အခမ်းအနားမှ ပိုင်လွေလီ ထွက်သွားသည်ကို အားလုံးက မြင်ကြသည်။
သူကိုယ်တိုင် ပြောခဲ့သလိုပင် သူကား အမှန်တကယ် ပြည့်စုံသောသူ မဟုတ်ပေ။ ထို့ကြောင့် သူက ဒေါသထွက်လျင် လူများနှင့် အရာဝတ္တုများကို ပြန်လည် တုံ့ပြန်တတ်ပေသည်။ သူက ပြောခဲ့သလို ကျူးကော့မင်းယွီနှင့် ဂူတုံးလျိုကို သူက ခွင့်လွှတ်နိုင်စွမ်း မရှိသော်လည်း ဂူတုံးလျိုနှင့်တိုက်ပွဲက သူ၏စိတ်သဏ္ဌာန်ထဲ တစ်ဖက်လူအပေါ်တွင် လေးစားမှု ဖြစ်ပေါ်စေကာ သူ့စိတ်အား တစ်ဖန်ပြည်လည် တည်ငြိမ်စေခဲ့၏။ ထိုလေးစားမှုက ဂူတုံးလျို၏ ယုံကြည်မှုနှင့် စွမ်းရည်တို့အပေါ် အခြေတည်၍ ဖြစ်ပေါ်လာခြင်းဖြစ်ရာ ပိုင်လွေလီကား လူသားတစ်ယောက် အနေဖြင့် အမှန်တကယ်ပင် လေးစား အတုယူဖွယ်ရာ လူလည်း ဖြစ်သည်။
ပိုင်လွေလီကား မည်သို့ဆိုစေ မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် နံပါတ်၁ ပါရမီရှင်ဖြစ်ကာ တော်ဝင်ကျဲနန်းတော်၏ ရွေးချယ်ခံလူဖြစ်သည်။ ထို့ကြောင့် သူ၏ စိတ်နေစိတ်ထားက ပိုမို၍ ရင့်ကျက်ကာ အမှားအမှန် အကောင်းအဆိုးကို ချင့်ချိန်တတ်သူလည်း ဖြစ်၏။ ပိုင်လွေလီက လေးစားစရာကောင်းသူ ဖြစ်သည်။ ထို့အတူ ဂူတုံးလျိုလည်း ထိုနည်းတူဖြစ်၏။ ဂူတုံးလျိုကား နောက်ထပ် ပိုင်လွေလီကဲ့သို့သော တစ်ယောက်ဖြစ်ရာ သည်တိုက်ပွဲက သူ့အား မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် ကျော်ကြားစေမည်မှာ သေချာ၏။
“ငါက မဟာလမ်းစဉ်ကို တစ်ယောက်တည်း တစ်ယောက်တည်း လျှောက်လှမ်းတယ်… ငါ့ရဲ့ ယုံကြည်မှုကို ဒီလမ်းစဉ်အပေါ်မှာ တည်မြဲနေသရွေ့ ငါက မကျရှုံးနိုင်ဘူး…” လူအများအပြားက ဂူတုံးလျိုကို လှမ်းကြည့်ကြသည်။ လူငယ်ကား စိတ်ဓာတ် ခိုင်မာကာ ထူးခြားသော အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်သည်။ သူကား အမှန်ပင် ကျူးကော့မင်းယွီနှင့် လိုက်ဖက်၏။ အနည်းဆုံး သူတို့နှစ်ယောက် အကြားမှ အချစ်က အပြစ်ကင်းပေသည်။
လျူချန်းက ဂူတုံးလျိုဘက်ကို တစ်ချက်ကြည့်ကာ ရီဖူရှင်းကို ပြောသည်… “ရှန့်ထိုအဆင့်ကို ရောက်ဖို့ ပြင်ပ အကူအညီမယူဘူး… မင်းရဲ့ တော်ဝင်လမ်းခရီးကို ငါ စောင့်ကြည့်နေမယ်… ဂရုစိုက်ပါ…” ထို့နောက် သူက ပိုင်လွေလီနောက်ကို လိုက်ပါသွားသည်။ ရှီတန်ခိုးရှင် ထျန်ရှင်းနှင့် ရှီတန်ခိုးရှင် ဇူဆွန်တို့လည်း သူ့နောက်ကို လိုက်ပါ ပျောက်ကွယ်သွားကြ၏။
ပိုင်လွေလီနှင့် လျူချန်းတို့ ထွက်သွားတော့မှ ရီဖူရှင်းလည်း စိတ်ဒုံးဒုံး ချနိုင်တော့၏။ ပိုင်လွေလီက သည်ကိစ္စကို လက်လျှော့သွားမည်ဟု သူလုံးဝ မတွေးထင်မိခဲ့ပေ။ ပိုင်လွေလီက ပြတ်ပြတ်သားသား ဆုံးဖြတ်ခြင်းမရှိခဲ့လျှင် တော်ဝင်ကျဲနန်းတော်က သည်ကိစ္စကို သေချာပေါက် အဆုံးအထိ ဆုပ်ကိုင်ထားကာ သူတို့သဘောဖြစ်အောင် ဖိအား ဆက်ပေးနေမည်သာ ဖြစ်သည်။ ပိုင်လွေလီနှင့် လျူချန်းတို့က နောက်ဆုတ်ပေးခဲ့သည် ဆိုသော်လည်း သူတို့ကိုယ်တိုင်က သည်ကိစ္စတွင် မှားသည်ဟု မခံယူကြသည်ကို သူကောင်းကောင်း နားလည်သည်။ တန်ခိုးရှင်များကား သူတို့၏စိတ်ကို လေ့ကျင့်ရရာ အကယ်၍ သူတို့က မှားယွင်းသည်ဟု ယူဆသော ကိစ္စတစ်ခုအား မူလကတည်းက လုပ်ဆောင်ကြမည် မဟုတ်ပေ။
မြေရိုင်းပြည်နယ် တစ်ခုလုံးက သည်လက်ထပ်ပွဲကို ထောက်ခံကြသည်။ တော်ဝင်ကျဲနန်းတော်နှင့် တိမ်ဖြူမြို့တို့ကလည်း သည်လက်ထပ်ပွဲကို ဖြစ်မြောက် စေလိုကြ၏။ ပိုင်လွေလီ ကိုယ်တိုင်ကလည်း ကျူးကော့မင်းယွီကို သဘောကျပေသည်။ အကယ်၍သာ ဂူတုံးလျိုပေါ် မလာခဲ့ပါက ဤလက်ထပ်ပွဲက သေချာပေါက် ဖြစ်ပျက်ခဲ့မည် ဖြစ်သည်။ သို့သော်လည်း မည်သူကမှ ကျူးကော့မင်းယွီ၏ သဘောကို မတွေးခဲ့ကြပေ။ သူမ၏ခံစားချက်ကို နားမလည်ခဲ့ကြပေ။
တော်ဝင်ကျဲနန်းတော်နှင့် တိမ်ဖြူမြို့မှ ဖိအားကား အလွန် အားကောင်းသည်။ ထိုဖိအားများကို ကျူးကော့မင်းယွီက ထမ်းပိုးထားရကာ သူမက မတတ်သာဘဲ လက်ခံခဲ့ရ၏။
လျူချန်းမူကား ကျူးကော့မင်းယွီ၏ သဘောကို နားလည်ကောင်း လည်မည် ဖြစ်သော်လည်း ခေါင်းမာစွာဖြင့်ပင် အတင်းစီစဉ်ခဲ့သည်။ သူ လုပ်နေသည်ကိုလည်း မှားသည်ဟု မမြင်ပေ။ လျူချန်း၏ မျက်လုံးထဲတွင် မြေရိုင်းပြည်နယ်၌ ရှန့်ထိုတစ်ပါး ပေါ်ထွက်လာရန်မှအပ တခြား မည်သည့်အရာကမှ အရေးမကြီးပေ။ ကျူးကော့မင်းယွီ၏ တစ်ယောက်တည်း ဆန္ဒက ထိုသို့အရေးကြီးသော ကိစ္စနှင့် မည်သို့မှ မနှိုင်းယှဉ်နိုင်ပေ။ ထို့အပြင် ပိုင်လွေလီအား လက်ထပ်ရခြင်းက ကျူးကော့မင်းယွီ အတွက် ကောင်းမွန်သော ကိစ္စဟု သူက တွေးပေလိမ့်မည်။ ထို့ကြောင့် သူ၏ယုံကြည်မှုကို လုပ်ဆောင်ရာတွင် မှားယွင်းသည်ဟု မထင်မြင်ခဲ့ပေ။
သို့သော်လည်း သူ့အတွက် အခက်တွေ့ခဲ့ရသည်က ရီဖူရှင်းကား ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့၏ ဂျူနီယာဖြစ်နေခြင်းပင်။ ရီဖူရှင်း၏ မျက်လုံးထဲတွင် လျူချန်းနှင့် ပိုင်လွေလီတို့က မှားယွင်းပေသည်။ ထို့ကြောင့် သူကလည်း သူ၏ယုံကြည်ချက်ကို နောက်ဆုတ်ပေးခြင်း မရှိဘဲ ခေါင်းမာစွာ ဆန့်ကျင်ခဲ့၏။
လျူချန်း၏အမြင်တွင် သည်ကိစ္စက သူ့အမှားမဟုတ်ပေ။ သူ့တွင် ရီဖူရှင်းအပေါ် ပုဂ္ဂိုလ်ရေးရာ မကြိုက်မနှစ်သက်သည့် အချက်များလည်း မရှိပေ။ တော်ဝင်ရှီနန်းဆောင်၏ ဒုတိယသခင် အနေဖြင့် တိုက်ခိုက်ရေး ရှီနန်းဆောင်မှ ရီဖူရှင်းကို ရှီနန်းတော်၌ လေ့ကျင့်ခွင့်ရရန် သူကိုယ်တိုင်က သဘောထားကြီးစွာဖြင့် နန်းဆောင်ခြောက်ခုကို ဖိတ်ခေါ်၍ ဆွေးနွေး ပြောဆိုသည်။ သူ့တွင် လူငယ်လေးအပေါ် အငြိုးအတေး ထားစရာ ကိစ္စမရှိပေ။ ကံမကောင်းသည်က သူတို့နှစ်ယောက်၏ ယုံကြည်မှုများက ဆန့်ကျင်ဘက် အသွင်ကို ဖြစ်ပေါ်စေခဲ့၏။
ယနေ့ အဖြစ်အပျက် တစ်ခုလုံးတွင် အကြီးမားဆုံး မကျေမနပ် ဖြစ်သွားသူကား တိမ်ဖြူမြို့စား ဖြစ်ပေလိမ့်မည်။ သူကား ထိုနေရာတွင်ပင် တည်ငြိမ်စွာ ရပ်ကာ အေးစက်စွာ ပြောသည်… “လွေလီကိုယ်တိုင် အများကောင်းဖို့ သူ့ကိုယ်သူ မြှုပ်နှံထားခဲ့တယ်… လက်ထပ်ပွဲကို သဘောတူပြီး တာတောင်မှ ကျူးကော့မိသားစုမှာ ဒီလိုဖြစ်ရတယ်… ဂျူနီယာ… မင်းငါ့ကို ရှင်းလင်းချက် မပေးသင့်ဘူးလား…” တိမ်ဖြူမြို့စားက သည်ကိစ္စကို လွန်စွာ စိတ်ဆိုးနေသည်ကို အားလုံးက ခန့်မှန်းမိကြသည်။
“စီနီယာ… လွေလီကိုယ်တိုင်က နောက်ဆုတ် ပေးပြီးပြီပဲ… စီနီယာလည်း လက်လျှော့သင့်ပြီ…. သင့်တော်တဲ့အချိန်ကျရင် ကျုပ်က တိမ်ဖြူမြို့ကို ကိုယ်တိုင် လာတောင်းပန်ပေးပါ့မယ်…” ကျူးကော့ချန်းဖန်က ပြောသည်။
ပိုင်ဂူ၏အမူအရာက အေးစက်နေဆဲဖြစ်သည်။ ကျူးကော့ချန်းဖန်က သည်ကိစ္စကို ဘေးဖယ်ထားမည့်သဘော ဖြစ်နေလေပြီ။
“ဒါဆိုလည်း ထားလိုက်တော့.. နှုတ်ဆက်ပါတယ်…” သူက လက်ဝှေ့ယမ်းကာ လေထဲကို ပျံတက်သွားသည်။ တိမ်ဖြူမြို့မှ လူများကလည်း တစ်ယောက်ပြီး တစ်ယောက်က ထွက်ခွာ သွားကြသည်။
ပိုင်စီ၏အမူအရာကား အလွန်အမင်း ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။ သူက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ သူ၏အစ်ကိုက နောက်ဆုံး အခိုက်အတန့်ကို ရောက်မှ အဘယ်ကြောင့် နောက်ဆုတ် ပေးခဲ့သည်ကို သူလုံးဝ နားမလည်။ အကယ်၍ သူ၏အစ်ကိုသာ အနည်းငယ် တင်းပေးလိုက်ပါက ဂူတုံးလျို သေမည် သေချာ၏။ အကယ်၍ ရီဖူရှင်းကသာ ဂူတုံးလျိုဘက်မှ ဆက်ရပ်တည်ရဲလျှင် သူလည်း သေမည်သေချာသည်။ သူ့အတွက် မည်မျှ စိတ်ကျေနပ်စရာ ကောင်းလိုက်မည်နည်း။
သူက ထရပ်ကာ တိမ်ဖြူမြို့မှ လူများနှင့်အတူ ထွက်ခွာသွားသည်။
တိမ်ဖြူမြို့နှင့် ကျူးကော့မိသားစုတို့၏ ဆက်ဆံရေးက ဤနည်းဖြင့် ဆိုးဝါးသော အခြေအနေတစ်ခုသို့ ရောက်ခဲ့ရပြီ ဖြစ်သည်။
တိမ်ဖြူမြို့စားကား မူလကတည်းက မာနကြီးသောသူ ဖြစ်သည်။ သူ၏ပါရမီက အလွန်ကောင်းကာ ငယ်ရွယ်စဉ်ကလည်း အောင်မြင်မှုများစွာ ရခဲ့သူဖြစ်၏။ သူ့ဘဝတွင် ဤသို့ အရှက်ရစရာ ကိစ္စမကြုံဘူးပေ။ ယနေ့ ကျူးကော့မိသားစုကိစ္စက သူ့အား သေချာပေါက် အပြစ်ပြုမိပေလိမ့်မည်။
သို့သော်လည်း ကျူးကော့ချန်းဖန်ကား တည်ငြိမ်စွာပင် ရပ်နေသည်။ သူ့မျက်နှာပေါ်တွင် မည်သည့် အပြောင်းအလဲကိုမှ မမြင်ရပေ။ အမှန်တကယ်အားဖြင့် ကျူးကော့ချန်းဖန်က ပိုင်ဂူ၏အကြောင်းကို ကောင်းကောင်း သိပေသည်။ ပိုင်ဂူကား အလွန်ခေါင်းမာကာ မာနကြီးသူဖြစ်သည်။ ထို့အပြင် သူ့တွင် တစ်ကိုယ်ကောင်းဆန်သော အတွေးအကြံများရှိကာ မည်သည့်နေရာတွင်မဆို သူက အကောင်းဆုံး အတော်ဆုံး ဖြစ်လို၏။ ထို့ကြောင့်လည်း သည်လက်ထပ်ပွဲကို သူက အများဆုံး ဖိအားပေးသူ ဖြစ်ခဲ့သည်။ ကျူးကော့ချန်းဖန်ကား ပိုင်ဂူမည်သို့ တွေးသည်ကို သိပ်ဂရုမစိုက်ပေ။ ယနေ့ ဖြစ်ပျက်ခဲ့သမျှကိုလည်း နောင်တမရပေ။ သူက ယနေ့တွင် ဆုံးရှုံးခဲ့သည်များ ရှိသော်လည်း သူ အကျိုးဖြစ်ထွန်းခဲ့သည့် အပိုင်းများလည်း ရှိပေသည်။ ယခုကားသူ လုပ်သင့်သည်များကို လုပ်ဆောင်ရန် အချိန်အခါလည်း ဖြစ်သည်။ အနည်းဆုံး သူက ကလန်ခေါင်းဆောင် တစ်ယောက်အနေဖြင့် မှန်မှန်ကန်ကလန် လုပ်ဆောင်နိုင်ခဲ့သည်ဟု ယူဆသည်။
“အစ်ကိုကျူးကော့… အားလုံး အဆင်ပြေသွားပြီ ဆိုတော့လည်း ကျုပ်က နှုတ်ဆက်ပါတယ်…” ဟောင်မိသားစု ခေါင်းဆောင်က ပြောသည်။
“အမြန်မလိုပါနဲ့ဦး အစ်ကိုဟောင်…” ကျူးကော့ချန်းဖန်က ဆက်ပြောသည်… “အခု နဂါးပတ်တောင်မှာ ကျုပ်သမီးရဲ့ စေ့စပ်ပွဲအတွက် အားလုံးကို ဖိတ်ခေါ်ခဲ့တယ်… မတော်တဆ နည်းနည်း ဖြစ်သွားပေမဲ့ ကျုပ်တို့ ပွဲဆက်လုပ်တာပေါ့…”
အားလုံးက အံ့အားသင့် သွားကြသည်။ သူတို့အားလုံး ကျူးကော့မင်းယွီနှင့် ဂူတုံးလျိုတို့ကို ကြည့်ကာ ကျူးကော့ချန်းဖန်၏ သဘောကို နားလည်လိုက်ကြသည်။
ဟောင်စီက ပြုံးမိသည်။ ကျူးကော့ချန်းဖန်က အခြေအနေကို လိုက်၍ မည်သို့ လုပ်ဆောင်ရမည်ကို အမှန်ပင် သိနားလည်ပေသည်။ သူက ပိုင်ဂူကို အပြစ်လုပ်မိပြီးဖြစ်ရာ သည့်ထက် အပြစ်လုပ်မိမည်ကိုလည်း စိတ်ပူဟန်မရတော့ပေ။ ယခု လုပ်သင့်သည်ကား သူရသင့်သည်များကို ယူရန်ဖြစ်သည်။
ဂူတုံးလျိုနှင့် ပိုင်လွေလီတို့အကြား တိုက်ပွဲတွင် ဂူတုံးလျို၏ ပါရမီကို အားလုံးက မြင်တွေ့ပြီးဖြစ်သည်။ သူကား ပိုင်လွေလီနေရာတွင် အစားထိုးရန် အကောင်းဆုံးသော သူဖြစ်သည်။ ထို့အပြင် ဂူတုံးလျို၏နောက်တွင် ရပ်နေသော လူငယ် မျိုးဆက်များကိုလည်း လျစ်လျူရှု၍ မရပေ။
ယခု ပါရမီရှင် အဆင့်၁နှင့်၂ဖြစ်သော ရီဖူရှင်းနှင့် ယူချင်းတို့အပြင် မြို့တော်ဝန်ယူစီ၏သမက် ရွှီယီတို့အားလုံးက ဂူတုံးလျို၏ ဂျူနီယာများ ဖြစ်ကြကာ သူတို့၏စီနီယာကို အလွန်လေးစား ချစ်ခင်ကြဟန် ရသည်။ အကယ်၍ ဂူတုံးလျိုကသာ ကျူးကော့မိသားစု၏ သမက်ဖြစ်သွားပါက ထိုလူငယ်များ အားလုံးက ကျူးကော့မိသားစု ဘက်ခြမ်းကို ရောက်လာမည်မှာ သေချာသလောက် ရှိနေ၏။
ကျူးကော့ချန်းဖန်ကား သူ၏ဆုံးဖြတ်ချက် အသစ်ကို အချိန် ထပ်မဆွဲတော့ပေ။ ကျူးကော့မိသားစုမှ အဘိုးအိုများပင် ထိုအချက်ကို ဆွံ့အရသည်။
ကျူးကော့မင်းယွီက ခေါင်းမော့ကာ သူမ၏အဖေကို လှမ်းကြည့်သည်။ ထို့နောက် ဂူတုံးလျိုကို ကြည့်ကာ ပြုံးသည်။ သို့သော်လည်း ဂူတုံးလျို၏ အမူအရာက ပြောင်းလဲသွားကာ ပြန်ပြောသည်… “မဖြစ်ဘူး…”
အားလုံး၏ အမူအရာများက အေးခဲသွားကြသည်။ ကျူးကော့မင်းယွီ၏ အပြုံးကလည်း ပျောက်ကွယ်သွားကာ ဂူတုံးလျိုကို ကြည့်သည်။
“မင်းယွီ… ငါတို့ ဒါကို နောက်မှ ပြောကြမယ်… ငါသွားဖို့ လိုနေပြီ…” ဂူတုံးလျိုက တစ်စုံတစ်ခုကို သတိရဟန်ဖြင့် ကြိုးစားကာ ထရပ်သည်။ သူ၏အမူအရာက အလွန်အမင်း လေးနက်နေသည်။
“ကျုပ်တို့က ယွီပြည်နယ်က ဧည့်သည်တွေပါ… ကျူးကော့မိသားစုကို လာရောက် ဂါရဝပြုပါတယ်… အပြင်ဘက်မှ အသံတစ်သံကို ကြားကြရသည်။ အားလုံး၏ အကြည့်က အသံလာရာဘက်ကို ရောက်သွားသည်။ ယွီပြည်နယ်မှ ဧည့်သည်များ…။
ယွီပြည်နယ်ကား အင်ပါယာရှား၏ လက်အောက်မှ ပြည်နယ်တစ်ခုဖြစ်ကာ မြေရိုင်းပြည်နယ်နှင့် ထိစပ်နေသော ပြည်နယ်တစ်ခုလည်း ဖြစ်၏။
ယွီပြည်နယ်မှ ဧည့်သည်များ…။ သူတို့က နဂါးပတ်တောင်ကို ဘာလာလုပ်ကြသနည်း။
ဂူတုံးလျို၏မျက်နှာက ပျက်ယွင်းသွားသည်။ ပိုင်လွေလီနှင့် ရင်ဆိုင်ရာတွင်ပင် သူက ဤသို့ ရုပ်မပျက်ဖူးပေ။ သည်ကိစ္စကြောင့်ပင် သူက နဂါးပတ်တောင်ကို မလာရဲခြင်း ဖြစ်သည်။ သို့သော်လည်း စာပေါ်မှ သွေးနှင့်ရေးသော စာလုံးကို မြင်ကာ သူကား စိတ်အလိုကို မလွန်ဆန်နိုင်ခဲ့ပေ။
ကျူးကော့ချန်းဖန်က အပြင်ဘက်ကို ကြည့်သည်။ ထိုအုပ်စုကား ကျူးကော့ချန်းဖန်၏ ခွင့်ပြုချက်ကိုပင် မစောင့်ဘဲ အထဲကို ဝင်လာကြသည်။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများက အလွန် အားကောင်းကာ အစောင့်များက သူတို့ကို တားဆီးနိုင်စွမ်း မရှိပေ။ ထိုအုပ်စုထဲတွင် ရှီတန်ခိုးရှင်များစွာ ပါဝင်သည်။
***