အပိုင်း(၆၇၃)

မြူများ ပြယ်လွင့်သောအခါ

ရီဖူရှင်းက သူတို့ကို ကြည့်ကာ အနည်းငယ် ဒေါသထွက်မိသည်။ သူ၏ဒေါသက သူ့အပေါ်​ လှောင်ပြောင် စော်ကားသောကြောင့် မဟုတ်ဘဲ​ ထိုလူများက မိမိတို့မိသားစု၏ အကျိုးစီးပွား တစ်ခုတည်းကြည့်ကာ အတ္တကြီးမားသော စိတ်နေ သဘောထားများကြောင့် ဖြစ်သည်။ ပိုင်လွေလီနှင့် သူ၏အစ်မ၂တို့ လက်ဆက်မည် ဆိုပါက ထိုလူများ အားလုံးက ဝမ်းသားအားရ လက်ခံကြသည်။ သူ၏အစ်ကို၃က ပိုင်လွေလီထက် မနိမ့်ကျသည်ကို သက်သေပြပြီး ဖြစ်သော်လည်း ယခု သူက လက်ထပ်ခွင့် တောင်းသောအခါ ထိုလူများက ဝိုင်းဝန်းကန့်ကွက် ကြပြန်သည်။

သူတို့က အစ်မ၂ကို မည်သို့ တွေးထင် နေကြသနည်း။

“ငါက မင်းတို့လို အသုံးမကျတဲ့လူတွေနဲ့ ပြိုင်မငြင်းဘူး…” ရီဖူရှင်းက ကျူးကော့မိသားစုမှ လူငယ်များကို အေးစက်စွာ ပြောသည်။ ကျူးကော့ချန်းဖန်က သူ၏မိသားစုမှ လူငယ်မျိုးဆက်များ အတွက် အမှန်ပင် အရှက်ရလောက် ပေမည်ဟုပင် ရီဖူရှင်းက တွေးမိသည်။

“မင်း..” လူငယ်များအားလုံးက ဒေါသပေါက်ကွဲ သွားကြသည်။ အချို့က ရီဖူရှင်းကို လက်ညိုးငေါက်ငေါက် ထိုးကြသည်။ ကျူးကော့မိသားစုကို ရီဖူရှင်းက ရောက်လာပြီး မကြာခင် ရီဖူရှင်းက သူတို့အား စော်ကား ပြောဆိုဖူးသည်။ ယခု ​တော်ဝင်ကျဲနန်းတော်၏ ထုတ်ပယ်ခံ တပည့်တစ်ယောက်က သူတို့အား အမှန် အရှက်ခွဲနေသည်။

“မင်းတို့က တစ်ခါလောက် စမ်းကြည့်ချင်တာလား…” ရီဖူရှင်းက သူ့အား လက်ညှိုးဖြင့် ထိုးနေသူများ အားလုံးကို ကြည့်ကာ ပြောသည်… “မင်းတို့အထဲက ရှီအဆင့်အောက်က လူတွေအကုန်လုံး ကြိုက်တဲ့လူ​ ထွက်ခဲ့လို့ရတယ်… အားလုံးပေါင်း တိုက်ရင်လည်း ကျုပ်က ကြိုဆိုတယ်…”

“မင်း…” အားလုံးက မည်သို့ ပြောရမည်မသိပေ။ ရီဖူရှင်းက သူတို့အား တစ်ခါကမှ မျက်လုံးထဲ မထည့်ထားခဲ့ဖူးပေ။

ဟောင်ကျူဂီနှင့် စုချွဲတို့အားလုံးက ထိုမြင်ကွင်းကို ရယ်ရွှင်ဖွယ် အမူအရာဖြင့် ကြည့်နေကြသည်။ သူတို့အားလုံးက မြေရိုင်းပြည်နယ်၏ လူငယ်မျိုးဆက်များ ဖြစ်ကြသည်။ သို့သော်လည်း ရီဖူရှင်း၏နာမည်ကျော် တိုက်ပွဲများက သာမန် ပါရမီရှင်များ လိုက်မီသည် မဟုတ်ပေ။

“ပါရမီရှင်အဆင့်၁က ဘယ်လောက် ထူးချွန်လဲ ကျုပ်သိချင်တယ်…” အေးစက်သော အသံတစ်ခုကို ကြားကြရကာ လူငယ်တစ်ယောက် ထွက်လာသည်။

ကျူးကော့ မိသားစုဝင်များက လှမ်းကြည့်သည်တွင် ပြောလိုက်သူက ကျူးကော့ချိန် ဖြစ်နေသည်။ သူကား နိုဘယ်အဆင့် အမြင့်ဆုံးတွင်ရှိကာ ကျူးကော့မိသားစု၏ ပါရမီအကောင်းဆုံး လူငယ်မျိုးဆက်လည်း ဖြစ်သည်။ သူက တော်ဝင်ကျဲနန်းတော်တွင် တစ်ခါမှ​ မလေ့ကျင့်ဖူးသော်လည်း သူက ကျူးကော့မိသားစု၏ နံပတ်၁ နိုဘယ်ဖြစ်သည်။ ထို့အပြင် သူကား ရှီအဆင့်သို့ တက်လှမ်းရန် လမ်းတစ်ဝက်ခန့် ရောက်နေပြီးဖြစ်ကာ အလွန် အားကောင်းသော စွမ်းရည်များကို ပိုင်ဆိုင်သည်။

ရီဖူရှင်းက ကျူးကော့ချန်းဖန်ကို ကြည့်သည်… “ဦးလေး…”

“သူက စမ်းကြည့်ချင်တယ်… မင်း ဘာလဲဆိုတာကို ပြလိုက်…” ကျူးကော့ချန်းဖန်က ပြောသည်။

“နားလည်ပါပြီ…” ရီဖူရှင်းက​ ခေါင်းညိတ်ကာ ကျူးကော့ချိန်ကို ကြည့်သည်… “မင်း စိတ်ဆုံးဖြတ်ထားပြီးပြီလား…”

“မလိုဘူး…” ကျူးကော့ချိန်က တုံးတိတိပြောသည်။ သူက ရှေ့ကို တက်လာသည်တွင် ကောင်းကင်မှ လျှပ်စီးများ ကျဆင်းလာကာ အလွန်ပြင်းထန်သော စွမ်းအားများ သူ့ခန္ဓာကိုယ်ကို စီးဆင်းသွား၏။

ကျူးကော့ချိန်၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ် လျှပ်စီးများ စီးဆင်းနေကာ သူက ရီဖူရှင်းထံသို့ လျှပ်စီးတန်းအလား ပြေးဝင်လာသည်။ ရီဖူရှင်းက ကျူးကော့ချိန်အား တစ်ချက် ကြည့်သည်။ အကြည့်တစ်ချက်က လျှပ်စီးများ အားလုံးကိုပင် ရပ်တန့်သွားစေသည်ဟု ထင်ရသည်။ အရာအားလုံးက စက္ကန့်ပိုင်းအတွင်း ရပ်တန့်သွားသည်။

“သွားစမ်း…” ရီဖူရှင်က လက်မြှောက် လိုက်သည်တွင် လေထုက တုန်ခါသွားသည်။ လက်ဝါးတံဆိပ် တစ်ခုက လေထုကို ခွင်းလျက် ကျူးကော့ချိန်ကို ပြင်းထန်စွာ ထိကာ သူ့အား အဝေးကို လွင့်စဉ်သွားစေ၏။

သူကား အဝေးကို လွင့်စဉ်သွားကာ မြေပြင်တွင် ပြင်းထန်စွာ ထိရိုက်ပြီး ပါးစပ်မှ သွေးများ စီးကျသည်။ လက်ဝါးရိုက်ချက် တစ်ချက်က သူ့အား တစ်လခန့် အနားယူရ လောက်ပေမည်။

ကျူးကော့မိသားစုမှ လူငယ်များအားလုံး မျက်နှာများ ပြာနှမ်းသွားကြသည်။ တိုက်ပွဲကား စက္ကန့်ပိုင်းမျှသာ ကြာသည်။

“ကျူးကော့မိသားစုမှ နံပတ်တစ်နိုဘယ်ကား ဘာမှ မတတ်နိုင်ပေ။

ကျူးကော့ရှင်းနှင့် တခြားလူငယ်များ အားလုံးက ရီဖူရှင်းကို မနာလိုစွာ ကြည့်ကြသည်။ လက်ရှိမျိုးဆက်တွင် ရီဖူရှင်းကို ယှဉ်နိုင်သူမရှိပေ။

မြေရိုင်းပြည်နယ်မှ ပုဂ္ဂိုလ်ကြီးများ အားလုံးပင် မှင်တက်သွားကြသည်။ တော်ဝင်ကျဲနန်းတော်မှ လူငယ်ပါရမီရှင်ကား တခြားလူများနှင့် မတူဘဲ ထူးထူးခြားခြား ပါရမီမြင့်သည်ဟု ကြားဖူးကြသည်။ သို့သော်လည်း သူတို့က လက်တွေ့ မမြင်ဖူးကြရာ သိပ်မယုံကြည်ခဲ့ကြပေ။ ယခု ရီဖူရှင်းက အမှန်ပင် အားကောင်းလွန်း သည်ဟု ဝန်ခံရသည်။

လက်ရှိမျိုးဆက်တွင် ရီဖူရှင်းကဲ့သို့သောသူ နောက်တစ်ယောက် မရှိနိုင်ပေ။

“ဒုတိယတန်းစားနိုဘယ်…” ဟောင်ကျူဂီ၊ စုချွဲနှင့် တခြားလူများ အားလုံးက သတိပြုမိကြသည်။ ရီဖူရှင်းကား ထိကန်းကို တတိယတန်းစား နိုဘယ်မျှဖြင့်ပင် အနိုင်ယူခဲ့ဖူးသည်။ ယခု သူက ဒုတိယတန်းစား နိုဘယ်ဖြစ်နေရာ ကျူးကော့ချိန်က မည်သို့ ယှဉ်နိုင်မည်နည်း။

“တခြားဘယ်သူတွေ စမ်းချင်သေးလဲ..” ရီဖူရှင်းက ကျူးကော့မိသားစုမှ လူငယ်များကို ကြည့်ကာ မေးသည်။ မည်သူကမှ မဖြေရဲကြတော့ပေ။

“ရီဖူရှင်း.. မင်းက ဟောင်မိသားစုကို ဝင်မလား… ငါက ငါ့မိသားစုကို လေ့ကျင့်ပေးတဲ့အတိုင်း မင်းကို လေ့ကျင့်စေမယ်…” ဟောင်စီက ပြုံးလျက်ပြောသည်။

“အာခီမီမြို့ကို လာခဲ့…” ယူစီက ဝင်ပြောသည်… “မင်းရဲ့ စီနီယာတွေနဲ့ အဖော်ရတယ်…”

ကျူးကော့မိသားစုမှ လူငယ်များ၏ မျက်နှာများက ပိုမို၍ ပျက်ယွင်း သွားကြသည်။

တော်ဝင်ကျဲနန်းတော်မှ ထုတ်ပယ်ခံရသည့်တိုင် သူကား ကျူးကော့မိသာစု၏ နောက်ခံကို အားပြုရန် လိုအပ်ပါသလော။ သူကဲ့သို့သော ပါရမီရှင်ကား သူသွားသည့် နေရာတိုင်းမှ လိုလိုလားလား လက်ခံကြမည် ဖြစ်သည်။

“အခုလို ဖိတ်ခေါ်ပေးတာ ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ကျွန်တော်က ဘယ်အဖွဲ့အစည်းကိုမှ ဝင်ဖို့ အစီအစဉ် မရှိသေးပါဘူး…” ရီဖူရှင်းက ပြောသည်။ အကြီးအကဲ နှစ်ယောက်က ခေါင်းညိတ်ကြသည်။ သူတို့က မူလကတည်းက သိပ်မမျှော်လင့်ထားရာ စိတ်ထဲ မထားကြပေ။ သို့သော်လည်း ရီဖူရှင်းကသာ အမှန်တကယ် လက်ခံခဲ့ပါက သူတို့က အလွန် ပျော်ရွှင်ရမည် ဖြစ်သည်။

“ဦးလေး…” ရီဖူရှင်းက ကျူးကော့ချန်းဖန်ကို ကြည့်ကာ ပြောသည်… “ကျွန်တော်က ကျူးကော့မိသားစုရဲ့ ကိစ္စကို ဝင်စွက်ဖက်ဖို့ ဆန္ဒမရှိပါဘူး… ဒီကိစ္စက အစ်ကို၃နဲ့ အစ်မ၂ရဲ့ ကိစ္စမို့လို့ တောင်းဆိုတာပါ…”

ကျူးကော့ချန်းဖန်က ရီဖူရှင်း၏ သဘောကို နားလည်သည်။ ရီဖူရှင်းက သူ၏အသက်ကို ကျူးကော့ချန်းဖန်၏ လက်ထဲကိုပင် ပေးအပ်ထားပြီး ဖြစ်သည်။ ကျူးကော့မိသားစုက ကျုးကော့မင်းယွီကို စိတ်မပျက်စေသရွေ့ ရီဖူရှင်းက ကျူးကော့မိသားစုကို ဝင်သည်မဝင်သည်က သိပ်မကွာခြားတော့ပေ။

ကျူးကော့ချန်းဖန်က သူ၏သမီးကို ကြည့်သည်။ သူမ၏မျက်လုံးများက ပြောနေသည်မှာ သူက ငြင်းပယ်လျှင်ပင် ဘာမှ ထူးခြားမည် မဟုတ်ဟုပင်။ သည်မိန်းကလေးကား မည်သို့ဖြစ်စေ ဂူတုံးလျိုကို လက်ထပ်တော့မည် ဖြစ်သည်။

“ကောင်းပြီ… ဒီလက်ထပ်ပွဲကို ငါက ကောင်းချီး ပေးရတာပေါ့….” ကျူးကော့ချန်းဖန်က ပြုံးလျက်ပြောသည်။

ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီက အနည်းငယ် အံ့အားသင့်သွားကာ အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ ပုဂ္ဂိုလ်ကြီးများကလည်း ပြုံးလိုက်ကြသည်။ မည်သို့ဆိုစေ သူတို့ကလည်း ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့၏အချစ်ကို အသိအမှတ်ပြု ကြပေသည်။

“ခေါင်းဆောင်..” ကျူးကော့မိသားစု အကြီးအကဲအချို့က သိပ်သဘောကျဟန် မရပေ။

“မင်းယွီက ငါ့သမီးပဲ… ဒီကိစ္စမှာ မင်းတို့ကို ဘာလို့ ဆုံးဖြတ်ခိုင်းရမှာလဲ…” ကျူးကော့ချန်းဖန်က အနည်းငယ် မာကျောစွာ ပြောသည်။

အားလုံးက ကျူးကော့ချန်းဖန်ကို ကြည့်သည်။ ကောင်းကင်မြေရိုင်း အဆင့်ခြောက်တွင် ရှိသော သူကား တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးပါက တခြားလူများ ဝင်ရောက် စွက်ဖက်ရန် မလွယ်ကူတော့ပေ။ မည်သို့ဆိုစေ သူကား မိသားစုခေါင်းဆောင် ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်…စီနီယာ…” ဂူတုံးလျိုက ဦးညွှတ်ကာ ပြောသည်။

“မင်း ဘယ်လို ခေါ်လိုက်တာလဲ…” ကျူးကော့ချန်းဖန်က ပြုံးလျက် ပြန်မေးသည်။

ဂူတုံးလျိုက အနည်းငယ် မှင်တက်သွားသည်။ သူက မည်သို့ ပြောရမည်မသိ ဖြစ်နေသည်။

“နင်က ဘာကို တွန့်ဆုတ်နေတာလဲ…” ကျူးကော့မင်းယွီကလည်း ရယ်ရွှင်ဖွယ်ရာ အမူအရာဖြင့် မေးသည်။

ဂူတုံးလျိုက ထပ်မံ၍ ဦးညွှတ်ကာ ခေါ်လိုက်သည်… “ကျေးဇူးတင်ပါတယ်… ယောက္ခမ…”

“ကောင်းတယ်…” ကျူးကော့ချန်းဖန်က ကျေနပ်ဟန်ဖြင့် ပြောသည်။

ကျူးကော့မင်းယွီကား အပျော်ရွှင်ဆုံး ဖြစ်သည်။ သူမက ကောင်းကင်ကို မော့ကြည့်ကာ အလွန်အမင်း စိတ်အေးလက်အေး ဖြစ်မှုကို ခံစားရသည်။ မြူများ ပြယ်လွင့်သောအခါ ပျော်ရွှင်ဖွယ် အခိုက်အတန့်က စောင့်ကြိုနေပြီ ဖြစ်သည်။

“ဒီနေ့ ကျူးကော့မိသားစုရဲ့ နေ့ထူးပဲ… အားလုံးပဲ သောက်ကြရအောင်…” ကျူးကော့ချန်းဖန်က အားရ ဝမ်းသာဟန်ဖြင့် ပြောသည်။ သူ၏စကားက နဂါးပတ်တောင် တစ်ခုလုံးကို တုန်ခါသွားစေသည်။

သူ၏စကားထဲတွင် အလွန်ခိုင်မာသော ဆုံးဖြတ်ချက်ကို ခံစား သိမြင်နိုင်သည်။ အနာဂတ်တွင် မည်သို့ဖြစ်ပါစေ သည်ဆုံးဖြတ်ချက်ကား သူ၏စိတ်နှလုံးကို နားထောင်၍ ရလာသော ဆုံးဖြတ်ချက် ဖြစ်သည်။

ရီဖူရှင်း၊ ဟွာဂျီယူ၊ ရွှီယီနှင့် တခြားလူများ အားလုံးက သူတို့၏ အစ်ကို၃နှင့်အစ်မ၂တို့အတွက် ပျော်ရွှင်ကြရသည်။ သူ၏အစ်မ၂က ပိုင်လွေလီကို လက်ထပ်ရတော့မည်ဟု သိရသောအခါ ရီဖူရှင်း၏ စိတ်နှလုံးကား အလွန်အမင်း ပင်ပန်း ဆင်းရဲခဲ့ရသည်။ သူက ကျူးကော့မိသားစုကို ရောက်လာကာ သူ၏ တတ်စွမ်းသမျှသော အင်အားဖြင့် တားဆီးခဲ့သည်။ သို့တိုင်အောင် သူက ဘာမှ ပြောင်းလဲနိုင်မည် မဟုတ်ဟုလည်း ထင်ခဲ့၏။

တော်ဝင်ကျဲနန်းတော်မှ ထွက်ခွာခဲ့ရခြင်း အပေါ်​သူက စိတ်ထဲ မထားပေ။ တန်ခိုးကျင့်ခြင်းကား ခရီးရှည်ကြီးဖြစ်ကာ တော်ဝင်ကျဲနန်းတော်ကား သူ့အတွက် ရပ်တန့်ရာ တစ်ခုဖြစ်သည်။

မူလက စေ့စပ်ပွဲကား ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့၏ လက်ထပ်ပွဲ ဖြစ်သွားသည်။ သို့သော်လည်း ဤနေ့ကား ကျူးကော့မိသားစု၏အရေးပါသော နေ့တစ်နေ့ ဖြစ်သွားကာ သည်သတင်းက မြေရိုင်းပြည်နယ် တစ်ခုလုံးကို မကြာမီ ပျံ့နှံ့သွားတော့မည် ဖြစ်သည်။

ရီဖူရှင်းက ပုဂ္ဂိုလ်ကြီးများနှင့် သေရည်များ အတူသောက်ကာ သူတို့၏ ချီးကျူးစကားများကို လက်ခံရရှိသည်။ ဟောင်စီ၊ ယူစီ၊ ယွီရှမ်းနှင့် တခြားလူများ အားလုံးက ရီဖူရှင်းကို သဘောကျကြသည်။ သူတို့အားလုံးက အနာဂတ်တွင် ရီဖူရှင်းက သေချာပေါက် ထွန်းတောက် လာမည်ကို သိကြ၏။

ရီဖူရှင်းကား နောက်နှစ် အနည်းငယ်တွင် ပိုင်လွေလီကဲ့သို့ တစ်စုံတစ်ယောက် ဖြစ်လာပေတော့မည်။ ကျူးကော့ရှင်းတို့ အုပ်စုမူကား ရီဖူရှင်းကို ကြည့်ကာ မနာလိုရုံမှ အပ တခြားမတတ်နိုင်ပေ။

ရီဖူရှင်းက ဘုန်းတော်ကြီး ချိန်တန်းထံကို ရောက်လာကာ ပြောသည်… “ကျေးဇူးတင်ပါတယ်.. ဆရာတော်…”

ဘုန်းတော်ကြီးချိန်တန်းက ရီဖူရှင်းကို ပြန်လည်၍ ပြုံးကာ ခေါင်းညိတ်သည်။

“ဟွာချင်းချင်း ဘယ်လိုနေပါလဲ…” ရီဖူရှင်းက မေးသည်။ ဟွာချင်းချင်းအား ချိန်တန်း ဘုရားကျောင်းသို့ ပို့ဆောင်ခဲ့သည်ဟု ချန်းယွန်က ပြောသည်။

“သူမက အဆင်ပြေတယ်… သူမက ဗုဒ္ဓလမ်းစဉ်ကို လိုက်ဖို့ ကံပါလာတယ်…” ဘုန်းတော်ကြီးချိန်တန်းက ပြောသည်။

“သူမက ကျွန်တော့်ကို တွေ့ခိုင်းတယ်ဆိုတော့ ပြောစရာများ ရှိပါလား…” ရီဖူရှင်းက မေးသည်။

ဘုန်းတော်ကြီး ချိန်တန်းက ပြန်ပြောသည်… “သူမက ဒကာလေးကို ကျေးဇူးတင်စကားပဲ ပါးလိုက်တယ်…”

“ကျေးဇူးတင်ပါတယ်… ဆရာတော်…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“အစ်ကိုဖူရှင်း…” လောင်လင်းအာက ပြောသည်… “လင်းအာ… တော်ဝင်ကျဲနန်းတော်မှာ မလေ့ကျင့်တော့ဘူး…”

“မင်းက ဘာတွေ ပြောနေတာလဲ…” ရီဖူရှင်းက သူမကို မာန်မဲသည်… “တော်ဝင်ကျဲနန်းတော်မှာ ကြိုးစားလေ့ကျင့်… မင်းပြန်တဲ့အခါ တိုက်ခိုက်ရေး ရှီနန်းဆောင်ကို သွားပြီး လို့လန်ရွှီကို ပြောပေးဦး… ငါက တော်ဝင်ကျဲ နန်းတော်မှာ သူမကို လာခေါ်မယ်လို့…”

“အင်း…” လောင်လင်းအာက အနည်းငယ် မလိုလားဟန်ဖြင့် ခေါင်းညိတ်သည်။

“ငါကရော ဘယ်သူ့ကို ဘာပြောပေးရမလဲ…” စုချွဲက မေးသည်။

“ရီဝူချင်းကို စိတ်မပူဖို့ပဲ ပြောလိုက်… နန်းတော်မှာပဲ ကြိုးစား လေ့ကျင့်ပါစေ…” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ…” စုချွဲက ခေါင်းညိတ်သည်။

ရီဖူရှင်းက အဝေးကို လှမ်းကြည့်သည်။ သူက တော်ဝင်ကျဲနန်းတော်ကို တစ်ကြိမ်ခန့်တော့ ပြန်ရပေဦးမည်။ သူက သူ၏ဆရာကို တစ်ကြိမ်တော့ နှုတ်ဆက်ရပေဦးမည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset