ကျိုးရိဖန်က ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ ဒေါသနှင့်စိတ်ပျက်မှုများမှာ စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်လောက်အောင် ဖြစ်သွား၏။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ဝိညာဉ်ကျောက်တုံးများအား ချက်ချင်းလက်ငင်း ဖန်တီးနေသည်ကိုကြည့်ရင်း စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့သည်။
” ဒါ လုံးဝ တရားမျှတမှုမရှိဘူး ”
” တာအိုကျောင်းက ဘာလို့ ဒီလိုမျိုးမျှတမှုမရှိတဲ့ ကိစ္စမျိုးကို မစစ်ဆေးဘဲ လွှတ်ပေးထားရတာလဲ။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် လေလံစံအိမ်က ဓမ္မလက်နက်ဌာနက ကျောင်းသားတွေအတွက်ပဲ အထူးပြင်ဆင်ပေးထားသလို ဖြစ်သွားမှာ မဟုတ်ဘူးလား ”
ကျိုးရိဖန်မှာ ဒေါသထွက်လွန်းသဖြင့် အသားများ တုန်ရီနေတော့သည်။ သူ၏ စိတ်ထဲမှ မကျေနပ်ချက်များနှင့် ဒေါသများကို ဖြေဖျောက်ရန် မဖြစ်နိုင်လောက်အောင်ပင် ခံစားနေရ၏။
သို့သော် သူ စကားဆုံးအောင် မပြောနိုင်ခင် သူ၏ဘေးမှ စီနီယာကျောင်းသားတစ်ယောက်က ရယ်မောကာ ဆိုလိုက်သည်။
” မင်းက တကယ်ကို ရိုးအတဲ့ကောင်ပဲ ”
” သူတို့က ငွေထုတ်တဲ့ ပညာရပ်မှာ ကျွမ်းကျင်ကြတာလေ။ ဘာလို့ တာအိုကျောင်းက ဝင်ပြီးတော့ နှောင့်ယှက်ရမှာလဲ။ ဒါပေမဲ့ မင်းပြောခဲ့တဲ့စကားက မှန်ပါတယ်။ လေလံစံအိမ်တွေက ဓမ္မလက်နက်ဌာနအတွက်ပဲ သီးသန့်ပြင်ဆင်ပေးထားသလို ဖြစ်နေတာ။ မင်း သတိမထားမိဘူးလား။ သူ လေလံဆွဲလိုက်တဲ့ အချိန် တခြားလူတွေအကုန်လုံး ငြိမ်ကျသွားကြတာလေ။ မင်းက ကျောင်းသားသစ်တယောက်မလို့ အတွေ့အကြုံ မရှိသေးတာ ”
ထို စီနီယာကျောင်းသားက ထိုသို့ရှင်းပြလိုက်ပြီး သက်ပြင်းချလိုက်သည်။ သူ၏ဘေးမှ သူနှင့် သက်တူရွယ်တူများစွာကလည်း သက်ပြင်းချလိုက်ကြတော့သည်။
” ဓမ္မလက်နက်ဌာနက လူတစ်ယောက် လေလံအိမ်ထဲမှာ ပေါ်လာတာနဲ့ အရင်ဆုံး သူ ကြိုက်တဲ့ပစ္စည်းတွေကို ရွေးချယ်ကြမှာပဲ။ သူ အဲဒီလိုရွေးချယ်ပြီးတော့မှ ကျန်တဲ့ပစ္စည်းတွေကို ငါတို့လို တခြားဌာနက လူတွေက ရွေးချယ်ခွင့်ရှိမှာ။ တခြားနည်းလမ်းတော့ မရှိနိုင်ဘူး။ ငါတို့က ငွေကိုရှာရတာလေ။ ကံကောင်းတဲ့အခါမှသာ ငွေကို အလစ်သုတ်နိုင်တာ။ ဒါပေမဲ့ သူတို့က…. ငွေကို ဖန်တီးကြတာကွ ”
” ဒါပေါ့ကွာ။ သူတို့က စိတ်ကြိုက်ဖန်တီးနိုင်စွမ်း ရှိနေမှတော့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ ”
ထို စီနီယာ ကျောင်းသားများမှာ ဝမ်းနည်းကြေကွဲနေသည့် လေသံ ပေါက်နေ၏။ ယင်းအတွက် ကျိုးရိဖန်က နောက်ထပ်တစ်ကြိမ်ထပ်၍ ရူးသွပ်လုမတတ် ဖြစ်သွားရပြန်သည်။ သူသည် အမျက်ချောင်းချောင်းထွက်ကာ သူဆင်းရဲတစ်ယောက် ဖြစ်သွားသည့်အလား ခံစားလိုက်ရတော့သည်။။ သို့သော် သူသည် ‘ ငွေကို အလစ်သုတ် ‘ ဟူသော စကားကို သတိထားမိလိုက်သဖြင့် မေးမိလိုက်တော့သည်။
” တာအိုကျောင်းက ငွေ အလစ်သုတ်တာကို ခွင့်ပြုထားတယ်ပေါ့ ”
သို့သော် စီနီယာ ကျောင်းသားများကမူ ပြန်မဖြေဘဲ ပြုံးသာ ပြုံးပြလိုက်သည်။
စီနီယာကျောင်းသားများက သူ၏မေးခွန်းကို ပြန်မဖြေသောကြောင့် ကျိုးရိဖန်မှာ မျှော်လင့်ချက်များ ကုန်ဆုံးသွားရတော့သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ မခံမရပ်နိုင် ဖြစ်သွား၏။ သူက ဝိညာဉ်ကျောက်တုံးများစွာကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ထားပြီး ဝမ်ပေါင်လဲ့မှာ ငွေစက္ကူများကို ရိုက်ထုတ်နိုင်သကဲ့သို့ ဖြစ်နေလျှင်တောင် နောက်ဆုံးတွင် အရှိန်လျော့ကျသွားမည်သာ ဖြစ်သည်ဟု ယူဆလိုက်သည်။ ထိုဆေးလုံးအား သူ့ထံမှ လုယူခွင့် လုံးဝမပေးနိုင်ပေ။ ထို့ကြောင့် လေလံပစ်သူမှာ တူကိုနှစ်ချက်ခေါက်လိုက်ပြီး နောက်ဆုံး တတိယအကြိမ်ခေါက်ရန် ပြင်လိုက်ချိန်တွင် သူက အော်ပြောလိုက်တော့သည်။
” ကျုပ် ဝိညာဉ်ကျောက်တုံး တစ်ထောင့်ခုနစ်ရာ ပေးမယ် ”
ဝမ်ပေါင်လဲ့ကမူ နောက်သို့လှည့်ကာ ကျိုးရိဖန်အား စိုက်ကြည့်လိုက်၏။ သူသည် ကျိုးရိဖန်အား မမြင်ချင်လောက်အောင် ဖြစ်သွားပြီး ထိုဆေးလုံးကို မရ ရအောင်ယူရန် သံန္နိဋ္ဌာန်ချလိုက်တော့သည်။
” ကျုပ် ဝိညာဉ်ကျောက်တုံး နှစ်ထောင် ပေးမယ် ”
ဝမ်ပေါင်လဲ့က ထိုသို့ဆိုလိုက်ချိန်တွင် ဝိညာဉ်ကျောက်တုံးတစ်တုံးကို သန့်စင်ပြီးသွားပြီဖြစ်၍ နောက်ထပ်တစ်တုံး ထပ်၍ သန့်စင်ရန် ပြင်လိုက်၏။ သူသည် ဆုံးဖြတ်ချက် ချပြီးသွားပြီဖြစ်သည်။ အဆိုးဆုံးအခြေအနေနှင့် ကြုံရလျှင်တောင် လေလံပွဲပြီးသွားလျှင် ထိုနေရာ၌သာ နေရစ်နေခဲ့မည်ဖြစ်ပြီး ဝိညာဉ်ကျောက်တုံးအားလုံးကို သန့်စင်ပြီးသောအခါမှသာ ထွက်ခွာသွားရန် ပြင်ထား၏။ သူသည် တဖန်ပြန်၍ ဝလာမည်ဆိုလျှင်တောင် ထိုလေလံကို အောင်ရန် လိုအပ်ပေသည်။ သူ၏ ဒေါသများကို ဖြေဖျောက်နိုင်ရန်အတွက် အနိုင်ရရှိရန် လိုအပ်ပေသည်။
” မင်း ”
ကျိုးရိဖန်၏ မျက်လုံးများ နီမြန်းသွား၏။ သူသည် စကားဆက်ပြောရန် ပြင်လိုက်ပြီး ဝမ်ပေါင်လဲ့ကလည်း နောက်ထပ် ကျောက်တုံးအလွတ်တစ်တုံးကို သန့်စင်ရန် ထုတ်ယူလိုက်ချိန်တွင် လေလံပစ်သူက ခါးခါးသီးသီး ရယ်မောလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ဌာနမှ အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း သူက သိလိုက်ရသည်။ ထို့အပြင် သူသည် သန့်စင်ခြင်း ဆေးလုံး၏ ဈေးနှုန်းမှာ အတော်အသင့် မြင့်နေပြီဟု ယူဆထားသည်ဖြစ်ပြီး ဓမ္မလက်နက်ဌာနအား စော်ကားမိမည်ကိုလည်း မလိုလားပေ။ ထို့ကြောင့် သူက ချက်ချင်းဆိုသလိုပင် လေသံကျယ်ကျယ်ဖြင့် ဆိုလိုက်၏။
” ဒီ ဓမ္မလက်နက်ဌာနက ကျောင်းသားက လောနေစရာမလိုပါဘူး။ မင်းက ဓမ္မလက်နက်ဌာနကဆိုတော့ ငွေချေးကြောင်း ဝန်ခံထားတဲ့ လက်မှတ်တစ်ခုကို ရေးထိုးပေးရုံနဲ့ ငါ့ရဲ့ စွန်ရဲလေလံစံအိမ်မှာ ဝိညာဉ်ကျောက်တုံးတွေအဖြစ် အသုံးပြုလို့ရတယ်။ ပြီးမှ မင်း ချေးထားတဲ့ ပမာဏအတိုင်း သဘောတူထားတဲ့ကာလအတွင်း ပြန်ဆပ်ရုံပါပဲ။ ဘာမှ လောနေစရာမလိုဘူး ”
သူ ထိုသို့ပြောလိုက်သောအခါ အခြားသူများမှာ ဘာမှ ဖြစ်မသွားကြပါသော်လည်း ကျောင်းသားသစ်များဆီမှ ပင့်သက်ရှိုက်သံများ ပေါ်ထွက်လာကြတော့သည်။ သူတို့ထဲမှ အများစုဆိုလျှင် ဌာနမှား၍ ရွေးချယ်ခဲ့သည့်အတွက် နောင်တများပင် ရနေတော့သည်။
” အာ … အဲဒီလို လုပ်လို့ရတယ်လား ” ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားပြီး အတန်ငယ် မယုံသင်္ကာဖြစ်နေသည့်ပုံစံဖြင့် မျက်လုံးများ ပြူးသွား၏။ သို့သော် လေလံပစ်သူက ခေါင်းအား ညိတ်ပြလိုက်သည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ စိတ်နှလုံး လှုပ်ရှားသွားရတော့သည်။ သူသည် ချက်ချင်းဆိုသလိုပင် အမြင်မှန် ရသွားပြီး ဓမ္မလက်နက်ဌာနကား အမှန်တကယ်ပင် လူအများ ရှိန်ရလောက်အောင် အထင်ကြီးစရာကောင်းကြောင်း ခံစားလိုက်ရတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ စိတ်လှုပ်တရှား ဖြစ်နေပါသော်လည်း ကျိုးရိဖန်မှာမူ ဆွံ့အနေရတော့သည်။ အကယ်၍ သူ့ စီနီယာများ၏ စကားများမှာ သူ့အား အလဲထိုးခဲ့သည့် လက်သီးချက်များကဲ့သို့ ဖြစ်နေလျှင် လေလံပစ်သူကြီး၏ စကားမှာမူ သူ၏ဝိညာဉ်နှင့် နှလုံးသားထဲအထိ စိုက်ဝင်သွားသည့် အသွားထက်သော ဓားတစ်ချောင်းကဲ့သို့ ဖြစ်နေ၏။
သူသည် မူးမေ့ချင်သလိုလို ဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ဒယိမ်းဒယိုင် ဖြစ်သွားတော့သည်။ ထိုကဲ့သို့ ရှုံးနိမ့်သွားရပြီး ကူရာကယ်ရာမဲ့နေသည့် ခံစားချက်များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွား၏။ သူသည် ဝမ်ပေါင်လဲ့၏ မောက်မာသောအကြည့်ကို မြင်လိုက်ရသောအခါ အပြေးပြိုင်ခဲ့သည့် အချိန်နှင့် အလေးတုံးမ,ခဲ့သည့် အချိန်က အဖြစ်အပျက်များကို ပြန်၍ရမှတ်ရသွားတော့သည်။ ထို့နောက် ဘေးနားတစ်ဝိုက်မှလူများက သူ့အား အထူးတဆန်း ကြည့်နေကြသည်ကို သတိထားမိလိုက်သဖြင့် သူ၏ မျက်လုံးများမှာ ကြက်သွေးရောင်ကဲ့သို့ နီမြန်းသွားပြီး အော်ဟစ်လိုက်တော့သည်။
” ဝမ်ပေါင်လဲ့။ ငါ မင်းကို စိန်ခေါ်တယ် ”
သူသည် ထိုသို့အော်ဟစ်ကာ ဝမ်ပေါင်လဲ့အား တန်း၍ စိန်ခေါ်လိုက်တော့သည်။
သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် အခြားလူအားလုံး နောက်တဖန် အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ ဝမ်ပေါင်လဲ့မှာလည်း မျက်မှောင်ကြုတ်သွားရတော့သည်။
ကျိုးရိဖန်သည် ဝမ်ပေါင်လဲ့တစ်ယောက် ချီတုံချတုံ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အလွန် စိတ်သက်သာရာ ရသွားတော့သည်။ သူသည် မကြာသေးမီကပင် အသိစိတ်ပျောက်လုမတတ် ဖြစ်နေခဲ့၏။ သူသည် ဝမ်ပေါင်လဲ့လောက် မချမ်းသာနိုင်ပါသော်လည်း သူ၏ သိုင်းပညာက လုံလောက်မှုရှိပေသည်။ သူသည် ဒေါသစိတ်များကို ဖြေဖျောက်ရန် မဖြစ်မနေ လိုအပ်နေပြီ ဖြစ်သည်။
သူသည် သေသေချာချာ စဉ်းစားပြီးသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့က သူ၏ စိန်ခေါ်မှုကို လက်မခံလျှင်တောင် သင်ခန်းစာပေးနိုင်ရန်အတွက် အတင်းအကြပ် တိုက်ခိုက်လိုက်မည်သာ ဖြစ်သည်။ သူသည် ထိုသို့စိန်ခေါ်လိုက်ပြီး အပြင်ဘက်တွင် စောင့်ဆိုင်းနေရန်အတွက် လေလံစံအိမ်ထဲမှ ထွက်ရန် ပြင်လိုက်သည်။
သို့သော် ဝမ်ပေါင်လဲ့ကမူ နှာသာမှုတ်လိုက်၏။ သူသည် ထိုကဲ့သို့ စိန်ခေါ်မှုမျိုးကို လုံးဝစိတ်မဝင်စားသလို အနည်းငယ်ပင် အဖက်မလုပ်ပေ။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာရန်သာ ဖြစ်သည်။ အဓိပ္ပါယ်မရှိသော စိန်ခေါ်မှုများနှင့် လုံးပန်းနေရန် မဟုတ်ပေ။
ထိုအချိန်တွင် သူသည် လေလံပစ်သူ၏ စကားများကို ပြန်၍ အမှတ်ရသွားသဖြင့် ချက်ချင်းပင် ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာအား ချေးငှားလိုက်သည်ကို ဝန်ခံကြောင်း လက်မှတ်တစ်ခု ရေးထိုးလိုက်ပြီး ထိုစာရွက်အား လေလံစံအိမ်ထဲတွင် မြှောက်ကာ ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်လိုက်တော့သည်။
” ငါ့အစား သူ့ကို သင်ခန်းစာပေးမဲ့ ဘယ်သူ့ကိုမဆို ဒီဝိညာဉ်ကျောက်တုံးတစ်ရာ ချေးငှားကြောင်း ဝန်ခံထားတဲ့ လက်မှတ်ကို ပေးမယ် ”
သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် နောက်တဖန် လူတိုင်းထံမှ ပင်သက်ရှိုက်သံများ ပေါ်ထွက်လာပြန်သည်။ ထိုလုပ်ရပ်ကြောင့် လူများ အငိုက်မိသွားကြပြီး ကျိုးရိဖန်မှာလည်း နောက်ထပ်တစ်ကြိမ် ဆွံ့အသွားရတော့သည်။ သူ ဘာမှမလုပ်နိုင်ခင် မကြာသေးမီက မိတ်ဆွေဖွဲ့ခဲ့သည့် စီနီယာကျောင်းသား၏ မျက်လုံးများမှာ ဝင်းလက်တောက်ပသွားတော့သည်။ ထို့နောက် သူသည် ကျယ်လောင်စွာရယ်မော၍ ရှေ့သို့ ပြေးထွက်သွားကာ ထိုလက်မှတ်ကို ဆွဲယူလိုက်ပြီး ကျိုးရိဖန်ဆီသို့ ဦးတည်၍ ပြေးလာတော့သည်။
” ငါ လုပ်လိုက်မယ် ”
အခြားစီနီယာ ကျောင်းသားများမှာလည်း စိတ်လှုပ်တရှား ဖြစ်သွားကြပြီး ကျယ်လောင်စွာ အော်ဟစ်ကာ ကျိုးရိဖန်ဆီသို့ ပြေးလာကြတော့သည်။ သူတို့မှာ အောက်ပါစကားများကိုပင် ပြောနေကြ၏။
” သူက ငါ့အပိုင်ပဲဟေ့။ မင်းတို့တွေ ငါ့ဆီကနေ အလစ်သုတ်မယ် မကြံနဲ့ ”
” တောက် … မင်းတို့က မြန်လိုက်တာ။ ဒါမျိုးက ရှားပါးအခွင့်အရေး တစ်ခုပဲကွ ”
ကျိုးရိဖန်မှာ ချက်ချင်းပင် စီနီယာကျောင်းသား ဒါဇင်ပေါင်းများစွာ၏ ဝန်းရံခြင်းကို ခံလိုက်ရ၏။
” အစ်ကိုတို့ … ”
ထိုအခါ ကျိုးရိဖန်မှာ အသားများပင် တုန်ရီနေရ၏။ သူသည် သူအား ဝိုင်းထားသည့် ဒါဇင်ပေါင်းများစွာသော လူများ၏ ဆက်တိုက်ထုထောင်းခြင်းကို ခံလိုက်ရတော့သည်။ ကျိုးရိဖန်မှာ ထိုကဲ့သို့ ထိုးနှက်ထုထောင်းခံနေရသည့် ကြားမှ သနားစရာကောင်းသော လေသံဖြင့် ရေရွတ်မိလိုက်၏။
” ကျုပ်က အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်နော်။ ခင်ဗျားတို့က ဘာလို့…. ”
” အေး။ ငါကလည်း အဲဒီလို ကျောင်းသားမျိုးကိုမှ သင်ခန်းစာ ပေးချင်နေတာကွ ”
ကျိုးရိဖန်၏ ဘေးတွင် ထိုင်နေခဲ့သည့် စီနီယာမှာ အခြားလူများထက်ပင် ပို၍ စိတ်အားထက်သန်နေ၏။ သူသည် အဆက်မပြတ် ထုထောင်းရင်း ရှင်းပြလိုက်တော့သည်။
” စောစောတုန်းက ငွေ အလစ်သုတ်တယ်ဆိုတာက ဘာလဲလို့ မင်းက မေးခဲ့တာလေ။ အေး … ဒါကို ငွေအလစ်သုတ်တယ်လို့ ခေါ်တာကွ ”
လေလံစံအိမ်ကြီးမှာ ချက်ချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။ တချို့မှာ ဗီဒီယိုရိုက်သည့် ပစ္စည်းကရိယာများကိုပင်ထုတ်ကာ တိုက်ရိုက်ထုတ်လွှင့်နေလိုက်တော့သည်။
ကျိုးရိဖန်မှာမူ နာကျည်းစွာ အော်ဟစ်မြည်တမ်းနေ၏။ ထိုဖြစ်ရပ်မှာ သနားစရာ ကောင်းလှပါသော်လည်း ကံကောင်းစွာဖြင့် သူတို့က လေလံစံအိမ်ထဲတွင် ရှိနေကြသည်ဖြစ်သောကြောင့် သိပ်မကြာခင် အစောင့်များစွာ ရောက်ရှိလာပြီး လူအုပ်ကြီးအား ဖျန်ဖြေလိုက်ကြတော့သည်။
အကယ်၍ ထိုကဲ့သို့ တိုက်ခိုက်ခဲ့ကြသည့် လူများမှာ တခြားလူများ ဖြစ်နေမည်ဆိုပါက စွန်ရဲလေလံစံအိမ်မှာ ထိုကိစ္စအား ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းလိုက်မည်သာ ဖြစ်သော်လည်း ယခုတွင်မူ နှစ်ဖက်စလုံး ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများ ဖြစ်နေ၏။ ထို့ကြောင့် သူတို့က ကျောင်းသားများဘက်မှ အမြဲရပ်တည်ပေးသော ကောင်းကင်တာအိုကျောင်းကို မစော်ကားရဲကြပေ။ အင်အားကြီးသော ကျောထောက်နောက်ခံတစ်ခုကို သူတို့ ပိုင်ဆိုင်ထားကြပါသော်လည်း ထိုကျောင်းသားများကြောင့် အမြဲတမ်း ဒုက္ခရောက်ကြရသည်သာ ဖြစ်သည်။ ထိုကျောင်းသားများမှာ သူတို့၏ ဘိုးဘေးများကဲ့သို့ပင် ရန်မစသင့်သော လူများဖြစ်ကြသည်။
ထို့ကြောင့် သူတို့က ထိုကျောင်းသားများကို နားချ၍ လူစုခွဲခြင်းလောက်သာ လုပ်နိုင်လိုက်သည်။ သူတို့အားလုံးကို အပြင်သို့ ထုတ်ပြီးသွားသောအခါမှသာ ထိုကိစ္စကြီး ပြီးဆုံးသွားတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ထွက်ခွာသွားခဲ့သည်မှာ အကြာကြီးရှိနေပြီ ဖြစ်သည်။ ထို လေလံစံအိမ်တွင် အလုပ်လုပ်သည့် မိန်းမငယ်လေး တစ်ယောက်က ထူးဆန်းပြီး နှစ်လိုဖွယ်ကောင်းသော အမူအရာဖြင့် အပြင်ဘက်သို့ ခေါ်သွားပေးခဲ့ခြင်း ဖြစ်သည်။ သူသည် ငွေချေးငှားကြောင်း ဝန်ခံချက် လက်မှတ်တစ်ခုကို ရေးထိုးလိုက်ပြီး သန့်စင်ဆေးလုံးကို သိမ်းဆည်းကာ လေလံစံအိမ်အပြင်ဘက်သို့ ထွက်ခွာသွားလိုက်တော့သည်။ ဝန်ဆောင်မှုမှာ အထူးကောင်းမွန်လှပြီး ဝမ်ပေါင်လဲ့ ထွက်ခွာမသွားခင် ထိုမိန်းမပျိုလေးက သူ့ဆီသို့ ချဉ်းကပ်လာပြီး သူ့အား ဆက်သွယ်နိုင်မည့် အချက်လက်များကိုပင် တောင်းသွားခဲ့သည်။
ထိုအခါ ဝမ်ပေါင်လဲ့က သူ အလွန် အံ့သြဖွယ်ရာကောင်းနေကြောင်း ရိပ်မိသွား၏။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ ကျေနပ်အားရသွားပြီး ဓမ္မလက်နက်ဌာနသို့ ပြန်သွားလိုက်တော့သည်။ သူသည် သူ၏ နတ်ဝိဇ္ဇာဂူထဲတွင် ထိုင်ရင်း သူ၏ ကျောင်းသားခေါင်းဆောင် ဖြစ်လိုသော ဆန္ဒမှာ ပို၍ ပြင်းထန်လာတော့သည်။
” ဓမ္မလက်နက်ဌာနက တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ။ ငါသာ ကျောင်းသားခေါင်းဆောင် ဖြစ်လာနိုင်မယ်ဆိုရင် ငါ့ဘဝရဲ့ အထွတ်အထိပ်ဆီကို တက်လှမ်းနိုင်ဖို့အတွက် ပထမဆုံးခြေလှမ်း ဖြစ်သွားမှာပဲ ”
ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရနေ၏။ သူသည် ထို သန့်စင်ဆေးလုံးအား သုံးစွဲရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏နဖူးကို ရိုက်လိုက်တော့သည်။
” ငါ အရမ်းကြီး ပေါ့ဆလို့မဖြစ်ဘူး။ အဆင့်မြင့်အရာရှိကြီးတွေရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိတွေထဲမှာ ရေးထားတဲ့ သင်ခန်းစာတွေကို မှတ်မိနေဖို့လိုတယ်။ ဒီနေ့ ငါ အလောတကြီး လုပ်ခဲ့မိလို့ လူသိများသွားရပြီ။ ငါ သိုသိုသိပ်သိပ် နေဖို့လိုတယ် ”
ဝမ်ပေါင်လဲ့မှာ သူ့အမှားသူ လက်ခံလိုက်ပြီးနောက် အချိန်အနည်းငယ်ကြာ သူ့ကိုယ်သူ ပြန်လည်သုံးသပ်လိုက်ပြီး သူ၏ ယောက်ယက်ခတ်နေသော ခံစားချက်များကို တည်ငြိမ်အောင် လုပ်လိုက်သည်။ ထိုသို့ လုပ်ပြီးမှသာ သူသည် လေလံပွဲမှ ရရှိခဲ့သော သန့်စင်ဆေးလုံးကို ထုတ်ယူလိုက်၏။ သူသည် ၎င်းအား သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် အနံ့ကိုရှူရှိုက်ကာ မျိုချလိုက်တော့သည်။
ထိုဆေးလုံးက သူ၏ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပင် အရည်ပျော်ကျသွား၏။ ပြီးနောက် သူ၏ ဝမ်းဗိုက်ထဲမှ အနွေးဓာတ်တစ်ခုက အရှိန်ပြင်းသော လှိုင်းလုံးတစ်လုံးကဲ့သို့ ချက်ချင်းဆိုသလို မြင့်တက်လာပြီး သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားတော့သည်။ ယင်းက ဝမ်ပေါင်လဲ့အတွက် ဆေးလုံးတစ်လုံးကို သုံးစွဲဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အပြင် ထိုဆေးလုံးထဲတွင် အဖိုးတန်သော ဆေးဖက်ဝင်အပင်များစွာ ပါဝင်နေသည်ဖြစ်၍ ၎င်းမှာ အလွန် အာနိသင်ကောင်း၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားရတော့သည်။
ထို့နောက် ဝမ်ပေါင်လဲ့၏ အသက်ရှူသံများ မြန်ဆန်လာပြီး တစ်ကိုယ်လုံး ချွေးများထွက်လာတော့သည်။ သူသည် အဝတ်အစားများကို အလျင်စလို ချွတ်လိုက်ပြီး ကိုယ်တုံးလုံး ဖြင့် ထိုင်နေလိုက်၏။ သူ၏ ချွေးပေါက်များထဲမှသတ္တုချေးများနှင့်တူသော အနက်ရောင်အညစ်အကြေးများ စိမ့်ထွက်လာသည်ကို မြင်လိုက်ရသောအခါ သူ ထိတ်လန့်သွားရတော့သည်။
” ကြောက်ဖို့ကောင်းလိုက်တာ ”
ထိုအညစ်အကြေးများအား ဆေးကြောသန့်စင်ပြီးသွားသောအခါ သူ၏ ခန္ဓာကိုယ်မှာ ပို၍ပင် စိမ့်ဝင်နိုင်စွမ်း ကောင်းမွန်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ သွေးချီများပင် ယခင်ကထက်ပို၍ ထူးကဲလာတော့သည်။
ထို အညစ်အကြေး သန့်စင်ခြင်းဖြစ်စဉ်မှာ သုံးရက်တိတိ ကြာမြင့်သွားပြီးမှ ဆေးအာနိသင် ပြယ်သွားသောကြောင့် ဝမ်ပေါင်လဲ့ အံ့အားသင့်သွားပြီး ကျေနပ်သွားရတော့သည်။ ထို့နောက် သူသည် ခန္ဓာကိုယ်အား သေသေချာချာ ဆေးကြောသန့်စင်လိုက်ပြီး သူ၏ ဝိုင်းစက်စက်ခန္ဓာကိုယ်နှင့် ချောမွတ်နေသော အသားအရည်တို့ကိုကြည့်၍ ကျယ်လောင်စွာ အော်ရယ်လိုက်တော့သည်။
” တကယ်ကို ကောင်းတဲ့ ဆေးလုံးပဲ ”
သူသည် အပြစ်အနာအဆာကင်းသော ခန္ဓာကိုယ်အား ကျေနပ်အောင် ကြည့်ရှုလိုက်ပြီးနောက် အဝတ်အစားများ ပြန်ဝတ်ကာ ဝိညာဉ်ရေခဲရေအနည်းငယ် ထုတ်ယူလိုက်သည်။ ပြီးနောက် သူသည် ရေဘူးကြီးတစ်ဘူးလုံးကို ကုန်အောင် မော့သောက်လိုက်ပြီး မုန့်အနည်းငယ် စားလိုက်၏။ နောက်ဆုံးတွင်မူ မျှော်လင့်ချက်အပြည့်ဖြင့် ဝိညာဉ်ကျောက်တုံးများကို စတင်သန့်စင်လိုက်သည်။ ခုနစ်ဆယ့်ငါးရာခိုင်နှုန်းရှိ အတားအဆီးကို ဖောက်ထွက်နိုင်မည်လား သူ သိချင်နေတော့သည်။