ကျန်ရစ်ခဲ့ကြတော့သည်။
” အဲဒါ ဝမ်ပေါင်လဲ့ပဲ။ သူက ပြန်ပြီးတော့ ဝလာတာလား ”
သူတို့သည် အပြင်ဘက်တွင် ထိုကဲ့သို့ တအံ့တဩ ရေရွတ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ထိုဧရာမသားရဲကြီး၏ ပါးစပ်ပေါက်ကို ဖြတ်၍ တောင်၏အတွင်းပိုင်းထဲသို့ ဝင်သွားလိုက်သောအခါ လူလွတ်နေသည့် ကျင့်ကြံခြင်းအခန်းတစ်ခန်းကို ရှာတွေ့လိုက်သည်။ သူသည် အထောက်အထားပြ ကျောက်စိမ်းလည်ဆွဲကို အလျင်အမြန် ထုတ်ယူ၍ တံခါးပေါက်ကိုဖွင့်ကာ သူ၏ ခန္ဓာကိုယ်အား ဖျစ်ညှစ်၍ ခက်ခက်ခဲခဲနှင့် အတွင်းသို့ ဝင်သွားလိုက်၏။ အထဲသို့ရောက်သောအခါမှသာ စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချလိုက်ပြီး တံခါးကိုပိတ်လိုက်၏။
ဝမ်ပေါင်လဲ့သည် နာကျင်နေသော သူ၏ ဝမ်းဗိုက်ကိုပွတ်ရင်း ပို၍ပင် စိတ်ဓာတ်ကျလာတော့သည်။
” ငါသာ အခုထက် နည်းနည်းလေးပိုဝနေရင် ဒီထဲကိုတောင် ဝင်နိုင်တော့မှာ မဟုတ်ဘူး ”
ထိုကျင့်ကြံခြင်းအခန်းမှာ အရွယ်အစား မကြီးမားပေ။ စတုရန်းမီတာ ဆယ်မီတာအကျယ်အဝန်းသာ ရှိသည်။ အခြားကျောင်းသားများမှာ ထိုအခန်းထဲသို့ ရောက်လာပါက ကျယ်ကျယ်ဝန်းဝန်းရှိသည်ဟု ခံစားလိုက်ရမည်ဖြစ်သော်လည်း ဝမ်ပေါင်လဲ့ကမူ ထိုင်ချကာ သူ၏ ဘေးဘီဝဲယာအား အကဲခတ်ပြီးသွားသောအခါ ချက်ချင်းပင် အသေးစားလှောင်အိမ်လေးတစ်လုံးထဲသို့ ရောက်နေသည့်အလား ခံစားလိုက်ရတော့သည်။
ထိုခံစားချက်ကြီးကြောင့် သူ စိတ်ပျက်အားလျော့သွား၏။ သူသည် ဒေါသများကို ဖြေဖျောက်ရန်အတွက် မုန့်များကို ထုတ်ယူရန် ပြင်လိုက်မိပါသော်လည်း အလောတကြီး ထွက်လာမိခဲ့သောကြောင့် တစ်ထုပ်တလေပင် ယူမလာမိခဲ့သည်ကို သိလိုက်ရ၏။ ထိုအခါတွင် သူ ရူးသွပ်လုမတတ် ဖြစ်သွားရတော့သည်။
” ငါ ဝိတ်ကျချင်တယ်ကွာ ”
ဝမ်ပေါင်လဲ့မှာ အံကြိတ်လိုက်ပြီး ခက်ခက်ခဲခဲဖြင့် မန္တန်အစီအရင်အား ထိန်းချုပ်နိုင်သည့် ခလုတ်များကို ရှာဖွေလိုက်သည်။ ထို့နောက် သူသည် တွေဝေတုန့်ဆိုင်းမနေဘဲ ထိုခလုတ်များကို ဖွင့်လိုက်သောအခါ ချက်ချင်းပင် လေပူများ မြေကြီးထဲမှ အရှိန်အဟုန်ဖြင့် ထိုးထွက်လာကြတော့သည်။ ထို လေပူများမှာ ချက်ချင်းပင် ထိုအခန်း တစ်ခန်းလုံးသို့ ပျံ့နှံ့သွား၏။ ထို့နောက် သူ ထိုင်နေသည့် နေရာတစ်ခုသာ ပုံမှန်အတိုင်း ကျန်ရှိနေပါသော်လည်း အခြားနေရာများမှာ စတင်နီမြန်းလာတော့သည်။
ထိုအပူချိန်က မြင့်မားလှသောကြောင့် လေထွက်ပေါက်တစ်ပေါက် ရှိနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ခက်ခက်ခဲခဲနှင့် အသက်ရှုနေရသည်။ အချိန်အတော်အတန် ကြာမှသာ သူ၏ အသက်ရှူနှုန်းမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်ထဲမှ ချွေးများ အဆက်မပြတ် ထွက်လာတော့သည်။
ထိုအခန်းထဲတွင် အခြားကျောင်းသားများက သူတို့၏ ချွေးပေါက်များကို ပိတ်နိုင်အောင် ကြိုးစားကြသည် ဖြစ်သော်လည်း ဝမ်ပေါင်လဲ့မှာမူ သူတို့နှင့် ပြောင်းပြန်ဖြစ်နေ၏။ သူသည် ခန္ဓာကိုယ်တစ်ခုလုံးအား ဆန့်ထုတ်လိုက်ပြီး သူ၏ ချွေးပေါက်အားလုံးကိုဖွင့်ကာ အပူဓာတ်များကို စုပ်ယူလိုက်တော့သည်။
” ဒီလောက်နဲ့ မရသေးဘူး ”
ဝမ်ပေါင်လဲ့က ချွေးများကိုသုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အဆီများကို အာရုံခံမိလိုက်သဖြင့် အပူချိန်အား ထပ်၍ ထိန်းညှိပြောင်းလဲလိုက်ပြန်သည်။ ထိုအခါ ခြစ်ခြစ်တောက် ပူနေပြီးသားဖြစ်သော အပူချိန်မှာ ပို၍ပင် သိသိသာသာ မြင့်တက်လာတော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာမူ ထိုမျှလောက်နှင့် မလုံလောက်သေးကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ဘေးပတ်ပတ်လည်မှ နံရံလေးခု ရဲရဲနီလာသည့်အချိန်အထိ အပူချိန်အား ထပ်၍ ချိန်ညှိလိုက်ပြန်သည်။ သူ၏ နှုတ်ခမ်းများမှာ ခြောက်ကပ်နေပြီး သူ၏ အတွင်းကလီစာများပင် အကင်ခံနေရသလို ဖြစ်နေသည့်တိုင်အောင် အပူဓာတ်များက သူ၏ ချွေးများကို ဖြတ်သွားသောအခါ ဝိညာဉ်အဆီများ တဖြည်းဖြည်း ပြိုကွဲစပြုလာသည်ကို မြင်လိုက်ရသဖြင့် ကျေနပ်အားရသွားတော့သည်။
” ဘုရားသခင် ကယ်တော်မူလို့ပဲ ”
ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်တရှား ဖြစ်သွား၏။ သူသည် ထိုအပူချိန်တိုင်း ဆက်၍ထားရှိလိုက်ပြီး မျက်လုံးများကိုမှိတ်ကာ နာကျင်နေရပါသော်လည်း ဝိညာဉ်အဆီများ အရည်ပျော်ကျသွားသည်ကို တောင့်ခံနေလိုက်တော့သည်။
ထိုအပူချိန်မှာ သူ အငွေ့ပျံသွားရလောက်သည်အထိ မြင့်မားနေပါသော်လည်း သူ၏အဆီများ လျော့ကျသွားနေသည်ကို သတိထားမိလိုက်သောကြောင့် သူသည် အံများကြိတ်ကာ စိတ်လှုပ်တရှားနှင့် သည်းခံနေလိုက်တော့သည်။
အချိန်နှစ်နာရီ ကုန်ဆုံးသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့သည် ထိုအပူဒဏ်ကြီးကို ကြံ့ကြံ့ခံနေဆဲပင်။ ထိုသို့ဖြင့် နောက်ထပ် လေးနာရီ၊ ခြောက်နာရီအထိ ကုန်ဆုံးသွားသဖြင့် အပြင်ဘက်တွင် မိုးစင်စင်လင်းလာတော့သည်။
သိုင်းပညာဌာန၏ ချော်ရည်အခန်းကို ကျောင်းသားများက အမြဲမပြတ် လာရောက်ကြသည်။ နံနက်ခင်းတိုင်းတွင် ထိုအခန်းများထဲသို့ ဝင်ရန် စောင့်ဆိုင်းနေသည့် လူများမှာ အမြဲတမ်း ရှိနေတတ်သည်။ လက်ရှိတွင် အခန်းပေါင်းတစ်ရာကျော် ရှိနေသောကြောင့် ထိုလူများမှာ အလောတကြီး ဖြစ်မနေကြဘဲ စောင့်ဆိုင်းနေကြသည်။ ထိုအခန်းများထဲသို့ ဝင်သွားကြလူများမှာ ပုံမှန်ဆိုလျှင် နှစ်နာရီမပြည့်ခင် ပြန်ထွက်လာကြမည်သာ ဖြစ်သည်။
ထို့ကြောင့် သိပ်မကြာမီ လူများမှာ ဝင်ချည်ထွက်ချည် လုပ်နေကြတော့သည်။ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် လူများမှာမူ တစ်ယောက်နှင့်တစ်ယောက် စကားပြောရင်း အချိန်ဖြုန်းနေကြ၏။ သူတို့မှာ ရံခါဖန်ခါ ဖန်သားပြင်ပေါ်ရှိ အချက်ပြမီးလုံးများကို လှမ်း၍ ကြည့်နေကြသည်။ ထိုမီးလုံးတစ်လုံး မှိတ်သွားလျှင် လူတစ်ယောက် ထွက်လာခြင်းကို ကိုယ်စားပြုသည်။
အရုဏ်တက်ချိန်မှနေ၍ မွန်းတည့်ချိန်အထိ အချိန်များမှာ ဖြည်းညင်းစွာ ကုန်ဆုံးသွားပြီးနောက် တဖြည်းဖြည်း နေဝင်ရီတရော အချိန်သို့ပါ ရောက်ရှိလာတော့သည်။ ကျောင်းသားပေါင်း မြောက်များစွာ ဝင်ချည်ထွက်ချည် လုပ်နေကြပါသော်လည်း ထိုအခိုက်အတန့်တွင် အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းနေခဲ့သည့် မျက်စိအလွန်ရှင်သော ကျောင်းသားတစ်ယောက်မှာ ထူးဆန်းမှုတစ်ခုကို သတိထားမိသွားတော့သည်။
” ထူးဆန်းတယ်။ အခန်းနံပါတ် သုံးဆယ့်ကိုးရဲ့ အချက်ပြမီးလုံးက လုံးဝမှိတ်မသွားသေးတဲ့ပုံပဲ။ မင်းတို့တွေ အဲဒီမီးလုံး မှိတ်သွားတာ မြင်မိကြသေးလား ”
သူသည် သိချင်သောကြောင့်သာ သူ၏ ဘေးမှကျောင်းသားများကို မေးလိုက်ခြင်းဖြစ်သည်။ သို့သော် လူတိုင်း သေသေချာချာ ပြန်၍ စဉ်းစားကြည့်လိုက်ကြသောအခါ မည်သူကမှ ထိုအချက်ပြမီးလုံး မှိတ်သွားခဲ့သည်ကို မမြင်ခဲ့ရကြောင်း သတိထားမိသွားကြတော့သည်။ ထိုအခါ ချော်ရည်အခန်းအပြင်ဘက်မှ ကျောင်းသားအားလုံး ချက်ချင်းဆိုသလိုပင် အထိတ်တလန့် ဖြစ်သွားကြတော့သည်။
သူတို့က နောက်ထပ်နှစ်နာရီတိတိ ထိုအခန်းအား စောင့်ကြည့်လိုက်သောအခါ အခန်းနံပါတ်သုံးဆယ့်ကိုး၏ အချက်ပြမီးလုံးမှာ လင်းနေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် တုန်လှုပ်ချောက်ချားသွားကြတော့သည်။
” ဟေ့ကောင်တွေ။ အခန်းနံပါတ်သုံးဆယ့်ကိုးကို ကြည့်လိုက်။ သောက်ကျိုးနည်း … ငါတို့ အဲဒီအခန်းကို စောင့်ကြည့်နေတာ လေးနာရီ တိတိရှိပြီ။ အဲဒီအခန်းရဲ့ အချက်ပြမီးလုံးက လုံးဝကို မှိတ်မသွားသေးဘူး။ ငါသာ အမှတ်မမှားဘူးဆိုရင် အဲဒီမီးလုံးက တစ်နေ့ခင်းလုံး လင်းနေခဲ့တာ ”
” တကယ်ကြီးလား ”
” မင်းတို့ အမြင်လွဲတာ ဖြစ်နေဦးမယ်နော်။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အကြာဆုံးစံချိန်နဲ့လူက ကျိုးရိဖန်လေ။ သူတောင်မှ ခြောက်နာရီပဲ ခံနိုင်ခဲ့တာ ”
လူအုပ်ကြီး ထိုကဲ့သို့ ငြင်းခုန်ဆွေးနွေးနေကြစဉ် ဤ ရှားပါးဖြစ်ရပ်ကြီးကြောင့် သူတို့၏ စူးစမ်းချင်သည့် စိတ်များမှာ ချက်ချင်းပင် ကြီးထွားလာတော့သည်။ ထို့ကြောင့် သူတို့က ထိုနေ့အဖို့ ကျင့်ကြံခြင်းကို ရပ်နားလိုက်ပြီး ချော်ရည်အခန်းအပြင်ဘက်တွင်ထိုင်၍ စောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ထိုအခါ သူတို့သည် အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ဘဲ သူတို့၏ မျက်လုံးများမှာလည်း တဖြည်းဖြည်း ပြူးကျယ်လာကြတော့သည်။
နာရီပေါင်းများစွာ ကြာမြင့်သွားပြီး ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်လာသောအခါ ချော်ရည်အခန်း အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည့် လူအရေအတွက် ပို၍ပင် များလာ၏။ ထိုနေရာတွင် ရှိနေသည့် ကျောင်းသားအယောက်တစ်ရာခန့်က သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား အံ့ဩမှင်တက်ကာ ပါးစပ်များ အဟောင်းသား ဖြစ်နေကြတော့သည်။ သူတို့၏ မိတ်ဆွေများဆီသို့ အသံများလွှင့်ကာ အဆက်မပြတ် ဆွေးနွေးငြင်းခုန်နေကြ၏။ ထိုကိစ္စမှာလည်း ဝိညာဉ်ကွန်ရက်ပေါ်တွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားတော့သည်။
” သိုင်းပညာဌာနရဲ့ ချော်ရည်အခန်းထဲမှာ နတ်ဘုရားလို လူတစ်ယောက် ပေါ်လာပြီတဲ့ဟေ့ ”
” ခန့်မှန်းချက်တွေအရဆိုရင် သူက ချော်ရည်အခန်းရဲ့ အခန်းနံပါတ်သုံးဆယ့်ကိုးထဲမှာ ရှိနေခဲ့တာ နာရီနှစ်ဆယ်ကျော် ကြာသွားပြီတဲ့ ”
” စံချိန်တစ်ခု ကျိုးသွားပြီဟေ့။ သူက ကျိုးရိဖန်ရဲ့ စံချိန်ကို အပြတ်အသတ် ရိုက်ချိုးပစ်လိုက်တာပဲ ”
ဝိညာဉ်ကွန်ရက်ပေါ်မှ ထိုအကြောင်းအရာမှာ ချက်ချင်းပင် အဆင့်နိမ့်ကျွန်း တစ်ကျွန်းလုံး၏ အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။ ဌာနပေါင်းစုံမှ ကျောင်းသားများမှာ ထိုသတင်းအား မြင်လိုက်ရသောအခါ ပင့်သက်ရှိုက်မိသွားကြရသည်သာ ဖြစ်သည်။ ချော်ရည်အခန်းမှာ နာမည်ကျော်ကြားသည်ဖြစ်ပြီး သမိုင်းတစ်လျှောက် ထိုအခန်းထဲ၌ နာရီနှစ်ဆယ်ကျော််အောင် နေနိုင်ခဲ့သည့် လူတစ်ယောက်သာ ရှိသေးသည် မဟုတ်ပါလော။
အကယ်၍ အခန်းနံပါတ်သုံးဆယ့်ကိုး၏ အချက်ပြမီးလုံးက ထိုအချိန်တွင် မှိတ်သွားမည်ဆိုပါက အဓိပ္ပါယ်ရှိသောကြောင့် ထိုကိစ္စမှာ ရိုးရိုးတန်းတန်း ပြီးဆုံးသွားမည်ဖြစ်သည်။ သို့သော် အဆင့်နိမ့်ကျွန်းပေါ်ရှိ မရေမတွက်နိုင်လောက်အောင် များပြားသောလူများစွာက ထိုကိစ္စအား အာရုံစိုက်နေကြချိန်တွင် ထိုမီးလုံးမှာ အရုဏ်တက်ချိန်အထိ ဆက်၍ လင်းနေခဲ့သည်။
ထို့ကြောင့် အဆင့်နိမ့်ကျွန်းတစ်ကျွန်းလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။ ဆရာများသည်ပင် ထိုကိစ္စအား သတိထားမိသွားကြ၏။ မည်သူကမှ ချော်ရည်အခန်းထဲသို့ ဝင်မသွားကြတော့ပေ။ သူတို့အားလုံး အပြင်ဘက်တွင်ရပ်၍ မီးလင်းနေဆဲဖြစ်သော အခန်းနံပါတ်သုံးဆယ့်ကိုး၏ အချက်ပြမီးလုံးအား စိုက်ကြည့်နေကြတော့သည်။
” ဘုရားရေ။ နှစ်ရက်တောင်ပြည့်တော့မှာပဲ ”
” သူက ပြည်ထောင်စုဥက္ကဌဟောင်းရဲ့ စံချိန်ကိုပါ အမှီလိုက်တော့မှာပဲ ”
” သူက ဘယ်သူလဲကွ။ ငါ ဘယ်လို သဲလွန်စမျိုး သိရ၊ သိရ ဝိညာဉ်ကျောက်တုံး ဆယ်တုံးပေးမယ်ကွာ။ အဲဒီသဲလွန်စ သေချာပြီဆိုတာနဲ့ တန်းထုတ်ပေးမယ် ”
လက်တွေ့ကမ္ဘာထဲမှာဖြစ်စေ၊ ဝိညာဉ်ကွန်ရက်ပေါ်မှာဖြစ်စေ ဆွေးနွေးငြင်းခုန်မှုမျိုးစုံ ဖြစ်ပွားနေကြသည်။ နောက်ဆုံးတွင် လွန်ခဲ့သော နှစ်ညခန့်က ချော်ရည်အခန်း၏ အပြင်ဘက်တွင်ရှိနေခဲ့ကြသည့် သိုင်းပညာဌာနမှ ကျောင်းသားတချို့က ဝိညာဉ်ကွန်ရက်ပေါ်တွင် စာတစ်စောင် ရေးတင်လိုက်၏။
” ချော်ရည်အခန်းရဲ့ အခန်းနံပါတ်သုံးဆယ့်ကိုးထဲမှာ ရှိနေတဲ့လူက ဓမ္မလက်နက်ဌာနက ဝမ်ပေါင်လဲ့ပါ ”
” သူ့ရဲ့ အထူးဝင်ခွင့်ရ ကျောင်းသားဝတ်ရုံတွေကို ဝတ်ထားပြီး အဲဒီထဲကို ခပ်သွက်သွက်နဲ့ လှိမ့်ဝင်သွားတာကို ကျနော်မြင်လိုက်တယ်ဗျ ”
ထိုစာများ ပေါ်ထွက်လာသောအခါ အခြားဌာနမှ လူများမှာ သိပ်၍ အလေးမထားလိုက်ကြဘဲ မယုံသင်္ကာ ဖြစ်သွားကြ၏။ သို့သော် ဝမ်ပေါင်လဲ့၏ အနိုင်ယူခြင်းကို ခံခဲ့ရသည့် သိုင်းပညာဌာနမှ ကျောင်းသားများမှာမူ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။ အထူးသဖြင့် ကျိုးရိဖန်နှင့် သူ၏ မိတ်ဆွေများဆိုလျှင် ပို၍ပင်ဆိုးဝါး၏။ သူတို့သည် ဒေါသအမျက်ချောင်းချောင်း ထွက်လာကြပြီး ချော်ရည်အခန်းဆီသို့ ပြေးလာကြတော့သည်။
” သောက် ဖက်တီးဝမ်။ မင်းက သားရဲမွေးမြူရေးဌာနရဲ့ ရှုခင်းတိမ်တောင်၊ မှော်ကျောက်စာဌာနရဲ့ ရတနာရှစ်ဖြာ ဇယားကွက်နဲ့ ထောင်ချောက်ဌာနရဲ့ နှင်းရေခဲမျှော်စင်တွေဆီကိုကျ မသွားခဲ့ပဲနဲ့ ငါတို့ သိုင်းပညာဌာနကိုမှ လာပြီး ပစ်မှတ်ထားနေတာပဲ။ မင်းက သိုင်းပညာဌာနက ငါတို့ကို အနိုင်ကျင့်နေတာလားကွ ”
သူတို့၏အမြင်တွင်မူ ဝမ်ပေါင်လဲ့၏ ယခုလုပ်ရပ်မှာ အပြေးပြိုင်ခြင်းနှင့် အလေးမ,ခြင်းကိစ္စများပြီးနောက် နောက်ထပ် ရန်စမှုတစ်ခုလို ဖြစ်နေတော့သည်။
ဟားဟား