အပိုင်း(၆၆၈)

အရာခပ်သိမ်းဖန်ဆင်းခြင်းစွမ်းအား

နဂါးပတ်တောင်၏ အပေါ်လေထဲတွင် ပိုင်လွေလီနှင့် ဂူတုံးလျိုတို့ တိုက်ခိုက်နေကြသည်။ အရပ်မျက်နှာ တစ်ထောင်ရိုက်ချက်က တိုက်ရိုက် ကျဆင်းလာသည်တွင် ဂူတုံးလျို၏ အရံအတားက အက်ကွဲသွား၏။ သို့သော် ရှေးဟောင်း သင်္ကေတကိုးခုက ထူးဆန်းသော စွမ်းအားများကို ပိုင်ဆိုင်ပြီး အရံအတား အက်ကွဲမှုကို ပြန်လည် ပြုပြင်နိုင်စွမ်း ရှိ၏။

ပိုင်လွေလီက ဂရုမစိုက်ပေ။ ဂူတုံးလျိုက ထူးခြား ထက်မြက်သောလူ ဖြစ်သည်ကို သူသိသော်လည်း တန်ခိုးအဆင့် သာလွန်သလို သူက မြေရိုင်းပြည်နယ် တစ်ခုလုံးအတွင်း ပါရမီအမြင့်ဆုံး ဟူသော ဂုဏ်ပုဒ်အရ သည်တိုက်ပွဲအတွက် သူ့အတွက် သံသယရှိစရာ မလိုသော နိုင်ပွဲဖြစ်သည်။

ပိုင်လွေလီက ဂူတုံလျိုကို ကြည့်သည်။ ဖျက်ဆီးခြင်း မျက်လုံးက ပတ်ဝန်းကျင်မှ အကန့်အသတ်မဲ့သော စွမ်းအားများကို ထိန်းချုပ်ကာ ဂူတုံးလျိုထံကို သက်ဆင်းလာကြသည်။ လျှပ်စီးနတ်ဘုရားက ဂူတုံလျိုအား ဆက်လက် တိုက်ခိုက်ခြင်း မရှိတော့ဘဲ​ တိုက်ပွဲနေရာကို ပိတ်ဆို့ရန်သာ ကြိုးစားသည်။ ထိုအခိုက်တွင် ဧရာမ နတ်ဘုရားပုံရိပ်က ရှန့်ထိုတစ်ပါးအလား ထင်မှတ်ရသည်။

“အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းအား…” တော်ဝင်ကျဲ နန်းတော် လက်ထွက် ပုဂ္ဂိုလ်ကြီးများ အားလုံး၏ မျက်လုံးများက အရောက်လက် သွားကြသည်။ သည်ပညာကား ရှီနန်းတော်က ပိုင်လွေလီကို ဆက်ခံစေခဲ့သော အဆင့်လွန်ပညာရပ် ဖြစ်သည်။ ပိုင်လွေလီက ရှီနန်းတော်ကို ဝင်ရောက်ခဲ့ကာ သူက ရှီနန်းတော်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်ဟု ပြောကြသည်။ ထို့ကြောင့်ပင် သူ့အား အားလုံးက တော်ဝင်ကျဲနန်းတော်၏ နောက်တက်မည့် ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။ အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းအားကား အဆင့်လွန် ခုခံခြင်းနှင့် တိုက်ခိုက်ခြင်း ပညာရပ်ဖြစ်သည်။

ရှေးဟောင်းနတ်ဘုရား တစ်ပါးအလား ပုံရိပ်က ကောင်းကင်ထက်တွင် နတ်ဘုရားတူကို ဆုပ်ကိုင်ကာ ရပ်နေသည်။ ကြောက်မက်ဖွယ် ကောင်းသော မြေဆွဲအားက ဆင်းသက်လာသည်။ အခမ်းအနားမှ လူများကပင် ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ခံစားကြရသည်။

“အစ်ကို၃…” ရွှီယီ၏အမူအရာက ပြောင်းလဲသွားသည်။ ဖိအားက ကြီးမားလွန်းသည်။ လျိုဖန်း၏မျက်နှာကလည်း ပြာနှမ်းသွားသည်။

ရီဖူရှင်းကလည်း မသက်မသာ ခံစားနေရသည်။ ဂူတုံးလျိုက လုနန်ထျန်းနှင့် တိုက်ခိုက်စဉ်က ရွှီယီနှင့် လျိုဖန်းတို့က အလွန်အမင်း ယုံကြည်မှု ရှိခဲ့ကြသည်။ သို့သော်လည်း ယခု သူတို့နှစ်ယောက်၏ အမူအရာများက ပျက်ယွင်းနေကြသည်။

ဂူတုံးလျိုကလည်း ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိသည်။ သင်္ကေတကိုးခုအား သူ၏ခန္ဓာကိုယ်ကို မြန်ဆန်စွာ လှည့်ပတ်စေသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားအသိတစ်ခု သူ့ခန္ဓာကိုယ်၌ မွေးဖွားလာသည်။ မဆုံးနိုင်သော ဓားအသိက ကောင်းကင်နှင့် မြေပြင်အကြား ဖြစ်ပေါ်လာကာ သူ့အား စတင် လှည့်ပတ်လာကြသည်။ သူ့အနီးတွင် ကြောက်မက်ဖွယ် ကောင်းသော ဓားပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီး သူ့အား လှည့်ပတ် ပျံသန်းသည်။

ဂူတုံးလျို၏ဘေးတွင် ဧရာမဓားတစ်လက် ဖြစ်ပေါ်လာ၏။

သင်္ကေတကိုးခု၏ အလင်းများက ဓားကို လှစစွာ စီးဆင်းနေကြသည်။ ပတ်ဝန်းကျင်မှ လောက စွမ်းအားများကလည်း ဓားနှင့်စတင် ပေါင်းစပ်နေသည်။ ဓားက တစ်မုဟုတ်ချင်း လေထုကို ခွင်းလျက် ကောင်းကင်ထက်ကို ပျံသန်းသွားသည်။ ဂူတုံးလျိုသည်လည်း ပညာရပ်မျိုးစုံတွင် ထူးချွန်သူ ဖြစ်သည်။ သူက စိတ်ပညာ၊ ဆင့်ခေါ်ခြင်း၊ ဓား၊ မှော်သင်္ကေတ တို့အားလုံးက သူအဓိကထား လေ့ကျင့်သော ပညာရပ်များ ဖြစ်ကြသည်။

“ဒီဓားက အလယ်အလတ်ရှီကို အလွယ်တကူ ဖြတ်တောက် နိုင်တယ်…” မြေပြင်မှ​လူများအားလုံးက ထိုဓားကို ကြည့်ကာ မှတ်ချက်ချကြသည်။ ဂူတုံးလျိုကား တခြားလူများနှင့် မတူသော ပါရမီရှင်ဖြစ်သည်။ သို့သော်လည်း သူကား ကံမကောင်းစွာပင် ပိုင်လွေလီနှင့် ဆုံတွေ့ခဲ့ရသည်။

ပိုင်လွေလီကား ရှီအဆင့်တွင်သာ ရှိသေးသော်လည်း သူက မိုရှီအဆင့်မှ တန်ခိုးရှင်အချို့နှင့်ပင် ယှဉ်တိုက်နိုင်သည်။

ကောင်းကင်ခွင်းတူ၏ စွမ်းအားက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ရှေးဟောင်း နတ်ဘုရားက တူကို ဆုပ်ကိုင်ကာ စတင်ရွေ့လျားသည်။ အားလုံးက လွန်ဆန်မရနိုင်သော ဖိအားတစ်ခု၏ အောက်ကို ကျဆင်းသွားသလို ခံစားလိုက်ကြရသည်။

ထို့အတူ ကောင်းကင်၌​ သက်တံအလား လှပသော ဓားတစ်အလင်းတန်း တစ်ခုက ကြောက်မက်ဖွယ် စွမ်းအားနှင့်အတူ ရှေးဟောင်း နတ်ဘုရားထံသို့ တိုးဝင်သွားသည်။ ထိုအခိုက်တွင် လေဟာနယ်က အမှန်တကယ်ပင် ပြတ်တောက် သွားရသည်။ သို့သော်လည်း ကောင်းကင်ခွင်းတူနှင့် ဧရာမဓားတို့ ဆုံတွေ့သည်တွင် ဓားက အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားသည်ကို မြင်ကြရသည်။ ထို့နောက် ကောင်းကင်ခွင်းတူက ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါဖြင့် ဆက်လက် ဆင်းသက်လာသည်။

ဂူတုံးလျို၏အမူအရာက သိပ်ပြောင်းလဲခြင်း မရှိပေ။ မြင့်မြတ်ရောင်စဉ်များ ဖြာထွက်လျက် ရှေးဟောင်း သင်္ကေကိုးခုက တံဆိပ်တော်များအဖြစ် ပြောင်းလဲကာ ရှေ့ကို တိုးဝင်သွားကြသည်။ ကျွန်လင်းတံဆိပ်တော်၊ ကျင့်ကန်းတံဆိပ်တော်၊ ပိုထျန်းတံဆိပ်တော် စသော တံဆိပ်တော်များက လေထုကို တုန်ခါစေလျက် ဧရာမ လက်ဝါးများအလား ပြေးဝင်သွားကြသည်။

ဘုန်း… ဘုန်း… ဘုန်း…

ကောင်းကင်ခွင်းတူက အရာခပ်သိမ်းကို ဖျက်ဆီးလျက် ကျဆင်းလာသည်တွင် ရှေးဟောင်း သင်္ကေတများအားလုံး အစိတ်အစိတ် အမြွှာမြွှာ ဖြစ်ကြရသည်။ ထို့အတူ အရံအတားကလည်း များစွာသော အက်ကွဲကြောင်းများ ဖြစ်လာ၏။ နောက်ဆုံး ကြီးမားလှသော ဖိအားအောက်တွင် လုံးဝ ပြိုကျပျက်စီးသွားသည်။ စစ်နတ်ဘုရားကိုးပါး၏ လက်များကလည်း သူတို့ထံ ကျဆင်းလာသော တူကို ဖမ်းဆုပ်ကြရတော့သည်။ သို့သော်လည်း ဂူတုံးလျိုကား လျှပ်စီးတန်းအလား မြေပြင်ပေါ်ကို ကျဆင်းသွားသည်။

ဘန်း…

ကျယ်လောင်သော မြည်သံတစ်ခုနှင့်အတူ ဂူတုံးလျိုက နဂါးပတ်တောင်ပေါ်ကို ကျဆင်းလာသည်။ သူ့အနီးမှ အရာခပ်သိမ်းက ကြီးမားသော အရှိန်အဟုန်ကြောင့် ပျက်စီးသွားရသည်။ များစွာသော ပုဂ္ဂိုလ်ကြီးများက လူငယ်မျိုးဆက်များ မထိခိုက်စေရန် အရံအတားများ ပြုလုပ်ပေးကြသည်။ အားလှိုင်းများက အရံအတားများကိုပင် တဝုန်းဝုန်းနှင့် လာရောက် ရိုက်ခတ်နေဆဲ ဖြစ်သည်။ မြေပြင်ပေါ်တွင်ကား ဂူတုံးလျို ဆင်းသက်လာသော နေရာက အက်ကွဲကြောင်းတစ်ခု ဖြစ်သွားသည်ကို မြင်ရသည်။ သူ၏ပါးစပ်တွင်ကား သွေးစများ ထွက်နေ၏။

“အစ်ကို၃…” ရီဖူရှင်းတို့အားလုံးက အဖြူရောင်ဝတ် လူငယ်ကို စိုးရိမ်စွာ ကြည့်ကြသည်။

“သူက အရမ်း အားကောင်းတယ်…” လူအများအပြားက လေထဲမှ ပိုင်လွေလီကို ကြည့်ကာ မှတ်ချက်ချကြသည်။ သူကား တန်ခိုးအဆင့်တူ အတွင်း၌ပင် ပြိုင်ဘက်ကင်းသူ ဖြစ်သည်။ ယခု သူ့ထက် တန်ခိုးအဆင့်နိမ့်သော ဂူတုံးလျိုကို ရင်ဆိုင်ရာတွင် မည်သို့ ရှုံးနိမ့်မည်နည်း။

“ဒီခွေးကောင်ကြီးက ဘယ်လိုလုပ် ဒီလောက် အားကောင်းရတာလဲ…” လောင်လင်းအာက အလိုမကျစွာ ပြောသည်။

လောင်အော့နှင့် သူ၏ဇနီးတို့ကလည်း လေထဲမှ ပိုင်လွေလီကို ကြည့်ကြသည်။ ကောင်းကင်မြေရိုင်း အဆင့်၁၀တွင်ရှိသော ပိုင်လွေလီက မည်သို့ အားနည်းမည်နည်း။

သူတို့နှစ်ယောက်၏ ရင်ဆိုင်တိုက်ခိုက်မှုကို ကြည့်မြင်ပြီးနောက် နှစ်ယောက်လုံး၏ အလွန်အမင်း မြင့်မားသော ပါရမီကို မြင်နေကြရသည်။ သူတို့နှစ်ယောက်က ရန်ဘက်များ ဖြစ်နေသည်ကမူကား စိတ်မကောင်းစရာပင်။

“မတိုက်ခိုက်နဲ့တော့…” ကျူးကော့မင်းယွီက ပြောသည်။ သူမက ဂူတုံးလျိုအား ပိုင်လွေလီကို အနိုင်ယူပါဟု မည်သည့်အခါကမှ မတောင်းဆိုဖူးခဲ့ပေ။

ဂူတုံးလျိုက သူမအား ကြည့်ကာ ပြန်ပြောသည်… “ငါက မင်းတွေးနေတာကို နားမလည်တာ မဟုတ်ဘူး… ငါလုပ်ရမယ့်အလုပ်ကို လုပ်ဖို့လိုတာပဲရှိတာ…” ပြောရင်းနှင့်ပင် ဂူတုံလျိုက တစ်ဖန် လေထဲကို ပျံတက်သွားသည်။

ရှေးဟောင်း သင်္ကေတကိုးခုက သူ့အား ရစ်ပတ်ထားသည်တွင် မူလကထက်ပင် လင်းလက်နေကြသည်။ သူ့အား ဗဟိုထားလျက် လေပွေမုန်တိုင်း တစ်ခု စတင်ဖြစ်ပေါ်လာကာ နောက်ဆုံး ဓားတစ်လက်အသွင် ပြောင်းသွား၏။

“လေဟုန်ခွင်းဓား…” ဂူတုံးလျိုက ရေရွတ်လိုက်သည်တွင် သူ့ကို ဗဟိုထား၍ ကြောက်မက်ဖွယ် ကောင်းသော ဓားဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသည်။ သူက မျက်လုံးကို မှိတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော အရိပ်ကိုယ်ပွားများ ထွက်ပေါ်လာကြ၏။ ကိုယ်ပွားတစ်ခုစီက ဓားတစ်လက်အလား အသွင်ရသည်။ သူတို့က လေဟုန်ခွင်းဓား အနီးတွင် လှည့်ပတ်ကာ ဓားတစ်လက်စီက ကောင်းကင်နှင့် မြေကြီးတို့တွင် ပေါင်းစပ်စေလျက် ပိုင်လွေလီထံသို့ ပျံသန်းသွားကြသည်။

ပိုင်လွေလီက သူ၏ ဖျက်ဆီးခြင်းမျက်လုံး သက်စောင့်ဝိညာဉ်ကို ထုတ်ဖော်လိုက်သည်။ သူ၏မျက်လုံးက အလွန်အမင်း စိမ်းလဲ့ကာ မှိုင်းညို့သွားသည်။ ထို့နောက် မီးခိုးရောင် အငွေ့အသက်များက လေဟာနယ် တစ်ခုလုံးကို စတင်ပျံ့နှံ့လာကာ သူ့အနီးကို ရောက်လာသော ဓားများအား သွားရောက် ရိုက်ခတ်သည်။ အံ့အားသင့်ဖွယ် ကောင်းအောင်ပင် ဂူတုံးလျို၏ဓားများက ဦးတည်ရာများ ပျက်ပြားကာ ပိုင်လွေလီကို ကွင်းရှောင်လျက် လှည့်ပတ်သွားကြသည်။ သူတို့နှစ်ယောက်လုံးက ပတ်ဝန်းကျင်မှ အရာခပ်သိမ်းကို အံ့အားသင့်ဖွယ် ကောင်းအောင် စိတ်အင်အားဖြင့် ထိန်းချုပ်နေကြခြင်း ဖြစ်သည်။

ကောင်းကင်တွင်ကား ပိုမိုများပြားသော ဓားများ ဖြစ်ပေါ်လာကာ လေဟာနယ် တစ်ခုလုံးကို နေရာယူလာကြသည်။ ပိုင်လွေလီမူကား လေထဲတွင်ပင် တည်ငြိမ်စွာ ရပ်နေသည်။ သူ၏အမူအရာများက ဘာမှ အပြောင်းအလဲ မရှိပေ။ ပတ်ဝန်းကျင်မှ ဖြစ်ပျက် နေသည်များကိုသာ သူက တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ၏ခန္ဓာကိုယ်က ရောင်စဉ်ရောင်ဝါများ ထွက်ပေါ်လာကာ အလွန်အားကောင်းသော ရှေးဟောင်း နတ်ဘုရားတစ်ပါး ပေါ်လာသည်။ ထိုနတ်ဘုရားက ဓားကို ကိုင်ဆောင်ကာ တစ်ဖက်လူအား သွားရောက် တိုက်ခိုက်သည်။ သူ့အား တားနိုင်မည့်အရာ ရှိဟန်မတူ။

“ဒါက အရမ်းကို အားကောင်းတာပဲ…” နဂါးပတ်တောင်မှ လူများအားလုံးက အံ့အားသင့်ကြရသည်။ အဆင့်လွန် ပညာရပ်ဖြစ်သော အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းအားက ပိုင်လွေလီ၏ လက်ထဲတွင် ပြည့်စုံ ကောင်းမွန်လွန်းသည်။

လျူချန်းကား အလွန် တည်ငြိမ်နေသည်။ ပိုင်လွေလီ၏ ဆရာဖြစ်သည့်အလျောက် သူ့တပည့်အကြောင်းကို သူက များစွာ သိနားလည်ပေသည်။ သူက ပိုင်လွေလီ၏ အလားအလာကို ကောင်းကောင်း နားလည်ကာ သူ့တွက် လမ်းဖောက်ပေးလို၏။ နန်းတော်၏ဆန္ဒက အားကောင်းလွန်းရကား ရီဖူရှင်းကဲ့သို့ တစ်ခေတ်မှာတစ်ခါ ပေါ်လာခဲသော ပါရမီရှင်မျိုးကိုပင် သူက စွန့်လွှတ်ရဲပေသည်။

သို့သော်လည်း ဂူတုံးလျိုကား မားမားမတ်မတ် ရပ်နေဆဲဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသော ဓားအရှိန်အဝါမူကား ပိုမို အားကောင်းလာနေ၏။ လက်က ညာလက်ကို ဆန့်တန်းလိုက်ကာ ဓားပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ၏မျက်လုံးများက မှိတ်ထားဆဲဖြစ်ကာ ယခင်က သူ၏စိတ်စွမ်းအားကို ဤမျှအထိ မသုံးစွဲဖူးပေ။

သူက ရှေ့ကို တက်ကာ ကြိမ်းဝါးလိုက်သည်… “ငါ့ရဲ့ဆန္ဒက ဓားဆန္ဒပဲ…”

ထို့နောက် ထိုနေရာ၌ပင် ဂူတုံးလျိုက ပျောက်ကွယ်သွားသည်။ ရုတ်တရက် ဓားပုံရိပ်များ အားလုံးက ပေါင်းစပ်သွားကာ မဆုံးနိုင်သော ဓားအသိများက လှိုင်းလုံးများအလား ဓားတစ်လက်တည်း အဖြစ် ဆင့်ကဲဖြစ်ပေါ်လာသည်။ ကောင်းကင်တွင် အလွန်အမင်း အားကောင်းသော ဓားအလင်းတစ်ခု ဖြစ်ပေါ်လာပြီး ပိုင်လွေလီထံကို ထွင်းဖောက် ဝင်ရောက်သွား၏။

ချက်ချင်းပင် ဓားစွမ်းအားများက တဝုန်းဝုန်း ပေါက်ကွဲကာ နတ်ဘုရားပုံရိပ်က အက်ကွဲသွားသည်။ ပိုင်လွေလီက လက်ဆန့်တန်း လိုက်သည်တွင် ရှေးဟောင်း နတ်ဘုရား၏ လက်ကလည်း  လေဟာနယ်ကို ဖောက်ထွင်းလျက် ရှေ့ကို တိုးဝင်သွားပြီး သူကလည်း နောက်ကို လွင့်သွား၏။ ဘန်းခနဲမြည်ကာ ဂူတုံးလျို၏ခန္ဓာကိုယ်က အဝေးကို လွင့်စဉ်သွားပြီး ပါးစပ်မှ သွေးယိုစီးကျသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset