ယနေ့ နဂါးပတ်တောင်ကား အလွန်အမင်း စည်ကား သိုက်မြိုက်နေသည်။ မရေမတွက်နိုင်သော အင်အားစုများက နဂါးပတ်တောင်ကို တဖွဲဖွဲ ရောက်ရှိ လာနေကြ၏။ တိမ်ဖြူမြို့နှင့် ကျူးကော့မိသားစုတို့၏ လက်ထပ်ပွဲတွင် တော်ဝင်ကျဲ နန်းတော်ကလည်း ပါဝင်ပတ်သက်နေသည်။ ယနေ့ စေ့စပ်ပွဲ၏အဓိက ဇာတ်ဆောင်မှာလည်း မြေရိုင်းပြည်နယ်၏ လူငယ်မျိုးဆက်ထဲတွင် အထွန်းတောက်ဆုံး ပိုင်လွေလီ ဖြစ်သည်။
“ထိုက်ဟန်တောင်က ဂုဏ်ပြုဖို့အတွက် ရောက်ရှိလာပါတယ်…” တောင်ခြေမှ တစ်ယောက်က ကျယ်လောင်စွာ အော်လိုက်သည်။ ချက်ချင်းပင် ကျူးကော့မိသားစုမှ လူများက သူတို့ကို သွားရောက် ကြိုဆိုကြသည်။ ယခု နဂါးပတ်တောင်မှ အစေခံများနဲ့ မိသားစုဝင်များက ဧည့်သည်များကို ဧည့်ခံရန် အဆင်သင့် ပြင်ထားကြသည်။
“ဒီမွန်းနတ်ဘုရားကလန် ရောက်လာပြီ…”
“တော်ဝင်မီးတောက်ဂိုဏ်း…”
“တူရန်ထျန်းတောင်…”
“လူသားကမ္ဘာ…”
“နန်ထျန်းအိမ်တော်….”
“ဟောင်မိသားစု…”
“…”
နဂါးပတ်တောင်ခြေမှ တစ်သံပြီးတစ်သံ အဆက်မပြတ် ထွက်ပေါ်လာနေသည်။ မြေရိုင်းပြည်နယ် တစ်ခုလုံးက သည်ပွဲကို သတိထား စောင့်ကြည့်နေကြရာ အားလုံးက ပွဲတက်ရန် လွဲချော်ခြင်း မရှိပေ။
“အာခီမီမြို့က အင်ပါယာ မိသားစု…”
“ဗာမီလီယန်မီးငှက်ဂိုဏ်း…”
“အာခီမီမြို့တော်ဝန် ရောက်လာပါပြီ…” ပိုမိုကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
သည်တစ်ခေါက်ကား မြေရိုင်းပြည်နယ်မှ ထိပ်သီးအင်အားစုများ အားလုံး ပွဲကို တက်ရောက်ကြရာ အားလုံးက သည်ကိစ္စကို မည်မျှ အလေးထားသည်ကို သိသာ ထင်ရှားစေသည်။ မြေရိုင်းပြည်နယ် တစ်ခုလုံးက ကိုယ်တိုင် လာရောက် ဂုဏ်ပြုကြသည်။
ကျူးကော့မိသားစု ခေါင်းဆောင်နှင့် လူကြီးမျိုးဆက်များ အားလုံးက သူတို့ကို ဧည့်ခံကြိုဆိုကြသည်။ ယနေ့ သူတို့မျိုးဆက်မှ များစွာသော ပုဂ္ဂိုလ်ကြီးများ ရောက်လာနေကြကာ ထိုအထဲတွင် ကောင်းကင်မြေရိုင်း အဆင့်မှ လူများလည်း ပါဝင်ကြပေသည်။ ကောင်းကင်မြေရိုင်း အဆင့်၆တွင်ရှိသော သူက တစ်ယောက် နှစ်ယောက်မျှကို အလေးမထားသော်လည်း ယခု အများအပြား ရောက်ရှိလာသောအခါ ကျူးကော့ချန်းဖန်က သူ၏ဂုဏ်ပုဒ်ကို ဘေးချိတ်၍ ကိုယ်တိုင် ကြိုဆိုရတော့သည်။
“ဂုဏ်ယူပါတယ်… အစ်ကိုကျူးကော့…” ထိုအခိုက်တွင် ကျူးကော့ချန်းဖန်နှင့် ကျူးကော့ခမ်ယန်တို့က အတူရပ်လျက် ဧည့်သည်များကို ဧည့်ခံနေကြစဉ် အနက်ရောင်ဝတ်စုံနှင့် ပိန်သွယ်သော လူတစ်ယောက်က သူတို့အား ပြုံးလျက်ပြောသည်။ သူက ပြုံးနေသော်လည်း ပတ်ဝန်းကျင်မှ လူများက သူ့ထံမှ အလွန်ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို ခံစားကြရသည်။ ဤသည်က သူလေ့ကျင့်သော ပညာရပ်နှင့်လည်း သက်ဆိုင်ပေမည်။
သူကား ကောင်းကင်မြေရိုင်း အဆင့်၉တွင်ရှိသော ထင်းဆွေအိမ်တော် ခေါင်းဆောင် စုရှမ်းဖြစ်သည်။ သူ့ဘေးမှ စုချွဲကလည်း ပြုံးနေသည်။
“အစ်ကိုစု… ခင်ဗျားက ဒီလောက် အလုပ်များတာ ဘယ်လို ရောက်လာတာလဲ… ဒါက အရမ်းဂုဏ်ယူစရာ ကောင်းသွားပြီ…” ကျူးကော့ချန်းဖန်က ပြုံးလျက်ပြောသည်။ ထင်းဆွေအိမ်တော် ခေါင်းဆောင်ကား ဤသို့သော ပွဲများကို တက်ခဲပေသည်။
“ဒါက ပျော်စရာ အချိန်အခါပဲ… ကျုပ်က ဘယ်လိုလုပ် မလာဘဲ နေရမလဲ..” စုရှမ်းက ပြုံးလျက်ပြောသည်။
“စုချွဲက စီနီယာကို တွေ့ရတာ အရမ်း ဂုဏ်ယူမိပါတယ်…” စုချွဲကလည်း ဦးညွှတ်ကာ ပြောသည်။
“တူလေးစုချွဲကလည်း နန်းတောင်ဝင်ခွင့် အဆင့်၁၀အတွင်းကို ဝင်ခဲ့တယ်ကြားတယ်… ကြည့်ရတာ မင်းက အစ်ကိုစုနေရာကို ယူဖို့ စွမ်းရည်တွေ ရှိပုံပဲ…” ကျူးကော့ချန်းဖန်က ပြုံးလျက်ပြောသည်။
“ဒါက ထိပ်ဆုံးဆယ်နေရာပါပဲ… ချီးကျူးစရာ ဘာမှ မရှိဘူး…” စုရှမ်းက ပြုံးလျက် ခေါင်းယမ်းသည်။
“စီနီယာ… ရီဖူရှင်းကလည်း ကျူးကော့မိသားစုမှာ ထင်တယ်… သူက ဘယ်မှာနေလဲ မသိဘူး…” စုချွဲက မေးသည်။
“သူက လခြမ်းအိမ်တော်မှာပဲ… မင်းက အစေခံတစ်ယောက်ကို မေးရင် သူလိုက်ပြလိမ့်မယ်…” ကျူးကော့ချန်းဖန်က ပြန်ပြောသည်။
“ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ်.. စီနီယာ…” စုချွဲက ခေါင်းညိတ်ကာ ကျေးဇူးတင်စကား ပြောသည်။
“စုချွဲ….” သူ့နောက်မှ ခေါ်သံတစ်သံ ကြားရသည်တွင် စုချွဲက နောက်လှည့်ကြည့်သည်။ သူ့နောက်မှ ဟောင်မိသားစု၏ ဟောင်ကျူဂီက လျှောက်လာသည်။
“မင်းလည်း ရောက်လာတာပဲ…” စုချွဲက မေးသည်။
“အင်း..” ဟောင်ကျူဂီက ခေါင်းညိတ်သည်… “ငါလည်း သူ့ကို တွေ့ချင်တယ်… အတူ သွားရအောင်…” သူက ထိုသို့ ပြောကာ ကျူးကော့ချန်းဖန်ကို ဦးညွှတ်လျက် ပြောသည်… “ဟောင်ကျူဂီက စီနီယာကို နှုတ်ဆက်ပါတယ်…”
“အခန်းအနားမှာ ဧည့်သည်တစ်ယောက်လို နေစရာမလိုဘူး… တူတော်မောင်…” ကျူးကော့ချန်းဖန်က ပြုံးလျက် ဟောင်ကျူဂီကို ပြောသည်။ ထို့နောက် သူက နောက်မှ လျှောက်လာသော ထည်ဝါခန့်ညားသော လူကြီးတစ်ယောက်ကို ကြည့်သည်။ ဟောင်မိသားစု ခေါင်းဆောင်ကား ကောင်းကင်မြေရိုင်း အဆင့်၅တွင် ရှိသော ဟောင်စီဖြစ်သည်။
“အစ်ကိုကျူးကော့… ကျန်းခန့်သာလို့ မာပါစ…” ဟောင်စီက ပြုံးလျက်မေးသည်။
“အစ်ကိုဟောင်က အရင်ကထက်တောင်မှ အားကောင်းလာတဲ့ပုံပဲ…” ကျူးကော့ချန်းဖန်က ပြောသည်။ သူတို့နှစ်ယောက်ကား ကောင်းကင်မြေရိုင်း အဆင့်၅နှင့်၆ဖြစ်ကာ မဟာပြိုင်ဘက်များလည်း ဖြစ်ကြသည်။
လူအများအပြားက အဆက်မပြတ် ရောက်ရှိလာခဲ့ကြသည်။ ထိုအခိုက်တွင် စုံတွဲတစ်တွဲနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်တို့ အတူရောက်ရှိလာကြသည်။ လူကြီးက နဂါးတစ်ကောင်၏ မာန်ဟန်ပြင်းသော အရှိန်အဝါရှိကာ သူ့မိန်းမကား အလွန် လှပချောမောပေသည်။
“လောင်အော့က စီနီယာကျူးကော့ကို နှုတ်ဆက်ပါတယ်…” လူကြီးက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ကျူးကော့ချန်းဖန်ကို အရိုအသေပေးသည်။
“အနောက်တောင် နဂါးကလန်က လောင်အော့… လောင်ရီထျန်းရဲ့ ညီငယ်လေးလား…” ကျူးကော့ချန်းဖန်က မေးသည်။
“မှန်ပါတယ်…” လောင်အော့က ခေါင်းညိတ်သည်။
“မင်းကလည်း ကောင်းကင်မြေရိုင်း အဆင့်ထဲက တစ်ယောက်ပဲ… ဒီလောက် အထူးအထွေ ဂရုစိုက်နေစရာ မလိုဘူး… အထဲကို ဝင်ကြ…” ကျူးကော့ချန်းဖန်က ပြုံးလျက်ပြောသည်။ ယခင်က လောင်ရီထျန်းကား မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် တစ်ဟုန်ထိုး ထွန်းတောက်လာခဲ့ကာ အလွန်မြင့်မားသော ပါရမီကို ပြသခဲ့သည်။ အကယ်၍ သူသာ မသေဆုံးခဲ့ပါက ကောင်းကင်မြေရိုင်း အဆင့်၁၀ အတွင်း သေချာပေါက် ဝင်မည်ဖြစ်သည်။ လောင်အော့ကား သူ၏ညီဖြစ်ကာ ယခု ကောင်းကင်မြေရိုင်း အဆင့်ထဲ ဝင်သော မိုးမြေကောင်းကင်မြို့မှ တစ်ဦးတည်းသောသူ ဖြစ်သည်။ လောင်အော့က ရှီအဆင့်အမြင့်ဆုံးကို မရောက်သေးသည့်အပြင် ကောင်းကင်မြေရိုင်း အဆင့်တွင် သူ့ထက် အားကောင်းသူများစွာ ရှိသော်လည်း အမှန်တကယ်အားဖြင့် ကောင်းကင်မြေရိုင်း အဆင့်က တန်ခိုးအစွမ်းထက် ပါရမီနှင့် တိုက်ခိုက်ရေး စွမ်းရည်ကိုလည်း အကဲဖြတ်ပေသေးသည်။ လောင်အော့ကလည်း ကြီးမားသော အလားအလာ ရှိသည်မှာ သေချာပေသည်။
“စီနီယာ… အစ်ကိုဖူရှင်းနဲ့ အစ်မဂျီယူတို့ ဒီမှာ ရှိလား…” ဆယ်ကျော်သက် မိန်းကလေးက ပြုံးလျက်မေးသည်။
“သူတို့က လခြမ်းအိမ်တော်မှာ…” ကျူးကော့ချန်းဖန်က ပြန်ပြောသည်။ လောင်အော့က သူမတို့အားလုံးကို ခေါ်ကာ အထဲကို ဝင်သွားသည်။ သူတို့ ဝင်သွားပြီးနောက်ပိုင်း ရီဖူရှင်းနာမည်ကို မေးလျက် ရောက်ရှိလာသူများ ရှိပေရာ ကျူးကော့ခမ်ယန်ကပင် ရေရွတ်ရသည်… “ဒီနေ့က ကျူးကော့မိသားစုနဲ့ တိမ်ဖြူမြို့ရဲ့ စေ့စပ်ပွဲပဲ… ဘာလို့ ရီဖူရှင်းကိုပဲ မေးနေကြတာလဲ…”
“ဒါက သူ့ရဲ့ ဆွဲဆောင်အားပဲ…” ကျူးကော့ချန်းဖန်က ပြုံးလျက် မှတ်ချက်ချသည်။ ယမန်နေ့က မြင်ကွင်းကို သူပြန်တွေးမိသည်။ ရီဖူရှင်းက ငယ်ရွယ်သေးသော်လည်း လူငယ်မျိုးဆက် တစ်ခုလုံးကို သူက ဦးဆောင်နေပြီဖြစ်သည်။ ဟောင်မိသားစုမှ ဟောင်ကျူဂီနှင့် ထင်းဆွေအိမ်တော်မှ စုချွဲတို့ပင် သူ့ကို လေးစားကြဟန်ရှိသည်။ တခြားတစ်ဖက်တွင် ပိုင်စီနှင့် ကျူးကော့ရှင်းတို့ကို မည်သူကမှ စိတ်ဝင်စားဟန် မရပေ။
ယခုကား ကျူးကော့မင်းယွီက လခြမ်းအိမ်တော်တွင် မဟုတ်တော့ဘဲ လေပြင်းဆောင်ကို ရောက်နေသည်။ ရီဖူရှင်းက လခြမ်းအိမ်တော်တွင် ရှိနေကော အခန်းအနားမှ ဆူညံသံများကြောင့် သူက အနည်းငယ် စိတ်ညစ်နေသည်။
လက်ထပ်ပွဲက မြေရိုင်းပြည်နယ် တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။ မနေ့က အစ်ကိုသုံးထံကို သူက စကားအချို့နှင့် အစ်မ၂၏စာကို ပြန်ပို့လိုက်သည်။ အစ်ကို၃က ရောက်လာမည်လား သူမသိပေ။ အကယ်၍ သူ ရောက်လာလျှင် မည်သို့သော ဖိအားမျိုးကို သူခံစားရမည်နည်း။
“မင်းတို့က ဘယ်လို ရောက်လာတာလဲ…” ရီဖူရှင်းက စုချွဲနှင့် ဟောင်ကျူဂီကို ကြည့်ကာ မေးသည်။
“မင်းက ယူချင်းနဲ့အတူ ကျူးကော့မိသားစုဆီကို ရောက်လာတယ်လို့ ငါတို့ ကြားတယ်… မင်းက အလျင်စလို မလုပ်ဖို့ လိုတယ်…” စုချွဲက ပြောသည်။
“ငါသိတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ပိုင်လွေလီနဲ့ ကျူးကော့မင်းယွီတို့ လက်ထပ်ပွဲက မြေရိုင်းပြည်နယ် တစ်ခုလုံး စိတ်ဝင်စားရတဲ့ ကိစ္စပဲ… မင်းက လက်မခံဘူး ဆိုပေမဲ့ ဒါက အသုံးဝင်မယ် မထင်ဘူး…” ဟောင်ကျူဂီက ပြောသည်။
“သွားရအောင်…” ရီဖူရှင်းက သက်ပြင်းချကာ ပြောသည်။
ယခုကား ဧည့်သည်များအားလုံးက တောင်ပေါ်ကို ရောက်နေကြပြီ ဖြစ်သည်။ ရီဖူရှင်းက ဧည့်ခံပွဲကို ရောက်သည်တွင် အာခီမီမြို့တော်ဝန် ယူစီအား ဦးဆုံး သွားရောက် ဂါရဝပြုသည်။ ထို့နောက် ရီဖူရှင်းက သခင်မလောင်နှင့် လောင်လင်းအာကို မြင်၏။
“အစ်ကိုဖူရှင်း…” လောင်လင်းအာက လှမ်းခေါ်သည်။
“လင်းအာ… မင်း ဘာလို့ ဒီကို ရောက်လာတာလဲ…” ရီဖူရှင်းက မေးသည်။
“အဖေကလည်း ဒီတစ်ခေါက် လက်ထပ်ပွဲကို တက်လာတယ်လေ… ဒါကြောင့် လင်းအာလည်း အတူတူ လိုက်လာတာ…” လောင်လင်းအာက ပြောကာ သူမ၏ဘေးမှ လူကြီးကို ကြည့်သည်။ ရီဖူရှင်းက ထိုလူကြီးကို ဦးညွှတ်ကာ ပြောသည်… “ရီဖူရှင်းက ဦးလေးကို တွေ့ရတာ ဝမ်းသာပါတယ်…”
“အာ… ဒီနှစ်တွေမှာ လင်းအာကို ဂရုစိုက်ပေးခဲ့တာ ကျေးဇူးပဲ…” လောင်အော့က ပြုံးလျက်ပြောသည်။ သူက ယခင်ကလည်းက ရီဖူရှင်းအကြောင်းကို သခင်မလောင်ထံမှ များစွာ ကြားဖူးသည်။
“ရပါတယ် ဦးလေး… ကျွန်တော်က လင်းအာကို ညီမအရင်း တစ်ယောက်လို သဘောထားပါတယ်…” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်။
“ကောင်မလေးက စည်းကမ်းမရှိဘူး… မင်းက တော်တော် ထိန်းရမှာပဲ… ဒါနဲ့မင်းက လက်ထပ်ပွဲကို သဘောမတူဘူးဆို..” လောင်အော့က မေးသည်။
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“အရင်တုန်းက ငါ့အစ်ကိုလည်း တော်ဝင်လမ်းစဉ်ကို တက်လှမ်းဖို့ စမ်းသပ်မှု နယ်မြေကို ထွက်ခွာသွားခဲ့ဖူးတယ်… အခု နန်းတော်က ပိုင်လွေလီအတွက် လမ်းခင်းဖို့ ကြိုးစားနေတယ်… နန်းတော်ရဲ့ ဆန္ဒက သံသယ ရှိစရာမလိုဘူး…” လောင်အော့က တီးတိုးပြောသည်။
“ကျွန်တော် နားလည်ပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သည်ကိစ္စက ပြောင်းလဲ၍ မရနိုင်တော့သည့်ကိစ္စဟု အားလုံးက သတ်မှတ်ထားကြသည်။
လောင်အော့က သူ့ပခုံးကို ပုတ်ကာပြောသည်… “လင်းအာ.. ဖူရှင်းနဲ့ အဖော်လုပ်ပေးလိုက်…”
“ဟုတ်ကဲ့…” လောင်လင်းအာက ပြောသည်။ ထို့နောက် လောင်အော့နှင့် သခင်မလောင်တို့က တခြားနေရာများသို့ သွားကာ ကောင်းကင်မြေရိုင်းအဆင့်မှ တန်ခိုးရှင်များနှင့် စကားစမြည် ပြောဆိုကြသည်။ ရီဖူရှင်းတို့ကလည်း လူငယ်များအတွက် သီးသန့်နေရာများတွင် ထိုင်ကြသည်။
***