Switch Mode

အပိုင်း (၆၈၀)

သဘောထား

တိမ်ဖြူမြို့ကား မြေရိုင်းပြည်နယ် အနောက်ဘက်ဒေသတွင် ရှိသော အာခီမီမြို့နှင့်တန်းတူ နာမည်ကျော်ကြားသော မြို့ဖြစ်သည်။ မြေရိုင်းပြည်နယ်၏ ထိပ်သီးအင်အားစု တစ်ခုလည်း ဖြစ်၏။

မြို့ကြီး၏အပြင်ဘက်မှ ရွှေဝါရောင် အရောင်အဝါများ ကျဆင်းလာနေသည်။ လူအများအပြားက ထိုမြင်ကွင်းကို လှမ်းကြည့်ကာ ရင်ထိတ်သွားကြသည်။ အလင်းက ရွှေလူဝံများ ရောက်လာမှု၏ရှေ့ပြေးဖြစ်သည်။ လူဝံတစ်ကောင်စီက ဧရာမကြီးမားကာ ရွှေသားအတိဖြင့် ပြုလုပ်ထားသည့် ရုပ်တုကြီးများကဲ့သို့ ထင်မှတ်ရ၏။

နန်ကလန်က ထိုက်ဟန်တောင် လူဝံများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော သတင်းအား သူတို့အားလုံး ကြားသိပြီး ဖြစ်သည်။ ယခု ထိုလူဝံများက တိမ်ဖြူမြို့ကို ရောက်လာကြရာ သူတို့က ဘာအတွက် ရောက်လာကြသည်ကိုလည်း အားလုံးက နားလည်ကြသည်။ သို့သော်လည်း ကွန်ဆွန်ကလန်ကား တိမ်ဖြူမြို့ လက်အောက်ကို ဝင်ရောက်ပြီးဖြစ်ကာ ယခု ထိုက်ဟန်တောင်က အတင့်ရဲစွာ လာရောက်ကြ၏။

“မြန်မြန်… မြို့တော်ဝန်ကို အကြောင်းကြား…” မြို့ဂိတ်တံခါးမှ အစောင့်က ပြောသည်။ သည်ကိစ္စကား အလွန်အရေးကြီး၏။ ယန်ဟောင်ကိုယ်တိုင်က ထိုက်ဟန်တောင်မှ ဆင်းလာရာ မြို့စားပိုင်ဂူမှလွဲ၍ သူ့အား တားဆီးနိုင်သူ မရှိပေ။

လှပခမ်းနားသော အိမ်တော်ကား ဆောက်လုပ်ပြီးစီးသည်မှာ မကြာသေးပေ။ ထိုနေရာကား ကွန်ဆွန်ကလန်အတွက် ဖြစ်၏။ သို့သော်လည်း ကလန်ဝင်များအားလုံးက မသက်မသာ ခံစားနေကြရသည်။ နန်ကလန် ဖျက်ဆီးခံရသော သတင်းက သူတို့အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်သည်။ သည်လုပ်ကြံမှုကို မည်သူကမှ ဝင်ရောက် စွက်ဖက်ရဲမည် မဟုတ်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော်လည်း ထိုက်ဟန်တောင်က အမှန်တကယ်ပင် ရီဖူရှင်းအတွက် လက်စားချေခဲ့၏။ ထိုက်ဟန်တောင်က နန်ကလန်ကို ဖျက်ဆီးရဲသည် ဆိုပါက ကွန်ဆွန်ကလန်ကိုလည်း ဖျက်ဆီးမည် သေချာ၏။

ခြံဝင်းထဲတွင် စစ်တုရင်ကစားနေသူ နှစ်ဦးရှိသည်။ တစ်ယောက်ကား ကွန်ဆွန်ကလန်ခေါင်းဆောင် ကွန်ဆွန်ကျင့် ဖြစ်သည်။ နောက်တစ်ယောက်ကား နာမည်ကျော် ယွန်ကလန်၏ခေါင်းဆောင် ယွန်ဟိုဖြစ်၏။ ယွန်ဟိုကိုယ်တိုင်က ကောင်းကင်မြေရိုင်း အဆင့် ၉၈ တွင်ရှိသောသူ ဖြစ်သည်။

“အေးဆေး… အစ်ကိုကွန်ဆွန်… တိမ်ဖြူမြို့က နန်ကလန်မဟုတ်ဘူး… ခင်ဗျားက တိမ်ဖြူမြို့မှာ ရှိနေမှာတော့ ယန်ဟောင်က ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး… ဒါက ဘယ်လိုပြောပြော မြို့စားရဲ့ ကာကွယ်မှု လက်အောက်မှာ ရှိတယ်…” ယွန်ဟိုက ပြောသည်တွင် ကွန်ဆွန်ကျင့်က ပြုံးရွှင်သွားသည်။

“မှန်တယ်…” ကွန်ဆွန်ကျင့်က ခေါင်းညိတ်သည်။ သို့သော်လည်း စိုးရိမ်စိတ်ကတော့ အရှင်းမပျောက်သေးပေ။

ဘုန်း… ကမ္ဘာမြေက တုန်ခါသွား၏။ ယွန်ဟိုက မျက်မှောင်ကြုတ်လိုက်ကာ ကွန်ဆွန်ကျင့် မျက်နှာပျက်သွားသည်။

ဘုန်း… ဘုန်း…

မကြာမီ မြေငလျင် လှုပ်ခါသလို တစ်လောကလုံး သိမ့်သိမ့်တုန် လာတော့သည်။ သူတို့နှစ်ယောက်က စိတ်အာရုံကို ဖြန့်ကြက်လိုက်သည်နှင့် ချက်ချင်း မျက်နှာပျက်ယွင်း သွားကြသည်။ ကွန်ဆွန်ကျင့်က ချက်ချင်း ထရပ်ကာ အမိန့်ပေးသည်… “အားလုံး နောက်ဆုတ်…”

ယွန်ဟောင်က သူတို့ထံကို အမှန်တကယ် ရောက်လာလေပြီ။

“ကွန်ဆွန်လင်း… မင်းက မြို့စားကို သွားခေါ်…” သူက ဆက်လက် အော်ဟစ်သည်။ နန်ကလန်ကို ဥပမာထား ကြည့်မည်ဆိုပါက ယန်ဟောင်က သည်နေရာကို အပျော်လာရောက်ခြင်း မဟုတ်ကြောင်း သိနိုင်၏။ သူကား ကွန်ဆွန်ကလန်ကို ဖျက်ဆီးရန် ရောက်လာခြင်း ဖြစ်သည်။ သူက မည်သို့ အေးဆေး နိုင်တော့မည်နည်း။

“အစ်ကိုကွန်ဆွန်… ဒီလောက် စိုးရိမ်နေဖို့ မလိုဘူး…” ယွန်ဟိုက ပြောရင်းဖြင့် အပြင်ဘက်ကို လှမ်းထွက်လိုက်ကာ အဝေးမှ လာနေသော လူဝံများကို အေးစက်စွာ ကြည့်လျက်ပြောသည်… “ယန်ဟောင်… ဒါက တိမ်ဖြူမြို့ပဲ… ခင်ဗျား ဘာလာလုပ်တာလဲ…”

တိမ်ဖြူမြို့စား ပိုင်ဂူကား ကောင်းကင်မြေရိုင်း အဆင့်၄တွင်ရှိသည်။ သူ့ရှေ့မှ သုံးယောက်တွင် တစ်ယောက်က သူ၏ဆရာဦးလေးဖြစ်ပြီး နောက်တစ်ယောက်က ဆရာဖြစ်သည်။ ကျန်သော တစ်ယောက်က ရေခဲနန်းတော်မှ ဖြစ်၏။ မြေရိုင်းပြည်နယ်တွင် တိမ်ဖြူမြို့စားအား ရန်စရဲသူ မရှိသလောက် ရှားပါးပေ၏။ သို့သော် ထိုက်ဟန်တောင်မှ ယန်ဟောင်ကား အလွန်အမင်း အတင့်ရဲလွန်း နေလေပြီ။

ဘုန်း… ဘုန်း…

ရွှေလူဝံများ ပြေးလာကြသည်တွင် ကမ္ဘာမြေက ဆက်လက် တုန်ခါနေ၏။ ထို့နောက် လူဝံများက အုပ်စုများ ကွဲထွက်သွားကာ ကွန်ဆွန်ကလန်ကို ဝန်းရံလိုက်ကြသည်။

“သွားစမ်း…” ယန်ဟောင်က ယွန်ဟိုကို အေးစက်စွာ ပြောသည်။ ကောင်းကင်မြေရိုင်း နောက်ဆုံးအဆင့်မှလူက သူ့အား စကားပြောရန် အဆင့်မမီပေ။

ယွန်ဟိုကလည်း ရွှေလူဝံကြီးအား အေးစက်စွာ ပြန်ကြည့်သည်။ မည်သို့ဆိုစေ သူကား ကောင်းကင်မြေရိုင်း အဆင့်မှ ဖြစ်ကာ ယန်ဟောင်က သူ့အား မည်သို့ နှိမ့်ချ ဆက်ဆံရဲရသနည်း။

“ယန်ဟောင်… ကျုပ် ခင်ဗျားကို နောက်တစ်ခါ သတိပေးမယ်… ဒါက တိမ်ဖြူမြို့ပဲ… ဒီမှာ မြေရိုင်းပြည်နယ်က ဘယ်သူမှ လာပြီး ပြဿနာမရှိရဲဘူး…” ယွန်ဟိုက ခြိမ်းခြောက်သည့်လေသံဖြင့် ပြောသည်။ အကယ်၍ ယန်ဟောင်က တိမ်ဖြူမြို့တွင် ပြဿနာရှာရဲပါက နောက်တွင် တိမ်ဖြူမြို့ကလည်း ထိုက်ဟန်တောင်ကို သွားရောက် တိုက်ခိုက်နိုင်ပေသည်။ တိမ်ဖြူမြို့၏ဒေါသကို ရင်ဆိုင်နိုင်စွမ်းသော အင်အား မြေရိုင်းပြည်နယ်၌ သိပ်မရှိပေ။

“ဒါက မင်းမှားနေတဲ့အချက်ပဲ… ငါက တိမ်ဖြူမြို့မှာ ပြဿနာလာရှာတာ မဟုတ်ဘူး… ငါက တစ်စုံတစ်ယောက်ကို သတ်မလို့လာတာ…” ယန်ဟောင်က တုံးတိတိပြောသည်။ ပြောပြီးသည်နှင့် သူက လက်ဆန့်တန်းလိုက်၏။ သူ၏လက်တွင် ရွှေရောင်နှင်တံတစ်လက် ပေါ်လာကာ ရှေ့ကို တစ်လှမ်းတက်လိုက်သည်နှင့် ကြီးမားသော ဖိအားက ပတ်ဝန်းကျင်ကို သက်ဆင်းလာတော့သည်။

ဘန်း… ယန်ဟောင်က နောက်တစ်လှမ်း တက်လိုက်သည်နှင့် အဆင့်လွန် သိုင်းစွမ်းအား အသိက စတင် မွေးဖွားလာတော့သည်။ မရေမတွက်နိုင်သော ကွန်ဆွန်ကလန်ဝင်များ မြေပြင်ပေါ်ကို ပြားကပ်သွားကြသည်။ မည်သူကမှ ထွက်ပြေးနိုင်စွမ်း မရှိတော့ပေ။ သူတို့၏စိတ်ထဲတွင် နတ်လူဝံပုံရိပ်ကြီးတစ်ခု ပေါ်လာကာ ကြီးမားသော ဖိအားက သူတို့၏ စိတ်နယ်ပယ်ကိုပင် စတင် ဖိအားပေးလာတော့၏။

“ယွန်ဟို… မင်းက ငါ့လမ်းကို ပိတ်ရဲလား…” အားကောင်းသော အသံလှိုင်းက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်တွင် ကြီးမားသော အရှိန်အဝါအား အဝေးမှ​လူများပင် ခံစားကြရသည်။ မည်သူကမှ ကွန်ဆွန်ကလန် အိမ်တော်အနီးသို့ မသွားရဲကြပေ။

ကောင်းကင်တွင် ယန်ဟောင်၏ စိတ်အသိမှ ဖြစ်ပေါ်လာသော ဧရာမရွှေလူဝံ ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအခိုက်တွင် ယွန်ဟိုကား ကောင်းကင်မြေရိုင်း ထိပ်သီးအဆင့်မှ တန်ခိုးရှင်၏ စွမ်းအားကို လက်တွေ့ ရင်ဆိုင်ရတော့သည်။ သူကား ယန်ဟောင်ရှေ့တွင် မည်သို့မှ မတတ်နိုင်ပေ။

လူဝံကြီး၏လက်ထဲမှ နှင်တံက ကြောက်မက်ဖွယ် စွမ်းအားနှင့်အတူ မြှောက်လိုက်သည်။ ကောင်းကင်မှ လူဝံပုံရိပ်ကြီးကလည်း တူညီစွာပင် သူ၏နှင်တံကို မြှောက်လိုက်သည်။

ယွန်ဟိုကား ရူးသွားတော့မည်ကဲ့သို့ ဖြစ်သွားသည်။ ကွန်ဆွန်ကျင့်ကလည်း ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာက ပြာနှမ်းသွား၏။ အကယ်၍ နှင်တံသာ ကျဆင်းလာပါက ကွန်ဆွန်ကလန်ကား သေချာပေါက် ကပ်ဘေးဆိုက်ပေရော့မည်။

“ယန်ဟောင်… မင်း တော်တော် လွန်နေပြီ…” ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါ တစ်ခု အဝေးမှ ရောက်လာသည်။ ကောင်းကင်က မီးခိုးရောင် ပြောင်းသွားသည်။ ထိုအရာက မျက်လုံးအစုံနှင့် ဆင်တူကာ မမြင်ရသော လက်များအသွင်ဖြင့် ဧရာမနှင်တံကို တားဆီးထားဟန် ရသည်။

“ဟူး…” ယွန်ဟိုက သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။ ယန်ဟောင်ထံမှ အရှိန်အဝါက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူလက်တွေ့ ခံစားလိုက်ရသည်။ အကယ်၍ နှင်တံသာ ကျဆင်းလာမည် ဆိုပါက သူလည်း သက်သာမည် မဟုတ်ပေ။ မြို့စားပိုင်ဂူက အချိန်မီ ရောက်လာခြင်းက သူ့အတွက် ကံကောင်းခြင်း ဖြစ်ပေသည်။

ကောင်းကင်တွင် ပေါ်လာသောသူကား မြို့စားပိုင်ဂူဖြစ်သည်။ သူက အဝေးမှပင် ဖျက်ဆီးခြင်း မျက်လုံးကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း သည်စွမ်းရည်က ပိုင်လွေလီ အသုံးပြုသည်ထက် အဆများစွာ ပိုမို အားကောင်းပေသည်။

ကွန်ဆွန်ကလန်အပေါ် ကောင်းကင်၌ လူတစ်ယောက် ပေါ်လာသည်။ မြို့စားပိုင်ဂူက ရှေ့ကို တက်လာသည်တွင် လေပြင်းများ တိုက်ခိုက်သွားသည်။ သူ့အား ပြင်းထန် အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ လွှမ်းခြုံထားကြသည်။ သူက ယန်ဟောင်ကို အေးစက်စွာ ကြည့်သည်… “ငါက ထိုက်ဟန်တောင်ရဲ့ ကိစ္စတွေကို စိတ်မဝင်စားဘူး… ဒါက တိမ်ဖြူမြို့ပဲ… ဒီမှာ ဘယ်လို မလေးစားတဲ့ အပြုအမူတွေကိုမှ ငါက သည်းမခံနိုင်ဘူး…”

ကွန်ဆွန်ကျင့် စိတ်အေးသွားရ၏။ သူကား ချွေးစေးများ ပြန်နေလေပြီ။ သေခြင်းတရားနှင့် အနီးကပ်ကြုံတွေ့ခဲ့ရသော အချိန်တွင် ရှီတန်းရှင်များပင် လိပ်ပြာလွင့်မတတ် ဖြစ်ရသည်။ အကယ်၍ မြို့စားပိုင်ဂူသာ ရောက်မလာခဲ့ပါက ယန်ဟောင်က သူ့အား သည်နေရာတွင်ပင် သတ်ဖြတ်ခဲ့မည်မှာ သေချာပေသည်။

လေထဲတွင် နှစ်ဖက် ရင်ဆိုင်တွေ့နေကြပြီ ဖြစ်သည်။ တစ်ယောက်ကား ကောင်းကင်မြေရိုင်း အဆင့် ၄မှ ဖြစ်ပြီး နောက်တစ်ယောက်က ကောင်းကင်မြေရိုင်း အဆင့်၁၈ဖြစ်၏။ မြေရိုင်းပြည်နယ်တွင် ဤသို့သော တိုက်ပွဲမျိုး မဖြစ်ခဲ့သည်မှာ လွန်စွာ ကြာမြင့်ခဲ့ပြီ။

မမြင်ရသော အားလှိုင်းများ လေထဲတွင် အစုအဖွဲ့များ ဖြစ်လာနေကြသည်။ ယန်ဟောင်၏ ရွှေရောင်မျက်လုံးများက ပိုင်ဂူထံကို တိုက်ရိုက် ရောက်သွားကာ ပြောသည်… “ငါ ပြောပြီးပြီ.. တိမ်ဖြူမြို့ကို ငါလာကာ ကွန်ဆွန်ကလန်ကို သတ်ဖြတ်ဖို့ပဲ… မင်းက ငါ့ကို ဘာလို့ တားနေရတာလဲ…”

“ငါမင်းကို နောက်တစ်ခေါ ပြောမယ်… ဒါက တိမ်ဖြူမြို့ပဲ… ငါက သူတို့ကို ကာကွယ်ပေးနေတယ်လို့ တွေးရင်လည်း ရတယ်… ငါက ကာကွယ်ပေးတယ်… ဘာဖြစ်လဲ…   ပိုင်ဂူက မာကျောစွာ ပြောသည်။ သူကား ကောင်းကင်မြေရိုင်း အဆင့်၄တွင်ရှိကာ သူ့မျက်လုံးထဲ ထည့်သောသူ သိပ်မရှိပေ။

ယန်ဟောင်က သူ့အား ခြိမ်းခြောက်နေသည်။ မည်မျှ ရယ်မောဖွယ်ရာ ကောင်းလိုက်သနည်း။

ရီဖူရှင်းကို လုပ်ကြံရန် ကြိုးစားမှုက သူနှင့်ဘာမှ မသက်ဆိုင်ပေ။ သို့သော် ဂူတုံးလျိုက သူ့သား လက်ထပ်ပွဲကို ဖျက်ဆီးခြင်းက ရီဖူရှင်းနှင့် အများအပြား သက်ဆိုင်ပေသည်။ သို့သော်လည်း ရီဖူရှင်းအား ဖယ်ရှားရန် မည်သည့်အခါကမှ ပိုင်ဂူက အရေးတယူ မတွေးဖူးခဲ့ပေ။ အကယ်၍​ သူက ရီဖူရှင်းကို လုပ်ကြံရန် ကြိုးစားပါက ထိုသို့သော အပြုအမူက မည်မျှ ရယ်ရွှင်ဖွယ်ရာ ကောင်းလိုက်မည်နည်း။ အကယ်၍ ​သူက ရီဖူရှင်းကို သတ်လိုပါက သူ့လက်တစ်ဖက် ဆန့်တန်းလိုက်ရုံဖြင့် ကိစ္စပြတ်ပေသည်။ သို့သော်လည်း ကွန်ဆွန်ကလန်က တိမ်ဖြူမြို့လက်အောက်ကို ဝင်ပြီးမှတော့ ပိုင်ဂူက သူ့အား ကာကွယ်ပေးရမည်မှာ သဘာဝဖြစ်သည်။

“ဒီလိုဆိုမှတော့ ကျုပ်ယန်ဟောင်က ကောင်းကင်မြေရိုင်း အဆင့်၄ ဆိုတာ ဘယ်လောက်စွမ်းလဲ ကြည့်ရတာပေါ့…” ယန်ဟောင်၏စကားက အားလုံးကို ထိတ်လန့် တုန်လှုပ်စေသည်။ ယွန်ဟိုနှင့် ကွန်ဆွန်ကျင့်တို့ပင်လျှင် ကျောချမ်းသွားကြသည်။ ထိုက်ဟန်တောင်မှ ယန်ဟောင်က အမှန်ပင် တိမ်ဖြူမြို့စားကို ရင်ဆိုင်တိုက်ခိုက်ရဲသည်။

“ကောင်းပြီ…” တိမ်ဖြူမြို့စားက အလေးမထားဟန်ဖြင့် ပြောသည်။ သို့သော်လည်း သူ၏စကားနောက်ကွယ်မှ ဖိအားက အလွန်အမင်း ပြင်းထန်ပေသည်။ ပိုင်ဂူကလည်း ထိုက်ဟန်တောင်မှ ရွှေလူဝံက မည်မျှ အားကောင်းသည်ကို သိလိုသည်။

“ဒီမှာ စည်ကားနေပါလား… ဟဟ” ရယ်မောသံတစ်ခုကို ကြားကြရသည်။ ထို့နောက် အရှိန်အဝါကောင်းသော လူတစ်စု ရောက်ရှိလာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူကို မြင်သည်တွင် အားလုံးက တုန်လှုပ်သွားကြ၏။

အာခီမီမြို့စား ယူစီက တိမ်ဖြူမြို့ကို ရောက်ရှိလာသည်။

တိမ်ဖြူမြို့နှင့် အာခီမီမြို့တို့ကား မြေရိုင်းပြည်နယ် အနောက်ဘက် ဒေသ၏ နာမည်အကျော်ကြားဆုံး မြို့ကြီးနှစ်မြို့ ဖြစ်ကြသည်။ တိမ်ဖြူမြိုစားပိုင်ဂူက ကောင်းကင်မြေရိုင်း အဆင့်၄တွင်ရှိကာ အာခီမီမြို့စားယူစီက ကောင်းကင်မြေရိုင်း အဆင့်၈၌ ရှိပေသည်။

ပိုင်ဂူနှင့် ယန်ဟောင်တို့က ယူစီရောက်လာခြင်းကို အံ့အားသင့်ဟန် မရပေ။ သူတို့က ယူစီရောက်လာသည်ကို ခံစားမိပြီးဖြစ်သည်။ သို့သော်လည်း ကွန်ဆွန်ကျင့်၏ အမူအရာက ပျက်ယွင်းသွားသည်။

“ယူစီ… မင်းက တိမ်ဖြူမြို့ကို ပွဲကြည့်ဖို့ လာတာတော့ မဟုတ်ဘူးမလား…” ပိုင်ဂူက မေးသည်။

“ဘယ်ဟုတ်ပါ့မလဲ…” ယူစီက ပြောသည်… “ငါက ကွန်ဆွန်ကလန်အတွက် လာတာ…”

“မင်းက လုပ်ကြံမှုမှာ ဝင်ပါချင်တာလား…” ပိုင်ဂူက မျက်မှောင်ကြုတ်ကာ ပြောသည်… “ရီဖူရှင်းက မင်းသမက်ရဲ့ ဂျူနီယာဖြစ်နေလို့လား…”

ကွန်ဆွန်ကျင့်၏မျက်နှာက ပြာနှမ်းသွားသည်။ ယူစီကလည်း သူ့အား လိုချင်နေသည်။

“ငါ့ကိစ္စက ရီဖူရှင်းနှင့် သိပ်မဆိုင်ဘူး…” ယူစီက ပြောသည်… “ရီဖူရှင်းနှင့် ကွန်ဆွန်ရီတို့ တိုက်ခိုက်တုန်းက ငါကိုယ်တိုင် သူတို့ကို သက်သေလုပ်ပေးခဲ့တယ်… အားလုံးက ဒါကို သိတယ်… အခု ကွန်ဆွန်ကလန်က ဒီကိစ္စအပေါ်မှာ လက်စားချေတာက ငါ့ကို မလေးမစား လုပ်တာပဲ…”

သို့သော် အမှန်တကယ်အားဖြင့် ကွန်ဆွန်ကလန်က သူပြောသည်ထက်ပင် လုပ်ခဲ့ပေသည်။ သူတို့က တိမ်ဖြူမြို့ လက်အောက်ကို ဝင်ကာ ရီဖူရှင်းကို လုပ်ကြံခဲ့သည်။ ထိုသို့သော လုပ်ဆောင်ခြင်းက မြို့စားယူစီကို ပိုမို၍ အရှက်ရစေသည်။

“ဒါဆို…” ပိုင်ဂူက မေးသည်။

“ဒါကြောင့် ငါက ကွန်ဆွန်ကျင့်ကို လာခေါ်တယ်…” ယူစီက ပြုံးလျက်ပြောသည်။

ကွန်ဆွန်ကျင့်၏ မျက်နှာက ပျက်ယွင်းသွားသည်။ ယူစီက အမှန်ပင် သူ့အတွက် ရောက်လာသည်။

“မရဘူး… အခုသူက ငါ့လူပဲ…” ပိုင်ဂူက အေးဆေးစွာ ပြောသည်။ ကွန်ဆွန်ကျင့်ကား သူ့လူတစ်ယောက် ဖြစ်နေလေပြီ။ အကယ်၍ သူက ကွန်ဆွန်ကျင့်ကို သည်အတိုင်း ထုတ်ပေးလိုက်ပါက တိမ်ဖြူမြို့၏ အဆင့်အတန်းကို တခြားလူများက မေးငေါ့ကြပေတော့မည်။

“မင်းက ဒီလို ပြောမယ်ဆိုတာ ငါသိတယ်…” ယူစီက စိတ်ဆိုးဟန်မရပေ။ သူက ပြုံးလျက်ဆက်ပြောသည်… “ကောင်းပြီ.. ဒါဆိုလည်း ငါက ပွဲဆက်ကြည့်ရတာပေါ့…”

ကွန်ဆွန်ကျင့် အံ့အားသင့်သွားသည်။ မြို့စားယူစီက မည်သည့်အချိန်က ဤသို့ ညှိနှိုင်းရ လွယ်ကူသွားသနည်း။

ပိုင်ဂူက ယန်ဟောင်ဘက်ကို ကြည့်ကာ ပြောသည်… “စရအောင်…”

ယန်ဟောင်က ဘာမှ မပြောပေ။ သူက နှင်တံကို ဝှေ့ယမ်းသည်တွင် လေထဲ၌ များစွာသော နှင်တံပုံရိပ်များ ဖြစ်ပေါ်လာသော်လည်း သူက တိုက်ခိုက်ခြင်း မပြုသေးပေ။ ကောင်းကင်မှ လူဝံပုံရိပ်ကလည်း နှင်တံကို ဝှေ့ယမ်းနေသည်။ ကြီးမားသော အရှိန်အဝါက မြေပြင်မှ လူများအတွက် ခံနိုင်ရည်အား ကင်းမဲ့ကာ အားလုံးက လှုပ်ရှားနိုင်စွမ်း မရှိတော့ဟု ခံစားကြရသည်။

နှင်တံပုံရိပ်များက ပိုမိုကြီးမားလာကြကာ လူဝံများ၏ကောင်းကင် ဖြတ်သန်းခြင်း ၈၁ချက်ဟု ထင်မှတ်ရသည်။ အားလုံးက ကြီးမားသော ဖိအားကို ခံစားရကာ ကောင်းကင်က အပေါ်မှ ပြိုဆင်းလာတော့မည့်အလား ခံစားကြရ၏။

တိမ်ဖြူမြို့စားက အပေါ်ကို မော့ကြည့်သည်။ လေထဲတွင် မမြင်ရသော မီးခိုးရောင်လက်အစုံ စတင်ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဧရာမကြီးမားသော နတ်လူဝံကြီးက နှင်တံကို ကိုင်ကာ ကောင်းကင်နှင့်မြေပြင် အကြား ရပ်နေသည်ကို မြင်ကြရ၏။ ထို့နောက်တွင် များစွာသော နှင်တံပုံရိပ်များက နတ်လူဝံ၏နှင်တံနှင့် ပေါင်းစပ်သွားကာ ကြောက်မက်ဖွယ် အရှိန်အဝါနှင့်အတူ အောက်ကို ဆင်းသက် လာတော့သည်။

ထိုအခိုက်တွင် များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များက ဖိအားကြောင့် မြေပြင်ကို ကျဆင်းလာကြကာ ကောင်းကင်ကိုယ်တိုင်က ပြိုဆင်းလာသည်ဟု ထင်မှတ်ရသည်။ သို့သော်လည်း လေထဲတွင် မမြင်ရသော လက်များက ကြီးမားသော အောက်ကို ကျဆင်းလာသော နှင်တံရိုက်ချက်အား အမှန်ပင် တားဆီးထားသည်။ ဘုန်းခနဲ မြည်သံနှင့်အတူ မီးခိုးရောင်လက်အစုံက ပြယ်လွင့် သွားသော်လည်း နှင်တံကလည်း ပျောက်ကွယ်သွားရ၏။

သို့သော်လည်း အားလှိုင်းများ ရိုက်ခတ်မှုကြောင့် ကွန်ဆွန်ကလန် အဆောက်အဦများကား ပြိုလဲပျက်စီး သွားကြပြီဖြစ်သည်။ လူအများအပြား၏ ပါးစပ်မှ သွေးများ စီးကျလာကြသည်။ ရိုက်ချက် တစ်ချက်ကား နန်ကလန်တစ်ခုလုံးကို အဆုံးသတ်နိုင်စွမ်း ရှိသည်။

“ကျုပ်သိပြီ…” ယန်ဟောင်က ပြောသည်။ တိမ်ဖြူမြို့စားက ယန်ဟောင်၏လူဝံပုံရိပ်ကို ကြည့်သည်။ ယန်ဟောင်၏ တိုက်ခိုက်ရေး စွမ်းအားကား သူ ထင်မှတ်ထားသည်ထက် အားကောင်းပေ၏။

“ငါတို့ ထပ်တွေ့ဦးမယ်… ကွန်ဆွန်ကလန်ကတော့ အခုအချိန်က စပြီးတော့ တိမ်ဖြူမြို့ပြင်ကို ထွက်ဖို့ မစဉ်းစားနဲ့တော့…” ယန်ဟောင်က နောက်လှည့်ကာ ထွက်သွားရန် ပြင်သည်။ တခြား ရွှေလူဝံများကလည်း သူ့နောက်ကို လိုက်ပါသွားကြ၏။ ထိုစဉ် ယူစီက လှမ်းခေါ်သည်… “ယန်ဟောင်…”

ယန်ဟောင်က သွားခါနီးခြေလှမ်းကို ရပ်လိုက်ကာ ယူစီကို ကြည့်သည်… “မြို့စားယူက ဘာပြောချင်လို့လဲ…”

“အာခီမီမြို့ကို တစ်ခါလောက် လာခဲ့… ခင်ဗျားရဲ့ နှင်တံပညာက လက်နက် ကောင်းကောင်းနဲ့ဆို ပိုအစွမ်းထက်လိမ့်မယ်…” ယူစီကပြောသည်။

မြို့စားပိုင်ဂူ၏ မျက်နှာက တင်းမာသွားသည်။ ယူစီက သူ့အား ဒေါသထွက်အောင် လုပ်နေသည်လား…။

“ကောင်းပြီ… ကျုပ်က အာခီမီမြို့ကို လာလည်ဦးမယ်.. ကျေးဇူးပဲ…” ယန်ဟောင်က နောက်လှည့်ကာ လူဝံများနှင့်အတူ ထိုက်ဟန်တောင်ဘက်ကို ပျံသန်း ထွက်ခွာသွားကြသည်။ ယူစီက ပိုင်ဂူကို ကြည့်ကာ ပြောသည်… “ကျုပ်လည်း သွားလိုက်ဦးမယ်.. နှုတ်ဆက်ပါတယ်…” ထို့နောက် သူကလည်း နောက်လှည့်ကာ ထွက်သွားတော့သည်။

တိမ်ဖြူမြို့စား ပိုင်ဂူက ယူစီကို ဂရုမစိုက်ပေ။ ထို့အတူ ယူစီကလည်း ပိုင်ဂူကို မကြောက်ပေ။

အကယ်၍ ပိုင်ဂူကသာ ကာကွယ်ပေးနေမည် ဆိုပါက သူဘာမှ လုပ်နိုင်စွမ်းရှိမည် မဟုတ်သည်ကိုလည်း ယန်ဟောင်က သေသေချာချာ နားလည်ပေသည်။ သို့သော်လည်း သူ၏သဘောထားကို ကောင်းကောင်း ပြသခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် မြေရိုင်းပြည်နယ်တွင် ရီဖူရှင်းအပေါ် မကောင်းသော အတွေးအကြံရှိသော သူတိုင်းက သူကို သတိပေးရာလည်း ရောက်ပေသည်။ အကယ်၍ ရီဖူရှင်းအပေါ် တစ်ခုခု ကြံစည်လိုပါက နန်ဟောင်ကလန်ကို ဥပမာထားကာ ပြန်စဉ်းစားရန် လိုအပ်ပေသည်။

ယူစီကလည်း ထိုအချက်ကို နားလည်သည်။ သို့သော်လည်း သူ့အနေဖြင့် တိမ်ဖြူမြို့ဖြင့် စစ်ခင်းခြင်းက ကောင်းမွန်သော ဆုံးဖြတ်ချက် တစ်ခုတော့ မဟုတ်ပေ။ သူတို့ နှစ်ယောက်လုံးက မြေရိုင်းပြည်နယ်၏ ထိပ်သီးအင်အားစု ခေါင်းဆောင်များ ဖြစ်ကြသည်။ သို့သော်လည်း ယူစီကိုယ်တိုင်က တိမ်ဖြူမြို့ထံကို ရောက်လာကာ သူ၏ ရပ်တည်ချက်ကို ပြသခဲ့သည်။

ယူစီနှင့် ယန်ဟောင်တို့က တိမ်ဖြူမြို့မှ ထွက်သွားခဲ့ကြသည်။ ထိုက်ဟန်တောင်မှ လူဝံများကလည်း ယန်ဟောင်နောက်မှ ပြန်လည် လိုက်ပါသွားကြ၏။ တိမ်ဖြူမြို့ကား တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ တစ်ဖက်တွင် ကွန်ဆွန်ကျင့်ကား အလွန်အမင်း နောင်တရနေပြီ ဖြစ်သည်။ သူ၏လုပ်ကြံမှုက ဤသို့ အကျိုးဆက်များ ဖြစ်လာမည်ဟု သူက မည်သို့ တွေးထင်မိခဲ့မည်နည်း။ ထိုက်ဟန်တောင်မှ ယန်ဟောင်က သူ့အား သတ်ဖြတ်ရန် တိုက်ခိုက် ရောက်လာခဲ့သလို အာခီမီမြို့စား ယူစီကလည်း သူ့အား လာရောက် ခေါ်ဆောင်သည်။ အကယ်၍ မြို့စားပိုင်ဂူသာ သူ့အား မကာကွယ်ပေးခဲ့လျှင် သူ့ဘဝက မတွေးရဲစရာပင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset