ရက်အနည်းငယ် ကြာပြီးနောက် နဂါးပတ်တောင်မှ သတင်းက မြေရိုင်းပြည်နယ်ကို ပျံ့နှံ့သွားတော့သည်။
ပိုင်လွေလီနှင့် ကျူးကော့မင်းယွီတို့၏ စေ့စပ်ပွဲက မြေရိုင်းပြည်နယ် တစ်ခုလုံး မျှော်လင့်နေသော ကိစ္စဖြစ်ကာ ယခု တစ်စုံတစ်ယောက်က သတို့သမီးအား ဝင်ရောက် လုယူခဲ့သည်။ အဆုံးသတ်၌ အမှန်တကယ်ပင် သတို့သားက ဂူတုံးလျိုဖြစ်သွားကာ ထိုနေ့၌ ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့ လက်ထပ်ခဲ့ကြ၏။ ထိုနေ့က ဂူတုံးလျိုနှင့် ပိုင်လွေလီတို့ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲတွင် အလယ်အလတ်တန်းစား ရှီက အဆင့်မြင့်ရှီကို ဒဏ်ရာရစေအောင် တိုက်ခိုက်နိုင်ခဲ့သည်။ အချို့က နောင်နှစ် အနည်းငယ်ကြာလျှင် ဂူတုံးလျိုကပင် ပိုင်လွေလီထက် ပိုမို အားကောင်း လာနိုင်သည်ဟု ပြောကြဆိုကြသည်။ သို့သော်လည်း ထိုစကားက အများစုအတွက်မူ လက်သင့်ခံနိုင်စရာ မဟုတ်ပေ။
အတိတ်က ပိုင်လွေလီကား သူ၏မျိုးဆက်တွင် အားလုံးကို ဦးဆောင်ကာ အပေါ်ဆုံး၌ ရပ်နေနိုင်သော ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်သည်။ သူ့အား စိန်ခေါ်သူတိုင်းက ရှုံးနိမ့်ခဲ့ကြသည်သာ…။ ယခု သူ့အား ယှဉ်ပြိုင်နိုင်သော လူတစ်ယောက် အမှန်ပင် ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် ကြောက်မက်ဖွယ် ကောင်းအောင် ပါရမီမြင့်သော ရီဖူရှင်းလည်း ရှိနေသေးသည်။ ပိုမို၍ စိတ်ဝင်စားဖွယ် ကောင်းသည်က ရီဖူရှင်းကား ဂူတုံးလျို၏ဆရာတူညီ ဖြစ်နေခြင်းပင်။
နောက်သတင်းတစ်ခုကား ယခု ကျူးကော့ချန်းဖန်၏ သမက်ဖြစ်သွားသော ဂူတုံးလျိုက ယွီပြည်နယ် ကျိရှမ်းကမ်းပါးမှ လူများကို အပြစ်လုပ်မိသည် ဟူ၏။ ယခု ထိုလူများက ဂူတုံးလျိုကို ခွင့်လွှတ်ပေးမည့်ပုံ ရှိဟန်မရပေ။ သူတို့က ဂူတုံးလျိုအား ဖမ်းဆီးနိုင်ရန် ပိုမိုအားကောင်းသော လူများအား သွားရောက် ခေါ်ဆောင်နေသည်ဟု ခန့်မှန်းကြသည်။
သည်ကိစ္စက ယွီပြည်နယ်နှင့် မြေရိုင်းပြည်နယ်တို့ အကြား ပြဿနာ ဖြစ်စေနိုင်မည်လားကိုလည်း မည်သူကမှ မခန့်မှန်းတတ်ပေ။
ပြည်နယ်ကိုးခုက အချင်းချင်း အဆက်အဆံ အနည်းငယ် ရှိသည် ဆိုသော်လည်း တန်ခိုးရှင်များက ထိုမျှ ရှည်ကြာသော ခရီးကို ဖြတ်ကျော်ရန် အချိန်လိုပေသည်။ ထိုသို့ ပြည်နယ်များအကြား ခရီးသွားနိုင်သူများမှာလည်း ရှီတန်ခိုးရှင်များသာ ဖြစ်ကြသည်။
ထို့ကြောင့် သာမန်လူများအတွက် မြေရိုင်းပြည်နယ်က လုံလောက်အောင် ကျယ်ပြန့်ကာ အများစုက တခြားပြည်နယ်များကို တစ်သက်လုံးတွင် တစ်ကြိမ်တစ်လေမှပင် နယ်ခြား ပြည်နယ်များကို မရောက်ဖူးဘဲ အိုမင်းသေဆုံး သွားကြလေ့ရှိသည်။ ထို့ကြောင့် ထိုပြည်နယ်များက လူအများစုအတွက် အဆန်းတကြယ် နေရာများဖြစ်ကာ အထိအတွေ့ အဆက်အဆံ နည်းပေသည်။ ကျိရှမ်းကမ်းပါးကလည်း သမိုင်းစာအုပ်များ၊ ရှေးဟောင်း စာအုပ်များတွင်သာ ကြားဖူးကြလေ့ရှိသည်။
နဂါးပတ်တောင်၏ လခြမ်းအိမ်တော်တွင် လေ့ကျင့်ရေးကွင်းများ ရှိပေသည်။ ရီဖူရှင်းက အဆောင်အဦတစ်ခုတွင်ရပ်ကာ လေ့ကျင့်ရေးကွင်းကို ကြည့်နေသည်။ ထိုနေရာတွင်ကား နတ်ဘုရားပုံရိပ်အသွင် တစ်ခု၏လှုပ်ရှားမှုများကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။
ကျူးကော့မင်းယွီနှင့် ဟွာဂျီယူတို့ကလည်း ရီဖူရှင်းအနီးမှာ ရပ်နေကြသည်။ ကျူးကော့မင်းယွီကလည်း လေ့ကျင့်ရေးကွင်းမှ လူငယ်ကို လှမ်းကြည့်နေသည်။
“အစ်ကို၃က အခုထိ လေ့ကျင့်နေသေးတာလား…” ရီဖူရှင်းက မေးသည်။
“ဟုတ်တယ်…” ကျူးကော့မင်းယွီက ခေါင်းညိတ်ကာ ဆက်ပြောသည်…”တိုက်ပွဲမှာ သူက သိနားလည်ခဲ့တာ နည်းနည်းရှိတယ်… တိုက်ပွဲမှာ လေ့ကျင့်ဖို့ အခွင့်အရေး မရတော့ သူက ညတွင်းချင်းပဲ လာပြီး လေ့ကျင့်နေတာ…”
“ဒါပေမဲ့… ” ရီဖူရှင်း အံ့အားသင့်သွားသည်… “ဒါက အချိန်ကောင်းပဲ…” လက်ထပ်ပွဲနေ့၏ အချိန်စက္ကန့်တိုင်းက တန်ဖိုးဖြတ်မရသော အချိန်များဖြစ်သည်။ အစ်ကို၃က ထိုအချိန်များကို မည်သို့ အလဟဿ ဖြစ်စေရသနည်း။
“မင်း ဘာတွေ စဉ်းစားနေတာလဲ…. မောင်ငယ်လေး…” ကျူးကော့မင်းယွီက သူ့အား ပြုံးလျက်ကြည့်သည်။ ရီဖူရှင်းက ဆတ်ခနဲ တုန်သွားကာ ပြန်ပြောသည်… “မ… မဟုတ်ပါဘူး… ဒါက စိတ်မကောင်းစရာပဲလို့… အစ်ကို၄နဲ့အစ်ကို၅က ဒီကို ခက်ခက်ခဲခဲ ထွက်လာကြတာ… အခု သူက လေ့ကျင့်နေတော့ အကုန်လုံး ဝိုင်းဖွဲ့စကားပြောလို့ မရတော့ဘူးပေါ့…”
ရွှီယီနှင့် လျိုဖန်းတို့က အာခီမီမြို့ကို ပြန်သွားကြပြီး ဖြစ်သည်။
ကျူးကော့မင်းယွီက သူ့အား ပြုံးမယောင်ဖြင့် ကြည့်သည်။ ကောင်စုတ်လေးက သူ၏အစ်ကို၃နှင့် အစ်မ၂ကိုပင် လှောင်ပြောင် စနောက်ရဲနေလေပြီ။
“အစ်မ၂…. အစ်ကို၃က နောက်တစ်ဆင့် တက်တော့မှာလား…” ရီဖူရှင်းက စိတ်လှုပ်ရှားစွာ မေးသည်။ အကယ်၍ အစ်ကို၃က နောက်တစ်ဆင့်ကို တက်လှမ်းပါက ပိုင်လွေလီနှင့် အဆင့်တူ သွားပေလိမ့်မည်။ ထိုအချိန်တွင် ပိုင်လွေလီနှင့် အစ်ကို၃တို့ ထပ်မံတိုက်ခိုက်ပါက ရလဒ်ကို ယခင်တိုက်ပွဲများနှင့် တူညီမည် မဟုတ်တော့ပေ။
“ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်… ဒါပေမဲ့ သူ့အလိုအရ သူ့သက်စောင့်ဝိညာဉ်မှာ အပြောင်းအလဲတွေ ဖြစ်နေတယ်…” ကျူးကော့မင်းယွီက ပြန်ပြောသည်။
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ကြည့်ရတာ အစ်ကို၃က တော်တော်ကြာအောင် လေ့ကျင့်ဦးမယ် ထင်တယ်… ကျွန်တော် မစောင့်တော့ဘူး.. ကျွန်တော်က တော်ဝင်ကျဲနန်းတော်ကို တစ်ခေါက် ပြန်သွားလိုက်ဦးမယ်…”
“နင်နဲ့ အတူလိုက်ဖို့ လူတွေ လိုလား…” ကျူးကော့မင်းယွီက မေးသည်။
“မလိုပါဘူး… ကျွန်တော်က ကလေးမှ မဟုတ်တော့တာ… အခု ရှီအဆင့်အောက်မှာ ကျွန်တော်က အားအကောင်းဆုံးပဲ…” ရီဖူရှင်းက ခေါင်းယမ်းကာ ရယ်မောလိုက်သည်။ ကျူးကော့မိသားစုက ကိစ္စတချို့နှင့် ပတ်သက်၍ သူ့အပေါ် အမြင်ကြည်သည် မဟုတ်ပေ။
“ကောင်းပြီ…” ကျူးကော့မင်းယွီက ခေါင်းညိတ်သည်။
“ဒါဆိုလည်း ကျွန်တော် သွားလိုက်ပါဦးမယ်…” ရီဖူရှင်းက ယူချင်း၊ ယိရှောင်ရှီနှင့် ဟွာဂျီယူတို့ကို သွားရောက် ခေါ်ဆောင်ကာ ကျူးကော့အိမ်တော်မှ အတူတူ ထွက်လာကြသည်။
***
တော်ဝင်ကျဲ နန်းတော်တွင်လည်း နဂါးပတ်တောင်မှ လာသော သတင်းများကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ ရီဖူရှင်းက ပိုင်လွလီနှင့် ကျူးကော့မင်းယွီတို့ လက်ထပ်ပွဲကို ဆန့်ကျင်ခဲ့ရာ ယခု နန်းတော်မှ ထုတ်ပယ်ခံရသည်။ ယခု သူတို့နှစ်ယောက်အား ပါရမီရှင်အဆင့်မှ ဖယ်ရှားပြီးဖြစ်ကာ ယခု ပါရမီရှင်အဆင့်၁က စီမင်ဟန်ကျင့် ပြန်ဖြစ်သွားသည်။
ယခု ရီဖူရှင်းကား နန်းတော်အဝင်ဝကို ရောက်လာပြီ ဖြစ်သည်။
“ကျွန်တော်က ဆရာကို လာနှုတ်ဆက်တာ ဖြစ်ပြီးတော့ မိသားစုတွေကိုလည်း လာခေါ်တာပါ… သူတို့ကို သတင်းပို့ပေးပါဦး…” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ…” အစောင့်က ရီဖူရှင်းကို ကောင်းကောင်း သိပေသည်။ သူက ပြန်လာသောအခါ ရီဖူရှင်းအား ပြောသည်… “သွားလို့ရပြီ…”
ရီဖူရှင်းက ဟွာဂျီယူအား ရှီတန်ခိုးရှင်ထောင်ကျန်းထံသို့ သွားရောက် နှုတ်ဆက် ဂါရဝပြုစေသည်။ ရီဖူရှင်းက သူ၏နေထိုင်ရာ အဆောင်သို့ ပြန်ရောက်လာသည်တွင် ယိချိန်ချန်နှင့် လို့လန်ရွှီတို့က အားလုံးပြင်ဆင်ပြီး စောင့်နေသည်ကို မြင်ရသည်။ ယန်ကျန်းကလည်း ရောက်လာကာ ပြောသည်… “ငါလည်း မင်းနဲ့အတူ ပြန်လိုက်ခဲ့မယ်…”
“ကောင်းပြီ… မင်းလည်း ငါနဲ့အတူ ဆရာကို လိုက်တွေ့လိုက်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ စီနီယာယွန်ဟောင်က ယန်ကျန်းအား မှာကြားထားသော စကားအချို့ ရှိပေသည်။
“အင်း…” ယန်ကျန်းက ခေါင်းညိတ်သည်တွင် သူတို့က တိုက်ခိုက်ရေး ရှီနန်းဆောင်ထဲကို ဝင်လာကြသည်။ နန်းတော်ထဲတွင်ကား ရှီတန်ခိုးရှင် ထောင်ကျန်းနှင့် ရှီတန်ခိုးရှင် ကျင့်ကန်းတို့ စောင့်နေကြသည်။
“ဆရာ… ကျွန်တော် ဆရာ့ကို စိတ်ပျက်စေမိပါတယ်…” ရီဖူရှင်းက ရှီတန်ခိုးရှင် ထောင်ကျန်းကို ဦးညွှတ်ကာ အရိုအသေပေးသည်။
ရှီတန်ခိုးရှင် ထောင်ကျန်းကား ကြီးမားတုတ်ခိုင်သော လူကြီးဖြစ်သော်လည်း သူ၏မျက်လုံးများက ညင်သာစွာ ရီဖူရှင်းကို ကြည့်သည်… “မင်းကို ကျူးကော့မိသားစုဆီကို လွှတ်လိုက်ကတည်းက ဖြစ်လာနိုင်တာတွေ အကုန်ငါ မျှော်လင့်ထားပြီးသားပဲ… မင်းရဲ့ဆန္ဒက ဒီလောက် ခိုင်မာနေမှတော့ ဒီအတွက် မင်းက နောင်တမရဘူး ဆိုတာလည်း ငါသိတယ်… ငါကမင်းကို ဘာလို့ စိတ်ပျက်ရမှာလဲ…”
“ယန်ကျန်းကလည်း မင်းနဲ့အတူ လိုက်မှာလား…” ရှီတန်ခိုးရှင်ကျန့်ကန်းက မေးသည်။
“ဟုတ်ကဲ့ ဦးလေး… စိတ်မကောင်းပါဘူး…” ရီဖူရှင်းက တောင်းပန်စကား ဆိုသည်။
“စိတ်မပူပါနဲ့…” ရှီတန်ခိုးရှင်ကျန့်ကန်းက ခေါင်းယမ်းကာ ရယ်သည်။
“မင်းနဲ့ ယူချင်းတို့က အရင်က ပါရမီရှင်အဆင့်၁နဲ့၂ပဲ… နိုဘယ်အဆင့်မှာ မင်းတို့ကို ယှဉ်နိုင်တဲ့လူ မရှိဘူး…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောင်… “မင်းရဲ့ နောက်ရည်ရွယ်ချက်က ရှီအဆင့်ကို တက်လှမ်းဖို့ပဲ.. မင်းက ရှီနန်းတော်မှာ လေ့ကျင့်ခွင့် မရလိုက်တာက စိတ်မကောင်းစရာပဲ… ဒါပေမဲ့ ဒါက မင်းရဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ စိတ်ပျက် နောင်တရနေစရာ မလိုဘူး.. လောကြီးက ကျယ်ပြောလွန်းတယ်… နေရာတိုင်းမှာ အခွင့်အလမ်းတွေ ရှိတယ်… ”
“ကျေးဇူးတင်ပါတယ် ဆရာ…” ရီဖူရှင်းက ပြန်ပြောသည်။ သူ၏ဆရာသုံးယောက် ဖြစ်သော ဟွာဖန်းလူ၊ ဆရာဒူနှင့် ရှီတန်ခိုးရှင် ထောင်ကျန်းတို့ အားလုံးက ထူးခြားသော စိတ်နေ သဘောထားများ ရှိကာ သူ့အပေါ် ကောင်းမွန်ကြသည်။
တန်ခိုးကျင့်ခြင်းလမ်းတွင် ရီဖူရှင်းက အခက်အခဲများ ရန်သူများကို များစွာ ကြုံတွေ့ရသော်လည်း တစ်ဖက်တွင် သူလေးစားရသော အကြီးအကဲများ၊ မိတ်ဆွေများကိုလည်း ကြုံတွေ့ရသည်။
ရှီတန်ခိုးရှင် ထောင်ကျန်း ပြောသလိုပင် လောကကြီးကား ကြီးမားလွန်းသည်။ သူက နေရာတိုင်းတွင် လေ့ကျင့်နိုင်၏။
“မင်းက နန်းတော်က ထွက်သွားတယ် ဆိုပေမဲ့ ငါ့တပည့်ပါပဲ… မင်းရဲ့ တန်ခိုးအဆင့်နဲ့ မြေရိုင်းပြည်နယ်က အကန့်အသတ် မဟုတ်ဘူး… လူအများစုက ဒီနေရာက ထွက်ဖို့ ရုန်းကန်ကြရတယ်… အချို့က ထွက်သွားနိုင်ပေမဲ့ ပြန်လာခဲ့ကြရတယ်… ဒါပေမဲ့ မင်းကတော့ မြေရိုင်းပြည်နယ် တစ်ခုတည်း မဟုတ်ဘူး ပြည်နယ်ကိုးခုလုံးမှာ နာမည်ကျော်လာမယ်လို့ ငါယုံတယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်။ သူက ရီဖူရှင်းနှင့် ယူချင်းအပေါ် အမှန်ပင် မျှော်မှန်းချက် ကြီးမားပေသည်။
“မဟုတ်ဘူး…” ရီဖူရှင်းက ခေါင်းယမ်းသည်…. “အဲဒါက ကောင်းကင်ဒေသ တစ်ခုလုံးနဲ့ လောကအပြင်ဘက် အထိ ဖြစ်လိမ့်မယ်…”
ရှီတန်ခိုးရှင် ထောင်ကျန်းက အနည်းငယ် အံ့အားသင့်သွားပြီးမှ ပြုံးလျက်ခေါင်းညိတ်သည်… “မှန်တယ်… ကောင်းကင်ဒေသနဲ့ လောကအပြင်ဘက်အထိပဲ…” ရီဖူရှင်းကထိုမျှ ကြီးမားသော ရည်မှန်းချက်ကြီး ရှိပါက သူက ဘာမှ မပြောတော့…။ သူက ထိုနေ့ရက်အထိ အသက်ရှင်နေရန်ကိုသာ မျှော်လင့်မိတော့သည်။
“ဆရာ… ကျွန်တော် ပြန်လိုက်ပါဦးမယ်…” ရီဖူရှင်းက ပြောသည်။
“သွားကြ…” ရှီတန်ခိုးရှင် ထောင်ကျန်းက လက်ဝှေ့ယမ်းသည်။
ရီဖူရှင်းတို့က အရိုအသေပေးကာ တိုက်ခိုက်ရေး ရှီနန်းဆောင်မှ ထွက်လာကြသည်။
“ညီငယ်လေး.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်…” ချီကျီးက ဘေးမှ ပြောသည်။
“အစ်ကိုလည်း ဂရုစိုက်ပါ… ” ရီဖူရှင်းလည်း ပြုံးလျက် ပြန်ပြောသည်။
တိုက်ခိုက်ရေး ရှီနန်းဆောင် အပြင်ဘက်တွင်ကား လူအများအပြားက စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ဓားနန်းတော်မှ ရီဝူချင်း၊ လျူချန်းယွီ၊ ကျွေ့ချိန်ချူ၊ စုချွဲတို့အပြင် ထောင်ကျန်းနန်းဆောင်မှ ယွန်စွေ့ရှင်း၊ ဖီးနစ်တို့အပြင် ကျန်းကျိချင်ပင် ရောက်လာသည်။
မူကျိချူ၊ ကျောင်းလီတို့က မနီးမဝေးမှ ကြည့်နေကြသည်။ ထို့အပြင် ရီဖူရှင်းထံမှ လမ်းညွှန်ပြသမှုကို ရရှိသောလူများ၊ သူနှင့် ရင်းနှီးသူများနှင့် နန်းတော်မှ တခြား တပည့်များဖြစ်သော ယန်ချန်းဝူတို့လည်း လာရောက် နှုတ်ဆက်ကြသည်။
“ဝူချင်း…” ရီဖူရှင်းက ရီဝူချင်းကို ပြောသည်.. “မင်းက နန်းတော်မှာပဲ ဆက်လေ့ကျင့်ပြီးတော့ ရှီအဆင့်ကို တက်နိုင်အောင်လုပ်… ငါကလည်း ရှီအဆင့်ကို တက်ဖို့ ကြိုးစားမယ်… တကယ်လို့ အချိန်ကျရင် ငါက အဝေးတစ်နေရာကို သွားဖြစ်ရင် သွားဖြစ်လိမ့်မယ်… အဲဒီအချိန်ကျရင် ငါမင်းကို ပြောမယ်…”
“ကောင်းပြီ…” ရီဝူချင်းက ခေါင်းညိတ်သည်။
“မင်းက ဒီလို ထွက်သွားတော့ မလို့လား…” ကျွေ့ချိန်ချူက မေးသည်။
“ငါက ဒီထက် ဘာတတ်နိုင်မှာလဲ…” ရီဖူရှင်းက ပခုံးတွန့်သည်.. “ငါက တခြားနေရာမှာ လေ့ကျင့်နေမှာပဲရှိတာ… ငါနဲ့ ထပ်မတွေ့ရတော့တာလည်း မဟုတ်ဘူး… နောက်ပိုင်း ငါတို့က လောကကို အတူတူ စွန့်စားသွားလာဖို့ အခွင့်အရေး ရှိမှာပါ… ငါသွားတော့မယ်… မင်းတို့ လိုက်မပို့ကြနဲ့တော့…”
ရီဖူရှင်းတို့က နန်းတော်မှ ထွက်သွားကြသည်။ ရီဖူရှင်းက သူ့အား လိုက်မပို့နှင့်ဟု ပြောသော်လည်း သူ့အား နန်းတော် အပြင်ဘက်သို့အထိ လိုက်ပို့ကြသည်။ တော်ဝင်ကျဲနန်းတော်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်လာသည်။ နန်းတော်မှ ထုတ်ပယ်ခံရသော ပါရမီရှင် တစ်ယောက်အား များစွာသော ပါရမီရှင်များက လိုက်ပါ ပို့ဆောင်ကြသည်။ ရီဖူရှင်းကား တော်ဝင်ကျဲနန်းတော်တွင် သူ့မျိုးဆက်၏ လေးစားအားကျရသောသူ ဖြစ်သည်။
ဝမ်ရှင်းနန်းဆောင်တွင် ကြယ်တာရာများ လှည့်ပတ်နေသော သီးသန့်နယ် တစ်ခုရှိသည်။ ထိုနေရာ၏အလယ်တွင် လူတစ်ယောက်က တိတ်ဆိတ်စွာ ထိုင်နေ၏။ ရီဖူရှင်းက နန်းတောင်မှ ထွက်သွားသည်နှင့် ထိုလူ၏ပါးစပ်မှ ညည်းသံတစ်ချက်နှင့်အတူ သူ၏မျက်နှာက ပြာနှမ်းသွားသည်။ သူက မျက်လုံးကို ဖွင့်လိုက်သည်နှင့် ထိုသီးသန့်နယ်တွင် အလင်းတန်းတစ်ချက် ဖြတ်သန်းသွားသည်။ ထိုအခိုက်တွင် လင်းလက်နေသော ကြယ်များအားလုံး အရောင်များ မှေးမှိန်သွားသည်။ ထိုလူက မျက်နှာပျက်သွားကာ ထရပ်ပြီး ထိုနေရာမှ အပြင်သို့ ထွက်လာသည်။
မကြာမီ ရှီတန်ခိုးရှင်ဝမ်ရှင်းက တံခါးပိတ်လေ့ကျင့်ရာမှ အပြင်ကို ထွက်လာသည်ဟု သတင်းများ ထွက်လာတော့သည်။
***