Switch Mode

အပိုင်း(၆၆၇)

ဂူနှင့်ပိုင်တို့၏တိုက်ပွဲ

လူနှစ်ယောက်က နဂါးပတ် တောင်ထိပ်အပေါ် လေထဲကို ပျံတက်သွားကြသည်။ သူတို့နှစ်ယောက်လုံးက ရှီအဆင့်များဖြစ်ကြရာ တိုက်ပွဲဖျက်ဆီးအားက ပြင်းပေသည်။ သူတို့က နဂါးပတ်တောင်ပေါ်တွင် တိုက်ခိုက်ပါက ပတ်ဝန်းကျင်က ထိခိုက်ပျက်စီးမှုများ ရှိပေမည်။

မရေမတွက်နိုင်သော လူများက ခေါင်းမော့ကာ လေထဲမှ ပုံသဏ္ဌာန်နှစ်ခုကို ကြည့်ကြသည်။ သူတို့နှစ်ယောက်ထံမှ မမြင်ရသော အားလှိုင်းများ စတင် ထွက်ပေါ်လာနေကြ၏။ သဘာဝစွမ်းအင်များ စတင် လှုပ်ခတ်လာကာ လေပြင်းများ တိုက်ခတ်လာ၏။ ကောင်းကင်မှ ကြီးမားသော အားလှိုင်းများနှင့်အတူ ရှီအရှိန်အဝါများ ဆင်းသက်လာသည်။

“သေချင်နေတာပဲ…” တိမ်ဖြူမြို့စား၏ အမူအရာကား ကြမ်းကြုတ် ရက်စက်ဟန် ပေါ်နေ၏။ သူတို့နှစ်ဦး၏ပါရမီများကို လျစ်လျူရှုလျက်ပင် ဂူတုံးလျိုနှင့် ပိုင်လွေလီတို့အကြား တန်ခိုးအဆင့်က ကွာဟနေပေသေးသည်။ အကယ်၍ ပိုင်လွေလီကသာ ရှေ့ကို တက်မသွားပါက သူက ဂူတုံးလျိုအား တိုက်ရိုက် သတ်ဖြတ်ပေမည်။ ယနေ့အဖြစ်အပျက်က တိမ်ဖြူမြို့၏ ဂုဏ်သိက္ခာကို ကြီးစွာ ထိခိုက်စေ၏။

“ဘာလို့ ဒီလောက်အထိ သွားချင်ကြရတာလဲ…” ပုဂ္ဂိုလ်ကြီးများ အားလုံးက သက်ပြင်းချကြရသည်။ လွန်ခဲ့သော နှစ်အနည်းငယ် ကတည်းက ပိုင်လွေလီအား ဂူတုံးလျိုက စိန်ခေါ်ခဲ့ဖူးကာ ရှုံးနိမ့်ခဲ့၏။ သည်တစ်ခေါက် ပိုင်လွေလီကား အမှန် ဒေါသထွက်သွားပုံ ရသည်။ ယနေ့ကား သူ၏စေ့စပ်မင်္ဂလာပွဲနေ့ ဖြစ်၏။ မြေရိုင်းပြည်နယ် တစ်ခုလုံးက သူ၏စေ့စပ်ပွဲကို လာရောက် ဂုဏ်ပြုကြသည်။ ယခု သူကား အားလုံး၏ ရယ်မော လှောင်ပြောင်ဖွယ်ရာ လူတစ်ယောက် ဖြစ်နေလေပြီ။ သူက ကျူးကော့မင်းယွီကို နားလည် ပေးနိုင်သော်လည်း သူတို့၏အပြုအမူများ အတွက် ခွင့်မလွှတ်ပေးနိုင်ပေ။ ထို့ကြောင့် သူက ရှေ့ထွက်လာသည်။

“အစ်ကို၃…” ရီဖူရှင်းက ခေါင်းမော့ကာ ကြည့်သည်။ ပိုင်လွေလီကား မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် ကျော်ကြားသည်။ သူ၏အစ်ကို၃က ခြွင်းချက်မရှိသော ပါရမီကို ပိုင်ဆိုင်သည့်တိုင် သည်တိုက်ပွဲတွင် အစ်ကို၃ဘက်မှ ယုံကြည်မှု မရှိပေ။

ရီဖူရှင်းက ကျူးကော့ချန်းဖန်ထံကို သွားရောက်ကာ သူ၏ လျှို့ဝှက်ချက်များကို ပြောပြခဲ့၏။ ကျူးကော့ချန်းဖန်က သေချာပေါက် စိတ်ပြောင်းလဲခဲ့ဟန်ရကာ သူတို့ကား ကူညီလိုသည်။ သို့သော်လည်း သူက ပိုင်လွေလီကို တားဆီး၍ မရပေ။ မဟုတ်လျှင် သူက တိမ်ဖြူမြို့နှင့် စစ်ခင်း ရပေတော့မည်။ ထို့အပြင် နန်းတော် အကြီးအကဲများကလည်း အခမ်းအနားတွင် ရှိနေ၏။

“ပိုင်လွေလီက အဆင့်မြင့် ရှီဖြစ်ပြီးတော့ ဂူတုံးလျိုက အလယ်အလတ်ရှီပဲ ရှိသေးတယ်… ဒီတိုက်ပွဲရလဒ်က ခန့်မှန်းစရာတောင် မလိုဘူး…” အာခီမီမြို့စားယူစီက ပြောသည်။ သူက ရွှီယီကို ကြည့်ကာ မျှော်လင့်ချက် မထားရန် ရိပ်ဖမ်းသံဖမ်း ပြောသည်။

ရီဖူရှင်းက လက်သီးကို တင်းတင်း ဆုပ်ထားသည်။ ရှီအဆင့်အား ရှီ၊ မိုရှီအဆင့်နှင့် ကွန်းရှီအဆင့်ဟူ၍ သုံးဆင့်ခွဲထားသည်။ အဆင့်တစ်ခုစီတွင် ထပ်မံ၍ အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ သုံးဆင့်ထပ်ခွဲ၏။ ပိုင်လွေလီကား အဆင့်မြင့်ရှီဖြစ်ကာ သူ၏အစ်ကို၃ကား အလယ်အလတ်ရှီ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယော်က ရှီအဆင့်ဖြစ်သော်ငြား အဆင့်သေးတစ်ခု ခြားနေသည်ဟု ပြော၍ ရသည်။

အရှေ့မြေရိုင်းဒေသ၌ ဂူတုံးလျိုက သူ့ထက် တစ်ဆင့်မြင့်သော လုနန်ထျန်းကို အနိုင်ယူဖူးသည်။ သို့သော်လည်း လုနန်ထျန်းကား အရှေ့မြေရိုင်းဒေသမှ ပါရမီရှင်ဖြစ်ကာ ပိုင်လွေလီကား မြေရိုင်းပြည်နယ် တစ်ခုလုံး၏ အတော်ဆုံး ပါရမီရှင်ဖြစ်သည်။ သိသာစွာပင် ယခုတစ်​ခေါက် ပိုင်လွေလီကို ဂူတုံးလျိုက လွန်စွာ ခက်ခက်ခဲခဲ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

လေထဲတွင် ပိုင်လွေလီ၏ မျက်လုံးများက မီးခိုးရောင် ဖြစ်သွားသည်။ ချက်ချင်းပင် လေဟာနယ် တစ်ခုလုံးအား မမြင်ရသော လောက စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။ ကောင်းကင်တစ်ခွင်လုံးမှ အရာခပ်သိမ်းကို ပိုင်လွေလီက ထိန်းချုပ်၏။

“ဖျက်ဆီးခြင်းမျက်လုံး…” ရီဖူရှင်းက ပိုင်စီနှင့် တိုက်ခိုက်စဉ်က ထိုစွမ်းရည်ကို ကြုံဖူးသည်။ ယခု ပိုင်လွေလီ၏စွမ်းရည်က ပိုင်စီထက် ပိုမို အားကောင်းပေသည်။

ထိုအခိုက်တွင် မမြင်ရသော မီးခိုးရောင်လက်ဝါးက ဂူတုံးလျိုထံကို ရောက်ရှိလာကာ သူ၏စိတ်ထဲကို ထွင်းဖောက် ဝင်ရောက်လျက် ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားသည်။ သို့သော်လည်း ဂူတုံးလျို၏မျက်လုံးများက တလက်လက် တောက်ပလာသည်။ ပြင်းထန်သော မှော်မျက်လုံးက အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းက အမှန်ပင် ဂူတုံးလျို၏ စိတ်စွမ်းအား တိုက်ခိုက်မှုကို ကာကွယ်၏။

ဂူတုံးလျိုနှင့် ပိုင်လွေလီတို့ နှစ်ယောက်လုံးက စိတ်စွမ်းအား ပညာရှင်များ ဖြစ်ကြကာ မှော်မျက်လုံးကို လေ့ကျင့်ကြသည်။ အရှေ့မြေရိုင်းဒေသ၌ ဂူတုံးလျိုက ချင်ပြည်ထောင်ကို သွားရောက်စဉ်ကလည်း ချင်ပြည်ထောင်မှ တန်ခိုးရှင်များကို အကြည့်တစ်ချက်မျှဖြင့် ရပ်တန့်စေခဲ့ဖူးသည်။

လေထဲတွင် သူတို့နှစ်ယောက်က အလွန် အားကောင်းသော စွမ်းအားနယ်နှစ်ခုကို ဖန်တီးခဲ့ကြသည်။ သူတို့၏ စိတ်စွမ်းအားများစေရာ လေပြင်းများ တဝူးဝူး တိုက်ခတ်နေရာ နဂါးပတ်တောင် တစ်ခုလုံးက စွမ်းအားနယ်နှစ်ခု၏ အရှိန်အဝါအား ခံစားမိကြသည်။

မမြင်ရသော မီးခိုးရောင်လက်ဝါးက ကောင်းကင်တစ်ခွင်လုံးကို ဖုံးအုပ်လျက် ဂူတုံးလျိုထံကို ကျဆင်းလာနေသည်။ ရုတ်တရက် ဂူတုံးလျို၏နောက်၌ ရှေးဟောင်းသင်္ကေတ [လင်း] စာလုံးပေါ်လာသည်။ ဧရာမရှေးဟောင်း သင်္ကေတက ရောင်စဉ်ရောင်ဝါများ လင်းလက်ကာ ဂူတုံးလျို၏ စိတ်စွမ်းအားများကို ပိုမို အားကောင်းစေသည်။ စိတ်ဝိညာဉ် အလင်းတန်းများက ဧရာမလက်ဝါးနှင့် ရင်ဆိုင်မိသည်တွင် လေထုက ပေါက်ကွဲသွားပြီး စွမ်းအားနှစ်ခုက ပျက်စီးပြိုကွဲ သွားကြသည်။ သို့သော်လည်း လေထဲတွင် ဖိအားက ပြင်းထန်စွာ ရှိနေဆဲဖြစ်၏။

ဖျက်ဆီးခြင်း မျက်လုံးအောက်တွင် လေဟာနယ်က သတ်ကွင်းတစ်ခု ဖြစ်လာသည်။ ပိုင်စီက သူ၏ပြိုင်ဘက်များနှင့် ရင်ဆိုင်ရာတွင် သူ၏ဖျက်ဆီးခြင်း မျက်လုံးကို ထုတ်လျှင် တစ်ဖက်လူက မှော်စွမ်းအားများကိုပင် ထုတ်လွှတ်နိုင်စွမ်း မရှိတော့ပေ။ သို့သော်လည်း ပိုင်လွေလီက လက်နှစ်ဖက်လုံးကို ဆန့်ထုတ်သည်တွင် ကောင်းကင်မှ နတ်ဘုရား အလင်းတန်းများ ကျဆင်းလာသည်။ မရေမတွက်နိုင်သော အလင်းတန်းများက အောက်ကို ကျဆင်းလာကာ အရပ်ရှစ်မျက်နှာသို့ ပြန့်ကား ထွက်သွားသည်။ ထို့နောက် ထိုအလင်းတန်းများက မြွေများအလား ကောင်းကင်တွင် လှည့်ပတ်ကာ အရပ်ရှစ်မျက်နှာလုံးကို ပိတ်ဆို့ကြသည်။ ထို့နောက် ထိုအရာများက လျှပ်စီးနတ်ဘုရား၏ ပုံရိပ်တစ်ပါးအနေဖြင့် ဖြစ်ပေါ်လာ၏။ ပိုင်လွေလီက သူ၏လက်ကို ဆန့်တန်းလိုက်သည်တွင် ပတ်ဝန်းကျင်မှ အလင်းတန်းများ အားလုံးက ပိုင်လွေလီထံကို စုပြုံ၍ ဝင်လာကြ၏။

ကောင်းကင်မှ ဖျက်ဆီးအားကို ခံစားမိသည်တွင် ရီဖူရှင်းက စိတ်လှုပ်ရှားရသည်။ ဒါက ရှီတန်ခိုးရှင်များ၏ ခွန်အားလား…။ မှော်စွမ်းအားများက အလွန်အမင်း အားကောင်းလှ၏။

ဟွာဂျီယူနှင့် ကျူးကော့မင်းယွီတို့ကလည်း ဂူတုံးလျိုအတွက် စိတ်ပူနေကြသည်။ ပိုင်လွေလီကား အလွန် အားကောင်းလွန်းသည်။

ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး အလင်းတန်းများက လေဟာနယ်ကို ပိတ်ဆို့ကာ ဂူတုံးလျိုထံကို တိုးဝင်လာကြသည်။ ထို့အပြင် ထိုအလင်းတန်းများထဲတွင် အမှန်ပင် မီးခိုးရောင် အငွေ့အသက်များ ပေါင်းစပ် ပါဝင်နေကြသည်။ သည်စွမ်းအားက သာမန် လျှပ်စီးဓာတ်မျှသာ မဟုတ်တော့ဘဲ လောကစွမ်းအား တစ်မျိုးမျိုး ပေါင်းစပ် ပါဝင်နေသည်မှာ သေချာ၏။

ဂူတုံးလျိုကား မူလကဲ့သို့ တည်ငြိမ်နေဆဲပင်။ ပိုင်လွေလီက အားကောင်းသည်ဟု သူသိသော်လည်း သူက ပိုင်လွေလီနှင့် တိုက်ခိုက်ခဲ့ဖူးပြီး ဖြစ်သည်။ မဟုတ်လျှင် သူက မြေရိုင်းပြည်နယ်မှ ထွက်ခွာကာ တခြား မရေမတွက်နိုင်သော ဒေသများသို့ သွားရောက်ခဲ့မည် မဟုတ်ပေ။ သို့သော် သူ ပြန်လာသောအခါ ကျူးကော့မင်းယွီ၏ စေ့စပ်ပွဲက ဆီးကြိုနေခဲ့သည်။

ဂူတုံးလျိုက သူ၏သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်တွင် သင်္ကေတကိုးခု လှည့်ပတ်နေသော နတ်ဘုရားတစ်ပါး ပေါ်လာသည်။ သင်္ကေတများကား [လင်း၊ ပိုင်၊ ထို၊ ကျဲ၊ ကျိ၊ ကျန်း၊ လိုင်၊ ချိန်၊ ရှင်း] တို့ ဖြစ်ကြသည်။ သင်္ကေတတစ်ခုစီက နတ်ဘုရား အရောင်အဝါများ ထုတ်လွှတ်ကာ သီးခြား စွမ်းအားများကို ပိုင်ဆိုင်ကြသည်။

ဂူတုံးလျိုက ခေါင်းမော့ကာ လေထဲကို ကြည့်သည်။ သူ၏အနီးတွင် စစ်နတ်ဘုရားများ ပေါ်လာကြသည်။ စစ်နတ်ဘုရားကိုးပါးအား ဆင့်ခေါ်လိုက်သည်တွင် သင်္ကေတတစ်ခုစီကို ကိုယ်စားပြုသော စစ်နတ်ဘုရားကိုးပါးက သူ့ပတ်ပတ်လည်၌ နေရာယူထားကြသည်။ ထို့နောက် စစ်နတ်ဘုရားကိုးပါး၏ စွမ်းအားများက ပေါင်းစပ်သွားကာ ပတ်ဝန်းကျင် တစ်ခုလုံးအား မရေမတွက်နိုင်သော ရှေးဟောင်း သင်္ကေတများဖြင့် ပြည့်နှက် သွားစေသည်။

“အရပ်မျက်နှာ တစ်ထောင်ရိုက်ချက်…” ပိုင်လွေလီက အေးစက်စွာ ပြောသည်။ လျှပ်စီးနတ်ဘုရား ကိုးပါးက ပြင်းထန်စွာ တိုက်ခိုက်သည်တွင် မခန့်မှန်းနိုင်သော ဖျက်ဆီးအားက ဂူတုံးလျိုထံကို ကျဆင်းလာသည်။ သို့သော်လည်း ဂူတုံးလျို၏ခန္ဓာကိုယ်က စစ်နတ်ဘုရားကိုးပါးနှင့် ပေါင်းစပ်ထားကာ အရံအတား အလင်းက ပတ်ပတ်လည် ကာရံထား၏။ ရှေးဟောင်း သင်္ကေတများက ဆင့်ကဲလှိုင်းများပုံစံဖြင့် ကျဆင်းလာသော အလင်းတန်းကို သွားရောက် တိုက်ခိုက် ဖျက်ဆီးကြသည်။

အလင်းတန်းများ၏ အောက်တွင် ရှေးဟောင်း သင်္ကေတများကား အပိုင်းပိုင်းအစစ ဖြစ်ရသည်။ သို့သော်လည်း အလင်းတန်းက ဂူတုံးလျို၏ အရံအတားကို ထိမိသည်တွင် အက်ကွဲသာထင်စေလျက် ဖောက်ထွင်းနိုင်ခြင်း မရှိပေ။

ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ခုခံမှုလဲ…။ အားလုံးက ပိုင်လွေလီ ထုတ်လွှတ်သော ဖျက်ဆီးအားကို ခံစားမိကာ တစ်ချိန်တည်းမှာပင် ဂူတုံးလျို၏ အရံအတားက မည်မျှ ခိုင်မာသည်ကို မြင်ပြီး အံ့အားသင့်ရ၏။ ဂူတုံးလျို၏ ပါရမီကလည်း မြေရိုင်းပြည်နယ်၌ အကောင်းဆုံးထဲတွင် ပါဝင်ပေသည်။

လူအများအပြားက ရီဖူရှင်း၊ ကျူးကော့မင်းယွီနှင့် ရွှီယီတို့ကို တွေးမိကြသည်။ သူတို့အားလုံးက ဆရာတစ်ယောက်တည်း၏ လက်အောက်မှ ထွက်ပေါ်လာခြင်း ဖြစ်ကြကာ ပါရမီ အလွန်မြင့်ကြသည်။ ယခင်က အရှေ့မြေရိုင်းဒေသ ကော့တေးကား အလွန် ထူးဆန်းအံ့ဩဖွယ်ရာ နေရာဖြစ်၏။ ကော့တေး၏ ဆရာကလည်း လျှို့ဝှက်ထူးဆန်းသောသူ တစ်ယောက်ဖြစ်ကာ မဟာအင်ပါယာ၏ လူများကပင် သူ့အား လာရောက်​ ခေါ်ဆောင်ရသည်။

နဂါးပတ်တောင်အပေါ် လေထုက ရောင်စဉ် ရောင်ဝါများ လင်းလက် လာနေသည်။ ထိုအခိုက်တွင် နဂါးပတ်တောင် တစ်ဝိုက်မှ လူများအားလုံးက လက်ထပ်ပွဲကို တက်ရောက်လာကြပြီး တောင်ပေါ်ကို တက်ခွင့်မရသူများစွာ ရှိကြသည်။ ယခု တောင်အနီးတစ်ဝိုက်မှ မရေမတွက်နိုင်သော လူများက ကောင်းကင်မှ မြင်ကွင်းကို ကြည့်ကာ မှင်တက်နေကြသည်။ ထိုနေရာတွင်ကား ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပျက်နေသည်။

ပိုမိုသောလူများက တိုက်ပွဲကို ပိုမိုရှင်းလင်းစွာ တွေ့မြင်ရန် အပြေးအလွှား ရောက်လာနေကြရာ နဂါးပတ်တောင် ပတ်ပတ်လည်က တမုဟုချင်း လူများစွာဖြင့် ကျိကျိတက် စည်ကားလာတော့သည်။ တိုက်ပွဲအခြေအနေကို ကြည့်ရုံမျှဖြင့် ရှီအဆင့်တိုက်ပွဲ ဖြစ်သည်ကို သူတို့ သိမြင်နိုင်သည်။ ဤသို့သော တိုက်ပွဲကား အလွန် ကြည့်ရခဲပေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset