ရီဖူရှင်းက ရင်းနှီးသော မျက်နှာများကို မြင်၏။ ထိကန်း၊ လီဖူတု၊ ကျန်းကျိရင်နှင့် အနောက်ဘက်ဒေသမှ လူများလည်း ရောက်ရှိ နေကြလေပြီ။ ဓားကျေးရွာမှ ယန်ချူ၊ နန်ထျန်းအိမ်တော်နှင့် လူသားကမ္ဘာတို့လည်း ပါဝင်၏။ သို့သော် လူအများ၏အာရုံက ရီဖူရှင်းထံတွင်သာ ရှိသည်။ သူကား ပါရမီရှင် အဆင့်၁ဖြစ်ကာ အာခီမီမြို့မှ ထိကန်းကို အနိုင်ယူခဲ့သည်။ သူက မြေရိုင်းပြည်နယ် တစ်ခုလုံး၏ ပြိုင်ဘက်ကင်း နိုဘယ်ဖြစ်ကာ မည်သူကမှ သူ့အား မယှဉ်နိုင်။ သို့သော် ရီဖူရှင်းက ထိုလူများကို ခေါင်းထဲရှင်းဟန်မတူ။ သူက နေရာတစ်ခုကို ရွေးကာ တိတ်တဆိတ် ထိုင်နေသည်။
“သူတို့ ရောက်လာကြပြီ…” ထိုအခိုက်တွင် အသံတစ်သံနှင့်အတူ အများစု၏ အကြည့်ကာ အဝေးမှ လျှောက်လာသော လူနှစ်ယောက်ထံကို ရောက်သွားကြသည်။ တိမ်ဖြူမြို့နှင့် ကျူးကော့မိသားစု ခေါင်းဆောင်ထို့က တောင်ထိပ်ကို အတူတကွ တက်လာကြသည်။ ပိုင်လွေလီမူကား သူတို့နှစ်ယောက် နောက်မှ လိုက်ပါလာ၏။ လူအများအပြားက ထပ်ရပ်ကာ မြေရိုင်းဒေသ၏ နာမည်ကြီး ပုဂ္ဂိုလ်နှစ်ဦးအား ဦးညွှတ်ကြသည်။
သူတို့အုပ်စုက အခမ်းအနား၏အဓိက ထိုင်ခုံများထံကို လျှောက်လာကြကာ လူအုပ်ကြီးကို ကြည့်လိုက်ကြ၏။
“တော်ဝင်ကျဲနန်းတော်က အခမ်းအနားကို တက်ရောက် ဂုဏ်ပြုပါတယ်…” အဝေးမှအသံတစ်သံ ကြားကြရသည်။ ချက်ချင်းပင် ကျူးကော့ချန်းဖန်နှင့် တိမ်ဖြူမြို့စားတို့က ထရပ်ကာ အဝေးကို ကြည့်ကြသည်။ မကြာမီ လူတစ်စု ရောက်ရှိလာသည်ကို မြင်ကြရသည်။ ရှေ့ဆုံးမှ လူကား ကောင်းကင်မြေရိုင်း အဆင့် ၃ဖြစ်သူ တော်ဝင်ကျဲနန်းတော် ဒုတိယသခင် လျူချန်းဖြစ်၏။ သူ့ဘေးတွင်ကား ထျန်ရှင်းနန်းဆောင် သခင်နှင့် ရှီတန်ခိုးရှင်ဇူဆွန်တို့ ပါလာသည်။
ရီဖူရှင်းက ခေါင်းမော့ကာ လျူချန်းကို ကြည့်သည်။ တော်ဝင်ကျဲနန်းတော်က စေ့စပ်ပွဲအား ကိုယ်တိုင် လာရောက်သည်။
လျူချန်းက အခမ်းအနားနေရာကို ဖြတ်လာရင်းက တစ်နေရာ အရောက်တွင် ရပ်လိုက်သည်။ သူက ဖြည်းညင်းစွာဖြင့်ပင် ရီဖူရှင်းဘက်ကို လှည့်လာသည်။ ရီဖူရှင်းကလည်း အံ့အားသင့်သွား၏။ လျူချန်းက သူ့အား ကြည့်မည်ဟု မထင်ထားပေ။ ရှီတန်ခိုးရှင်ဇူဆွန်က လွန်ခဲ့သော တစ်လခန့်မှ အဖြစ်အပျက်ကို ပြောပြခဲ့ပြီး ဖြစ်ဟန်ရ၏။
“မင်းက အခု ရှီနန်းတော်ထဲကို ဝင်ခွင့်ရထားပြီးပြီ… မင်းက တန်ခိုး အဆင့်မြင့်တက်အောင် အဓိက လုပ်သင့်တယ်… မသက်ဆိုင်တဲ့ကိစ္စတွေကို စိတ်မဝင်စားနဲ့တော့… ဒီနေ့ပြီးရင် နန်းတော်ကို ပြန်ပြီးတော့ တံခါးပိတ် လေ့ကျင့်တော့… ရှီအဆင့်ကို တက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစား…” လျူချန်းက ဆက်ပြောသည်… “ယူချင်း… မင်းလည်း အတူတူပဲ… မင်းတို့နှစ်ယောက် ပြန်သွားပြီးရင် ငါက နန်းဆောင်ခြောက်ခုကို ခေါ်ယူ ဆွေးနွေးပြီးတော့ မင်းလည်း ရှီနန်းတော်ထဲကို ဝင်ခွင့်ရအောင် သဘောတူညီချက် ယူပေးမယ်…” သူက ထိုသို့ပြောပြီး ရီဖူရှင်းနှင့် ယူချင်းတို့ ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ရှေ့ကို ဆက်သွားသည်။ ကျူးကော့ချန်းဖန်နှင့် ပိုင်ဂူတို့က အရိုအသေ ပေးကြသည်။ သူကား ကောင်းကင်မြေရိုင်း အဆင့်တွင်သာ သူတို့ထက် မြင့်သည်မဟုတ်ဘဲနန်းတော်တွင် လေ့ကျင့်စဉ်ကလည်း သူတို့၏ဆရာဦးလေး ဖြစ်သည်။
လူအများအပြားက ရီဖူရှင်းကို ကြည့်ကြသည်။ လျူချန်း၏စကားကို သူတို့အားလုံး နားလည်ကြသည်။ ရီဖူရှင်း၏ အပြုအမူများက အထိန်းအကွပ် မဲ့နေသည့်တိုင် ရီဖူရှင်းအပေါ် သူတို့ မည်မျှ တန်ဖိုးထားသည်က ပေါ်လွင်နေသည်။
ရီဖူရှင်းက လျူချန်း၏ နောက်ကျောကို ကြည့်သည်။ အကယ်၍ ပိုင်လွေလီနှင့် ကျူးကော့မင်းယွီတို့ လက်ထပ်ပွဲသာ မရှိခဲ့ပါက လျူချန်းကား လေးစားဖွယ် ကောင်းသော အကြီးအကဲ တစ်ယောက်ဖြစ်ပေ၏။ သူက တော်ဝင်ရှီနန်းဆောင်မှ ဖြစ်သော်လည်း သူ၏ သဘောထားကြီးမှုက အမှန်ပင် လေးစားဖွယ် ကောင်း၏။ သို့သော်လည်း ပိုင်လွေလီနှင့် ပတ်သက်သောအခါ လျူချန်း၏ရပ်တည်မှုက ရီဖူရှင်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထို့အပြင် သူတို့ကိုယ်စီက မိမိတို့ ရပ်တည်ချက်ကို သဘောထား မယိုမယွင်းဘဲ ခိုင်မာစွာ ဆုပ်ကိုင်ထားကြ၏။
လျူချန်းက ထိုင်ခုံတွင် ထိုင်လိုက်ကာ ပြောသည်… “အခမ်းအနားကို စရအောင်…”
“ကောင်းပြီ…” ကျူးကော့ချန်းဖန်က ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းသည်။ ချက်ချင်းပင် အားလုံးက မိမိတို့ ထိုင်ခုံတွင် ထိုင်လိုက်ကြကာ အစေခံ မိန်းကလေးများ အားလုံးက စတင်၍ အလုပ်များကြတော့သည်။ ယနေ့ အခမ်းအနားကား မြေရိုင်းပြည်နယ်တွင် လတ်တလော အကြီးမားဆုံး ပွဲလည်းဖြစ်သည်။
သိပ်မဝေးသော တစ်နေရာမှ မိန်းကလေးတစ်ယောက် လျှောက်လာသည်။ သူမကား ကျူးကော့မင်းယွီ ဖြစ်သည်။
ယနေ့ကား ကျူးကော့မင်းယွီက အလွန်အမင်း လှပချောမောနေသည်။ ပုံမှန်ဝတ်စုံအစား ယနေ့ကား တန်ဖိုးကြီးမားသော ပိုးဖဲဝတ်စုံကို ဝတ်ဆင်ထားကာ အနည်းငယ်သော မိတ်ကပ် အပြင်အဆင်များကြောင့် သူမကား နတ်မိမယ်တစ်ပါးလို ထင်မြင်ရစေသည်။
ရီဖူရှင်းက အစ်မ၂ကို ကြည့်ကာ သူ၏စိတ်က ကြီးစွာ လေးလံနေသည်။ ယခု သူ၏အစ်မ၂က အလွန် လှပချောမောနေသည်။ သို့သော်လည်း သူမ၏မျက်လုံးများထဲမှ ဝမ်းနည်းသော အငွေ့အသက်များကို သူခံစားနေရ၏။ အကယ်၍ အစ်ကို၃ ရောက်မလာရင် မည်သို့ဖြစ်မည်ကို ရီဖူရှင်းက မတွေးရဲတော့ပေ။
ယနေ့ စေ့စပ်ပွဲ အခမ်းအနားကား အမှန်ပင် အစ်ကို၃၏နောက်ဆုံး အခွင့်အရေး ဖြစ်သည်။
ကျူးကော့ချန်းဖန်က အားလုံးကို ကြည့်ကာ ပြောသည်… “အားလုံး… ခင်ဗျားတို့က အဝေးကနေ လာခဲ့ကြတယ်… ကျူးကော့ချန်းဖန်က ခင်ဗျားတို့ အားလုံးကို ကျေးဇူးတင်တယ်… ကျုပ်က ရိုးရာ အစဉ်အလာတွေကို ဖယ်လိုက်တော့မယ်… အားလုံးက ပျော်ပျော်ရွှင်ရွှင်ပဲ သုံးဆောင်ကြပါ… ကျုပ်တို့အားလုံးက မိတ်ဆွေဟောင်းတွေပဲ… အခုအားလုံး ဆုံနေတဲ့အချိန်မှာ အတူတူ သောက်ရအောင်… လာ… ” ထို့နောက် သူက ခွက်ကို မြှောက်လိုက်သည်။
လူအုပ်ကလည်း ခွက်ကို မြှောက်ကာ ပြိုင်တူ သောက်လိုက်ကြသည်။
ဗာမီလီယန် မီးငှက်ဂိုဏ်းမှ ခေါင်းဆောင်က ပြုံးလျက်ပြောသည်… “ကျုပ်လည်း အသက်ကြီးလာပြီ … လူငယ်တွေက ဒီလောက် ထက်မြက် လာကြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ဒီနေ့ ပွဲမှာ လူငယ်တွေက လူကြီးတွေနေရာမှာ အစားထိုးလာပြီလို့ ခံစားနေရတယ်…”
ဗာမီလီယန် မီးငှက်ဂိုဏ်းကား အရှေ့တောင်ဘက်ဒေသမှ ထိပ်သီးအင်အားစု တစ်ခုဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်ကား ကောင်းကင်မြေရိုင်းအဆင့် ၃၇တွင်ရှိကာ လက်ရှိမျိုးဆက်တွင် ကြီးမားသော လွှမ်းမိုးမှု ရှိပေသည်။
“အမှန်ပဲ… ပိုင်လွေလီကြောင့် ကျုပ်တို့က ခေတ်သစ်တစ်ခုကို ရောက်လာသလို ခံစားရစေတယ်… ဒီနေ့ နဂါးပတ်တောင်က အခမ်းအနားကို တက်တာက စေ့စပ်ပွဲထက် ခေတ်သစ်တစ်ခု ပြောင်းလဲမှုကို ထောက်ခံတဲ့ သဘောက အများကြီးပိုတယ်…” ကောင်းကင်မြေရိုင်း အဆင့်မှ နောက်တစ်ယောက်က ပြောသည်။
“အမှန်က ပိုင်လွေလီ ကောင်းကင်မြေရိုင်း အဆင့်၁၀ကို ရောက်လာကတည်းက ကျုပ်တို့ခေတ်ကုန်သွားပြီလို့ ထင်ခဲ့တယ်…” နောက်တစ်ယောက်က ရယ်မော၍ ပြောသည်။
လူအများအပြားက လူငယ်မျိုးဆက်များကို ကြည့်ကြသည်။ လူကြီးမျိုးဆက်များ အားလုံးလိုလိုက သူတို့၏ လူငယ်မျိုးဆက်များကို ခေါ်ဆောင်လာကြသည်။ ထိုအထဲတွင် ရှီအဆင့်ကို ဝင်ရောက်သွားသူများပင် ပါဝင်ကြပေသည်။
“နောက်လာမဲ့ မျိုးဆက်ကို ဘယ်သူက ဦးဆောင်မယ်လို့ မင်းတို့ ထင်ကြလဲ…” တစ်ယောက်က မေးသည်။
“ပိုင်လွေလီက ရှန့်ထိုဖြစ်ဖို့ ကံပါလာတယ် ကြားတယ်.. တကယ်လို့ သူသာ တကယ်ပဲ ရှန့်ထိုဖြစ်သွားခဲ့ရင် တခြား ပါရမီရှင်တွေက ဘယ်ပြိုင်နိုင်ပါ့မလဲ…” တစ်ယောက်က ပြုံးလျက် မှတ်ချက်ချသည်။ ယခု ပိုင်လွေလီ၏ ရှန့်ထိုဖြစ်ရန်ကံက အားလုံးသိသော အချက်ဖြစ်သည်။
“ပိုင်လွေလီက ရှန့်ထိုဖြစ်ဖို့ ကံပါလာတယ် ဆိုပေမဲ့ အခု လူငယ်မျိုးဆက်မှာ ပါရမီရှင်တွေ အများကြီးပဲ… အနာဂတ်က ဘာမှ မသေချာဘူး…” ဟောင်မိသားစု ခေါင်းဆောင်က မှတ်ချက်ချသည်။ ကောင်းကင်မြေရိုင်း အဆင့်၅ဖြစ်သည့်အလျောက် သူက တိမ်ဖြူမြို့နှင့် ယခင်ကတည်းက ပြိုင်ဆိုင်မှု ပြင်းထန်ပေသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ဟောင်မိသားစုမျိုးဆက်က တိမ်ဖြူမြို့မှ ပိုင်လွေလီထက် အားနည်းသည်ဟု မထင်ပေ။ ဥပမာ သူ၏စိတ်ထဲတွင် ဟောင်ကျူဂီ၏ ပါရမီကလည်း အလွန်ကောင်းပေသည်။
“အချိန်ကပဲ စကား ပြောသွားလိမ့်မယ်…” တိမ်ဖြူမြို့စားက ဟောင်စီကို ကြည့်ကာ ပြောသည်။ သူတို့ နှစ်ယောက်တွေ့လျှင် ဤသို့ အမြဲ တစ်ယောက်နှင့် တစ်ယောက်က စကားစစ်ထိုးလေ့ ရှိကြပေသည်။
“ဟောင်မိသားစုက ဟောင်ကျူဂီကလည်း ဒီမျိုးဆက်ရဲ့ ပါရမီရှင်တစ်ယောက်ပဲ… ဒါပေမဲ့ သူက တော်ဝင်ကျဲနန်းတော် ဝင်ခွင့်ပထမနေရာကို မရခဲ့ဘူး…” တိမ်ဖြူမြို့၏ ယွန်ကလန်ခေါင်းဆောင်က ရောက်လာကာ သေရည်ခွက်အား လက်တွင် လှည့်ပတ်ကစားလျက် ပြောသည်။ သူဆိုလိုသည်က ဟောင်ကျူဂီကား တော်ဝင်ကျဲ နန်းတော်ဝင်ခွင့်ပထမပင် မရဘဲမည်သို့ ပိုင်လွေလီနှင့် ယှဉ်နိုင်မည်နည်း ဟူ၍ပင်။
“တိမ်ဖြူမြိုက ပိုင်စီလည်း တော်ဝင်ကျဲနန်းတော် ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေခဲ့တာပဲ… သူကလည်း သူ့အစ်ကို ပိုင်လွေလီလိုပဲ ဖြစ်လာမယ့်ပါရမီရှင်ဆိုပြီး နာမည်ကြီးတာပဲ… အခု သူက ဘယ်ပျောက်နေတာလဲ… အချိန်က တကယ်ပဲ အကောင်းဆုံး ဒိုင်လူကြီးပဲ…” ဟောင်စီက တည်ငြိမ်စွာ ပြောသည်… “ဒီမျိုးဆက်မှာ အပြိုင်အဆိုင် ပါရမီရှင်တွေ အများကြီး ပေါ်လာနိုင်တာပဲ…”
“တချို့က ထိပ်ဆုံးကို ရောက်ဖို့ မွေးဖွားလာတဲ့လူတွေ ရှိတယ်… သူတို့ကို သွားပြီးတော့ နှိုင်းယှဉ်စရာ မလိုဘူး… ပိုင်လွေလီက သူ့မျိုးဆက်ကို လွှမ်းမိုးနိုင်သလို ရီဖူရှင်းကလည်း သူ့မျိုးဆက်ကို နှိုင်းယှဉ်နိုင်တာပဲ…” စုရှမ်းက ပျင်းရိစွာ ပြောသည်။
လူအများအပြားက ရီဖူရှင်းက လေးစားအားကျစွာ ကြည့်ကြသည်။ အချို့က မုန်းတီးစွာ ကြည့်ကြသည်။ ထိုအထဲတွင် ရီဖူရှင်း၏ အနိုင်ယူခံရသူများစွာ ပါဝင်ကြ၏။
“ဘယ်သူက ပိုထူးချွန်ပါစေ… သူတို့အားလုံးက နန်းတော်ရဲ့ လူငယ်မျိုးဆက်တွေပဲ… စုချွဲကလည်း ဒီအတိုင်းပဲ… ငါက သူ့ကို မျှော်လင့်ချက် အများကြီးထားတယ်…” စုရှမ်းက ဘာမှ မပြောတော့ပေ။
“အချိန်ကျပြီ…” လျူချန်းက ကောင်းကင်ကို ကြည့်ကာ ပြောသည်။ ကျူးကော့ချန်းဖန်က ခေါင်းညိတ်သည်။
တိမ်ဖြူမြို့စားက ထရပ်ကာ ပြောသည်… “လက်ဆောင်ပဏ္ဍာတွေ ယူလာခဲ့ကြ… သူ၏အသံက မကျယ်လောင်သော်လည်း အသံက အဝေးတစ်နေရာသို့ အထိ ထွင်းဖောက်သွားသည်။ မကြာမီ လူများစွာက တောင်ပေါ်ကို တက်လာကြသည်။ သူတို့က တောင်ထိပ်ပေါ်သို့အထိ တက်လာကြကာ စေ့စပ်ပွဲအတွက် သတို့သမီးဘက်ကို ပေးရမည့် လက်ဆောင်ပဏ္ဍာများ ပေးကမ်းကြသည်။
လက်ဆောင်များကား တန်ဖိုးကြီး ရတနာများ ဖြစ်ကြသည်။ ရှီလက်နက်များ၊ ရတနာများ၊ ဆေးဝါးများ၊ ပညာရပ်များ စသော ပြင်ပလောကတွင် ဝယ်ယူမရနိုင်သော အရာများဖြစ်ကြသည်။ ကျူးကော့မိသားစုက ထိုလက်ဆောင်များကို မြင်သည်တွင် ကျေနပ်စွာဖြင့် ခေါင်းညိတ်ကြသည်။ တိမ်ဖြူမြို့ကား သည်နေ့ပွဲအတွက် အမှန်ပင် ကောင်းကောင်း ပြင်ဆင်လာခဲ့သည်။
မရေမတွက်နိုင်သော လူများက သူတို့၏ ဂုဏ်ပြုစကားကို ပြောနေကြသော အချိန်တွင် ရီဖူရှင်း၏အမူအရာက သုန်မှုန်နေသည်။ တစ်ဖက်တွင် ကျူးကော့မင်းယွီ၏ မျက်နှာ၌ မည်သည့်ခံစားချက်ကိုမှ မမြင်ကြရသော်လည်း သူမက ရံဖန်ရံဖန် အဝေးကို ကြည့်နေသည်ကို မြင်ကြရသည်။
“အစ်ကိုကျူးကော့… ကျုပ်က အခု ကျူးကော့မိသားစုကို ကျုပ်သားကိုယ်စား တရားဝင် လက်ထပ်ခွင့်ပေးဖို့ တောင်းဆိုပါရစေ…” တိမ်ဖြူမြို့စားက ပြောသည်။ နှစ်ဖက်လုံးက သဘောတူပြီး ဖြစ်သော်လည်း သူက တရားဝင် လက်ထပ်ခွင့် တောင်းရန် လိုပေသေးသည်။
ကျူးကော့ချန်းဖန်က လက်ဆောင်ပဏ္ဍာများကို ကြည့်ကာ တိတ်ဆိတ်နေသည်။
“ခဏနေပါဦး…” ထိုအခိုက်တွင်ပင် အလောတကြီး အသံတစ်သံကို ကြားကြရသည်။ ရီဖူရှင်းက လက်သီး တင်းတင်းဆုပ်ကာ အလွန်အမင်း စိတ်လှုပ်ရှားသွား၏။ သူ ရောက်လာလေပြီ။
“ထိုင်နေ…” လျူချန်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။
လျူချန်း၏စကားကို ကြားသည်တွင် ရီဖူရှင်းက ပိုမို၍ပင် စိတ်လှုပ်ရှားသွား၏။ သို့သော်လည်း သူက စိတ်ဆုံးဖြတ်လိုက်ဟန်ဖြင့် မားမားမတ်မတ်ရပ်ကာ ပြောသည်… “ကျုပ် သဘောမတူဘူး…”
“ဘယ်လောက် ရိုင်းလိုက်လဲ…” ကျူးကော့မိသားစုမှ လူများအားလုံးက ဒေါသပေါက်ကွဲ သွားကြသည်။
တိမ်ဖြူမြို့စားက ရီဖူရှင်းကို ဝါးစားမတတ် ကြည့်လိုက်သည်တွင် ဖိအားတစ်ခုက ရီဖူရှင်းထံကို သက်ဆင်းလာသည်။
“ကျုပ်တို့လည်း သဘောမတူဘူး…” ရွှီယီနှင့် လျိုဖန်းတို့ကလည်း ထရပ်ကာ ခေါင်းမော့လျက် ပြောသည်။
“မင်းတို့နှစ်ယောက်… ထိုင်နေ…” ယူစီက သူတို့နှစ်ယောက်ကို ပြောသည်။
လက်ရှိအခြေအနေက လူငယ်အချို့၏ စကားများဖြင့် ပြောင်းလဲ၍ ရသည်မဟုတ်ပေ။
ဖိအားတစ်ခုက အခမ်းအနားတစ်ခုလုံးသို့ သက်ဆင်းလာနေသည်။
ထိုအခိုက်တွင်ပင် ကိုယ်ရောင်ကိုယ်ဝါ တစ်ခုနှင့်အတူ တောင်ခြေတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားသွားပုံရသည်။
ကျူးကော့ချန်းဖန်၏ အကြည့်ကာ တောင်ခြေကို ထွင်းဖောက်လျက် ရောက်ရှိသွားဟန်ရကာ ထိုနေရာတွင်သူက အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်က တောင်ပေါ်သို့ လာနေသည်ကို မြင်သည်။
နောက်ဆုံးတွင် သူ ရောက်လာပြီ ဖြစ်သည်။
“ဂူတုံးလျိုက ကျူးကော့မိသားစုကို လက်ထပ်ခွင့်ပန်ဖို့ ရောက်လာပါတယ်…” အသံတစ်သံက နဂါးပတ်တောင်၏လေဟာနယ် တစ်ခုလုံးကို တုန်ခါသွားသည်။
***