အပိုင်း(၆၇၀)

ငါ့စိတ်က အားနည်းချက်မရှိဘူး

“ဘာတွေ ဖြစ်နေတာလဲ…” လူအများအပြားက ဂူတုံးလျိုကို ကြည့်ကြသည်။ သူထံမှ ထူးဆန်းသော စွမ်းအားတစ်ခု မွေးဖွားလာဟန် ရသည်။ သူ၏ သက်စောင့်ဝိညာဉ်က ဆင့်ကဲ ပြောင်းလဲလာကာ သူက ပိုမိုအားကောင်းလာနေ၏။

သူက လျှို့ဝှက်ပညာရပ် တစ်ခုခုကို ထုတ်သုံးလိုက်သည်များလား…။

အလင်းတန်းများက သူ့ထံကို ဆက်လက် ကျဆင်းလာသည်။ ဂူတုံးလျိုက သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို နားလည်ဆင်ခြင်ရန် အချိန်မရှိပေ။ သူ၏စိတ်စွမ်းအားက အနှောင်အဖွဲ့မှ လွတ်မြောက်သွားကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ထိုအခိုက်တွင် ရှေးဟောင်း သင်္ကေတကိုးခုက ကောင်းကင်နှင့် မြေကြီးတို့ဖြင့် ပေါင်းစပ်သွားကာ အလွန်အမင်း အားကောင်း လာနေသည်။

ဘုန်း.. စက္ကန့်ပိုင်းအတွင်းတွင် ရှေးဟောင်း သင်္ကေတကိုးခုက သက်စောင့်ဝိညာဉ်ကို လှည့်ပတ်ကာ စစ်နတ်ဘုရားရှစ်ပါးအား သွားရောက် တိုက်ခိုက်ကြသည်။ အကန့်အသတ်မဲ့သော စွမ်းအားက ရှေးဟောင်း သင်္ကေတထံမှ ထွက်ပေါ်လာနေကြကာ ထူးဆန်းသော စွမ်းအားများ ယှက်သန်းစေ၏။ ကမ္ဘာပျက်မတတ် ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်လာကာ စစ်နတ်ဘုရားများ အားလုံး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားကြသည်။ အရာခပ်သိမ်း ဖန်ဆင်းခြမ်း စွမ်းအားက ယိုယွင်း ပျက်စီးလာသော်လည်း ရှေးဟောင်း နတ်ဘုရားပုံရိပ်၏တိုက်ခိုက်မှုက ဆက်လက် ဆင်းသက်လာသည်။

ဂူတုံးလျို၏နောက်မှ သက်စောင့်ဝိညာဉ်ပုံရိပ်က အလွန်အမင်း ကြီးမားလာကာ စစ်မှန်သော မြင့်မြတ်ပုံရိပ် ဖြစ်သွားသည်။ ထိုပုံရိပ်က ရှေးဟောင်း နတ်ဘုရားတစ်ပါးအလား လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လွှတ်လိုက်သည်။ သင်္ကေတကိုးခုက လက်ဝါးရိုက်ချက် လမ်းတစ်လျှောက်တွင် အဆက်မပြတ် ဖြစ်ပေါ်လာကြကာ နောက်ဆုံး ရိုက်ချက်၏ဆုံမှတ်၌ သွားရောက် စုစည်းကြသည်။

ရှေးဟောင်း နတ်ဘုရား၏ ပုဆိန်ရှည်က ကြီးမားသော အားအင်နှင့်အတူ ကောင်းကင်ထက်မှ ကျဆင်းလာသည်။ ရှေးဟောင်း သင်္ကေတများက အဆက်မပြတ် ပြိုကွဲကြသော်လည်း ပုဆိန်ရှည်ကလည်း တောင့်ခံနိုင်စွမ်း မရှိပေ။ ရှေးဟောင်း နတ်ဘုရားပုံရိပ်က နောက်ကို လွင့်သွားကာ ခန္ဓာကိုယ်က အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားသည်။

“သူက ပိုအားကြောင်းလာတယ်…” မရေမတွက်နိုင်သော လူများက ဂူတုံးလျိုကို အံ့အားသင့်စွာ ကြည့်ကြသည်။ ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ထံမှ ထွက်ပေါ်လာဟန်ရကာ ဂူတုံးလျိုက မျက်လုံးကို မှိတ်လိုက်သည်။ လောကကြီးက သူ၏စိတ်နှလုံးတွင် တည်နေစေခြင်း၊ လွတ်လပ်သော စိတ်အခြေကို တည်စေခြင်းက သူ့အတွက် အမှန်ပင် ပိုမိုကြီးမြတ်သော ကမ္ဘာသစ်တစ်ခုအား မွေးဖွားစေကာ ကောင်းကင်နှင့် မြေကြီးအား ပိုမိုကျယ်ပြန့်စွာ ခံစားသိမြင်စေ၏။

မိုးကောင်းကင်၏ စွမ်းအင်များက သူ့ထံကို စီးဆင်းလာနေသည်။ ထိုအခိုက်တွင်ပင် သူ၏ခန္ဓာကိုယ်အတွင်းမှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ဂူတုံးလျိုကိုယ်တိုင်က ပုံရိပ်ယောင်တစ်ခု ဖြစ်သွားသည်။ ပုံရိပ်ယောင်များက အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ လေထုကို ခွင်းလျက် ပိုင်လွေလီ၏ရှေ့မှောက်ကို ရောက်လာကြသည်။ ထိုအရာများက ဂူတုံးလျို၏ စိတ်စွမ်းအားမှ ဖန်ဆင်းသော အသွင်သဏ္ဌာန်များ ဖြစ်ကြကာ အစစ်အမှန်များနှင့် ထူးမခြားနားပေ။

ပိုင်လွေလီကား လေထဲတွင် ဝင့်ကြွားစွာ ရပ်နေဆဲဖြစ်သည်။ မရေမတွက်နိုင်သော ပုံရိပ်များက ပိုင်လွေလီနှင့် ဂူတုံးလျိုတို့အကြား ဖြစ်ပေါ်လာကာ ကမ္ဘာပျက်စွမ်းအားများ ဖြစ်ပေါ်လာ၏။

“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ စိတ်စွမ်းအားလဲ…” အားလုံးက အလွန်တရာ ပြင်းထန်လွန်းသော စိတ်စွမ်းအားကို ခံစားမိကြသည်။ ဂူတုံးလျိုက ပိုင်လွေလီအား စိတ်စွမ်းအားချင်း ယှဉ်ပြိုင် တိုက်ခိုက်နေသည်။ ဤသို့သော တိုက်ပွဲကား ပိုမို၍ အန္တရာယ်များက အနည်းငယ်သော အတိမ်းအစောင်းက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။

ဂူတုံးလျိုအား ထူးဆန်းသော စွမ်းအားများ ရစ်ပတ်လာသည့် တိုင်အောင် သူကိုယ်တိုင်ကား ပိုင်လွေလီထက် တန်ခိုးအဆင့် နိမ့်နေခြင်းက ငြင်းဆန်မရသော အချက်ပင်။

ပိုင်လွေလီ၏နောက်တွင် ဧရာမမျက်လုံးအစုံ ဖြစ်ပေါ်လာသည်။ ဖျက်ဆီးခြင်းမျက်လုံး ဝိညာဉ်က အလွန်ပြင်းထန်သော အလင်းများ ဖြာထွက်လာ၏။ တစ်လောကလုံးက သူ၏အသိတ်စိတ် အောက်ကို ရောက်သွားဟန်ရကာ သူ့ထံကို တိုးဝင်လာသော စွမ်းအားမူကား သူထိန်းချုပ်ခြင်းငှာ မစွမ်းသာသော အရာဖြစ်၏။

ပြင်းထန်သော စိတ်စွမ်းအား ဖြန့်ကြက်မှုနှင့်အတူ ဂူတုံးလျို၏ စိတ်အသိက အပြင်ကို ထွက်လာသည်။ သူ၏ခန္ဓာကိုယ်မှ အသက်စွမ်းအင်များနှင့် စွမ်းအားများ အားလုံးက အပြင်ကို ထုတ်လွှင့်သော စိတ်အသိထံတွင် သွားရောက် ပေါင်းစပ်သည်တွင် ကောင်းကင်တွင် ထောင်ပေါင်းများစွာသော ပုံရိပ်များ ဖြစ်ပေါ်လာပြီး အရာအားလုံးက ကြောက်မက်ဖွယ် ဓားသွားများအလား ပိုင်လွေလီထံကို တိုးဝင်သွားကြသည်။

“ဒီအကောင်က ရူးနေတာပဲ…” အားလုံးက ဂူတုံးလျိုကို မှင်တက်စွာ ကြည့်နေကြသည်။ သူထုတ်သုံးလိုက်သော တိုက်ကွက်၏အကျိုးဆက်ကား အဆုံးစွန်သော ပျက်စီးခြင်း သင်္ကေတဖြစ်၏။ ရှုံးနိမ့်သွားသည့်သူက တန်ခိုးအဆင့် ပျက်စီးခြင်း သေဆုံးခြင်းများ အထိပင် ဖြစ်နိုင်ပေသည်။

ဂူတုံးလျိုက သူ့ထံကို လှမ်းလာနေသည်ကို မြင်သည်တွင် တစ်ဖက်လူက ကြီးမားသော စိတ်စွမ်းအားကို သယ်ဆောင်လာသည်ကို သူကသံသယ မဖြစ်မိပေ။ ထိုအခိုက်တွင် မဆုံးနိုင်သော ဓားအသိများ လေထဲတွင် လှည့်ပတ်နေကြကာ သူ၏ခန္ဓာကိုယ် အတွင်းသို့ ထွင်းဖောက်ရန် အဆင်သင့် ဖြစ်နေကြပြီဟု သူက ခံစားရ၏။

ပိုင်လွေလီထံမှလည်း ကြောက်မက်ဖွယ် ကောင်းသော စိတ်အသိတစ်ခု မွေးဖွားလာသည်။ ရှေးဟောင်း နတ်ဘုရား၏ကြီးမားသော စိတ်အင်အားက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ ပိုင်လွေလီက နတ်ဘုရားတစ်ပါးလို မားမားမတ်မတ် ရပ်သည်။

“ငါ့စိတ်က ရှီနန်းတော်မှာ လေ့ကျင့်တုန်းကတည်းက အားနည်းချက် မရှိတော့ဘူး… မင်းရဲ့တန်ခိုးအဆင့်က ငါ့ထက် နိမ့်တယ်… မင်းက အနိုင်ရဖို့ အခွင့်အရေးရှိတယ် ထင်လား…” ပိုင်လွေလီက ဂူတုံးလျိုကို ကြည့်ကာ ဆက်ပြောသည်… “မင်း ရှုံးသွားရင် ဘာဖြစ်သွားမလဲ တွေးမိလား…”

“ငါ့စိတ်က အားနည်းချက် ကင်းပြီးတော့ ခိုင်မာတယ်… ဘာလို့ ရှုံးရမှာလဲ…” ဂူတုံးလျိုက ပြန်ပြောသည်။

“ဒါက မင်းရဲ့ အမြင်မှာပဲ အားနည်းချက် ကင်းတာဆိုရင်ရော…” ပိုင်လွေလီက ပြောသည်… “မင်းက တိုက်ခိုက်ရင် ရှုံးဖို့ သေချာတယ်…”

“နိုင်တယ်ဆိုတာ ဘာလဲ… ရှုံးတယ်ဆိုတာ ဘာလဲ…” ဂူတုံးလျို၏အကြည့်က ပိုင်လွေလီထံကို ရောက်လာသည်။ ရှေးဟောင်း သ​င်္ကေတကိုးခုက ရောင်စဉ်ရောင်ဝါများ လင်းလက်ကာ မဆုံးနိုင်သော အရိပ်ဓားများက တစ်ခုတည်း ပေါင်းစပ်သွားပြီး ရှေ့ကို ဆက်လက် တိုးဝင်လာကြသည်။ သူကလက်ညှိုးကို ရှေ့သို့ ညွှန်လိုက်၏။ စွမ်းအားများက လက်ညှိုးညွှန်ရာ ဘက်ကို အရူးအမူး စီးဆင်းကြကာ လက်ချောင်းက ကြီးမား ရှည်လျားစွာဖြင့် ရှေ့ကို တိုးဝင်သွားသည်။

ရှေးဟောင်း နတ်ဘုရားကား မီးခိုးရောင်အဖြစ် လုံးဝ ပြောင်းလဲသွားပြီး ဖြစ်သည်။ ဖျက်ဆီးခြင်းအသိက အရာခပ်သိမ်းကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ဂူတုံးလျို၏ စိတ်နှင့်ခန္ဓာကိုယ်ထဲကို တိုးဝင်လာကြသော်လည်း ဂူတုံးလျိုက ဂရုမစိုက်ဘဲ ရှေ့ကို ဆက်လက် လှမ်းလာနေသည်။ သူက ဖျက်ဆီးခြင်း စိတ်စွမ်းအင်များကို တိုက်ရိုက် ဖြတ်ကျော်သွားကာ လက်ညှိုးအား အနည်းငယ် အောက်ကို စိုက်လိုက်သည်တွင် ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားများက လက်ချောင်းထိပ်တွင် လာရောက် စုစည်းကြသည်။ ထိုအခိုက်တွင်ပင် မရေမတွက်နိုင်သော အလင်းတန်းများ သူ၏ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းအောင် အက်ကွဲကြောင်းများဖြင့် ပျက်စီး ယိုယွင်းလာကြသည်။

“ငါက မဟာလမ်းစဉ်ကို တစ်ယောက်တည်း လျှောက်လှမ်းပြီးတော့ စိတ်က မြဲမြံတယ်… ဒါကြောင့် ငါ့ရဲ့ စိတ်က မှန်ကန်တယ်လို့ ယုံကြည်နေသရွေ့ ငါဟာ မကျရှုံးဘူး…” ဂူတုံးလျို၏အသံက ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။

လူအများအပြားက တုန်ယင်သွားကာ ဂူတုံးလျိုကို လှမ်းကြည့်ကြသည်။

ပိုင်လွေလီ ဖန်ဆင်းထားသော ရှေးဟောင်း နတ်ဘုရားကား ကြီးမားသော ဖျက်ဆီးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ အလင်းတန်းများက အရပ်ရှစ်မျက်နှာကို ဖြာထွက်နေကာ ဝင့်ကြွားသော ဟန်ပင်ဖြင့် ရပ်နေသည်။

ထိုအခိုက်ကား ပိုင်လွေလီနှင့် ဂူတုံးလျိုတို့အတွက် ထာဝရအလား ကြာမြင့်လှသည်။ ပိုင်လွေလီက ဂူတုံးလျိုကို စိုက်ကြည့်သည်။ ဂူတုံးလျိုက ပျက်စီး ယိုယွင်းတော့မည့်အလား ထင်မှတ်ရသော်လည်း တစ်ချိန်တည်းမှာပင် သူက မည်သည့်နည်းနှင့်မှ မပျက်စီးနိုင်ဟု ခံစားရပြန်သည်။

ဂူတုံးလျိုက ရှေ့ကိုပင် ကြည့်ကာ ပြောသည်… “ငါ့စိတ်က အားနည်းချက် မရှိဘူး…”

သူ၏နတ်ဘုရား ခန္ဓာကိုယ်က မကြာမီ ရှေးဟောင်း နတ်ဘုရားပုံရိပ်ဖြင့် ရင်ဆိုင်မိတော့သည်။ ကြောက်မက်ဖွယ် အရှိန်အဝါကြီး တစ်ခုနှင့်အတူ လေထုက တဝုန်းဝုန်း ပေါက်ကွဲကြသည်။ နဂါးပတ်တောင် တစ်ခုလုံးမှ လူများအားလုံးက တိုက်ပွဲကို ထိတ်လန့်စွာ ကြည့်ကြသည်။ တိုက်ပွဲကို ကြည့်ကာ သူတို့က မည်သို့ ခံစားရသည်ကိုပင် မပြောပြတတ်တော့ပေ။

အားကောင်းသော အလင်းတန်းများ အောက်တွင် နတ်ဘုရား ခန္ဓာကိုယ်က ထွင်းဖောက်ခံရ၏။ မြင့်မြတ်ပုံရိပ်က နောက်ဆုံးတွင် ဂူတုံးလျို၏ ခန္ဓာကိုယ်ထဲကို ပြန်လည် ဝင်ရောက် ပျောက်ကွယ်သွားသည်။ အသက်မဲ့နေဟန်ရသော ဂူတုံးလျိုက မျက်လုံးပွင့်လာကာ ပါးစပ်မှ သွေးတစ်ပွက်အန်ပြီး နဂါးပတ်တောင်ခြေသို့ ကျဆင်းသည်။

“အစ်ကို၃…” ရီဖူရှင်းတို့က အော်လိုက်ကြသည်။ ကျူးကော့မင်းယွီကလည်း မြန်ဆန်စွာပင် ပြေးသွာသည်။ သည်တစ်ခေါက်တွင်ကား မြို့စားပိုင်ဂူက သူမအား ဂရုမစိုက်တော့ပေ။ သူက သူမအပေါ် စိတ်ဝင်စားရန် အချိန်မရှိဘဲ ပိုင်လွေလီကို ကြည့်သည်။

ကျူးကော့မင်းယွီက ဂူတုံးလျို၏ ခန္ဓာကိုယ်ကို လှမ်း၍ ပွေ့ဖက်ကာ မြေပြင်ပေါ်ကို အတူတူကျဆင်းသည်။ သူမက မြေပြင်တွင်ပင် ဂူတုံးလျိုကို ပွေ့ဖက်လျက် ထိုင်လိုက်သည်။ ဂူတုံးလျိထံမှ သွေးများက သူမ၏ဝတ်စုံတွင် စွေးစွေးနီသွား၏။ သူမ၏မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

“မင်း ငိုနေတာလား…” ဂူတုံးလျိုက ပြုံးကာ ကျူးကော့မင်းယွီကို ကြည့်သည်။

“ရှင် ပြုံးနိုင်သေးတယ်…” ကျူးကော့မင်းယွီက ဂူတုံးလျိုကို ကြည့်သည်။ သည်အရူးကား ပြုံးနိုင်သေး၏။

“မင်း ဒီနေ့ လှနေတယ်…” ဂူတုံးလျိုက ပြောသည်။

“နင်လာမယ်ဆိုတာ ငါသိတယ်…” ကျူးကော့မင်းယွီက ပြန်ပြောသည်။

ရီဖူရှင်းတို့ နှစ်ယောက်က သူတို့နှစ်ယောက် ဖြစ်ပျက်နေသည်များကို ဝင်ရောက် မစွက်ဖက်ဘဲ ဘေးမှ အသာရပ်ကြည့် နေကြသည်။

တခြားတစ်ဖက်တွင် ပိုင်လွေလီကား မျက်လုံးများပိတ်လျက် လေထဲမှ အောက်ကို ကျဆင်းလာကာ မြေပြင်နှင့်ပြင်းစွာ ထိရိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အသက်ဓာတ်များက မြန်ဆန်စွာပင် ဆုတ်ယုတ်နေကြသည်။ ပိုင်လွေလီကား အလွန်အမင်း အားပြတ်သွားဟန်ရ၏။ တန်ခိုးရှင်များကား အမြဲတမ်း လန်းဆန်းကာ အားပြည့် နေတတ်သည်။ လက်ရှိ အခြေအနေအရ ပိုင်လွေလီကလည်း ဒဏ်ရာပြင်းစွာ ရထားသည်မှာ သေချာ၏။

အလယ်အလတ်တန်းစား ရှီဖြစ်သော ဂူတုံးလျိုက ပိုင်လွေလီကို အမှန်ပင် ဒဏ်ရာရစေခဲ့သည်။

သူ၏ခန္ဓာကိုယ်အတွင်းမှ ထူးဆန်းသော စွမ်းအားများ နိုးထအောင် သူက ဘာလုပ်လိုက်သနည်း။

ပိုင်လွေလီ၏ မျက်လုံးများက မကြာမီ ပွင့်လာသည်။

“မင်း အဆင်ပြေလား…” လျူချန်းက ပိုင်လွေလီကို မေးသည်။

ပိုင်လွေလီက ခေါင်းယမ်းကာ ဂူတုံးလျိုကို ကြည့်သည်။ ပိုင်ဂူ၏မျက်လုံးများ၌ လူသတ်လိုသော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ သူကအေးစက်စွာ ပြောသည်… “ဒီနေရာက နဂါးပတ်တောင်ပဲ… မင်းတို့က ငါကိုယ်တိုင် ဝင်ပါရအောင် လုပ်နေတာလား…”

ကျူးကော့မိသားစုဝင်များက ကျူးကော့ချန်းဖန်ကို ကြည့်သည်တွင် ကျူးကော့ချန်းဖန်က လက်တားပြသည်။

ရီဖူရှင်းက ပိုင်ဂူကို ကြည့်ကာ ကျူးကော့မင်းယွီနှင့် ဂူတုံးလျိုတို့ဘေး၌ တိတ်ဆိတ်စွာ ရပ်နေသည်။

ပုဂ္ဂိုလ်ကြီးများက ကျူးကော့မင်းယွီနှင့် ဂူတုံးလျိုတို့ကို ကြည့်သည်။ သူတို့က ထိုစုံတွဲကို တစ်နည်းအားဖြင့် သနားကရုဏာ သက်ကြသော်လည်း တိမ်ဖြူမြို့အတွက်မူ သူတို့နှစ်ယောက်က ခွင့်လွှတ်မရသောလူများ ဖြစ်ကြသည်။

“မြို့စားပိုင်ဂူ… အခြေအနေက ပြောင်းလဲသွားပြီ… ဘာလို့ အငြိုးအတေး ထားနေမှာလဲ…” ကြည်လင်ကာ အေးချမ်းသော အသံတစ်သံကို ကြားကြရသည်။ ပြောလိုက်သူကား ဘုန်းကြီးအိုတစ်ပါး ဖြစ်သည်။

ချိန်တန်းဘုရားကျောင်းမှ ဘုန်းတော်ကြီးချိန်တန်းကား ကောင်းကင်မြေရိုင်း အဆင့်၁၁တွင်ရှိသည်။ သူကား ဗုဒ္ဓလမ်စဉ်ကို လိုက်စားသူ ဖြစ်၏။

“ဆရာတော်… ဗုဒ္ဓလမ်းစဉ်က လူသားတွေရဲ့ အရေးကိစ္စနဲ့ သိပ်ပတ်သက်လေ့မရှိဘူး… ဒီနေ့ ဘာလို့ရောက်လာတာလဲ…” မြို့စားပိုင်ဂူက ပြန်မေးသည်။

“ကျုပ်တပည့်က သူမရဲ့ အသိတွေကို လာကြည့်ခိုင်းလို့ပါ…” ဘုန်းကြီးချိန်တန်းက သူ၏လက်များကို အုပ်မိုး၍ ပြောသည်။

“ဆရာတော်ကလည်း တပည့် လက်ခံထာတာလား… သူမက ဒီမှာလား… သူမရဲ့ မိတ်ဆွေတွေကရော ဘယ်သူတွေလဲ…” မြို့စားပိုင်ဂူက မေးသည်။

“သူက ဒကာတော်ရဲ့ ရှေ့မှာပါပဲ… ပြီးတော့ သူက အဆင်ပြေပါတယ်… ” ဘုန်းတော်ကြီးက ပြောသည်။

အားလုံးက မြို့စား၏ရှေ့မှ လူများကို ကြည့်သည်တွင် ဂူတုံးလျိုတို့ အုပ်စုကိုသာ မြင်သည်။

“ဆရာတော်ရဲ့ တပည့်နဲ့သိတဲ့လူတွေကို ဒီက ထွက်သွားခိုင်းတာ အကောင်းဆုံးပဲလို့ ကျုပ်ထင်တယ်…” ပိုင်ဂူကအေးစက်စွာ ပြောသည်။

“မြို့စားပိုင်… ဒကာတော်နဲ့ မဆိုင်တဲ့အရာကို ဘာလို့ အတင်း ဖက်တွယ်ချင်ရတာလဲ…” ဘုန်းတော်ကြီးက နားချသည်။

“အဲဒါကို လက်လွှတ်လိုက်တော့.. ပိုင်ဂူ…” နောက်ထပ် အသံတစ်သံကို ကြားကြရသည်။ ပိုင်ဂူက လှည့်ကြည့်သည်တွင် မြို့စားယူစီကို မြင်သည်။ သူက အေးစက်စွာ ပြောသည်… “မင်းရဲ့ သားမက်ကို ငါ့မျက်လုံးအောက်က ခေါ်သွားတာ ကောင်းမယ်ထင်တယ်…”

“ကျေးဇူးပြုလို့ ဒီမှာပဲ အဆုံးသတ်ရအောင်…” လူအများအပြားက ထိုအသံကို ကြားသည်တွင် အလွန်အမင်း အံ့အားသင့်ကြရသည်။ ပြောလိုက်သူကား ပိုင်လွေလီကိုယ်တိုင် ဖြစ်၏။

မြို့စားပိုင်ဂူကိုယ်တိုင်က ပိုင်လွေလီကို ကြည့်ကာ မှင်တက်နေသည်။

ပိုင်လွေလီက ရှေ့ကို လျှောက်သွားလိုက်ကာ ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့ကို ကြည့်ပြီးပြောသည်… “မင်းမှန်တယ်… မင်းရဲ့စိတ်က မှန်ကန်တယ်လို့ သတ်မှတ်တဲ့ လမ်းကြောင်းတစ်ခုကို ယုံယုံကြည်ကြည်နဲ့ ဆက်လျှောက်နေသရွေ့ မင်းက မရှုံးနိုင်ဘူး… ငါလည်း ဒီနေ့တိုက်ပွဲမှာ မရှုံးခဲ့ဘူး… ငါလုပ်တာကလည်း အမှန်ပဲ…”

ထို့နောက် သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “မင်းလည်း မှန်တယ်… တစ်စုံတစ်ယောက်က ရှန့်ထိုဖြစ်ဖို့ ကံပါလာတယ်ဆိုရင် ပြင်ပအကူအညီ ယူစရာမလိုဘူး.. ငါကလည်း ပြင်ပအကူအညီမယူဘဲ ရှန့်ထိုဖြစ်နိုင်တယ်လို့ ယုံတယ်… ဒါပေမဲ့ တော်ဝင်ကျဲနန်းတော်က ငါ့အပေါ် မျှော်လင့်ချက်တွေ ထားတယ်… ဒီအတွက် ငါကိုယ်တိုင်က အများကြီး သေချာတဲ့လမ်းကို ရှိနေရင် ဘာလို့ငြင်းရမှာလဲ…”

ထို့နောက် သူက ကျူးကော့မင်းယွီကို ကြည့်ကာ ပြောသည်… “ငါက ပြည့်စုံတဲ့လူ မဟုတ်ဘူး… ဒီလောကမှာ ပြီးပြည့်စုံတဲ့လူမရှိဘူး… ငါက ဘာမှ မရှင်းပြခဲ့ဘူးဆိုပေမဲ့ ဒီတိုက်ပွဲမှာ သူက ငါ့ရဲ့ လေးစားမှုကို မရခဲ့ရင် သူ့ကို ငါက သေချာပေါက် သတ်မှာပဲ… ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေအတွက် ငါကလည်း တစ်ခုခု လုပ်ဖို့လိုအပ်တာပဲ မလား…”

ထို့နောက် သူက လျူချန်းဘက်ကို ကြည့်ကာ ပြောသည်… “ဆရာ… သွားရအောင်…”

လျူချန်းက ပိုင်လွေလီကို ကြည့်ကာ ခေါင်းတဆတ်ဆတ် ညိတ်သည်… “ကောင်းပြီ…” သူက တခြားဘာမှ မပြောတော့သလို မည်သူ့ကိုမှ အပြစ်မတင်တော့ပေ။ အကယ်၍ ပိုင်လွေလီက ဤနည်းဖြင့် အဆုံးသတ်လိုပါက ရှိပါစေတော့။

ပိုင်လွေလီက ခေါင်းညိတ်ကာ လေထဲကို ပျံတက်သွားသည်။ သူ၏ပုံသဏ္ဌာန်က လေထဲကို တဖြည်းဖြည်း မြင့်တက်သွားသည်တွင် အဝေးမှ အသံတစ်သံက နဂါးပတ်တောင် တစ်ဝိုက်ကို ပျံ့လွင့်သွားသည်… “ငါက မဟာလမ်းစဉ်ကို တစ်ယောက်တည်း လျှောက်တယ်… ငါက ပြီးပြည့်စုံတဲ့လူ မဟုတ်ပေမဲ့ ငါ့စိတ်က အားနည်းချက် မရှိဘူး… ”

***


Comment

Leave a Reply

Options

not work with dark mode
Reset