အပိုင်း (၆၆၆)

ထုတ်ပယ်ခြင်း

လျူချန်းက ရီဖူရှင်းကို ကြည့်သည်။ တခြားနန်းတော်၏ တပည့်တစ်ယောက်က သူ့အား ဆန့်ကျင်မည် ဆိုပါက သူက ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် သူကား ပါရမီရှင်အဆင့်၁ ရီဖူရှင်းဖြစ်သည်။ သူ့အား ရှီနန်းတော် ဝင်ခွင့်ပေးရန် နန်းဆောင် ခြောက်ခုအား ဖိတ်ခေါ်လျက် ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးခဲ့သည်။ သူက ရီဖူရှင်းအပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိပေသည်။ နောက်ပိုင်းတွင် ရီဖူရှင်းက ပိုင်လွေလီကဲ့သို့ ဖြစ်လာမည်ဟုလည်း မျှော်မှန်းထားခဲ့သည်။ သို့သော် ယခု သူကား အလွန် စိတ်ပျက်ရသည်။ ရီဖူရှင်းက ကိုယ်ပိုင် ရပ်တည်ချက် ရှိနေခြင်းကား မှားယွင်းသည် မဟုတ်သော်လည်း မြေရိုင်းပြည်နယ်တွင် ရှန့်ထို ပေါ်ထွက်လာရေးနှင့် ပတ်သက်လျှင် ပုဂ္ဂိုလ်ရေး အမြင်များ အားလုံးက အရေးမပါတော့ပေ။

“တော်ဝင်ကျဲ နန်းတော်က မြေရိုင်းပြည်နယ်ရဲ့ အကြီးမြတ်ဆုံး နေရာမှာ ရှိတယ်… နန်းတော်မှာ လေ့ကျင့်တဲ့လူတွေကို နန်းတော်က ဘာစည်းမျဉ်း စည်းကမ်းမှ ကန့်သတ်လေ့မရှိဘူး… မင်းက မင်းလုပ်ချင်တာ လုပ်လို့ရသလို နန်းတော်ကလည်း ဒါတွေကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး…” ရှီတန်ခိုးရှင် ထျန်ရှင်းက ဆက်ပြောသည်… “ဒါပေမဲ့ တော်ဝင်ကျဲ နန်းတော်မှာ နန်းတော် တပည့်တိုင်း လိုက်နာရမည့် စည်းမျဉ်းတစ်ခု ရှိတယ်… နန်းတော်ရဲ့ ဆန္ဒဟာ နန်းတော်က လူတိုင်း လိုက်နာရမည့် စည်းကမ်းပဲ… ပုဂ္ဂိုလ်ရေး အမြင်အားလုံးက နန်းတော်ရဲ့ ဆန္ဒကို လွန်ဆန်လို့ မရဘူး… တပည့်တွေသာ မဟုတ်ဘူး… အကြီးအကဲတွေနဲ့ နန်းတော်သခင်တွေ ကိုယ်တိုင်တောင်မှ နန်းတော်ရဲ့ ဆန္ဒကို လိုက်နာရတယ်… ဒီနေ့ ကိစ္စမှာ မင်းက နန်းတော်ရဲ့ဆန္ဒကို ချိုးဖောက်နေတယ်…”

“နန်းတော်ရဲ့ ဆန္ဒက မှားယွင်းနေရင်ရော…” ရီဖူရှင်းက ရှီတန်ခိုးရှင် ထျန်ရှင်းကို မေးသည်။

“ပုဂ္ဂိုလ်ရေး အမြင်တွေ အားလုံး မှားယွင်းနိုင်ပေမဲ့ နန်းတော်ရဲ့ ဆန္ဒက ဘယ်တော့မှ မမှားဘူး…” ရှီတန်ခိုးရှင် ထျန်းရှင်းက ခိုင်မာစွာ ပြောသည်။

ရီဖူရှင်းက ရှီတန်ခိုးရှင် ထျန်ရှင်းကို ကြည့်သည်။ ထို့နောက် သူ၏ အစ်ကို၃နှင့် အစ်မ၂ကို ကြည့်ကာ ခိုင်မာစွာ ပြောသည်… “ဒီတစ်ခါ နန်းတော်ရဲ့ဆန္ဒက မှားယွင်းတယ်လို့ ကျွန်​တော် ယုံကြည်တယ်…”

ရှီတန်ခိုးရှင် ထျန်ရှင်းက လျူချန်းကို ကြည့်သည်။ လျူချန်းက မေးသည်… “ငါမင်းကို နောက်ဆုံးတစ်ခေါက် ပြောမယ်… နောက်ဆုတ်…”

“မဆုတ်ဘူး…” ရီဖူရှင်းကလည်း ပြတ်သားစွာ ပြောသည်။

“ကောင်းပြီ…” လျူချန်းက ပြန်ပြောသည်… “ထျန်ရှင်း နန်းဆောင်က နန်းတော်ရဲ့ စည်းကမ်း ထိန်းသိမ်းရေး တာဝန်ကို ယူထားတယ်… နန်းတော်ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးတော့ အကြီးအကဲတွေကို ကလန်ကဆန်လုပ်ရင် အပြစ်က ဘာလဲ…”

“နန်းတော်က ထုတ်ပယ်တယ်…” ထျန်ရှင်း နန်းဆောင်သခင်က ပြန်ပြောသည်။

“မင်းက ဒီလောက် ခေါင်းမာမှတော့ အခုကစပြီး မင်းက နန်းတော်ရဲ့ တပည့် မဟုတ်တော့ဘူး…” လျူချန်းက ရီဖူရှင်းကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။ သို့သော်လည်း သူ၏စိတ်နှလုံးထဲတွင် အမှန်ပင် ထိခိုက်ရသည်။ သို့တိုင်အောင် သူ၏သဘောထားက ပြတ်သားပေသည်။ မြေရိုင်းပြည်နယ်က ရှန့်ထိုတစ်ပါး လိုအပ်ကာ ပိုင်လွေလီက ရှီနန်းတော်၏ သဘောတူညီချက်ကို ရရှိပြီးဖြစ်သည်။ ယခု တော်ဝင်ကျဲ နန်းတော်က ပိုင်လွေလီ၏ ရှန့်ထိုဖြစ်ရာ လမ်းတွင် အလုံးစုံ ထောက်ပံ့ပေးမည် ဖြစ်ကာ လိုအပ်ပါက မည်သည့် စတေးမှုကိုမှ ပြုလုပ်ရန် ဝန်မလေးပေ။

အခမ်းအနားတွင် ပုဂ္ဂိုလ်ကြီးများက လျူချန်းကို မသက်မသာ ကြည့်ကြသည်။ နန်းတော်ပါရမီရှင် အဆင့်၁ ရီဖူရှင်းကား တော်ဝင်ကျဲနန်းတော်မှ ထုတ်ပယ်ခံရသည်။ လျူချန်းကား သည်ကိစ္စတွင် အနည်းငယ် ပြင်းထန်သည်ဟု ပြောနိုင်သည်။ သို့သော်လည်း ရီဖူရှင်းက ဂူတုံးလျို၏ဘက်မှ ရပ်တည်နေသည်။ ဆိုလိုသည်က ရီဖူရှင်းကား နန်းတော်ကို လုံးဝ ဆန့်ကျင်နေသည်။ သူက ပိုင်လွေလီ၏ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထို့ကြောင့် လျူချန်းက နှစ်ယောက်ထဲမှ တစ်ယောက်ကို ရွေးချယ်ရန် လိုသည်။

လျူချန်းက သည်ဆုံးဖြတ်ချက်ကို အလွန်အမင်း ခက်ခဲစွာ ချခဲ့ရပေမည်။ မည်သို့ဆိုစေ ရီဖူရှင်းကဲ့သို့သော ပါရမီရှင်ကား အလွန်အမင်း ရှားပါးပေသည်။ တော်ဝင်ကျဲ နန်းတော်က ပါရမီရှင်အဆင့်တစ်ကို မည်သည့်အခါကမှ နန်းတော်မှ ထုတ်ပယ်ဖူးခြင်း မရှိဖူးပေ။ ရီဖူရှင်းက သမိုင်းဝင် မှတ်တမ်းကိုပင် ရေးထိုးလိုက်သည် ဆိုရမည်။

ပိုင်စီက မဲ့ပြုံးပြုံးလိုက်သည်။ ရီဖူရှင်းကား နန်းတော်မှ ထုတ်ပယ်ခြင်းခံရကာ ယခု စွန့်ပစ်ခံ တပည့်တစ်ယောက် ဖြစ်လာပြီ ဖြစ်သည်။

“ဆရာဦးလေး… လက်ထပ်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးလို့ရတယ်… ပြန်စဉ်းစားပေးပါဦး…” ကျူးကော့ချန်းဖန်က ပြောသည်။ သူက ရီဖူရှင်း၏ပါရမီကို မျက်မြင်တွေ့ရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း လက်ရှိအခြေအနေကား ထိန်းချုပ်ရန် အလွန် ခက်ခဲနေသည်။ အရာအားလုံးက သူ၏ တတ်နိုင်စွမ်းထက် ကျော်လွန်၍ ဖြစ်ပျက်နေသည်။ သည်တစ်ကြိမ် နန်းတော်၏ဆန္ဒက မည်မျှ ခိုင်မာသည်ကို သူသိသည်။ သည်ကိစ္စပြီးသွားလျှင် သူက လျူချန်းနှင့် သီးသန့် စကားပြောရန် ရည်ရွယ်ထားသည်။ အနည်းဆုံး သူက ရီဖူရှင်းကို တစ်နှစ်ခန့် အချိန်ပေးစေလိုသည်။ သို့သော်လည်း ယခု ရီဖူရှင်းက လျူချန်းကို အဆုံးစွန်အထိ ဆန့်ကျင်နေသည်။ သူတို့နှစ်ယောက်က ကိုယ်စီ ခိုင်မာသော ရပ်တည်ချက်များ ရှိနေသည်။

ရီဖူရှင်းကား နန်းတော်မှ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်သည်။ ကျူးကော့ချန်းဖန်က ထိုအချက်ကို ကောင်းကောင်း နားလည်သည်။

“ငါက သူ့ကို သုံးခါတောင်မှ မေးပြီးပြီ…” လျူချန်းက ပြန်ပြောသည်။ သူက ရီဖူရှင်းကို ထုတ်ပယ်ခြင်းမှာ နန်းတော်၏ ဆန္ဒတစ်ခုတည်းကို ဆန့်ကျင်ခြင်းကြောင့် မဟုတ်ဘဲ ပိုင်လွေလီနှင့် ဆန့်ကျင်ဘက် ဖြစ်လာသောကြောင့်လည်း ဖြစ်သည်။ တော်ဝင်ကျဲနန်းတော်က ပိုင်လွေလီကို ရွေးချယ်ခဲ့သည်။

မည်သို့ဆိုစေ ပိုင်လွေလီကား ကောင်းကင်မြေရိုင်း အဆင့် ၁၀ဖြစ်သည်။ ယနေ့ ဂူတုံးလျိုက လက်ထပ်ပွဲကို လာရောက် ဖျက်ဆီးကာ ကျူးကော့မင်းယွီကလည်း ဂူတုံးလျိုကို လူပုံအလယ်တွင် လက်ခံကာ လက်ထပ်ပွဲကို ငြင်းဆန်လိုက်သည်။

“မင်းတို့ကရော…” လျူချန်းက ယူချင်း၊ ဟွာဂျီယူနှင့် ယူချင်းတို့ကို ကြည့်သည်။

“ကျွန်တော်တို့က သူ့ရပ်တည်ချက် အတိုင်းပဲ…” ယူချင်း ပြန်ပြောသည်။

ဟွာဂျီယူကလည်း လျူချန်းကို ကြည့်ကာ ရီဖူရှင်း၏လက်ကို ဆုပ်ကိုင်သည်။ သူမက ဘာမှ ထပ်ပြောရန် မလိုတော့ပေ။

“ကောင်းပြီ…” လျူချန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်… “အခု အချိန်ကစပြီး မင်းတို့က တော်ဝင်ကျဲနန်းတော်ရဲ့ တပည့်တွေ မဟုတ်တော့ဘူး…”

ထိုအခိုက်တွင် နဂါးပတ်တောင် တစ်ခုလုံးကား အလွန်အမင်း တိတ်ဆိတ်သွားသည်။ ပါရမီရှင် အဆင့်၁နှင့် အဆင့်၂တို့အပြင် ကောင်းကင်စိတ်ဝိညာဉ် ပညာရှင်တို့ကလည်း နန်းတော်မှ ထုတ်ပယ်ခံရသည်။ သည်အချက်ကို ကြည့်လျှင်ပင် နန်းတော်က ရှန့်ထိုတစ်ပါး မွေးဖွားရန် မည်မျှ စိတ်အားထက်သန် နေသည်ကို မြင်နိုင်သည်။

ရီဖူရှင်းက လျူချန်းကို ကြည့်ကာ ဦးညွှတ်သည်။ ထို့နောက် သူက ခေါင်းမော့ကာ ပြောသည်…“ကျွန်တော်က နန်းတော်မှာ သုံးနှစ်လေ့ကျင့်ခဲ့ပြီး အများကြီး သင်ယူခဲ့ရပါတယ်… ဒီကိစ္စသာ ပြေလေသွားရင် ကျွန်တော်က နန်းတော်ကို ဘယ်တော့မှ ရန်သူအဖြစ် သတ်မှတ်မှာ မဟုတ်ဘူး…”

မည်သို့ဆိုစေ သူတို့က အမြင်မတူခြင်းသာ ဖြစ်သည်။ နန်းတော်က သူ့အား သုံးနှစ်တိတိ ပျိုးထောင်ပေးခဲ့၏။ နန်းတော်က သည်ကိစ္စတွင် မှားယွင်းသည်ဟု သူတွေးသည့်တိုင် နန်းတော်ကို ရန်သူအဖြစ် မသတ်မှတ်လိုပေ။

လူအုပ်က ရီဖူရှင်း၏စကားကို ကြားသည်တွင် စိတ်လှုပ်ရှား သွားကြသည်။ သို့သော်လည်း သည်ကိစ္စက အလွယ်တကူ ပြေလည်သွားမည် မဟုတ်ပေ။

စုချွဲနှင့် ဟောင်ကျူဂီတို့က ရီဖူရှင်းကို ကူရာမဲ့သော ခံစားချက်များဖြင့် ကြည့်ကြသည်။ စုချွဲက ရီဖူရှင်းကို အလောတကြီး မလုပ်ရန် သတိပေးပြီး ဖြစ်သည်။ သို့သော်လည်း လက်ရှိ အခြေအနေတွင် ရီဖူရှင်းအား နားချရန် မဖြစ်နိုင်ပေ။

ကျူးကော့မိသားစုက ရှေ့ကို တက်လာသည်။ ရီဖူရှင်းတို့အုပ်စုက နန်းတော်မှ ထုတ်ပယ်ခံရသည်ကို မြင်သည်တွင် သူတို့က ရီဖူရှင်းတို့အား သင်ခန်းစာပေးရန် အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။

“နောက်ဆုတ်…” အမိန့်ပေးသံတစ်သံကို ကြားသည်တွင် လူအများအပြားက အံ့အားသင့် သွားကြသည်။

သူတို့၏အကြည့်များက စကားပြောလိုက်သူထံကို ရောက်သွားကြသည်။ သူကား ကျူးကော့မိသားစု ခေါင်းဆောင် ကျူးကော့ချန်းဖန် ဖြစ်သည်။ ကျူးကော့မိသားစု တန်ခိုးရှင်များက နားမလည်ကြပေ။ သူတို့ မိသားစုခေါင်းဆောင်က သူတို့အား နောက်ဆုတ်ခိုင်းနေသည်။

အားလုံးကလည်း နားမလည်ကြပေ။ ကျူးကော့ချန်းဖန်က သူ၏သမီးကို လက်မလွှတ်နိုင်သေးဟန် ရသည်။

“ချန်းဖန်…” ကျူးကော့မိသားစု အကြီးအကဲ တစ်ယောက်က ခေါ်သည်။ သူကား ကျူးကော့ချန်းဖန်ထက် စီနီယာကျသည်။

“ဂျူနီယာညီလေး.. ဒါက ဘာသဘောလဲ…” တိမ်ဖြူမြို့စားက ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ထုတ်ဖော်ကာ ပြောသည်။ ကျူးကော့ချန်းဖန်၏ စိတ်ပြောင်းလဲမှုကို သူ သတိထားမိသည်။

လျူချန်းကလည်း ကျူးကော့ချန်းဖန်ကို ကြည့်သည်။

“ဒါက လူငယ်တွေရဲ့ ကိစ္စဖြစ်မှတော့ သူတို့ဘာသာ ဆုံးဖြတ်ပါစေ…” ကျူးကော့ချန်းဖန်၏ အမူအရာကား တည်ငြိမ်နေသည်။ သူကား သေသေချာချာ စဉ်းစားပြီးပြီ ဖြစ်သည်။ အခြေအနေက ဤသို့ဖြစ်လာမှတော့ သူကလည်း သူ့ရပ်တည်ချက်ကို ထုတ်ဖော်ရန် လိုလာသည်။ လက်ရှိ အခြေအနေတွင် သူ၏ဆုံးဖြတ်ချက်က သူ၏သမီး၊ ရီဖူရှင်းနှင့် ဂူတုံးလျိုတို့ အပါအဝင် လူများစွာတို့၏ဘဝကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။

ထိုလူများ၏အသက်က သူ့လက်ထဲတွင် ရှိနေသည်။ သူကား သည်အခြေအနေကို ပြောင်းလဲနိုင်သော တစ်ဦးတည်းသောသူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သည်နေရာက နဂါးပတ်တောင် ဖြစ်ကာ သူကလည်း နဂါးပတ်တောင်ပိုင်ရှင် ဖြစ်သောကြောင့်ပင်။ ထို့ကြောင့်လည်း ရီဖူရှင်းက သူ့ထံကို လာရောက်ခဲ့ခြင်း ဖြစ်သည်။ မနေ့က ရီဖူရှင်းကလည်း သူ ပြောလိုသည်များအား သူ့ကို ပြောကာ ထွက်သွားခဲ့သည်။ ဆုံးဖြတ်ချက်က သူ့အပေါ်တွင် မူတည်နေသည်။

“လွေလီ… မင်းက ဒီကိစ္စကို ဘယ်လိုထင်လဲ…” ကျူးကော့ချန်းဖန်က ပိုင်လွေလီကို မေးသည်။

ထိုအခိုက်တွင် မရေမတွက်နိုင်သော မျက်လုံးများက ပိုင်လွေလီထံကို ရောက်လာသည်။ သူကား ယနေ့ပွဲတွင် ကြယ်ပွင့်ဖြစ်သည်။ ကျူးကော့မင်းယွီက သူနှင့် စေ့စပ်မည် ဖြစ်သည်။ သို့သော် ဂူတုံးလျို ရောက်ရှိလာခြင်းက သူ့အား လူဆိုးဖြစ်စေသည်။

ထိုအခိုက်တွင် ပိုင်လွေလီက ထရပ်ကာ ရှေ့ကို လျှောက်လာသည်။ အားလုံး၏ အကြည့်အောက်တွင် ပိုင်လွေလီက ကျူးကော့မင်းယွီကို ပြောသည်… “မင်းက မလိုလားဘူးဆိုရင် အစကတည်းက ဘာလို့ မငြင်းခဲ့တာလဲ… ဘာလို့ ဒီလို လုပ်ရတာလဲ…”

သူ၏ဆရာ၊ သူ၏အဖေ၊ တော်ဝင်ကျဲနန်းတော်နှင့် တိမ်ဖြူမြို့တို့ အားလုံးက သူနှင့် ကျူးကော့မင်းယွီကို လက်ထပ်စေလိုခဲ့သည်။ သူကလည်း သူ ထမ်းပိုးထားရသော တာဝန်ကို နားလည်ကာ တစ်ဖက်တွင်လည်း ကျူးကော့မင်းယွီကို သဘောကျသည်။ ထို့ကြောင့် သူက လက်ထပ်ပွဲကို လက်ခံခဲ့သည်။

“ရှင် ကျွန်မကို မေးဖူးလား…” ကျူးကော့မင်းယွီက ပိုင်လွေလီကို​ မေးသည်။

ပိုင်လွေလီက ခေါင်းယမ်းသည်။ သူက တစ်ခါမှ မမေးဖူးပေ။

“ရှင်က မြေရိုင်းပြည်နယ် လူငယ်မျိုးဆက်ရဲ့ အမြင့်ဆုံး ပါရမီရှင်ပဲ… အားလုံးက ရှင့်ကို မျှော်လင့်ချက် ကြီးကြီး ထားကြတယ်… ရှင်က ကောင်းကင်မြေရိုင်း အဆင့်၁၀ ဖြစ်ပြီးတော့ မြေရိုင်းပြည်နယ်မှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်… ဒါကြောင့် အားလုံးက ဒီလက်ထပ်ပွဲဟာ ဖြစ်သင့်တယ်လို့ပဲ တွေးတယ်… ရှင်က ပြီးပြည့်စုံလွန်းတယ်… ဒါပေမဲ့ အရာရာတိုင်းမှာ အားနည်းချက်ရှိတယ်… အဲဒါက ကျွန်မ ရှင့်ကို သဘောမကျတာပဲ… မြေရိုင်းပြည်နယ် တစ်ခုလုံးက ရှင်နဲ့ ကျွန်မကို သဘောတူရင်တောင်မှ ကျွန်မ ရှင့်ကို မကြိုက်ဘူး… သူက ဒီနေ့ ရောက်မလာခဲ့ရင်တောင်မှ ကျွန်မက ရှင့်ကို လက်ထပ်မှာ မဟုတ်ဘူး…” ကျူးကော့မင်းယွီက ပြောသည်။

ပိုင်လွေလီက ကျူးကော့မင်းယွီ၏ စကားကို တိတ်ဆိတ်စွာ နားထောင်သည်။ ထို့နောက် သူက ပြောသည်… “ငါနားလည်ပြီ…” ထို့နောက် သူက မိမိကိုယ်ကို လှောင်ပြုံးပြုံးသည်။ မြေရိုင်းပြည်နယ် တစ်ခုလုံးက သည်လက်ထပ်ပွဲကို ထောက်ခံခြင်းကား ဟာသတစ်ခုထက် မပိုပေ။

“မင်း မှန်တယ်… အရာအားလုံးမှာ အားနည်းချက်ရှိတယ်… ကျုပ်ကလည်း ပြီးပြည့်စုံတဲ့လူ မဟုတ်ဘူး…” ပိုင်လွေလီက ကျူးကော့မင်းယွီကို ကြည့်ကာ ဆက်ပြောသည်… “ငါက မင်းကို နားလည်နိုင်ပေမဲ့ ခွင့်လွှတ်မပေးနိုင်ဘူး…” သူက ရှေ့ကို တက်လာကာ ပြောသည်… “ဘာကြောင့်လဲဆိုတော့… ကျုပ်ပိုင်လွေလီက မင်းကို ကျုပ်ဇနီးအဖြစ် ယူဖို့ ဆုံးဖြတ်ထားလို့ပဲ…” ထို့နောက် သူက ဂူတုံးလျိုကို ကြည့်ကာ ပြောသည်… “ကျုပ်လက်ထပ်ပွဲကို ဖျက်တဲ့လူကိုလည်း ကျုပ်က ခွင့်မလွှတ်နိုင်ဘူး…”

ပိုင်လွေလီထံမှ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခု ပေါ်လာကာ သူက ဂူတုံးလျိုထံသို့ လှမ်းလာသည်။ ကျူးကော့မိသားစု၏ အကြီးအကဲများက ထိုမြင်ကွင်းကို ကြည့်ကာ သူ့အတွက် လမ်းဖယ်ပေးကြသည်။

ဂူတုံးလျိုကလည်း ရှေ့ကို တက်လာကာ ပြောသည်… “အပေါ်ကို သွားရအောင်…” ထို့နောက် သူက နဂါးပတ်တောင်၏ မြင့်မားသော တစ်နေရာသို့ ပျံသန်းသွားသည်။

ပိုင်လွေလီကလည်း ခေါင်းမော့ကြည့်ပြီး လေထဲကို ပျံတက်သွားသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset