လောင်ရီထျန်းက အေးစက်သော မျက်နှာဖြင့် လက်ဝှေ့ယမ်း လိုက်သည်တွင် ရှေးဟောင်းကု့ချင်း တစ်လက်ပေါ်လာသည်။ ကု့ချင်းသံက ကောင်းကင်နှင့် မြေပြင်တို့နှင့် လိုက်လျောညီထွေစွာ ဖြစ်ပေါ်လာ၏။ နဂါးကလည်း ကောင်းကင်နှင့် ပေါင်းစပ်သွားကာ ရှီတန်ခိုးရှင်ထံသို့ နဂါးပုံရိပ်သုံးခုက ရုတ်တရက် ပြေးဝင်သွားကြသည်။
ရှီတန်ခိုးရှင်သုံးယောက်က ထိတ်လန့်စွာဖြင့် နောက်လှည့်ကာ အပြင်းအထန် ခုခံကြသည်။ သို့သော်လည်း နဂါးပုံရိပ်သုံးခုက သူတို့သုံးယောက်အား ဖြတ်သန်းသွားသည်တွင် စိတ်ဝိညာဉ်များ ပျက်ပြားကာ မြေပြင်ပေါ်သို့ အသက်မဲ့စွာ ကျဆင်းသွားကြသည်။ သူတို့သုံးယောက်က ရှီတန်ခိုးရှင် ဖြစ်သည့်အပြင် တစ်ယောက်က မိုရှီဖြစ်သည့်တိုင် တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ကြရ၏။
လောင်ရီထျန်းက သူ၏စွမ်းရည်များကို မည်မျှ ထုတ်ဖော်ခဲ့သည်ကို မည်သူမှ မသိသော်လည်း တစ်ချိန်က သူသည်လည်း ထိပ်သီးပုဂ္ဂိုလ်ကြီး အဆင့်တွင် ရှိခဲ့ရပေမည်။ သူတို့နှင့် လောင်ရီထျန်းအကြား စွမ်းအားကား မိုးနှင့်မြေပမာ ကွာဟပေ၏။
ရှေးဟောင်းကု့ချင်း ပျောက်ကွယ်သွားကာ လောင်ရီထျန်းက လောင်လင်းအာကို ကြည့်သည်။ လောင်လင်းအာက ခရမ်းနုရောင် နဂါးကြီးပေါ်သို့ ပျံဝင်တက်လာကာ လောင်ရီထျန်းဘေးကို လျှောက်လာ၏။
“ဦးလေး… လင်းအာ အရမ်းသတိရတာပဲ…” လောင်လင်းအာက လောင်ရီထျန်းကို ပွေ့ဖက်ကာ ပြောသည်တွင် သူက သူမ၏ဆံပင်အား အသာဖွလျက် ချစ်ခင်နှစ်လိုဖွယ်ကြည့်သည်။
“အရူးမလေး… မင်းက ဒီလောက် ကြီးနေပြီ.. ငိုနေတုန်းပဲလား…” လောင်ရီထျန်းက ညင်သာစွာ ပြောသည်။ ရှီတန်ခိုးရှင် သုံးယောက်ကို သတ်ဖြတ်ခဲ့သော သူ၏အေးစက်သော အမူအရာများကား လေနှင်တိမ်ကဲ့သို့ လွင့်ပါးသွားပြီ ဖြစ်ကာ ကြင်နာတတ်သော ဦးလေးတစ်ယောက် ဖြစ်နေလေပြီ။
“ဒါဆို ဦးလေးက လင်းအာနဲ့အတူ နေတော့မှာလား…” လောင်လင်းအာက ခေါင်းမော့ကာ လောင်ရီထျန်းကို မျှော်လင့်တကြီး ကြည့်သည်။
လောင်ရီထျန်းက သူမ၏ခေါင်းကို ပွတ်ကာ ပြောသည်… “ဦးလေးက အိပ်ဖို့လိုသေးတယ်… ဒါပေမဲ့ လင်းအာလေးဘေးမှာ အမြဲရှိနေမယ်…”
“ဦးလေး… ဒါတွေက ဘာတွေဖြစ်နေတာလဲ…” လောင်လင်းအာက မေးသည်။
“ပြန်သွားပြီးတော့ မင်းအဖေကို မေးလိုက်…” လောင်ရီထျန်းက ပြုံးလျက်ပြောကာ ရီဖူရှင်းတို့အုပ်စုဘက်ကို လှည့်သည်။
ရီဖူရှင်းကလည်း ခေါင်းမော့ကာ နာမည်ကျော် အနောက်တောင် နဂါးကလန် ခေါင်းဆောင်ဟောင်းကို ကြည့်သည်… “စီနီယာက ကျွန်တော့်အသက်ကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်…”
လောင်ရီထျန်းက ခေါင်းညိတ်ကာ ပြန်ပြောသည်… “လင်းအာကို ဂရုစိုက်ပေးပါ…”
နဂါးအော်သံနှင့်အတူ လောင်ရီထျန်းနှင့် နဂါးကြီးတို့က မှုန်ဝါး ပျောက်ကွယ်သွားသည်။ အစီအရင်ဝင်္ကပါ၏ အလင်းများကလည်း မှေးမှိန်သွားကာ ပုံရိပ်ယောင်များက ကျောက်စိမ်းနဂါး လည်ဆွဲထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားကြ၏။
“ဦးလေး…” လောင်လင်းအာ၏ မျက်နှာက အလွန်အမင်း နာကျင်ခံစားနေရဟန် ရှိသော်လည်း လောင်ရီထျန်း ပျောက်ကွယ်သွားသည်ကို သည်အတိုင်းသာ ရပ်ကြည့်နေရသည်။ နောက်ဆုံးတွင် ကျောက်စိမ်း နဂါးလည်ဆွဲက မှေးမှိန်သွားကာ သာမန်လည်ဆွဲကဲ့သို့ ဖြစ်သွား၏။ သို့သော် သည်လည်ဆွဲကား သာမန် လည်ဆွဲတစ်ခုထက် ပို၏။
“လင်းအာ… ငါတို့သွားဖို့လိုတယ်…” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ…” လောင်လင်းအာက ငိုကြွေးကာ ခေါင်းညိတ်သည်။ ကံဆိုးမိုးမှောင်ကျမှုမှ အသက်ဘေး သီသီလေး လွတ်မြောက်ခြင်းတွင် သူမတို့အားလုံးက မြန်ဆန်စွာ ထက်သွားရန် လိုနေသည်ကိုလည်း နားလည်သည်။
“သွားစို့…” ရီဖူရှင်းက ပြောသည်တွင် သိမ်းငှက်နက်က သူတို့အား သယ်ဆောင်၍ မြန်ဆန်စွာပင် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ သူတို့အားလုံးက ဒဏ်ရာပြင်းစွာ ရထားရာ နောက်ထပ် ရှီတန်ခိုးရှင်များ ရောက်လာပါက သေချာပေါက် အဆုံးသတ်သွားမည် ဖြစ်သည်။
သည်တစ်ခေါက် လင်းအာအား နန်းတော်သို့ ပြန်မလွှတ်တော့ပေ။ သူမအတွက် ယခုအချိန်က နန်းတော်ကို ပြန်ရန် အန္တရာယ်ကင်းသော အချိန်မဟုတ်ဟု ရီဖူရှင်းက ယူဆသည်။
သူတို့ထွက်သွားပြီး သိပ်မကြာခင် လူအနည်းငယ်က ထိုနေရာသို့ ရောက်လာကြသည်။ သူတို့ကား ကျွန်းစုတစ်ထောင် တော်ဝင်မြေမှ လူများဖြစ်ကြ၏။ သူတို့က မြေပြင်မှ အလောင်းမျာကို မြင်သည်တွင် အံ့အားသင့် သွားကြသည်။
“နန်ယွဲ့…” တစ်ယောက်က သတိရသွားကာ ရေရွတ်လိုက်သည်။ အသတ်ခံရသော တစ်ယောက်ကား နန်းတော်တွင် လေ့ကျင့်ဖူးသော နန်ကလန်မှ နန်ယွဲ့ဖြစ်သည်။
“နန်းတော်ကို သွားသတင်းပို့ရအောင်…” တစ်ယောက်က အကြံပေးသည်။ သည်ကိစ္စက အသေးအမွှားကိစ္စ မဟုတ်ကြောင်း ရိပ်မိလိုက်ကြသည်။
တိမ်ဖြူမြို့၊ ကွန်ဆွန်ကလန်တွင် ဖြစ်သည်။
ကွန်ဆွန်ကလန်က အရောင်မှေးမှိန် ပျောက်ကွယ်သွားသော ကျောက်စိမ်းပြားကို ကြည့်ကာ မျက်နှာက သုန်မှုန်နေသည်။ သူတို့ စေလွှတ်ခဲ့သော ရှီတန်ခိုးရှင်ကား သေဆုံးသွားခဲ့သည်။ ဆိုလိုသည်က လုပ်ကြံမှု မအောင်မြင်ခဲ့ပေ။
ရီဖူရှင်းအား သတ်ရန် သူတို့က မိုရှီတန်ခိုးရှင်ကိုပင် စေလွှတ်ခဲ့၏။ သူတို့က မည်သို့ မအောင်မမြင် ဖြစ်ရသနည်း။ သူတို့က မမျှော်လင့်သော အခြေအနေကို ခန့်မှန်းတွက်ချက်ကာ အဆုံးစွန်အထိ တွေးထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း လုပ်ကြံမှုအား ကွန်ဆွန်ကလန် တစ်ခုတည်းက ကြံစည်ခြင်းမဟုတ်ဘဲ နန်းတော်မှ လူများလည်း ပါဝင်ပေသည်။ ထို့ကြောင့် သူတို့၏အစီအစဉ်က ပြည့်စုံကောင်းမွန်ခဲ့၏။
ကွန်ဆွန်ကလန်သာ မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ကျုံးကျိုးနယ် နန်ကလန်တွင်လည်း ထိုနည်းတူဖြစ်သည်။ နန်ကလန် ခေါင်းဆောင်က အရောင်ပြယ်သွားသော ကျောက်စိမ်းပြားကို ကြည့်ကာ မျက်နှာ တင်းမာနေသည်။
သူတို့က သတင်းကို နားစွင့်နေခဲ့ကြသည်။ သို့သော် ဘာဖြစ်ခဲ့သည်ကို မသိရကြပေ။
***
ရက်အနည်းငယ် ကြာသောအခါ မြေရိုင်းပြည်နယ်တွင် သတင်းများ ပျံ့နှံ့လာခဲ့သည်။ ရီဖူရှင်း နန်းတော်မှ ထွက်သွားသည့်နေ့တွင် ကျွန်းစုတစ်ထောင် တော်ဝင်မြေ အပြင်ဘက်၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့၏။ ရှီတန်ခိုးရှင်အချို့ သေကျေခဲ့ကာ ထိုအထဲတွင် နန်းတော်၏ တပည့်ဖြစ်သလို နန်ကလန်မှလည်း ဖြစ်သော နန်ယွဲ့တစ်ယောက် ပါဝင်ခဲ့၏။ တခြား ရှီတန်ခိုးရှင်များကား ကွန်ဆွန်ကလန်မှဟု ကောလာဟလများ ထွက်လာသည်။
ထိုသတင်းက မြေရိုင်းပြည်နယ် တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ရီဖူရှင်းက လုပ်ကြံသူများ၏ ပစ်မှတ်ဖြစ်သည်ဟု လူအများအပြားက ခန့်မှန်းခဲ့ကြသည်။ ယခင်က တော်ဝင်လမ်းကို ရီဖူရှင်းနှင့်အတူ ဖြတ်ကျော်ခဲ့ဖူးသူများရှိကာ ရီဖူရှင်းနှင့် ယူချင်းက နန်ကလန်၏ပါရမီရှင်ကို သတ်ဖြတ်ခဲ့သည်။ နန်ဟောင်ကား နန်ကလန်၏ နာမည်ကျော် ပါရမီရှင်ဖြစ်သည်။ သို့သော်လည်း သူကား နန်းတော်ကို မဝင်မီတွင်ပင် ဆိုးဆိုးဝါးဝါး သေဆုံးခဲ့ရ၏။ တူညီစွာပင် ကွန်ဆွန်ကလန်၏ ပါရမီရှင်ကလည်း အာခီမီမြို့တွင် ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ နန်ကလန်နှင့် ကွန်ဆွန်ကလန်တို့က ရီဖူရှင်းအား လုပ်ကြံရန် ကြိုးစားခဲ့သည်မှာ မထူးဆန်းတော့ပေ။ သို့သော်လည်း လုပ်ကြံရန် ကြိုးစားသည့် ရှီတန်ခိုးရှင် ငါးယောက်က မည်သို့ သေဆုံးခဲ့ကြသနည်း။
သုံးယောက်က စိတ်ဝိညာဉ်ပျက်စီးကာ သေဆုံးခဲ့ကြသည်။ သတ်ဖြတ်သူကား အလွန် အားကောင်းသော စိတ်ဝိညာဉ် တိုက်ခိုက်သူ ဖြစ်ရမည်။
ရီဖူရှင်းတို့အား မည်သူက ကာကွယ်သွားခဲ့သနည်း။ ယခု ရီဖူရှင်းတို့က မည်သည့်နေရာတွင် ရှိသနည်း။
သူတို့ကား မြေရိုင်းပြည်နယ်တွင် လုံးဝ စုပ်စမြုပ်စ ပျောက်ကွယ်နေသည်။ သူတို့နှင့် ပတ်သက်သော သတင်းများ မရှိသလို သူတို့က ကျူးကော့မိသားစုကိုလည်း ပြန်ရောက် မလာကြပေ။
ကျူးကော့မိသားစုတွင် ကျူးကော့မင်းယွီကား အလွန် စိုးရိမ်ပူပန်နေသည်။ သူမ၏ မောင်ငယ်လေးကား နန်းတော်သို့ သွားပြီး ပြန်ရာလမ်းတွင် လုပ်ကြံမှုကို ခံရသည်။
တိုက်ခိုက်ရေး ရှီနန်းဆောင်တွင် ရှီတန်ခိုးရှင် ထောင်ကျန်းကား အလွန်ဒေါသပေါက်ကွဲကာ သူ့နန်းဆောင်မှ လူများအား ထိုကိစ္စကို သေသေချာချာ စုံစမ်းခိုင်း၏။ သိသာစွာပင် သည်ကိစ္စတွင် နောက်ကွယ်မှ ကြိုးကိုင်သူရှိသည်။
ယခု ကျုံးကျိုးနယ် အရှေ့ဘက်၌ အဆုံးမဲ့သော တောင်တန်းများပေါ်တွင် ရီဖူရှင်းနှင့် ယူချင်းတို့က ကျောက်ဆောင်တစ်ခု၌ ထိုင်နေကြသည်။ သဘာဝ စွမ်းအားများက သူတို့ခန္ဓာကိုယ်တွင် ရစ်ပတ်ကာ အသက်ဓာတ်များကို အားဖြည့်နေကြ၏။
ဘုန်း… ဘုန်း… ဘုန်း…
တစ်ချိန်တည်းမှာပင် ထိုက်ဟန်တောင်က တဘုန်းဘုန်း မြည်သံများနှင့်အတူ ကြောက်မက်ဖွယ် ငလျင်များ စတင် ဖြစ်ပေါ်လာသည်။ ရီဖူရှင်းတို့က မျက်လုံး ဖွင့်ကြည့်သည်တွင် အဝေး၌ ရွှေလူဝံများက တစ်နေရာတည်းတွင် စုစည်း လာနေကြသည်။ သူတို့ရှေ့တွင်ကား ထိုက်ဟန်တောင် ဘုရင်ကြီး ရပ်နေ၏။
ဘုန်း… ကျယ်လောင်သော အသံနှင့်အတူ ယန်ဟောင်က မြေပြင်ပေါ်ကို ဆောင့်နင်းကာ လေထဲကို ခုန်တက်သွားသည်တွင် မြေပြင်က အက်ကွဲကျန်ရစ်ခဲ့၏။ လူဝံကြီးယန်ဟောင်ကား လေထဲကို ပျံသန်းသွားကာ တစ်ချိန်တည်းမှာပင် လူဝံများအားလုံးက သူ့နောက်မှ ပျံသန်း လိုက်ပါသွားကြ၏။
နန်ကလန်ကား ကျုံးကျိုးနယ်၏အရှေ့ဘက်တွင် တည်ရှိကာ ထိုက်ဟန်တောင်ဖြင့် သိပ်မဝေးပေ။
နန်ကလန်ကလည်း တစ်ချိန်က အင်အားကြီးကလန် ဖြစ်သည်။ ယခင်က သူတို့ကလန်တွင် ကောင်းကင်မြေရိုင်းအဆင့် ထိပ်သီးပုဂ္ဂိုလ်များ ရှိခဲ့ဖူး၏။ ယခု သူတို့ကလန်ကား ဆုတ်ယုတ်သွားခဲ့ကာ နန်းတော်မှ အကြီးအကဲနန်ကား သူတို့ ကလန်ထံတွင်ရှိသော တစ်ဦးတည်းသော စွမ်းအားမြင့် ပုဂ္ဂိုလ်ဖြစ်သည်။
သည်ရက်ပိုင်းအတွင်း နန်ကလန်ခေါင်းဆောင်ကား စိတ်လက် လေးလံနေသည်။ ယနေ့ လုပ်ကြံမှု မအောင်မြင်ခဲ့သလို မည်သူက ရီဖူရှင်းကို ကာကွယ် သွားသည်ကိုလည်း မသိရပေ။ ထိုလူ၏အဆင့်က အနည်းဆုံး မိုရှီဖြစ်ရမည်ဖြစ်ကာ တခြား ပိုမိုအားကောင်းသော နောက်ခံ ရှိမည်မရှိမည်ကို မသေချာသေးပေ။
သူတို့က ရီဖူရှင်းအား လုပ်ကြံရဲခြင်းမှာ ရီဖူရှင်းက နန်းတော်မှ ထုတ်ပယ်ခံရပြီး ဖြစ်ကာ နန်းတော်က ပြင်ပလောကမှ ကိစ္စများကို ဝင်စွက်ဖက်လေ့ မရှိသောကြောင့် ဖြစ်၏။ လုပ်ကြံမှု အောင်မြင်သည်နှင့် မည်သူလုပ်ခဲ့သည်ကို ဖော်ထုတ် သိရှိမည် မဟုတ်တော့ပေ။
ကျူးကော့မိသားစုနှင့် အာခီမီမြို့တို့က ရီဖူရှင်းနှင့် အဆက်အဆံရှိသည် ဆိုသော်လည်း ထိုပတ်သက်မှုက ရီဖူရှင်း၏စီနီယာ အစ်ကို အစ်မများကြောင့်သာ ဖြစ်ပေသည်။ ထို့ကြောင့် သူတို့၏ပတ်သက်မှုက သိပ်ခိုင်မြဲမည် မဟုတ်ရာ ကျူးကော့ချန်းဖန်နှင့် ယူစီတို့က ဝင်ပါကြမည် မဟုတ်ပေ။
ယခင်က နန်ဟောင် သေဆုံးခဲ့ခြင်းအား နန်ကလန်က လုံးဝ ကျေနပ်ခဲ့ခြင်း မရှိပေ။ သို့သော် ရီဖူရှင်းက နန်းတော်ကို ဝင်သွားပြီးနောက် သူတို့က လက်စားချေနိုင်စွမ်းမရှိ ဖြစ်ခဲ့ရ၏။ ယခု အခွင့်အရေးရ၍ လုပ်ကြံခဲ့ကြသော်လည်း သူတို့ အမှန်တကယ် မအောင်မြင်ခဲ့ကြပေ။
ဘုန်း… ကလန်အပြင်မှ တုန်ခါသံတစ်သံကို ကြားသည်တွင် နန်ယွန် မျက်မှောင်ကြုတ်လိုက်သည်။ ဘာဖြစ်နေသနည်း။ သူတစ်ယောက်တည်း မဟုတ်ပေ။ နန်ကလန်မှ လူများအားလုံးက မြေပြင်တုန်ခါမှုကို ခံစားမိကြသည်။
နန်ကလန် အပြင်ဘက်တွင် မြို့မှ လူများက သူတို့ရှေ့မှ မြင်ကွင်းအား ထိတ်လန့်စွာ ကြည့်နေကြသည်။ မြေပြင်ကို ရွှေလူဝံများ တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်လာကြရာ တဘုန်းဘုန်း မြည်သံများနှင့်အတူ မြေပြင်က အက်ကွဲကြောင်းများ ဖြစ်လာကြသည်။ ရွှေလူဝံကြီးများ အားလုံး၏ ကိုယ်ရောင်ကိုယ်ဝါများက ကြမ်းတမ်း ခက်ရော်စွာ ထွက်ပေါ်နေကြ၏။ သူတို့၏ ခန္ဓာကိုယ် အရွယ်အစားက ဆယ်မီတာခန့် ကြီးမားလာကာ ရှေ့ကို ပြေးလွှား လာကြသည်။ လေထဲတွင်လည်း အလွန်အားကောင်းသော လူဝံကြီးများ ပျံသန်းလာကြသည်။ ရှေ့ဆုံးမှကား လူဝံများ၏ဘုရင်က ကြီးမားသော အရှိန်အဝါဖြင့် ပျံသန်းလာနေသည်။
လူအများအပြားက အရပ်မျက်နှာကိုယ်စီသို့ ပျံသန်း ထွက်ပြေးကြသည်။ ရွှေလူဝံများက နန်ကလန်ထံကို ဦးတည်နေကြသည်ကို သူတို့ သိလိုက်ကြသည်။ ယခု သူတို့ကလည်း နန်ကလန်ဘက်ကို လိုက်ပါ ပျံသန်းနေကြကာ ပွဲကြည့်ရန် အဆင်သင့် ဖြစ်နေကြ၏။ အချို့က ရှေ့မှ ထိတ်လန့်ဖွယ်မြင်ကွင်းကို ကြည့်ကာ အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေကြသည်။
ထိုက်ဟန်တောင်မှ ရွှေလူဝံများက နန်ကလန်ကို လာရောက်သည်မှာ ထင်ရှားပေသည်။
နန်ကလန်ထံမှလည်း ရှီတန်ခိုးရှင်အချို့ လေထဲကို ခုန်တက်လာကာ ထိုက်ဟန်တောင် ဘုရင်ကြီးအား ဦးညွှတ်ကာ နှုတ်ဆက်သည်… “စီနီယာလူဝံကြီးကို နှုတ်ဆက်ပါတယ်… ဘာလို့ စီနီယာက ဒီကို ရောက်လာတာပါလဲ… ”
“သတ်…” ယန်ဟောင်က အလွန်အေးစက်သော လေသံဖြင့် ပြောသည်။ ထိုခဏ၌ပင် ရာချီသော ရွှေလူဝံများက ထက်ရှသော ရွှေလှံတံများကို ကိုင်စွဲကာ လေထဲကို ပျံသန်းလာကြသည်။ ရွှေရောင်လှံရှည်များက ရှီတန်ခိုးရှင်ထံသို့ လျှပ်စီးတန်းများကဲ့သို့ ပြေးဝင်သွားကြသည်။
အဖြစ်အပျက်ကား မြန်ဆန်လွန်းလှသည်။ လှံရှည်ပစ်သွင်းလိုက်သော လူဝံများကား ထိုက်ဟန်တောင်၏ စွမ်းအားမြင့်လူဝံများ ဖြစ်ကြ၏။ ရှီတန်ခိုးရှင်က ထိတ်လန့်စွာဖြင့် နောက်ဆုတ်ရန် ကြိုးစားသော်လည်း မိုးစက်မိုးပေါက်များပမာ လှံတံများ ကျဆင်းလာသည်တွင် ရှောင်တိမ်းနိုင်စွမ်း မရှိပေ။
စွတ်… စွတ်…
ရွှေရောင်လှံရှည်များက သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်ကာ မြေပြင်တွင် ပူးကပ် သွားစေသည်။ ရှီတန်ခိုးရှင် တစ်ယောက်ကား ထိုနေရာတွင်ပင် သေဆုံးခဲ့ရ၏။
နန်ကလန်တွင် မရေမတွက်နိုင်သော လူများက ထိုမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်ကြသည်။ ထိုက်ဟန်တောင်က သူတို့အား သတ်ဖြတ်ရန် သူတို့၏ တန်ခိုးရှင်များကို စေလွှတ်ခဲ့သည်။
“စီနီယာယန်ဟောင်… ကျုပ်တို့နန်ကလန်က ဘယ်တုန်းက ထိုက်ဟန်တောင်ကို အပြစ်လုပ်မိတာလဲ…” တစ်ယောက်က အော်ဟစ်သော်လည်း ထိုအခိုက်တွင်ပင် ရွှေလူဝံတစ်ကောင်က သူ့ရှေ့ကို ရောက်လာပြီး လက်ဝါးဖြင့် ရိုက်နှက်ကာ သတ်ဖြတ်သွားသည်။
ဝုန်းခနဲ မြည်သံနှင့်အတူ နန်ကလန်၏ ပင်မတံခါးကြီးက ချိုးဖျက်ခံရသည်။ ထို့နောက်တွင် နန်ကလန်၏ အဆောက်အဦများက မြန်ဆန်စွာပင် ဖျက်ဆီးခြင်းခံရကာ ရွှေလူဝံများက အဆောက်အဦများပေါ်သို့ ကျဆင်းပြီး သူတို့၏ အရှိန်အဝါများက နန်ကလန် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“ယန်ဟောင်…” အလွန်အေးစက်သော အသံတစ်သံကို ကြားကြရသည်။ နန်ကလန်ခေါင်းဆောင် နန်ယွန်က လေထဲကို ပျံသန်းလာကာ အော်ဟစ်သည်… “ယန်ကျန်းက အဲဒီတုန်းက အဲဒီနေရာမှာ ရှိနေမယ်လို့ ကျုပ်မသိဘူး… နန်ကလန်က ယန်ကျန်းကို သေချာပေါက် ထိမှာ မဟုတ်ဘူး…” ယန်ကျန်းက ရီဖူရှင်းနှင့်အတူ ထွက်ခွာသွားခဲ့သည်ကို သူသိပြီးဖြစ်သည်။ နန်ယွဲ့က သေချာပေါက် ယန်ကျန်းကို သတ်မည်မဟုတ်ပေ။ မည်သို့ဆိုစေ သူတို့က ယန်ကျန်းနှင့် အငြိုးအတေးမရှိရာ မလိုအပ်ဘဲ ထိုက်ဟန်တောင်ကို ရန်သူမဖြစ်စေပေ။
ယန်ဟောင်၏ ရွှေရောင်မျက်လုံးများက နန်ယွန်ထံကို ရောက်လာသည်။ ယခုအချိန် ရောက်သည်အထိ နန်ယွန်က အဘယ်ကြောင့် သူရောက်လာသည်ကို နားလည်ဟန်မတူ။
“နန်ကလန်က သူတို့ရဲ့ထူးချွန်တဲ့ ရှီတန်ခိုးရှင်တွေကို နှစ်သက်မှတော့ ဒီနေ့ နန်ကလန်ရဲ့ ရှီတန်ခိုးရှင်တွေကို တစ်ယောက်မှ အလွတ်မပေးနဲ့… နိုဘယ်တွေ ဝင်ပါရဲရရင် သူတို့အားလုံးကိုပါ သတ်…” ယန်ဟောင်၏အသံက နန်ယွန်၏နားထဲကို မုန်တိုင်း ထန်သွားစေသည်။
နန်ကလန်၏ ရှီတန်ခိုးရှင်တစ်ပါးမှ အသက်ရှင်ကျန်မည် မဟုတ်ပေ။ အကယ်၍ နိုဘယ်အဆင့်များက ဝင်စွက်ဖက်ရဲပါက သူတို့အားလုံး အသတ်ခံရမည်။ ဤသည်ကား နန်ကလန်အား အလုံးစုံ ဖျက်ဆီး လိုက်သည်နှင့် မခြားပေ။
မြေရိုင်းဒေသတွင် ရှီတန်ခိုးရှင်များကား ပင်မထောက်တိုင်များ ဖြစ်ကြသည်။ အဖွဲ့အစည်းတစ်ခုက ရှီတန်ခိုးရှင် တစ်ပါးရှိမှ အသင့်အတင့် ရပ်တည်နိုင်သည်။ ကလန်တစ်ခုကို ထား၍ မြို့ငယ်လေးများတွင်ပင် ရှီတန်ခိုးရှင်တစ်ပါးက ရှားရှားပါးပါး ရှိနေတတ်ခြင်း ဖြစ်သည်။ ထို့အပြင် နန်ကလန်ကား အင်အားကြီးကလန် တစ်ခုဖြစ်ရာ သူတို့တွင် ရန်သူများ ရှိပေသည်။ ကြွယ်ဝချမ်းသာပြီး ပိုင်ဆိုင်မှုများစွာလည်း ရှိသည်။ အကယ်၍ ရှီတန်ခိုးရှင်များသာ အသတ်ခံရပါက နန်ကလန်မည်သို့ ဆက်လက် အသက်ရှင်မည်နည်း။
***