အပိုင်း(၆၈၄)

မဟာမိတ်များ

ခွန်ယိုက အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်ကာ ကျူးကော့ချန်းဖန်အား တင်းမာစွာ ပြောသည်… “ဒီမှာ အမှားအမှန်ကို ကျိရှမ်းကမ်းပါးကပဲ ဆုံးဖြတ်တယ်… ငါက နောက်တစ်ခေါက် ထပ်ပြောမယ်… ဂူတုံးလျိုကို ထုတ်ပေးမလား မပေးဘူးလား…”

ကျူးကော့ချန်းဖန်က သူ့အား ကြည့်သည်။ ခွန်ယိုကို သူက သေသေချာချာ သိပေသည်။ သူကား ပြည်နယ်ကိုးခု ရှီအဆင့်တွင် နံပါတ်ကိုးနေရာ၌ ရှိသူဖြစ်၏။

တော်ဝင်ရတနာ၏ ဖိအားကိုလည်း သူသိသည်။ ထိုသို့သော ရတနာနှင့် ပတ်သက်လာပါက အမှားအမှန်ဟူသည် မရှိတော့ပေ။ သူတို့၏အကျိုးစီးပွားနှင့် ပတ်သက်လာပါက အပြစ်မဲ့သူများလည်း အပြစ်ရှိသူ ဖြစ်သွားသည်။ ထို့အပြင် ဂူတုံးလျိုရရှိခဲ့သော တော်ဝင်ရတနာကား ကျန်းရှာတို့နှင့် အတူရှာဖွေရာမှ ဂူတုံးလျိုက လက်ဝယ်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ခွန်ယိုကဲ့သို့သော လူပင်လျှင် တော်ဝင်ရတနာ လက်ဝယ်ပိုင်ဆိုင်ခြင်း မရှိပေ။ ပုံမှန်နည်းဖြင့် သူက တော်ဝင်ရတနာကို ရရှိမည်မဟုတ်သလို ကျိရှမ်းကမ်းပါးကလည်း သူတို့၏ တော်ဝင်ရတနာအား ရှီတန်ခိုးရှင်တစ်ပါးကို ပေးကိုင်မည် မဟုတ်ပေ။

တော်ဝင်ရတနာအား ရယူရန် ကြိုးစားရာ၌ ကျန်းရှာက အားလုံးကို သတ်ဖြတ်ခြင်းက သိပ်တော့ ထူးဆန်းသည် မဟုတ်ပေ။ ခွန်ယိုကလည်း ကျန်းရှာ၏ နေရာတွင်ဆိုပါက ထိုနည်းတူ ပြုမူမည်ဖြစ်သည်။ ထို့ကြောင့် သည်ကိစ္စတွင် အမှားအမှန် ပြောဆိုရန် မရှိပေ။ နောက်ထပ် ရှင်းပြရန်လည်း မရှိပေ။

“ကျုပ်က ဒီလိုလုပ်ပေးနိုင်မယ် မထင်ဘူး…” ကျူးကော့ချန်းဖန်က တည့်တိုးပြောသည်။ ဖိအားက နဂါးပတ်တောင်ကို ဦးတည်၍ ကျဆင်းလာနေသည်။ ကျိရှမ်းကမ်းပါး၏ တန်ခိုးရှင်က ယခု ကောင်းကင်မြေရိုင်းအဆင့် ၆တွင်ရှိသော ကျူးကော့ချန်းဖန်နှင့် တိုက်ခိုက် ပေတော့မည်။ ထိုအခိုက်တွင် ကျူးကော့မိသားစုဝင်များ အားလုံးက သူတို့အပေါ်ကို တောင်တစ်လုံး ကျဆင်းလာသည့်အလား ခံစားလာရ၏။

ခွန်ယိုက နောက်တစ်လှမ်း ရှေ့တိုးလာသည်တွင် လောကစွမ်းအားက အောက်ကို ကျဆင်းလာသည်။ မိုးခြိမ်းသံများက နောက်မှ လိုက်ပါလာကြ၏။ နဂါးပတ်တောင်ကား တုန်ခါနေသည်။

ကျူးကော့မိသားစုမှ လူအများအပြားက မျက်နှာများ ပြာနှမ်းသွားကြကာ သွေးများ အန်ကြသည်။ သူတို့က ခေါင်းမော့ကာ ကောင်းကင်ပေါ်မှ ရပ်နေသော လူအား ကြည့်ကြသည်။

“မင်းသေချာလား…” ခွန်ယို၏မျက်လုံးများက ဓားသွားတမျှ ထက်ရှသွားကာ ကျူးကော့ချန်းဖန်ကို ကြည့်သည်။ ကြောက်မက်ဖွယ် ကောင်းသော ဖိအားက စိတ်စွမ်းအားနှင့်အတူ တိုးဝင်လာသည်။

ကျူးကော့ချန်းဖန်ကား ပြည်နယ်ကိုးခု ရှီအဆင့်ကိုးမှ တစ်စုံတစ်ယောက်နှင့် တစ်ခါမှ တိုက်ခိုက်ဖူးခြင်းမရှိပေ။ ခွန်ယို၏ တိုက်ခိုက်ရေး စွမ်းအားက ကောင်းကင်မြေရိုင်း အဆင့်တွင်ပင် အမြင့်ဆုံးနေရာ၌ ရှိပေမည်။

ကျူးကော့ချန်းဖန်၏ အမူအရာကား တည်ငြိမ်နေသည်။ သူ၏ခန္ဓာကိုယ်က အလွန်အမင်း လင်းလက်လာကာ နဂါးပတ်တောင်ကို ရောင်စဉ်ရောင်ဝါများ စတင် လွှမ်းခြုံလာ၏။ ထို့နောက် ထူးဆန်းသော စွမ်းအားတစ်ခုက စတင် စီးဆင်းလာကာ မရေမတွက်နိုင်သော ရှေးဟောင်း သင်္ကေတများ ဖြစ်ပေါ်လာ၏။ ချက်ချင်းပင် နဂါးပတ်တောင်က ဧရာမကြီးမားသော ရှစ်မျက်နှာ ဝင်္ကပါ အစီအရင်တစ်ခုဖြင့် လွှမ်းခြုံသွား၏။

ကျူးကော့ချန်းဖန်၏ ခန္ဓာကိုယ်က ရုတ်တရက် လျှပ်စီး ပုံရိပ်ယောင်များ ခွဲဖြာ ထွက်လာသည်။ သူတို့က ရှစ်မျက်နှာ ဝင်္ကပါ၏ ထောင့်ရှစ်ခုတွင် နေရာယူလိုက်ကြသည်။ သူတို့က ပုံရိပ်များ ထပ်မံခွဲဖြာရာ မကြာမီ ဝင်္ကပါထဲ၌ ကျူးကော့ချန်းဖန်၏ ပုံရိပ်ယောင်များ မရေမတွက်နိုင်အောင် ဖြစ်လာသည်။

“ကျုပ် သေချာတယ်…” ကျူးကော့ချန်းဖန်ကလည်း ခိုင်မာ ပြတ်သားသော လေသံဖြင့် ပြောသည်။ ခေါင်းဆောင် တစ်ယောက် အနေဖြင့် ထိုမျှလောက်သော ဖိအားကို သူက ခေါင်းငုံ့ခံမည် မဟုတ်ပေ။ ကျိရှမ်းကမ်းပါးက ကျူးကော့မိသားစုကို သူတို့ စိတ်ဆန္ဒအတိုင်း ပြုမူ၍ မရပေ။

“တော်ဝင်ရတနာ…” ခွန်ယိုက ထူးဆန်းသော စွမ်းအားကို ခံစားမိသည်။ ကျူးကော့မိသားစုတွင် မူလကတည်းက တော်ဝင်ရတနာ ရှိသည်ကို သူသိပြီးဖြစ်သည်။ ကျူးကော့ချန်းဖန်က တော်ဝင်ရတနာ၏ အစစ်အမှန်စွမ်းအားကို အသုံးပြုနိုင်စွမ်း မရှိသည့်တိုင် သူ၏ကိုယ်ပိုင်စွမ်းအားကို အတိုင်းအတာ တစ်ခုအထိ မြင့်မားအောင် ပြလုပ်နိုင်ပေသည်။ ရှစ်မျက်နှာဝင်္ကပါ အစီအရင်က နဂါးပတ်တောင် တစ်ခုလုံးကို လွှမ်းခြုံထားသည်။

ကျူးကော့ချန်းဖန်က သူ၏လက်ကို ဆန့်တန်းသည်တွင် သူ၏ပုံရိပ်ယောင်များ အားလုံးက လိုက်ပါ လှုပ်ရှားကြသည်။ စက္ကန့်ပိုင်းအတွင်း၌ ပုံရိပ်ယောင်များ အားလုံးထံမှ ကြောက်မက်ဖွယ် လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာကြသည်။ သူ၏စွမ်းအင်က ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များကို ကျော်လွန်သွား၏။ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးများ ကောင်းကင်တစ်ခွင်၌ ပြည့်နှက်နေသည်။ ထိပ်သီး တန်ခိုးရှင်များက ပြင်းထန်သော စိတ်စွမ်းအားကို ခံစားမိကြသည်။ လျှပ်စီးတန်းများက စိတ်စွမ်းအားများနှင့် ပေါင်းစပ်နေကာ သူတို့၏စိတ်အသိကို လာရောက် တိုက်ခိုက်ကြသည်။ အကယ်၍ ကျူးကော့ချန်းဖန်ကသာ သူ၏စွမ်းရည်ကို မကန့်သတ်ထားပါက တစ်ဖက်လူများ အားလုံး သက်သာမည် မဟုတ်ပေ။ ကြည့်ရသည်မှာ ကျူးကော့ချန်းဖန်က ခွန်ယိုအား သတိပေးလိုသည့် အခြေအနေသာ ရှိသေးဟန်ရသည်။

ဘုန်း… ခွန်ယိုက ရှေ့ကို တစ်လှမ်း တိုးလိုက်သည်။ နတ်ဘုရားကဲ့သို့ ရုပ်တုကြီးများ လေထဲတွင်ပေါ်လာကာ သူတို့၏အရှိန်အဝါက ဝင်္ကပါ အစီအရံထံသို့ ကျဆင်းလာသည်။ သို့သော်လည်း ဝင်္ကပါထံမှ ပိုမို လင်းလက်သွားကာ ဖိအားများကို တည်ငြိမ်စွာ လက်ခံ၏။

တစ်ချိန်တည်းမှာပင် ခွန်ယိုက လေထဲမှ ပျောက်ကွယ် သွားသည်။ မြေပြင်မှ လူများက သူ၏ လှုပ်ရှားမှုများကို မြင်တွေ့ခြင်း မရှိကြတော့ပေ။ ထို့နောက် ခွန်ယိုက ကျူးကော့ချန်းဖန်၏ ရှေ့တွင်ပေါ်လာကာ လက်သီးဆုပ်လျက် ထိုးနှက်လိုက်သည်။ သူ၏လက်မှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ကွဲထွက်လာကာ ကောင်းကင်နှင့် မြေပြင်ကို ထွင်းဖောက် သွားဟန်ရသည်။

ကျူးကော့ချန်းဖန်ကလည်း မည်သို့မှ ထူးခြားဟန်မပြဘဲ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ဘုန်း… တိုက်ခိုက်မှုနှစ်ခု ရင်ဆိုင်မိလျှင် တောင်တစ်ခုလုံး တုန်ခါသွားကာ ဝင်္ကပါမှ အလင်းတန်း တစ်ခုကလည်း ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ဝင်္ကပါ၏ အလင်းတန်းက ကျူးကော့ချန်းဖန်၏ ခန္ဓာကိုယ်ကို စီးဆင်းသွားကာ သူ့အား မခန့်မှန်းနိုင်သော စွမ်းရည်များအား ထောက်ပံ့ပေးသည်။

လက်ဝါးရိုက်ချက်များ ဆက်တိုက် ဖြစ်ပေါ်လာကာ လေထုက တဝုန်းဝုန်း ပေါက်ကွဲသည်။

ဘုန်း… အလွန် အားကောင်းသော ပေါက်ကွဲမှုတစ်ခုနှင့်အတူ ကျူးကော့ချန်းဖန်၏ ခန္ဓာကိုယ်က ပြယ်လွင့်သွားသည်။ ခွန်ယို၏ ခန္ဓာကိုယ်ကလည်း သူ၏မူလနေရာသို့ ပြန်ရောက်သွားသည်။

သို့သော်လည်း နောက်ထပ် ပုံရိပ်ယောင်တစ်ခုက မူလ ပျက်စီးသွားသော ခန္ဓာကိုယ်နေရာတွင် အစားထိုး ဖြစ်ပေါ်လာသည်။ ပျက်စီးသွားသည်က ကျူးကော့ချန်းဖန်၏ အစစ်အမှန် ခန္ဓာကိုယ် ဟုတ်ပုံမရဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။

ခွန်ယိုက ကျူးကော့ချန်းဖန်အား ကြည့်သည်။ တော်ဝင်ရတနာ၏ စွမ်းအင် အထောက်အပံ့ဖြင့် ကျူးကော့ချန်းဖန်၏ အရံအတားကား ပြိုင်ဘက်ကင်း ပေသည်။

ကျူးကော့မိသားစုမှ လူများက နဂါးပတ်တောင်ပေါ်မှ တိုက်ပွဲကို ဆက်လက် ကြည့်ရှုနေကြကာ ခွန်ယိုထံမှ ကြီးမားသော ခွန်အားကို ခံစားမိကြသည်။ သို့တိုင်အောင် ကျူးကော့ချန်းဖန်ကား တော်ဝင်ရတနာမှ ပေးအပ်သော စွမ်းအားဖြင့် ကောင်းကောင်း ခုခံ ကာကွယ်ပေးနိုင်၏။ သူတို့က တော်ဝင် ရတနာ၏စွမ်းရည်ကို ပထမဆုံး မြင်တွေ့ဖူးခြင်းလည်း ဖြစ်သည်။ သည်ရတနာကြောင့်ပင် တော်ဝင်ကျဲနန်းတော်နှင့် တိမ်ဖြူမြို့တို့က ပိုင်လွေလီနှင့် ကျူးကော့မင်းယွီတို့အား လက်ထပ်ရန် ကြံစည်ကြခြင်း ဖြစ်သည်။

ပိုင်လွေလီ၏ ပါရမီအရ သူက ရှီအဆင့်အမြင့်ဆုံးကို ရောက်သောအခါ တော်ဝင်ရတနာ၏ စွမ်းရည်နှင့် ပေါင်းစပ်ပါက ရှန့်ထိုအောက်တွင် ပြိုင်ဘက်ကင်း နိုင်ပေသည်။ သို့ဆိုလျှင် ရှန့်ထိုဖြစ်ရန် ကြိုးစားရာ၌ ဘေးဥပါဒ်များအား ကောင်းကောင်း ကျော်လွှားနိုင်မည် ဖြစ်သည်။

“ခင်ဗျားက ဂူတုံးလျိုကို ခေါ်သွားလို့ မရဘူး… ခင်ဗျားတို့ လာရာလမ်းကို ပြန်သွားဖို့ ကျုပ် အကြံပေးတယ်…” ကျူးကော့ချန်းဖန်က ခွန်ယိုကို ကြည့်ကာ ပြောသည်။ တစ်ကွက်တည်းမျှဖြင့် ပြည်နယ်ကိုးခု ရှီအဆင့်ကိုးတွင်ရှိသော ခွန်ယို၏ ကြောက်မက်ဖွယ် စွမ်းအားကို သိခွင့်ရခဲ့သည်။ တော်ဝင်ရတနာ၏ အထောက်အပံ့ဖြင့် မဟုတ်ပါက ကျူးကော့ချန်းဖန်က ခွန်ယိုကို ယှဉ်ရန် ခက်ခဲပေသည်။

“ငါတို့က ဒီအထိ ရောက်လာပြီးပြီ… ငါတို့ လိုချင်တာ မရရင် မပြန်ဘူး…” ခွန်ယိုက တင်းမာစွာ ပြောသည်။ ထို့နောက် သူ့လူများကို ပြောသည်… “သွားမယ်…”

ကျန်းရှာက ကျူးကော့ချန်းဖန်နှင့် ဂူတုံးလျိုတို့အား ဒေါသတကြီး ကြည့်သည်။ ဂူတုံးလျို၏ ရတနာဖြင့်ဆိုပါက ကျူးကော့မိသားစုတွင် တော်ဝင်ရတနာနှစ်ခု ရှိနေသည်ဟု ပြော၍ ရသည်။

ချင်ကျောင်း၏ အမူအရာကား တည်ငြိမ်နေသည်။ သူတို့က နဂါးပတ်တောင်မှ ဆုတ်ခွာလာသည့် တိုင်အောင် ထွက်သွားခြင်း မပြုသေးဘဲ ရွှမ်းဝူမြို့တည်းခိုခန်း တစ်ခုတွင် တည်းခိုကြသည်။ တည်းခိုခန်းမှ ဧည့်သည်များ အားလုံးက ကျိရှမ်းကမ်းပါးမှ လူများအား အပြစ်လုပ်မိမည်ကို စိုးရိမ်ရာ ချက်ချင်းပင် တည်းခိုခန်းမှ ထွက်ခွာ သွားကြသည်။

“ကျူးကော့မိသားစုမှာ ရတနာ ရှိနေသမျှ ကာလပတ်လုံး ကျုပ်တို့အတွက် ခက်ခဲလိမ့်မယ်…” ချင်ကျောင်းက ပြောသည်။

“ကျန်းရှာ… မင်းက မြေရိုင်းပြည်နယ်ကို ရောက်တာ အတော်ကြာပြီ… မင်း ဘယ်လို လုပ်သင့်တယ်ထင်လဲ…” ခွန်ယိုက ကျန်းရှာကို မေးသည်။

“ဂူတုံးလျိုကို ကျုပ်တွေ့တဲ့နေ့တုန်းက ကျူးကော့ မိသားစုသမီးက ဂူတုံးလျိုနဲ့ လက်ထပ်ဖို စီစဉ်နေတာ မဟုတ်ဘူး… ပိုင်လွေလီနဲ့ ကျူးကော့မင်းယွီတို့ကို လက်ထပ်ဖို့ တော်ဝင်ကျဲနန်းတော်နဲ့ တိမ်ဖြူမြို့တို့က လိုလားခဲ့ကြတယ်… ဒါပေမဲ့ ဂူတုံးလျိုက သတို့သမီးကို လုယူနိုင်ခဲ့ပြီးတော့ ပိုင်လွေလီကလည်း လက်လျှော့ခဲ့တယ်… ဒါကြောင့်ပဲ ကောင်းကင်မြေရိုင်း အဆင့်၄မှာ ရှိတဲ့ ပိုင်လွေလီရဲ့အဖေ ပိုင်ဂူက ဒေါသူပုန်ထပြီးတော့ ပြန်သွားခဲ့ရတယ်…   ကျန်းရှာက ရှင်းပြသည်။

“ဒါဆို ပိုင်လွေလီက ကောင်းကင်မြေရိုင်း အဆင့်၁၀မှာ ရှိတဲ့ ရှန့်ထိုဖြစ်ဖို့ အလားအလာရှိတဲ့ တစ်ယောက်ပေါ့… ဟုတ်လား…” ခွန်ယိုကလည်း ကောင်းကင်မြေရိုင်း အဆင့်မှ လူအချို့ကို သိဟန်ရသည်။

“အမှန်ပဲ… ကျန်းရှာက ခေါင်းညိတ်သည်။

“ကြည့်ရတာ တော်ဝင်ကျဲနန်းတော်က ရှန့်ထိုတစ်ပါး မွေးဖွားဖို တော်တော် ကြိုးစား နေကြတာပဲ…” ခွန်ယိုက မဲ့ပြုံးပြုံးကာ ဆက်ပြောသည်… “တိမ်ဖြူမြို့ကို သွားလိုက်… ဒီကိစ္စပြီးသွားရင် ပိုင်လွေလီကို ရှန့်ထိုဖြစ်ဖို့ ကူညီပေးမယ်လို့… ကျူးကော့မိသားစုက တော်ဝင်ရတနာကိုလည်း သူတို့ ရမယ်လို့ ပြောလိုက်…”

“ဟုတ်ကဲ့… ဦးလေး…” ကျန်းရှာက ပြုံးလျက်ပြောသည်။ တိမ်ဖြူမြို့က ကျူးကော့မိသားစု၏ တော်ဝင်ရတနာကို လိုချင် တပ်မက်မောနေသော အချိန်တွင် ဤသို့သော အခွင့်အရေးအား သူတို့က လက်လွတ်ခံမည် မဟုတ်ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset