တိမ်ဖြူမြို့မှ ဖြစ်ပျက်ခဲ့သည်များက မြေရိုင်းပြည်နယ်ကို ကြီးစွာ လှုပ်ခတ်သွားစေသည်။ ထိုက်ဟန်တောင်မှ ယန်ဟောင်က အမှန်ပင် တိမ်ဖြူမြို့အထိ ရောက်သွားခဲ့၏။ အကယ်၍ တိမ်ဖြူမြို့စားသာ ဝင်မပါခဲ့လျှင် သူက ကွန်ဆွန်ကလန်ကို သေချာပေါက် သတ်ဖြတ်ခဲ့မည် ဖြစ်သည်။
ထို့အပြင် ယန်ဟောင်က မြို့စားပိုင်ဂူနှင့်လည်း တိုက်ခိုက်ခဲ့၏။ နှစ်ဖက်လုံးက တစ်ကွက်မျှသာ အသုံးပြုခဲ့ကြသော်လည်း မြေရိုင်းပြည်နယ်တွင် ဤသို့သော ပုဂ္ဂိုလ်ကြီး အချင်းချင်း တိုက်ခိုက်ခြင်း မရှိခဲ့သည်မှာ အလွန်အမင်း ကြာမြင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် တိမ်ဖြူမြို့ကို ယူစီ ရောက်လာခြင်းကလည်း လူအများအပြားကို အံ့အားသင့်စေသည်။ ကြည့်ရသည်မှာ ကွန်ဆွန်ကလန်၏ ကောင်းမွန်သော နေ့ရက်များက အဆုံးသတ် သွားပေပြီ။
ထိုသို့သော အဖြစ်အပျက်များကို သိနားလည်ခြင်း မရှိဘဲ ရီဖူရှင်းအား ထိုက်ဟန်တောင်ပေါ်တွင် တိတ်ဆိတ်စွာ ဒဏ်ရာများကို ကုသကာ လေ့ကျင့်နေပြီ ဖြစ်သည်။ ယန်ဟောင်က လူဝံများကို ခေါ်ဆောင်ကာ ထိုက်ဟန်တောင်မှ ဆင်းသွားကတည်းက တစ်ခုခု ဖြစ်တော့မည် ကိုတော့ ရီဖူရှင်းက ရိပ်မိပေသည်။
မျက်လုံး တစ်မှိတ်အတွင်း၌ပင် အချိန်များ ကုန်ဆုံးသွားကာ ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၉ခုနှစ်၏ နှစ်ကုန်ခါနီး အချိန်အခါကို ရောက်လာပြီဖြစ်သည်။ ကောင်းကင်တွင် နေမင်းက အလျှံငြီးငြီး တောက်လောင်နေသည်။
ရီဖူရှင်းက တောင်စွန်းတွင် ရပ်ကာ လေ့ကျင့်နေသည်။ သူ၏အသက် ရှူရှိုက်ခြင်းများက အတွင်းအင်္ဂါများအား အသက်ဓာတ်များဖြင့် ပြည့်နှက်စေ၏။ သူ၏သိုင်းပညာ စွမ်းအင်က ဒုတိယတန်းစား နိုဘယ်အဖြစ်သို့ ရောက်လာကာ ခိုင်မြဲနေပြီ ဖြစ်သည်။ သူကား ပထမတန်းစား နိုဘယ်ဖြစ်ရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။ သူတစ်ယောက်တည်းသာ မဟုတ်ပေ၊ သူ့အသိ မိတ်ဆွေများနှင့် သူငယ်ချင်းများ အားလုံးကလည်း သူတို့၏ ကိုယ်စီပညာရပ်များတွင် မြန်ဆန်စွာ တိုးတက်နေကြသည်။ သူတို့၏တန်ခိုးအဆင့်က နိုဘယ်အတန်းအစား အမြင့်ပိုင်းသို့ အနည်းနှင့်အများ ရောက်နေကြပြီ ဖြစ်သည်။
လောင်အော့နှင့် သခင်မလောင်တို့က ထိုက်ဟန်တောင်ကို ရောက်လာကာ လောင်လင်းအာအား အိမ်ပြန်ခေါ် သွားကြသည်။ သူတို့က လောင်လင်းအာ တစ်ခုခု ဖြစ်မည်ကို စိုးရိမ်နေကြသည်။ ထို့အပြင် နှစ်သစ်ကူး အချိန်အခါသို့ ရောက်လာတော့မည် မဟုတ်ပါလား…။
ဟွာဂျီယူက ရီဖူရှင်းအနီးကို ရောက်လာကာ အဝေးမှ တောင်ကုန်း တောင်တန်းများကို တိတ်ဆိတ်စွာ ကြည့်နေသည်။
“အခု မြေရိုင်းပြည်နယ်က ဘယ်လိုတွေ ဖြစ်နေမလဲမသိဘူး…” ဟွာဂျီယူက ညင်သာစွာ ပြောသည်။
“အစ်မ၂က သတင်း ပို့လိုက်တယ်လေ… အစ်ကို၃က အခု တံခါးပိတ် လေ့ကျင့်ရာက ထွက်လာပြီးတော့ အဆင့်မြင့်ရှီသို့ တက်လှမ်းသွားပြီ… အစ်ကို၃ ဒီတစ်ခါ တိုးတက်တာ တော်တော် မြန်တယ်…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ ထိုက်ဟန်တောင်တွင် လေ့ကျင့်နေရင်း နောက်ပိုင်း ယန်ဟောင်က နန်ကလန်ကို အမြစ်ပြတ် ချေမှုန်းခြင်း၊ တိမ်ဖြူမြို့သို့ သွားရောက်ခြင်းများအား ထပ်မံ ကြားသိခဲ့ရသည်။
ထို့အပြင် တော်ဝင်ကျဲ နန်းတော်တွင်လည်း ကတောက်ကဆ အနည်းငယ် ဖြစ်ခဲ့ကြောင်း ရီဖူရှင်း ကြားသည်။ သူ၏ ဆရာထောင်ကျန်းက နန်ရှင်းအား အပြစ်ပေးရန် တောင်းဆိုခဲ့သော်လည်း တော်ဝင်ကျဲနန်းတော်က ငြင်းပယ်ခဲ့သည် ဆို၏။ မည်သို့ဆိုစေ နန်းတော်မှ ထုတ်ပယ်ခံရပြီးတော့ တပည့်တစ်ယောက်ကြောင့် နန်းတော် အကြီးအကဲ တစ်ယောက်အား အပြစ်ပေးခြင်းက မသင့်တော်ပေ။ သို့သော်လည်း အကယ်၍ ပုဂ္ဂိုလ်ရေးကိစ္စ ဆိုပါက တော်ဝင်ကျဲနန်းတော်မှ ဝင်စွက်ဖက်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။
နန်ရှင်းကား သည်ကိစ္စတစ်ခုလုံး၏ ကြိုးကိုင်သူ ဖြစ်သည်။ လို့လန်ရွှီတို့အုပ်စုက နန်းတော်တွင် ရှိနေသေးရာ ရီဖူရှင်းက သေချာပေါက် နန်းတော်ကို ရောက်လာမည်ကို ကြိုသိထားခဲ့သည်။ လုပ်ကြံမှုကလည်း လောင်ရီထျန်းသာ ထွက်ပေါ်လာခဲ့ခြင်း မရှိပါက ရီဖူရှင်းတို့ တစ်ဖွဲ့လုံးအပြင် လောင်လင်းအာလည်း သေဆုံးရမည် သေချာ၏။
သည်ကိစ္စအား ရီဖူရှင်းကလည်း မေ့မည်မဟုတ်ပေ။ အခါအခွင့် ကြုံသောအခါ ထိုအကြွေးအား ပြန်တောင်းရပေမည်။ ယခု သူ့အတွက် အရေးအကြီးဆုံးက လေ့ကျင့်ခြင်း ဖြစ်သည်။ ဦးဆုံး သူက ပထမတန်းစား နိုဘယ်ဖြစ်ရန် လိုအပ်ပေ၏။
“နောက်တစ်နှစ် ကုန်ပြန်တော့မယ်…” ရီဖူရှင်းက သက်ပြင်းချသည်။ အချိန်ကုန် မြန်ဆန်လွန်းလှကာ ယခု သူတို့က နောက်တစ်နှစ်သို့ပင် ရောက်ရှိပေရော့မည်။
***
ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၉ ခုနစ်ကား ကုန်ဆုံးတော့မည် ဖြစ်ကာ ရီဖူရှင်း၏ လုပ်ကြံမှုကလည်း လူအများ၏ခေါင်းထဲ တဖြည်းဖြည်း မှေးမှိန်လာနေသည်။
တော်ဝင်ကျဲ နန်းတော်ကလည်း ပုံမှန်အတိုင်း တိတ်ဆိတ်နေသည်။ သို့သော်လည်း တပည့်အများအပြားက တစ်ခုခု လိုနေသည်ဟု အမြဲတမ်း ခံစားကြရ၏။ သူတို့၏စိတ်ထဲတွင် ထိုတစ်စုံတစ်ယောက်ကား အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေကာ အလွယ်တကူဖြင့် ပယ်ဖျက်ဖို့ မလွယ်ကူပေ။ အထူးသဖြင့် နှစ်ကုန်လက်ရည်စမ်းပွဲ ရောက်သောအခါ စီမင်ဟန်ကျင့်က ဦးစီးဦးဆောင် ပြုလုပ်ရချိန်လည်း ဖြစ်သည်။ အကယ်၍ သူသာ နန်းတော်တွင် ရှိနေသေးပါက သူက ဦးစီးကာ လက်ရည်စမ်းပွဲကို ကျင်းပရပေမည်။ သူကား လက်ရည်စမ်းပွဲတွင် စတင်နာမည်ကျော်ကြား လာခဲ့သော်လည်း နောက်ဆုံးတွင် လက်ရည်စမ်းပွဲကို တစ်ကြမ် တစ်ခါမှ မဦးစီးဘဲ ထွက်သွားခဲ့ရသည်။
ယနေ့တွင် တော်ဝင်ကျဲနန်းတော်မှ တပည့်များက လေ့ကျင့်နေသည်များကို ရပ်နားကာ လေ့ကျင့်ရေးကွင်းသို့ သွားနေကြသည်။ ယနေ့ကား ထိုနေရာတွင် စည်ကားနေ၏။ အကြီးအကဲများက နောက်ကွယ်မှ တိတ်တဆိတ် ကြည့်နေကြသည်။ ရီဖူရှင်း၊ ယူချင်းနှင့် ဟွာဂျီယူတို့၏ နေရာကို အစားထိုးနိုင်မည့် ပါရမီရှင်များ ပေါ်လာရန် သူတို့ မျှော်လင့်ကြသည်။ သို့သော်လည်း ထိုသို့ဖြစ်လာရန် မျှော်လင့်ချက် အလွန် နည်းပါးပေသည်။ ပိုင်လွေလီ၊ ရီဖူရှင်းနှင့် ယူချင်းတို့ကဲ့သို့ ပါရမီရှင်များကား နှစ်တစ်ရာတွင် တစ်ယောက် ပေါ်လာရန် မရှိပေ။
ထိုအခိုက်တွင် တော်ဝင်ကျဲနန်းတော်သို့ စွန်းအားမြင့် တန်ခိုးရှင်တစ်စု ကောင်းကင်မှ ဆင်းသက်လာကြသည်။ ထိုအုပ်စု ထုတ်လွှတ်သော အရှိန်အဝါကား ကြီးမား ပြင်းထန်လွန်းကာ သူတို့အုပ်စုကို လူငယ်တစ်ယောက်နှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက်တို့ ဦးဆောင်လာကြသည်။
“ခင်ဗျားတို့ ဘယ်သူတွေလဲ…” တော်ဝင်ကျဲနန်းတော်မှ အစောင့်များက လေထက်ကို ခုန်တက်ကာ တားဆီးရန် ကြိုးစားသည်။ သို့သော်လည်း သူတို့က လေထက်ကို ခုန်တက်လိုက်သည်နှင့် ကြီးမားသော ဖိအားတစ်ခုကို ခံစားရကာ မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက် ထိုအုပ်စုက နန်းတော်ထဲကို တိုက်ရိုက် ဝင်ရောက်သွားကြသည်။
“နန်းတော်ထဲကို ကျူးကျော် ဝင်ရောက်သူတွေ ရှိနေတယ်…” အစောင့်တစ်ယောက်က အော်ဟစ်လိုက်သည်။ မြေရိုင်းပြည်နယ်တွင် တော်ဝင်ကျဲနန်းတော်သို့ ကျူးကျော်ရဲသူ အမှန်ပင် ရှိနေသည်။ စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က ကောင်းကင်သို့ တက်ကာ ထိုအုပ်စုကို တားဆီးရန် ကြိုးစားသော်လည်း တစ်ဖက်အုပ်စု၏ အရှိန်အဝါကို ခံစားမိသည်တွင် သူဘာမှ မတတ်နိုင်သည်ကို သိလိုက်ကြရသည်။ ထို့နောက်တွင် သူတို့က မတတ်သာဘဲ နန်းတော် အရှင်များအား အကြောင်းကြား ကြရတော့သည်။
ဦးဆောင်လာသော လူငယ်က နန်းတော်မှ လူများကို ကြည့်ကာ ပြောသည်… “အစ်ကိုကျန်းကို ဒီကိစ္စ ပြောပြီးပြီလား…”
“ပြောပြီးပြီ… ကျုပ်တို့က မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်မြေမှာ တွေ့မယ်လို့ ပြောထားတယ်…” သူ့ဘေးမှ တစ်ယောက်က ပြောသည်။ သူတို့ကား တည်ငြိမ်လွန်းကာ ဘေးပတ်ပတ်လည်မှ စွမ်းအားမြင့် တန်ခိုးရှင်များအား အလေးထားဟန်ပင် မရပေ။
ထျန်ရှင်းနန်းဆောင် အရှင်က စွမ်းအားမြင့် တန်ခိုးရှင်တစ်စုနှင့်အတူ သူတို့အား လာရောက် တားဆီးသည်။ တစ်ဖက်အုပ်စုကို ကြည့်ကာ သူက အလွန်အမင်း လေးနက်သော ဟန်ပင်ဖြင့် မေးသည်… “ခင်ဗျားတို့က ဘယ်သူတွေလဲ…” သူက ဦးဆောင်လာသူ နှစ်ယောက်အား ကြည့်သည်။ လူငယ်ကား တည်ငြိမ်သော အမူအရာရှိကာ တိတ်ဆိတ်နေခြင်းက သူ၏ယုံကြည်မှုရှိသော ဟန်ပင်ကို ပေါ်လွင်စေ၏။ သက်လတ်ပိုင်း လူကြီးထံမှကား အလွန်ကြီးမားသော ဖိအားကို သူက ခံစားနေရသည်။
“ကျုပ်တို့က ယွီပြည်နယ် တော်ဝင်မြေက လာတာ…” လူငယ်က တည်ငြိမ်စွာ ပြောသည်။
“ကျိရှမ်းကမ်းပါး…” ရှီတန်ခိုးရှင် ထျန်းရှင်းက ပြောသည်။ ယွီပြည်နယ်မှ လူများကား အမှန်ပင် ရောက်လာသည်။ သူတို့က တော်ဝင်ကျဲနန်းတော်ထံသို့ တိုက်ရိုက်ရောက်ရှိလာကြ၏။
“တော်ဝင်ကျဲနန်းတော်ကို စီမံခန့်ခွဲနေတာ လျူချန်းလို့ ကျုပ်ကြားတယ်… သူ ဘယ်မှာလဲ…” သက်လတ်ပိုင်း လူကြီးက မေးသည်။ ကြည့်ရသည်မှာ သူက လျူချန်းနှင့် သိပုံရ၏။
ပတ်ဝန်းကျင်မှ အကဲခတ်နေကြသော နန်းတော်တပည့်များ အားလုံး အံ့အားသင့် မှင်တက်သွားကြသည်။ ယွီပြည်နယ်မှ စွမ်းအားမြင့် တန်ခိုးရှင်များ ရောက်ရှိလာကြကာ ဒုတိယ နန်းတော်သခင်ကို တိုက်ရိုက် မေးမြန်းကြသည်။
“ခွန်ယို…” အသံတစ်သံကို ကြားကြရသည်။ အားလုံးက အသံလာရာဘက်ကို လှမ်းကြည့်ကြသည်တွင် လျူချန်း လှမ်းလာနေသည်ကို မြင်ကြသည်။ သူ၏မျက်လုံးများက သက်လတ်ပိုင်း လူကြီးထံတွင် ရှိနေသည်။ သူကား အမှန်ပင် ကျိရှမ်းကမ်းပါးမှ ခွန်ယိုကို သိပေသည်။ ခွန်ယိုကား ယွီပြည်နယ်တွင် နံပတ်၁ ရှီတန်ခိုးရှင်အဖြစ် လူသိများပေသည်။
ကောင်းကင်မြေရိုင်း အဆင့်မှ လူအများအပြားက မြေရိုင်းပြည်နယ် အပြင်ဘက်ကို သွားလာကြဖူးကာ တခြားပြည်နယ်မှ နာမည်ကျော် တန်ခိုးရှင်များကို သိကြပေသည်။
ခွန်ယိုအား လျူချန်းက သေသေချာချာ သိပေသည်။ တစ်ကြိမ် တစ်ခါက သူကား များစွာသော ရှီတန်ခိုးရှင်များကို တစ်ယောက်တည်း ရင်ဆိုင် သတ်ဖြတ်ဖူးသည်။ သူက ရှန့်ထိုအဆင့်ကို မတက်လှမ်း နိုင်သော်လည်း သူ့စွမ်းရည်များက ရှီတန်ခိုးရှင်များထဲတွင် အကောင်းဆုံးများထဲ၌ ပါဝင်သေည်။
ယွီပြည်နယ်မှ နာမည်ကျော် ခွန်ယိုက နန်းတော်ကို ကျူးကျော် ဝင်ရောက်လာသူ ဖြစ်မည်ဟု လျူချန်းက မထင်မှတ်ထားခဲ့ပေ။ ပြည်နယ်ကိုးခုတွင် ကောင်းကင်မြေရိုင်း အဆင့်ထက် ပိုမို၍ အတန်းအစားမြင့်သော ဇယားတစ်ခု ရှိပေသည်။ ထိုအဆင့်ဇယားအား ရှီနှင့်ရှန့်ထိုအဆင့် ဇယားဟု ခေါ်ကာ ပြည်နယ်ကိုးခုမှ ရှီတန်ခိုးရှင်နှင့် ရှန့်ထိုတန်ခိုးရှင်များထဲမှ အတော်ဆုံးများကို အဆင့်စီထားသည်။
ရှန့်ထိုအဆင့် ဇယားက ပြည်နယ်ကိုးခုမှ ရှန့်ထိုများကို အဆင့်စီထားခြင်း ဖြစ်ကာ ရှန့်ထိုတိုင်းက သူတို့ပြည်နယ်၏အမြင့်ဆုံးသော အဆင့်အတန်းကို ကိုယ်စားပြုကြပေသည်။ ပြည်နယ်ကိုးခုမှ ရှန့်ထိုများက အရေအတွက်အားဖြင့် နည်းပါးရာ ရှန့်ထိုအဆင့်ဇယားတွင် ပြည်နယ်ကိုးခုမှ ရှန့်ထိုများအားလုံး ပါဝင်ပေသည်။
ရှီအဆင့်ဇယားမူကား ကွဲပြားပေသည်။ ပြည်နယ်တစ်ခုစီကို နေရာကိုးခုပေးကာ ပြည်နယ်ကိုးခု ဖြစ်သည့်အလျောက် ရှီအဆင့်ဇယားက နေရာ ၈၁ခုပါဝင်သည်။ သို့သော်လည်း မြေရိုင်းပြည်နယ်မှ ရှီနှင့် ရှန့်ထိုအဆင့် ဇယားတွင် တစ်ယောက်မှ ပါဝင်ခြင်းမရှိပေ။ အမှန်တကယ်အားဖြင့် မြေရိုင်းပြည်နယ်တွင် ရှန့်ထိုတစ်ပါး မရှိခြင်းက ရှီနှင့်ရှန့်ထိုအဆင့် ဇယားတွင် ပါဝင်ခွင့်ဆုံးရှုံးစေကာ တခြားပြည်နယ်များ၏ အထင်သေး အမြင်သေး ဆက်ဆံခြင်းကို ခံရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း မြေရိုင်းပြည်နယ်တွင် ရှန့်ထိုတစ်ပါး မွေးဖွားရန်က အလွန်အမင်း အရေးကြီးနေခြင်းလည်း ဖြစ်၏။
ပြည်နယ်ကိုးခု၏ ရှီနှင့် ရှန့်ထိုအဆင့်ဇယားတွင် ခွန်ယိုက တစ်ယောက် အပါအဝင်ဖြစ်သည်။ သူက ပြည်နယ်ကိုးခု ရှီအဆင့်ဇယားတွင် နံပါတ်၉၌ရှိပြီး ရှန့်ထိုအဆင့် အောက်တွင် ပြိုင်ဘက်ကင်းလုနီးပါးဟု ပြော၍ ရသည်။
“လျူချန်း… ဒါက ကျိရှမ်းကမ်းပါးရဲ့ သားတော် ချင်ကျောင်းပဲ…” ခွန်ယိုက သူ့ဘေးမှ လူငယ်ကို မိတ်ဆက်ပေးသည်။
***