ဘန်း… ဘန်း… ဘန်း…
ဧရာမ ရွှေလူဝံများက ရှေ့ကို တက်ကာ စတင် သတ်ဖြတ်ကြသည်။ ရွှေလူဝံများကား သူတို့၏ အားကောင်းသော တိုက်ခိုက်ရေး စွမ်းအားများကြောင့် နာမည်ကျော်ကြားသည်။ ဆုတ်ယုတ်နေသော နန်ကလန်က မည်သို့ ခုခံနိုင်မည်နည်း။
တခြားတစ်နေရာတွင် စွမ်းအားမြင့် ရှီတန်ခိုးရှင်အချို့က ပုဆိန်ရှည်များကို ကိုင်စွဲကာ ရွှေလူဝံတစ်ကောင်အား သွားရောက် ထိုးနှက်ကြသည်။ သို့သော်လည်း ရွှေလူဝံကြီးကား ခန္ဓာကိုယ်သက်သက်ဖြင့် ပုဆိန်ရှည်များကို သူ့ကိုယ်ပေါ်သို့ ကျဆင်းစေသော်လည်း သူ့ကိုယ်တွင် မည်သည့်ခြစ်ရာမှပင် မထင်စေသည်ကို ထိတ်လန့်ဖွယ် မြင်တွေ့ရသည်။ ရွှေလူဝံများကား ပြိုင်ဘက်ကင်း မာကျောသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ကြ၏။ ထို့နောက်တွင် သူ၏ ဧရာမလက်အစုံက တစ်ဖက်ရှီ တန်ခိုးရှင်များအား တစ်ယောက်ပြီး တစ်ယောက် ဆွဲဖြဲကာ ရက်စက်စွာ သတ်ဖြတ်တော့သည်။
မြေပြင်မှ နန်ကလန်ဝင်များ အားလုံးက ပြာနှမ်းသွားကာ ကြောက်စိတ်များ ဖုံးလွှမ်းလာကြသည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။ လက်ရှိ ပျံ့နှံ့နေသော လောလာဟာလများကြောင့်လား…။ သို့သော် နန်ယွဲ့က ယန်ကျန်းကို ထိမည်မဟုတ်ဟု ကလန်ခေါင်းဆောင် ကိုယ်တိုင်က ပြောကြားခဲ့သည်။ ဤသို့ဆိုလျှင် ထိုက်ဟန်တောင်က အဘယ်ကြောင့် ဤနေရာကို ရောက်လာရသနည်း။
“ယန်ဟောင်… ခင်ဗျား ရူးနေပြီလား…” နန်ယွန်၏ မျက်လုံးများက သွေးရောင်ထနေကာ အော်ဟစ်သည်… “မင်းက မြေရိုင်ပြည်နယ်မှာ ကလန်တစ်ခုလုံးကို မျိုးသုဉ်း သတ်ဖြတ်ရဲတယ်… မြေရိုင်းပြည်နယ်က တခြားအဖွဲ့တွေက မင်းတို့နဲ့ဘယ်လို အတူယှဉ်တွဲ နေရဲတော့မလဲ…”
“မင်းက နိုဘယ်တန်ခိုးရှင် တစ်ယောက်ကို ရှီတန်ခိုးရှင် တစ်ယောက် စေလွှတ်ပြီးတော့ လုပ်ကြံခိုင်းကတည်းက အကျိုးဆက်ကို မတွေးဘူးလား…” ယန်ဟောင်က အေးစက်စွာ ပြန်ပြောသည်။
“ရီဖူရှင်းက ကျုပ်ကလန်ရဲ့ ပါရမီရှင် နန်ဟောင်ကို သတ်ခဲ့တယ်… ဒါက နန်ကလန်နဲ့ ရီဖူရှင်းကြားက ကိစ္စပဲ… ထိုက်ဟန်တောင်နဲ့ ဘာဆိုင်လဲ…” နန်ယွန်က အော်ဟစ်သည်။ ရှီတန်ခိုးရှင်များ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ် ခံနေရသည်ကို မြင်သည်တွင် သူ၏စိတ်နှလုံးက ရူးသွပ်တော့မည့်အလား ဖြစ်လာသည်။
“ရီဖူရှင်းက နန်ဟောင်ကို သတ်ဖြတ်ခဲ့တယ်… ခင်ဗျားက ရီဖူရှင်းကို ဒီအတွက် လုပ်ကြံတယ်… ဒါကြောင့် ငါမင်းကို လာသတ်တယ်… ဒီနေ့မှာ နန်ကလန်က မြေရိုင်းပြည်နယ်က ဖယ်ရှား ခံရလိမ့်မယ်…” ယန်ဟောင်က တုံးတိတိပြောသည်။ သူ၏စကားကို ကြားသည်တွင် နန်ယွန်၏ အမူအရာများက အကြီးအကျယ် ပျက်ယွင်းသွားကာ ယန်ဟောင်ကို ကြည့်သည်… “မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး.. ထိုက်ဟန်တောင်က ရီဖူရှင်းနဲ့ ဘယ်လို ပတ်သက်နိုင်မှာလဲ… ဒါက ယန်ကျန်း တစ်ယောက်တည်းကြောင့် မဟုတ်နိုင်ဘူး…”
ယန်ဟောင်က ရွှေလူဝံများကို ဦးဆောင်ကာ နန်ကလန်ကို လာရောက် တိုက်ခိုက်ခြင်းမှာ ယန်ကျန်းကြောင့်ဟု သူထင်ခဲ့၏။ သူက ကျူးကော့မိသားစုနှင့် အာခီမီမြို့တို့ကိုလည်း ထည့်တွက်ခဲ့သည်။ ထိုအင်အားကြီး ကလန်များက ရီဖူရှင်းတစ်ယောက် အတွက်နှင့် ပြန်လည် တုံ့ပြန်မည်မဟုတ်ဟု သူထင်ခဲ့သည်။ သို့သော်လည်း ထိုက်ဟန်တောင်ကိုမူကား တစ်ခါမှ ထည့်မတွက်ခဲ့ပေ။ သိသာစွာပင် လုပ်ကြံမှုပြီးနောက် ပျောက်ကွယ်သွားသော ရီဖူရှင်းက ယခု ထိုက်ဟန်တောင်တွင် ရှိနေသည်။
“လူသေတွေက စကားသိပ်မပြောဘူး…” ယန်ဟောင်က အေးစက်စွာ ပြောသည်။ သူက လက်ဆန့်တန်းသည်တွင် ရွှေရောင်နှင်တံ တစ်လက်ပေါ်လာကာ ရှေ့ကို တက်လာသည်။ နှင်တံက ဆင်းသက်လာသည်တွင် သူ၏အရှိန်အဝါက နန်ကလန်၏ အဆောင်များအား ပြားပြားဝပ်စေ၏။ တခြား တိုက်ပွဲများအားလုံး ရပ်တန့်သွားသည်။ နှင်တံရိုက်ချက်က ကောင်းကင်ဘုံပင် ပြိုဆင်းလာသည်လား မှတ်ရသည်။ နှင်တံရိုက်ချက်ပင် ကျရောက်လာခြင်း မရှိပါဘဲနှင့် မြေပြင်မှ အဆောက်အဦများကား ပြိုလဲပျက်စီး သွားကြပြီးဖြစ်ကာ အားနည်းသော တန်ခိုးရှင်များကား ဖိအားအောက်တွင် မြေပြင်ပေါ်ကို ဖိနှိပ်ခံရပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ ပါးစပ်မှ သွေးများပွက်ပွက် အန်ကြရသည်။
“မဟုတ်ဘူး…” နန်ယွန်က အော်ဟစ်ကာ ဧရာမချွီလင် တစ်ကောင်အား ဆင့်ခေါ် စေလွှတ်သော်လည်း ထိုနှင်တံရိုက်ချက် အောက်တွင်ပင် ချွဲလင်သတ္တဝါက ဖုန်မှုန့် ဖြစ်သွားသည်။
ယန်ဟောင်ကား အဆင့်မြင့်ကွန်းရှီ တန်ခိုးရှင်ဖြစ်ကာ ကောင်းကင်မြေရိုင်း အဆင့်၁၈တွင်ရှိသည်။ နန်ယွန်ကား အလယ်အလတ် ကွန်းရှီအဆင့်သာရှိကာ သူတို့အကြား ကွာဟချက်က မိုးနှင့်မြေဖြစ်သည်။ သူတို့၏တိုက်ခိုက်ရေး စွမ်းအားကလည်း အဆင့်တူအတွင်း၌ မရှိပေ။ ယခု ယန်ဟောင်က နန်ကလန်ထံသို့ တိုက်ရိုက် ဆင်းသက်လာသည်တွင် အကျိုးဆက်ကို တွေးစရာပင် မလိုတော့ပေ။
နှင်တံရိုက်ချက် ကျဆင်းလာသောအခါ နန်ယွန်၏ပါးစပ်မှ သွေးများ ယိုစီးကျလာသည်။ သူ၏မျက်နှာက ပြာနှမ်းသွားပြီး ဧရာမ ခြေထောက်အစုံက သူ့ထံကို ကျဆင်းလာသည်ကို ဒုတိယအကြိမ် မြင်ရသည်။ နန်ယွန်က အလွန်အမင်း နာကျင်မှုကို ခံစားရ၏။ မကြာမီ နန်ယွန်ကား ဧရာမခြေထောက် အစုံ၏နင်းခြေမှုတွင် မြေပြင်၌ ပြားပြားကပ်ကာ သေဆုံးခဲ့ရ၏။
မရေမတွက်နိုင်သော မျက်လုံးများက နန်ယွန် နင်းခြေခံရသည်ကို မြင်ကြသည်။ မြေပြင်က အက်ကွဲကြောင်းများစွာ ဖြစ်သွားကာ နန်ကလန်ဝင်များ၏ စိုးရိမ်ထိတ်လန့်မှုက ပြောဖွယ်ရာပင် မရှိတော့ပေ။ သူတို့၏ကလန်ခေါင်းဆောင်က အရှက်တကွဲ နင်းခြေခံရသည်။
“မင်းတို့လုပ်စရာတွေ ဆက်လုပ်ကြ…” ယန်ဟောင်က လေထဲမှ ရွှေလူဝံများကို ကြည့်သည်။ ရွှေလူဝံများက ချက်ချင်းပင် နန်ကလန်မှ တန်ခိုးရှင်များကို စတင် သတ်ဖြတ်ကြတော့သည်။ နိုဘယ်တန်ခိုးရှင်များ မူကား ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ဝေးဝေးကို နောက်ဆုတ်ကြကာ ဝင်ပါရဲခြင်း မရှိတော့ပေ။
နန်ကလန်ကား အဆုံးသတ်ပြီ ဖြစ်သည်။ ယနေ့မှ စ၍ နန်ကလန်ကား မြေရိုင်းပြည်နယ်တွင် ပျောက်ကွယ် သွားတော့မည် ဖြစ်သည်။ အကြောင်းပြချက်ကား သူတို့က ရီဖူရှင်းကို လုပ်ကြံခဲ့သောကြောင့် ဖြစ်၏။
သိပ်မကြာမီ မြေပြင်က တဝုန်းဝုန်း တုန်ခါကာ ရွှေလူဝံများက ကောင်းကင်ထက်ကို ပျံသန်း ထွက်ခွာသွားကြသည်။ နန်ကလန်အပြင်ဘက်မှ လူများက နန်ကလန်ထဲကို ပြေးဝင်လာကြသောအခါ အထဲတွင်ကား ငိုကြွေးခြင်းနှင့် အပျက်အစီးများ၊ မရေတွက်နိုင်သော အလောင်းကောင်များ ကိုသာ မြင်တွေ့ရသည်။ နိုဘယ်တန်ခိုးရှင်များမူကား အသက်ရှင် ကျန်ရစ်သည် ဆိုသော်လည်း သူတို့ကား မည်သည့်နည်းနှင့်မှ နန်ကလန်အနေဖြင့် ဆက်လက် ရပ်တည်နိုင်တော့မည် မဟုတ်တော့ပေ။
ထိုက်ဟန်တောင် လူဝံများကား အလွန် ရက်စက် ကြမ်းကြုတ်လွန်း လှသည်။ မည်သို့ဆိုစေ လူဝံများကား သားရိုင်းများသာ မဟုတ်ပါလား…။
နန်ကလန်၏ကံကြမ္မာဆိုးက မြေရိုင်းပြည်နယ် တစ်ခုလုံးကို မြန်ဆန်စွာ ပျံ့နှံ့သွားကာ လူတိုင်းက ကျောချမ်းမိကြသည်။ အင်အားစုတိုင်းက ထိတ်လန့်ကြရ၏။ သတင်းများအရ ထိုက်ဟန်တောင် ဘုရင်ကိုယ်တိုင် လူဝံများကို ဦးဆောင်ကာ နန်ကလန်ကို သွားရောက် ဖျက်ဆီးခဲ့သည်။ သူတို့က နန်ကလန်ကို မြန်ဆန်စွာပင် ဖျက်ဆီးကာ ဘုရင်ကိုယ်တိုင်က နန်ယွန်ကို နင်းခြေ သတ်ဖြတ်ခဲ့၏။ သူတို့၏ရှီတန်ခိုးရှင်များ အားလုံး အသတ်ခံခဲ့ကြရသည်။
နာမည်ကျော် နန်ကလန်ကား ယခု သမိုင်းရာဇဝင်ထဲကိုသာ ရောက်သွားပြီ ဖြစ်သည်။ အသက်ရှင် ကျန်ရစ်သူများထဲမှ အတော်များများမှာ ဇာတ်မြှုပ်ထွက်ပြေးသွားကာ အချို့ကတော်ဝင်ကျဲနန်းတော်မှ နန်ရှင်းထံကို အားကိုးတကြီး ပြေးသွားခဲ့ကြသည်။
ထိုက်ဟန်တောင်က နန်ကလန်ကို ဖျက်ဆီးခဲ့ခြင်းမှာလည်း နန်ကလန်က သူတို့၏ ရှီတန်ခိုးရှင်များကို စေလွှတ်ကာ ရီဖူရှင်းအပေါ် လုပ်ကြံခဲ့သောကြောင့်ဟု သိရသည်။ ရီဖူရှင်းကား ထိုက်ဟန်တောင်နှင့် ရင်းနှီးသည်ကို အချို့က သိကြသော်လည်း ဤမျှလောက်ထိ မည်သူကမှ မထင်မှတ်ထားကြပေ။
ထိုသတင်းကို ကြားရသောအခါ ကျူးကော့မိသားစု ကျူးကော့ချန်းဖန်ကလည်း အံ့အားသင့်ရသည်။ ရီဖူရှင်းက သူ၏လျှို့ဝှက်ချက်ကို ကျူးကော့ချန်းဖန်အား ပြောသောအခါ လူဝများနှင့် ပတ်သက်သော အကြောင်းအရာ အနည်းငယ်ပါဝင်သည်။ မထင်မှတ်ထားသည်ကား ထိုက်ဟန်တောင်က လုပ်ကြံမှုကို တိုက်ရိုက် တုံ့ပြန်ခြင်းပင်။ ရီဖူရှင်း၏ အဆင့်အတန်းက လူဝံများကြားတွင် မည်မျှ မြင့်မားသနည်း။
သို့သော်လည်း နန်ကလန်ပျက်စီးခြင်းက ရီဖူရှင်းအပေါ် ကြံစည်လိုသူတို့အား ရပ်တန့်စေရုံမက ကြောက်ရွံ့ ထိတ်လန့်မှုကိုပါ ဖြစ်စေသည်။ ယနေ့မှစ၍ နောက်ထပ် ထိုသို့ အတွေးအကြံ ရှိသူများအားလုံး သူတို့၏ဆုံးဖြတ်ချက်ကို နှစ်ခါမျှ ပြန်စဉ်းစား ရတော့မည်ဖြစ်သည်။
ကွန်ဆွန်ကလန်ကား နောက်ထပ် ကြောက်ရွံ့ ထိတ်လန့်ရသူများ ဖြစ်သည်။ သတင်းက တော်ဝင်ကျဲနန်းတော်ကို ရောက်ရှိသောအခါ အားလုံးက ထိတ်လန့်ကြရသည်။ ထိုက်ဟန်တောင်က ရီဖူရှင်းအပေါ် ဤမျှ တန်ဖိုးထားမည်ဟု မထင်ထားကြပေ။
ထျန်ရှင်းနန်းဆောင်၏ တစ်နေရာတွင် နန်ရှင်းက သူ၏အနီးမှ ကျောက်တုံးကို ရိုက်ခွဲလိုက်သည်။ သူ၏မျက်နှာအမူအရာက အလွန်အမင်း အရုပ်ဆိုး အကျည်းတန်နေကာ သွေးကြောများက ထိုးထိုးထောင်ထောင် ပေါ်ထွက်နေသည်။
နန်ကလန် မရှိတော့သည့် သတင်းကို ယခုမှ သူရသည်။ နန်ကလန်ကား သူ၏မိသားစုဖြစ်၏။ နန်ကလန်က ဆုတ်ယုတ်သွားသည် ဆိုသော်လည်း ထိုနေရာကား သူ၏အိမ်ဖြစ်သည်။ နန်ကလန်မှ လူများက သူ၏သွေးသားရင်းချာများ ဖြစ်ကြသည်။ သို့သော် နန်ကလန်အား ထိုက်ဟန်တောင်က သတ်ဖြတ် ဖျက်ဆီးသွားခဲ့သည်။
“ယန်ဟောင်… မင်းက အရမ်းလွန်သွားပြီ…” နန်ရှင်းက ဒေါသတကြီး အော်ဟစ်သည်။ သူက ထိုက်ဟန်တောင်ကို သွားကာ တိုက်ခိုက်လိုသည့်စိတ်သာ ရှိသည်။ သို့သော်လည်း ထျန်ရှင်းနန်းဆောင်၏ အကြီးအကဲတစ်ယောက် ဖြစ်သည့်တိုင် သူကား ယန်ဟောင်၏ပြိုင်ဘက် မဟုတ်ပေ။ တော်ဝင်ကျဲနန်းတော်တွင် ယန်ဟောင်ကို ယှဉ်နိုင်မည့်လူကား ဒုတိယနန်းတော်သခင် လျူချန်းနှင့် တိုက်ခိုက်ရေး ရှီနန်းဆောင်သခင် ထောင်ကျန်းတို့သာ ရှိသည်။
ရှီတန်ခိုးရှင် ထောင်ကျန်းကား ရီဖူရှင်း၏ဆရာ ဖြစ်သည်။ သူက နန်ရှင်းအတွက် လက်စားချေပေးစရာ အကြောင်းမရှိပေ။ ဒုတိယနန်းတော်သခင် လျူချန်းကသာ နန်ရှင်းအတွက် တစ်စုံတစ်ခု လုပ်ပေးနိုင်သည်။ သို့သော်လည်း တော်ဝင်ကျဲ နန်းတော်ကိုယ်တိုင်က ပြင်ပကိစ္စရပ်များကို ဝင်ရောက် စွက်ဖက်သည်မဟုတ်ရာ နန်ကလန်အတွက် တိုက်ခိုက်ပေးစရာ အကြောင်းမရှိပေ။
နန်ရှင်းက ထရပ်ကာ တော်ဝင်ရှီ နန်းဆောင်ဘက်ကို ဦးတည်လိုက်သည်။ လျူချန်းကလည်း သတင်းကို ရပြီးဖြစ်သည်။ နန်ရှင်းက တော်ဝင်ရှီ နန်းဆောင်ကို ရောက်သောအခါ ထိုနေရာတွင် ထျန်ရှင်း နန်းဆောင်သခင်နှင့် တိုက်ခိုက်ရေး ရှီနန်းဆောင် သခင်တို့လည်း ရောက်နေသည်ကို တွေ့ရ၏။
သူ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ သူက ဦးညွှတ်လျက်ပြောသည်… “ဒုတိယ နန်းတောင်သခင်… ထိုက်ဟန်တောင်က သားရဲကောင်တွေက အရမ်း ရုန့်ရင်းကြမ်းတမ်းတယ်… သူတို့က မြေရိုင်းပြည်နယ်မှာ ဒီလို သွေးစွန်းတဲ့ လုပ်ရပ်တွေကို အဆက်မပြတ် လုပ်ခဲ့ကြတယ်… အခု သူတို့က နန်ကလန်ကို သတ်ဖြတ်လိုက်ကြပြန်ပြီ… နန်းတော်က မြေရိုင်းပြည်နယ် အင်အားစုတွေကို ခေါ်ပြီး သူတို့ကို အပြစ်ဒဏ် ခတ်နိုင်အောင် လုပ်သင့်တယ်လို့ ကျုပ်ထင်တယ်…”
လျူချန်းက သူ့အား အတန်ကြာကြည့်ကာ မေးသည်… “နန်ရှင်း… ကျွန်းစုတစ်ထောင် ပြင်ပလုပ်ကြံမှုမှာ မင်း ပါဝင်နေသလား…”
ရှီတန်ခိုးရှင် ထောင်ကျန်းကလည်း အေးစက်စွာ ကြည့်သည်။ ချက်ချင်းပင် နန်ရှင်းက အလွန်အမင်း ကျောချမ်းကာ ကြက်သီးများ တဖျန်းဖျန်း ထလာသည်။ ထောင်ကျန်းက သူ့ထက်ဦးစွာ ဤနေရာကို ရောက်နေမည်ဟု သူမထင်ထားပေ။
“အခုမှ ဖြစ်ပျက်ခဲ့တာတွေကို ကျုပ်သိတယ်… ဒီကိစ္စမှာ ကျုပ်မပတ်သက်ဘူး… ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်က ထုတ်ပယ်ခံခဲ့ရပြီးပြိ… ဒါကြောင့် သူ့ကိစ္စတွေကို ကျုပ်စိတ်မဝင်စားဘူး…” နန်ရှင်းက သူလုပ်ခဲ့သည်ဟု ဝန်ခံမည် မဟုတ်သည်မှာ သေချာ၏။
“နန်ယွဲ့က လုပ်ကြံမှု မတိုင်ခင် တော်ဝင်ကျဲ နန်းတော်က ထွက်သွားပြီးတော့ ကွန်ဆွန်ကလန်ကို သွားခဲ့တယ်… ဒါက နန်ယွဲ့ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာလို့ ငါ့ကို မပြောနဲ့…” ထောင်ကျန်းက အေးစက်စွာ ပြောသည်။ သူ၏အသံက အနည်းငယ်သော အမိန့်အာဏာသံ ပါဝင်နေကာ သူက ပြောသည်… “ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်ရဲ့ တပည့်မဟုတ်တော့ပေမဲ့ ငါ့တပည့်တော့ ဖြစ်နေဆဲပဲ … သူက တော်ဝင်ကျဲနန်းတော်က ထွက်သွားတာနဲ့ မင်းက သူ့ကို လုပ်ကြံရဲတယ်… ပြီးတော့ ဒါကို မင်းက စီစဉ်ခဲ့တယ်.. ဟုတ်တယ်မလား…”
“အရှင်ထောင်ကျန်း… ကျုပ်မလုပ်တဲ့ကိစ္စကို ဘာလို့ အတင်းစွဲစွဲနေရတာလဲ… ပြီးတော့ ရီဖူရှင်း ကိုယ်တိုင်က နန်းတော်ကို ဆန့်ကျင်လို့ နန်းတော်က ထုတ်ပယ်ခံရတာ… သူက နန်းတော်က ထုတ်ပယ် ခံရပြီးတာနဲ့ နန်းတော်နဲ့ မဆိုင်တော့သလို တိုက်ရိုက်ရေး ရှီနန်းဆောင်နဲ့လည်း မသက်ဆိုင်တော့ဘူး… ဒါက ပုဂ္ဂိုလ်ရေးရာ ရပ်တည်မှုဆိုရင် ကျုပ်က ခင်ဗျားပြိုင်ဘက်တော့ မဟုတ်ဘူး… ဒါပေမဲ့ တော်ဝင်ကျဲနန်းတော်ရဲ့ ရပ်တည်ချက်အရဆိုရင် ကျုပ်က အပြစ်မရှိဘူး…” နန်ရှင်းက အေးစက်စွာ ပြောသည်။
သူက ရည်ရွယ်ချက်နှစ်ခုနှင့် ရောက်ရှိလာကာ တစ်ခုက စွပ်စွဲရန်နှင့် သူ၏ဂုဏ်သိက္ခာကို ကာကွယ်ရန် ဖြစ်သည်။
“ထျန်ရှင်း… မင်းဘာပြောမလဲ…” ရှီတန်ခိုးရှင် ထောင်ကျန်းက နန်ရှင်းနှင့် မပြောတော့ဘဲ ရှီတန်ခိုးရှင်ထျန်ရှင်းကို မေးသည်။ အရှင်ထျန်ရှင်းကား စည်းကမ်း ထိန်းသိမ်းရေးမှူး ဖြစ်ကာ သည်ကိစ္စက သူ၏လက်အောက်တွင် ရှိသည်။ ထို့အပြင် နန်ရှင်းက ထျန်ရှင်းနန်းဆောင်၏ အကြီးအကဲ တစ်ယောက်လည်း ဖြစ်သည်။
“နန်ရှင်းပြောတာ မမှားဘူး… ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်က ထုတ်ပယ်ခံရတယ်… ဒါကြောင့် သူ့ကိစ္စက တော်ဝင်ကျဲနန်းတော်နဲ့ မဆိုင်တော့ဘူး… ဒါက ပုဂ္ဂိုလ်ရေးကိစ္စဆိုရင် တော်ဝင်ကျဲနန်းတော်က နန်ရှင်းကို အရေးယူစရာ အကြောင်းမရှိဘူး… ပြီးတော့ ထိုက်ဟန်တောင်က ရီဖူရှင်းအတွက် လက်စားချေတာကလည်း နန်းတော်က ပါဝင်ပတ်သက်သင့်တဲ့အရာ မဟုတ်ဘူး… ဒါပေမဲ့ ထိုက်ဟန်တောင်ကလည်း ဒီကိစ္စမှာ အရမ်း ရက်စက် ကြမ်းကြုတ်တယ်… တကယ်လို့ တခြား အင်အားစုတွေကသာ ဒီနည်းလမ်းကို လိုက်လုပ်ကြရင် မြေရိုင်းပြည်နယ်ကတော့ သွေးချောင်း စီးတော့မှာပဲ…” ရှီတန်ခိုးရှင်ထျန်ရှင်းက ရှင်းပြသည်။
လျူချန်းက သူတို့အား ကြည့်ကာ တည်ငြိမ်စွာ ပြောသည်… “ဒီကိစ္စတွေက တော်ဝင်ကျဲနန်းတော်နဲ့ မသက်ဆိုင်ဘူး… ပြီးတော့ နန်ရှင်း… မင်းက လက်စားချေချင်ရင် ပွင့်ပွင့်လင်းလင်းလုပ်…. ဒီအတွက် မင်းဘာသာ တာဝန်ခံ… တော်ဝင်ကျဲနန်းတော်က ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ မပါဝင်ဘူး… မင်းရဲ့ သေခြင်းရှင်ခြင်းကလည်း နန်းတော်နဲ့ မဆိုင်ဘူး…”
“အမှန်ပါပဲ ဒုတိယ နန်းတော်အရှင်…” နန်ရှင်းက ပြုံးလျက် ခေါင်းညိတ်နေသော်လည်း စိတ်ထဲတွင်ကား ဆဲရေးတိုင်းထွာ နေသည်။ လျူချန်းကို ထိုက်ဟန်တောင်အား သွားရောက် တိုက်ခိုက်ခိုင်းရန် မည်သို့မှ မဖြစ်နိုင်တော့ပေ။
ထောင်ကျန်းက နန်ရှင်းကို အေးစက်စွာ ကြည့်သည်… “ရီဖူရှင်းနဲ့ ယူချင်းက တော်ဝင်ကျဲနန်းတော်က ထုတ်ပယ်ခံရပြီး နန်းတော်နဲ့ဘာမှ မဆိုင်တော့ပေမဲ့ သူတို့က နန်းတော်က ထွက်သွားတာနဲ့ လုပ်ကြံခံရတယ်… တော်ဝင်ကျဲ နန်းတော်က မြေရိုင်းပြည်နယ်ရဲ့ အဆင့်အမြင့်ဆုံးမှာ ရပ်တည်နေတယ်… တခြားလူတွေ အမြင်မှာ ဘယ်လိုနေမလဲ… ဒီလိုထပ်ဖြစ်ရင် ကျုပ်ကိုယ်တိုင် ဝင်ပါမှ အဆိုးမဆိုနဲ့…” ထောင်ကျန်းက ပြောကာ ထွက်သွားသည်။ နန်ရှင်းက သူ၏နောက်ကျောကို ကြည့်ကာ အမှန်ပင် စိုးထိတ်ရသည်။
“နန်ရှင်း… မင်းဘာသာ ဂရုစိုက်တော့…” လျူချန်းကလည်း နန်ရှင်းကို ကြည့်ကာ ပြောသည်။ နန်ရှင်းအား သူကလည်း သဘောမကျ ဖြစ်နေသည်မှာ ထင်ရှား၏။ သို့သော်လည်း သူက သည်ကိစ္စကို ထပ်၍ ဖိအားမပေးတော့ပေ။
***
စာစဉ်(၄၆) ပြီးပါပြီ
ဆက်ပါဦးမည်။
***