“ကျုပ်က စီနီယာလျူချန်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်…” ချင်ကျောင်းက ခေါင်းညိတ်ကာ ပြောသည်။ သူက တစ်ဖက်လူကို လေးစားဟန် ပြသော်လည်း သူ၏ယုံကြည်မှုရှိသော ဟန်ပန်ကို လုံးဝ ထိခိုက်ဟန်မရပေ။
ကျိရှမ်းကမ်းပါး၏ သူရဲကောင်းကိုးဖော်မှ တစ်ယောက် အပါအဝင်ဖြစ်သော ချင်ကျောင်းကား နိုဘယ်အဆင့်အမြင့်ဆုံး၌သာ ရှိသော်လည်း သူ့အပေါ် ကျိရှမ်းကမ်းပါးက မည်မျှ အလေးထားသည်ကို သံသယဝင်စရာ မလိုပေ။ ယွီပြည်နယ်မှ နံပါတ်တစ် ရှီတန်ခိုးရှင်က သူ့အား လိုက်ပါ စောင့်ရှောက်နေသည်က သိသာပေသည်။
ခွန်ယိုကိုယ်တိုင်က ရှန့်ထိုလက်အောက်တွင် အမြင့်ဆုံး အဆင့်အတန်း ရှိနေသော နာမည်ကျော် ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်သည်။ သူ၏ဂျူနီယာကို လိုက်ပါ စောင့်ရှောက်နေခြင်းက သည်ဂျူနီယာကား ရှန့်ထိုဖြစ်ရန် အလားအလာ ရှိနေသောကြောင့်ပင် ဖြစ်ပေသည်။
လျူချန်းက ချင်ကျောင်းကို ခေါင်းညိတ်ပြသည်။ သူ့ရှေ့မှ လူငယ်လေးက ထူးခြား ထက်မြက်သော လူငယ်တစ်ယောက် ဖြစ်သည်ကို သူပြောနိုင်၏။ ခွန်ယိုကိုယ်တိုင် လူငယ်အပေါ် အလေးထား ဆက်ဆံသော ပုံစံကို မြင်ခြင်းဖြင့် ကျိရှမ်းကမ်းပါးက သည်လူငယ်လေးအပေါ် မည်မျှ အလေးထားသည်ကို သူရိပ်မိသည်။
“စီနီယာ … တော်ဝင်ကျဲနန်းတော်ရဲ့ တပည့်တွေ ဘာလို့ အများကြီး လှုပ်ရှား နေကြတာလဲ… ထူးခြားတာ တစ်ခုခု ရှိလို့လား…” ချင်ကျောင်းက လျူချန်းကို မေးသည်။
“ဒီနေ့က နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့ဖြစ်လို့ တော်ဝင်ကျဲနန်းတော်မှာ တပည့်တွေရဲ့ တိုးတက်မှုကို အကဲဖြတ်တဲ့ လက်ရည်စမ်းပွဲ ရှိတယ်…” လျူချန်းက ပြောပြသည်။
“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ…” ချင်ကျောင်းက ပြုံးသည်… “အခု ကျုပ်တို့က မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်မြေကို ရောက်လာတယ် ဆိုတော့ သူတို့တွေရဲ့ လက်ရည်စမ်းပွဲကို ကျွန်တော် ကြည့်လို့မလား စီနီယာ…”
“ကောင်းပြီ…” လျူချန်းက ခေါင်းညိတ်သည်။
သူတို့အုပ်စုက လက်ရည်စမ်းပွဲရှိရာသို့ သွားလိုက်ကြသည်။ တပည့်များက သူတို့အုပ်စုကို မြင်သည်တွင် ထိုလူများက ယွီပြည်နယ်မှ လာရောက်သူများဖြစ်ကြောင်း သိကြသည်။
“ဆက်ကြ…” လျူချန်းက ပြောသည်။ စီမင်ဟန်ကျင့်က ခေါင်းညိတ်ကာ လက်ရည်စမ်းပွဲကို ဆက်လက် ကျင်းပသည်။
ရီဖူရှင်းက လက်ရည်စမ်းပွဲတွင် ပေါ်လာသည့် နှစ်ကတည်းက လက်ရည်စမ်းပွဲ၏ပုံစံက ပြောင်းလဲသွားခဲ့သည်။ ယခင်ကလို တန်ခိုး အဆင့်မြင့်မားသူများက တန်ခိုးအဆင့်နိမ့်သော သူများကို အနိုင်ကျင့်ခြင်းများ မရှိတော့ပေ။ အကယ်၍ တန်ခိုးအဆင့် မြင့်သောသူနှင့် နိမ့်သောသူတို့ ယှဉ်ပြိုင်ကြပါကလည်း သူတို့နှစ်ယောက်အကြား ပညာရပ် တစ်ခုအပေါ်တွင် ပိုမို သိနားလည်မှုကိုသာ နှိုင်းယှဉ် ဆုံးဖြတ်လေ့ရှိကြသည်။
ကျိရှမ်းကမ်းပါးမှ စွမ်းအားမြင့် တန်ခိုးရှင်များ လာကြည့်နေသည့် တိုင်အောင် လက်ရည်စမ်းပွဲကား အလွန် ပြင်းထန်လွန်းပေသည်။ တပည့်များက မိမိတို့ တတ်စွမ်းသမျှ အမြင့်ဆုံး အားထုတ် ယှဉ်ပြိုင်ကြ၏။ မြေရိုင်းပြည်နယ်၏ ပါရမီရှင်များက ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များ ရှေ့တွင် အထင်သေး အမြင်သေး ဖြစ်ခံရမည်ကို သူတို့ မလိုလားကြပေ။
လျူချန်း၊ ခွန်ယိုနှင့် ကျန်သောလူများ အားလုံးက တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ချင်ကျောင်းကလည်း ထိုနည်းတူပင်။ သူ၏မျက်နှာပေါ်တွင် မည်သည့် အပြောင်းအလဲကိုမှ မတွေ့ရပေ။
တော်ဝင်ကျဲနန်းတော်ကား မြေရိုင်းပြည်နယ်တွင် ရှန့်ထိုအမွေအနှစ်အား ဆက်ခံရာ နေရာဖြစ်သည်။ လက်ရည်စမ်းပွဲက မြေရိုင်းပြည်နယ်မှ လူငယ်များ မည်မျှ အရည်အချင်း ရှိသည်ကို ထုတ်ဖော်ပြသရာ အစီအစဉ် တစ်ခုလည်း ဖြစ်သည်။ မြေရိုင်းပြည်နယ်တွင် ရှန့်ထိုမရှိသည်မှာ မထူးဆန်းတော့ပေ။ ကျိရှမ်းကမ်းပါးတွင်လည်း တော်ဝင်ကျဲနန်းတော် လက်ရည်စမ်းပွဲကဲ့သို့ ဆင်တူသော အစီအစဉ်များ ရှိပေသည်။ အကယ်၍ နှိုင်းယှဉ်ပါက မြေရိုင်းပြည်နယ်မှ လက်ရည်စမ်းပွဲကား ကျိရှမ်းကမ်းပါးထက် ပိုမိုနိမ့်ကျပေသည်။
“ချင်ကျောင်း… မင်းက ကျိရှမ်းကမ်းပါးရဲ့ သားတော်ပဲ… တော်ဝင်ကျဲနန်းတော်က လူငယ်တွေကို မင်းဘယ်လိုမြင်လဲ…” လျူချန်းက မေးသည်။ သူက ကြွားဝါလိုသော ဆန္ဒမရှိဘဲ သည်အတိုင်း စိတ်ဝင်စား၍ မေးမြန်းခြင်းသာ ဖြစ်သည်။ ကျိရှမ်းကမ်းပါးနှင့် သူတို့က မည်မျှ ကွာဟသည်ကို သိလိုသည်။ ထိုသို့သိမှသာလျှင် ရှေ့ကို ဆက်သွားရန် တွန်းအားများ ရပေမည်။ တော်ဝင်ကျဲနန်းတော်မှ လူငယ်များကလည်း ထိုကွဲပြားမှုကို သိနားလည်ကာ ယခင်ကထက် ပိုမိုကြိုးစားရန် လိုလားပေသည်။
“ကျုပ်က အမှန်ပြောလို့ရလား…” ချင်ကျောင်းက လျူချန်းကို မေးသည်။
“ရတယ်…” လျူချန်းက ဖြေသည်။
“ကျုပ် မြင်တွေ့ရသလောက်ကတော့ သူတို့တွေထဲမှာ ထူးထူးခြားခြား ထက်မြက်တဲ့လူ ကျုပ်မတွေ့ဘူး…” ချင်ကျောင်းက ဆက်ပြောသည်… “မှန်တာပေါ့… ထက်မြက်တဲ့လူတွေက နောက်ဆုံးမှ ပေါ်လာတာလည်း ဖြစ်နိုင်တာပဲ…” ချင်ကျောင်းက သုံးသပ်ရာတွင် သူ၏အသံကို နှိမ့်ထားခြင်းမရှိရာ အားလုံးက ကြားကြရပေသည်။ လူအများအပြားက ထိုစကားကို ကြားသည်တွင် လက်ခံနိုင်ခြင်း မရှိကြပေ။ လက်ရည်စမ်းပွဲကား အတော်ကြာပြီဖြစ်ကာ ပါရမီရှင်အဆင့်မှ ထိပ်ပိုင်း ပါရမီရှင်များလည်း ပါဝင်တိုက်ခိုက်ခဲ့ကြပြီး ဖြစ်သည်။ သို့တိုင်အောင် ချင်ကျောင်းက ထက်မြက်သည့်လူများ သူမတွေ့ရဟု ပြောနေသည်။
တော်ဝင်ကျဲနန်းတော်မှ တပည့်များကို ထိုသို့ပြောခြင်းက မည်မျှ ဘဝင်လေဟပ်လွန်း နေသနည်း။
“ခင်ဗျား ပြောသလိုဆိုရင် ထူးထူးခြားခြား ထက်မြက်တယ်ဆိုတဲ့ အဓိပ္ပာယ်က ဘယ်လိုဆိုတာ ကျုပ်တို့ကို ပြောပြပေးလို့ ရမလား…” တော်ဝင်ကျဲနန်းတော်မှ တပည့်တစ်ယောက်က တင်းမာစွာ ပြောသည်။
ချင်ကျောင်းက ပြုံးလျက် ပြန်ပြောသည်… “ဒါက စကားလုံးလောက်နဲ့ ပြောပြလို့ ရတဲ့ဟာ မဟုတ်ဘူး…”
“ဒီလိုဆိုရင်လည်း လက်ရည်စမ်းပွဲ အစီအစဉ် အတွင်းမှာ ဖြစ်နေတာဖြစ်လို့ ခင်ဗျားက ထူးထူးခြားခြား ထက်မြက်တယ်ဆိုတဲ့ စကားကို လက်တွေ့ပြပေးလို့ ရမလား…” တစ်ယောက်က ချင်ကျောင်းကို မေးသည်။
ချင်ကျောင်းက သူ့အား ပြောလိုက်သည့် နန်းတော်တပည့် တစ်ယောက်ကို ကြည့်သည်။ ပုံမှန်အားဖြင့် သူက တော်ဝင်ကျဲနန်းတော် တပည့်များ၏ အရည်အချင်းကို ကြည့်ရှုလိုသော်လည်း ကိုယ်တိုင် ပါဝင်တိုက်ခိုက်ရန် စိတ်ဝင်စားသည် မဟုတ်ပေ။ သို့သော်လည်း သူ၏စကားလုံးမျှက တော်ဝင်ကျဲနန်းတော်မှ တပည့်များ လက်ခံရန် ခက်ခဲမည်ကို သူ နားလည်သည်။
ချင်ကျောင်းက ပြုံးလျက်ပြောသည်… “ကျုပ်က အခု နိုဘယ် အဆင့်အမြင့်ဆုံးပဲ… ကျိရှမ်းကမ်းပါးက ဘယ်နိုဘယ်မှ ကျုပ်ပြိုင်ဘက် မဟုတ်ဘူး… ဒါကြောင့် ဒီလက်ရည်စမ်းပွဲက လူတွေကလည်း ကျုပ်ပြိုင်ဘက် မဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်… တကယ်လို့ မင်းတို့က ကျုပ်ကို တိုက်ခိုက်စေချင်တယ် ဆိုရင်တော့ အကောင်းဆုံး တစ်ယောက်ကို စေလွှတ်ဖို့ လိုတယ်…”
တော်ဝင်ကျဲနန်းတော် တပည့်များက ချင်ကျောင်း၏ စကားအပေါ် စိတ်ဆိုးကြသော်လည်း သူတို့နှင့် ကျိရှမ်းကမ်းပါးအကြား ကွာဟချက်ကို နားလည်ကြပေသည်။ သူတို့အနေဖြင့် ကျိရှမ်းကမ်းပါး၏ ပြိုင်ဘက်ကင်း နိုဘယ်အား အနိုင်ရရန် မျှော်လင့်ချက် မရှိသည်ကိုလည်း သိနားလည်ကြသည်။
အကြည့်များစွာက စီမင်ဟန်ကျင့်ထံကို ရောက်လာသည်။ ရီဖူရှင်းနှင့် ယူချင်းတို့ နန်းတော်မှ ထုတ်ပယ်ခံရပြီး နောက်ပိုင်း သူက ပါရမီရှင် အဆင့်၁နေရာကို တက်လှမ်းခဲ့သည်။ မည်သို့ဆိုစေ လက်ရှိ နန်းတော်တွင် သူက အတော်ဆုံး ဖြစ်သည်။
အားလုံး၏ အကြည့်ကို ခံစားမိသည်တွင် စီမင်ဟန်ကျင့်က ရှေ့ကို တက်သွားကာ ချင်ကျောင်းကို ပြောသည်… “တော်ဝင်ကျဲနန်းတော်က စီမင်ဟန်ကျင့်… တစ်ပွဲလောက် စမ်းကြည့်ရအောင်…”
“စရအောင်…” ချင်ကျောင်းကလည်း လေးစားသည့် ဟန်ပင်ဖြင့် ပြောသည်။ စီမင်ဟန်ကျင့်က လေထဲကို ခုန်တက်ကာ စင်မြင့်အလယ်သို့ ပျံသန်းသွားသည်။ ချင်ကျောင်းကလည်း အလားတူပင် စင်မြင့်ပေါ်ကို တက်သွားသည်တွင် နှစ်ယောက်သား လေထဲတွင်ပင် မျက်နှာချင်း ဆိုင်မိကြသည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက်က အနည်းငယ် ကွာဝေးနေသေးသော်လည်း သူတို့၏ကိုယ်ရောင်ကိုယ်ဝါများကို ထုတ်လွှတ်ပြီး ဖြစ်သည်။
အားလုံးက လေထဲမှ နှစ်ယောက်ကို ကြည့်နေကြသည်။ စီမင်ဟန်ကျင့်ကား သူ့ထက် တန်ခိုးအဆင့် နှစ်ဆင့်နိမ့်သော ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့ရသည်ကို မမေ့သေးပေ။ ယခု ကျိရှမ်းကမ်းပါးမှလူများ ရောက်ရှိလာသောအခါ သူ၏စွမ်းရည်ကို တစ်ဖန် ပြန်လည် သက်သေပြလိုသည်။
တိုက်ပွဲစင်မြင့်ပေါ်ကို အအေးဓာတ်များ လွှမ်းခြုံလာသည်။ ရေခဲနှင့်မြူနှင်းတို့က လေထဲတွင် စုဖွဲ့လာကြကာ အရာခပ်သိမ်းက အမြဲတမ်းအားဖြင့် အေးခဲသွားတော့မည့်အလား ထင်မှတ်ရသည်။ လေထဲမှ အရပ်ခပ်သိမ်းက ရပ်တန့်သွားသည်။ ထိုအခိုက်တွင်ပင် ဓားတစ်လက် ထွက်ပေါ်လာ၏။ ရေခဲဓားက မြန်ဆန်စွာဖြင့် ချင်ကျောင်းထံကို တိုးဝင်သွားသည်။
ချင်ကျောင်းက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ဓားက သူ့ထံကို ပြေးဝင်လာသည်ကို မြင်သည့်တိုင် သူ၏အမူအရာက ပြောင်းလဲခြင်း မရှိပေ။ ဓားက သူ့လည်ပင်းအနီးကို ရောက်ခါနီးတွင်ပင် သူက တစ်လက်မခန့်မျှ မရွေ့လျားသေးပေ။
ချင်ကျောင်းက သူ၏လက်ညှိုးကို ညွှန်လိုက်သည်နှင့် သူ့လှုပ်ရှားမှုက မျက်လုံးဖြင့် လိုက်ကြည့်ရန်ပင် မြန်ဆန်လွန်းလှသည်။ သူ၏လက်က လေထုကို ရိုက်ခတ် သွားသည်တွင် အက်ကွဲသံတစ်ခုကို ကြားကြရသည်။ တစ်ချိန်တည်းမှာပင် စီမင်ဟန်ကျင့်၏ဓားက နောက်ပြန်ကန်သွားပြီး သူ၏ခန္ဓာကိုယ်ကလည်း လွင့်စဉ်သွား၏။ ဓားကလည်း သဘာဝစွမ်းအင်အဖြစ် ပြောင်းလဲ ပျောက်ကွယ်သွား၏။ စီမင်ဟန်ကျင့်က ဟန်ချက် ပြန်ထိန်းလိုက်သည့်တိုင် သူ၏ ညာဘက်လက်က တုန်ယင်နေကာ မျက်နှာကလည်း ပြာနှမ်းနေသည်ကို မြင်ကြရသည်။
“သူရှုံးသွားပြီ…” လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ ယုံကြည်နိုင်ခြင်း မရှိကြပေ။
ချင်ကျောင်းကား မည်သို့ဆိုစေ ကျိရှမ်းကမ်းပါး၏ နံပါတ်၁ နိုဘယ်ဖြစ်သည်။ စီမင်ဟန်ကျင့်က ရှုံးနိမ့်နိုင်သည်ကို သိကြသော်လည်း ဤကဲ့သို့ အရှက်တကွဲ ရှုံးနိမ့်မည်ဟု မထင်မှတ်ထားကြပေ။ မည်သို့ဆိုစေ စီမင်ဟန်ကျင့်ကား တော်ဝင်ကျဲနန်းတော်၏ ပါရမီရှင် အဆင့်၁ဖြစ်သည်။ တစ်ဖက်လူက လက်ညှိုး ဆန့်တန်းလိုက်သည်နှင့် သူကား လွင့်စဉ်ကာ ရှုံးနိမ့်သွားရသည်။
လူအများအပြားက လေထဲမှ စီမင်ဟန်ကျင့်ကို ကြည့်ကြသည်။ သူက အမှန်တကယ်ရော တော်ဝင်ကျဲနန်းတော်၏ ပါရမီရှင်အဆင့်၁လား…။ သည်အဖြစ်က အဓိပ္ပာယ် ကင်းမဲ့လွန်းလှသည်။ ဖြစ်ပျက်သမျှအားလုံးက ဟာသတစ်ခုထက် မပိုပေ။
စီမင်ဟန်ကျင့် ရှုံးနိမ့်သွားနိုင်သည်ကို အားလုံးက သိကြသော်လည်း ဤသို့ အရှက်တကွဲ ရှုံးနိမ့်မည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ကြပေ။ သူကား ရှုံးနိမ့်သွားမှန်း မသိအောင် ရှုံးနိမ့်ခဲ့သည်။ သူ၏ပြိုင်ဘက်က သူ့အား တိုက်ခိုက်ခြင်းပင် မပြုရသေးပေ။
ဤအရှုံးထက် အရှက်ရစရာ အရှုံး ရှိပါဦးမည်လော…။ လျူချန်းပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှား သွားသည်။ ယွီပြည်နယ်က ထိုမျှပင် အားကောင်းသည်လား…။ စီမင်ဟန်ကျင့်နှင့် ချင်ကျောင်းတို့အကြား ကွာဟချက်ကား မိုးနှင့်မြေပမာ ကွာခြားပေသည်။
လျူချန်း၏အဆင့်အရ ချင်ကျောင်းက ရှီအဆင့်တစ်ဝက်ခန့်ကို ရောက်နေပြီဟု သိသည်။ စီမင်ဟန်ကျင့်က ရှုံးနိမ့်ခဲ့သည်မှာ မထူးဆန်းပေ။ အကယ်၍ ဟွာဖန်းကသာ ရှီအဆင့်ကို မတက်လှမ်းမီ ချင်ကျောင်းနှင့် တိုက်ခိုက်ရပါက အရှုံးအနိုင် ခန့်မှန်းနိုင်မည် မဟုတ်ပေ။ အနည်းဆုံး သူ၏အရှုံးက ဤသို့ အရှက်တကွဲ ဖြစ်မည် မဟုတ်ပေ။ မည်သို့ဆိုစေ သည်တိုက်ပွဲတွင် တော်ဝင်ကျဲ နန်းတော်ဘက်မှ မည်မျှ လိုအပ်ချက်များသည်ကို မြင်တွေ့နိုင်ပေသည်။
“မင်းက တကယ်ပဲ တော်ဝင်ကျဲနန်းတော်ရဲ့ နံပါတ်၁ နိုဘယ် ဖြစ်တယ်ဆိုရင် ငါက စိတ်ပျက်ရတယ်လို့ပဲ ပြောနိုင်မယ်…” ချင်ကျောင်းက တီးတိုးပြောသည်။ စီမင်ဟန်ကျင့်၏ မျက်နှာက ပျက်ယွင်း သွားသည်။ လူအများအပြားက စီမင်ဟန်ကျင့်ကို သနား ကရုဏာသက်စွာ ကြည့်ကြသည်။ ယခုတွင်ကား ပါရမီရှင်အဆင့်၁ကား ငရဲကျနေသလို ခံစားနေရပေမည်။
သို့သော်လည်း ချင်ကျောင်း၏ လေသံအရ သူက စီမင်ဟန်ကျင့်အား အရှက်ခွဲလိုသည့် သဘောမရှိကြောင်း သိသာသည်။ အမှန်တကယ်အားဖြင့် သူက စီမင်ဟန်ကျင့်အား ပြိုင်ဘက်ဟုလည်း မသတ်မှတ်ခဲ့ပေ။ ချင်ကျောင်း၏ မျက်လုံးထဲတွင် တော်ဝင်ကျဲ နန်းတော်ကား သူ၏အာရုံစိုက်ခြင်း ခံရလောက်အောင် ထိုက်တန်ခြင်း မရှိပေ။ ထို့ကြောင့်ပင်လျှင် ဖြစ်ပျက်သမျှ အားလုံးကို သူက တည်ငြိမ်စွာ ပြုမူနေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအပြုအမူက တော်ဝင်ကျဲနန်းတော် တပည့်များအား ပိုမို၍ အရှက်ရစေသည်။ စီမင်ဟန်ကျင့်၏ အရှုံးကား မည်သို့ဆိုစေ သူတို့အားလုံး၏ အရှုံးမဟုတ်ပါလား…။
လူအများအပြားက များမကြာမီက တော်ဝင်ကျဲနန်းတော်မှ ထုတ်ပယ်ခံရသော လူငယ်တစ်ယောက်ကို ပြန်သတိရမိကြသည်။ အကယ်၍ သူသာ ရှိနေသေးပါက ချင်ကျောင်းကို လက်ရည်တူ ယှဉ်တိုက်နိုင်လောက် ပေသည်။
တန်ခိုးအဆင့် နိမ့်သောကြောင့် ရီဖူရှင်းက ရှုံးနိမ့်နိုင်သည် ဆိုသော်လည်း အနည်းဆုံး သူက ဤသို့ အရှက်တကွဲ ရှုံးမည် မဟုတ်ပေ။ ထို့အပြင် ရီဖူရှင်းကသာ နိုဘယ် အဆင့်အမြင့်ဆုံး၌ ရှိပါက ကျိရှမ်းကမ်းပါးမှ သားတော်က ရီဖူရှင်းအား အနိုင်ယူရန် မလွယ်ကူပေ။
ရီဝူချင်း၊ ဖီးနစ်၊ ယွန်စွေ့ရှင်းနှင့် တခြားလူများကလည်း ထိုနေရာတွင် ရှိနေပေသည်။ သူတို့က ထိုအဖြစ်အပျက်ကို ကြည့်ကာ လျူချန်းအား လှမ်းကြည့်ကြသည်။ သူတို့က တော်ဝင်ကျဲနန်းတော်မှ ပါရမီရှင် နှစ်ယောက်ကို ထုတ်ပယ်ခဲ့ကြကာ တစ်ယောက်ကား ပါရမီရှင် အဆင့်၁ဖြစ်သည်။
ချင်ကျောင်းက လျူချန်းဘေးနားကို လျှောက်လာကာ မေးသည်… “တော်ဝင်ကျဲ နန်းတော်တပည့်တွေက မြေရိုင်းပြည်နယ် တစ်ခုလုံးကို ကိုယ်စားပြုနိုင်လား…”
လျူချန်း တိတ်ဆိတ်သွားသည်။ အမှန်ပင် နန်းတော်မှ တပည့်များက စွမ်းအားမြင့်သည်ကို တခြားဒေသမှ လူများအား သိမြင်စေလိုခဲ့သော်လည်း ဆန့်ကျင်ဘက်ပင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ ထို့အပြင် ချင်ကျောင်း၏ မေးခွန်းက သူ့အား ပိုမို၍ ကသိကအောက် ဖြစ်စေ၏။ အကယ်၍ ရီဖူရှင်းနှင့် ယူချင်းသာ နန်းတော်တွင် ရှိနေသေးပါက သူက တွန့်ဆုတ်ခြင်း မရှိဘဲ ခေါင်းညိတ်မိမည် ဖြစ်သည်။
မည်သို့ဆိုစေ ရီဖူရှင်းကား အနောက်ဘက် ဒေသ၏နံပါတ်၁ ထိကန်း၊ စီမင်ဟန်ကျင့်၊ ဟောင်မိသားစု ဟောင်ကျူဂီတို့အား တတိယတန်းစား နိုဘယ်မျှဖြင့် အနိုင်ယူခဲ့သူ ဖြစ်သည်။ သူ၏ပါရမီကား မြေရိုင်းပြည်နယ် တစ်ခုလုံးကို ကိုယ်စားပြုနိုင်၏။ ယူချင်းကလည်း ရီဖူရှင်းနှင့် သိပ်ကွာခြားသည် မဟုတ်ပေ။ ယခု သူတို့ နှစ်ယောက်လုံးက နန်းတော်တွင် မရှိတော့ရာ ထိုမေးခွန်းအား သူ့တွင် ဖြေပိုင်ခွင့် မရှိတော့ပေ။
တပည့်များက တိတ်ဆိတ်နေသော လျူချန်းအား ကြည့်ကြသည်။ ထိုမေးခွန်းက သူ့အတွက် မည်မျှ ခက်ခဲမည်ကို ရိပ်မိကြ၏။
“တန်ခိုးကျင့်ခြင်းက အမွေအနှစ် ကန့်သတ်ခြင်း မရှိဘူး… တော်ဝင်ကျဲနန်းတော်က အကောင်းဆုံးလို့ ကျုပ်မပြောနိုင်ဘူး… မြေရိုင်းပြည်နယ်က ကြီးမားပြီးတော့ တခြားမှာ သေချာပေါက် ထိပ်သီး ပါရမီရှင်တွေ ရှိကြဦးမှာပဲ… ဒါကြောင့် မြေရိုင်းပြည်နယ်မှာ တော်ဝင်ကျဲနန်းတော်က အကောင်းဆုံးလို မပြောနိုင်ဘူး… ဒါပေမဲ့ အနည်းဆုံးတော့ မြေရိုင်းပြည်နယ် တစ်ခုလုံးကို ကိုယ်စားပြုတယ်…” လျူချန်းက ပြန်ပြောသည်။
ချင်ကျောင်းက ခေါင်းညိတ်သည်။ ထိုအခိုက်တွင် တော်ဝင်ကျဲနန်းတော်ကို နောက်တစ်ဖွဲ့ ရောက်လာကြသည်။
“အစ်ကိုချင်… ခင်ဗျား ရောက်နေပြီပဲ…” သူတို့ကား ကျန်းရှာနှင့် သူ့လူများ ဖြစ်ကြသည်။ သူတို့က လေထဲမှ ပျံသန်း ရောက်ရှိလာကြကာ ချင်ကျောင်းဘေးမှ ခွန်ယိုကို မြင်သည်တွင် ပိုမို၍ ပြုံးရွှင်မိကြသည်။ သူရောက်လာသည် ဆိုပါက အရာအားလုံး အဆင်ပြေသွားပြီ ဖြစ်သည်။ သူ့လိုလူက ချင်ကျောင်းကြောင့်သာ မဟုတ်လျှင် မြေရိုင်းပြည်နယ်သို့ မည်သည့်နည်းနှင့်မှ လာမည် မဟုတ်သည်ကို သိကြသည်။
“အစ်ကိုကျန်း…” ချင်ကျောင်းက ခေါင်းညိတ်သည်။
“ဦးလေးခွန်…” ကျန်းရှာက ခွန်ယိုကို အနည်းငယ် ဦးညွှတ်သည်။ ခွန်ယိုက ခေါင်းညိတ်သည်။
“ကျွန်တော့်နာမည်က ကျန်းရှာပါ… တော်ဝင်ကျဲနန်းတော်က စီနီယာတွေကို တွေ့ဆုံရတာ ဝမ်းသာပါတယ်…” ကျန်းရှာက လျူချန်းနှင့် တခြားလူများကို ခေါင်းညိတ်သည်။ သူ၏အမူအရာက ခွန်ယိုအပေါ် ပြောဆို ဆက်ဆံပုံနှင့် လွန်စွာ ကွဲပြားသွားသည်။ ဤသည်ကိုလည်း လျူချန်းနှင့် နန်းတော်မှ လူများအားလုံး သတိထားမိကြသည်။ ကျိရှမ်းကမ်းပါးကား မြေရိုင်းပြည်နယ်ကို မျက်လုံးထဲပင် ထည့်ဟန်မရပေ။ သူတို့အုပ်စုကား လွန်ခဲ့သော လအနည်းငယ်က ကျူးကော့မိသားစုကို ရောက်လာခဲ့သူများ ဖြစ်ရပေမည်။
“အစ်ကိုကျန်း… တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်မြေပဲ… ကျိရှမ်းကမ်းပါးလို တူညီတဲ့ အဆင့်အတန်း ရှိတယ်… ကျုပ်တို့ အားလုံးက အင်ပါယာရှားရဲ့ အုပ်ချုပ်မှု ယန္တရားအောက်က လူတွေပဲ… ဒါကြောင့် မြေရိုင်းပြည်နယ်ထဲက ကိစ္စတွေကို နန်းတော် သခင်လျူက ဖြေရှင်းပေးရင် အကောင်းဆုံးပဲ… ဒါက ကျုပ်တို့အတွက် ပိုပြီး လွယ်ကူစေလိမ့်မယ်…” ချင်ကျောင်းက ကျန်းရှာကို ပြောသည်… “အစ်ကိုကျန်းက နန်းတော် သခင်လျူကို ဖြစ်ခဲ့တာတွေ ပြောပြသင့်တယ်…”
“အမှန်ပဲ…” ကျန်းရှာက ခေါင်းညိတ်ကာ ပြောသည်.. “ဒီနေရာက သင့်တော်ပါ့မလား စီနီယာ..”
“ကျုပ်နဲ့အတူ လိုက်ခဲ့ပါ…” လျူချန်းက ပြောသည်။ သူက တော်ဝင်ကျဲနန်းတော်မှ တပည့်များကို ကြည့်ကာ ပြောသည်… “ဆက်လုပ်ကြ…”
***