နဂါးပတ်တောင်ကို အခြေခံ၍ တည်ဆောင်ထားသော ရွှမ်းဝူမြို့ကား အလွန်စည်ကား သိုက်မြိုက်နေသည်။ မရေမတွက်နိုင်သော လူများ ရောက်ရှိလာမှုက မြို့ရှိ တည်းခိုခန်းများ စားသောက်ဆိုင်များတွင် လူများ ပြည့်နှက်စေသည်။ အထူးသဖြင့် နဂါးပတ်တောင် အနီးမှ တည်းခိုခန်းများကား လူများ ပြည့်ကျပ်နေလေပြီ။
နဂါးပတ်တောင်နှင့် သိပ်မဝေးသော တည်းခိုခန်း တစ်ခုတွင် ဝါးခမောက် ဆောင်းထားသော အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်က စားပွဲဝိုင်းတစ်လုံး၌ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူက သေရည်တစ်ပုလင်းနှင့် အစားအသောက် အနည်းငယ် မှာထားသည်။ စားသောက်ဆိုင် အတွင်း၌ လူအများအပြားက လက်ထပ်ပွဲနှင့် ပတ်သက်၍ ပြောဆိုနေကြသည်။ သို့သော်လည်း ထိုလူငယ်က ထိုပြောဆို ဆွေးနွေးမှုများကို ကြားဟန်မရပေ။ သူက တိတ်ဆိတ်စွာ ထိုင်ကာ နဂါးပတ်တောင်ကို တွေဝေစွာဖြင့် ကြည့်သည်။ မကြာမီ သူက ထိုနေရာမှ ထွက်ခွာသွား၏။
မနက်ဖြန်ကား ပိုင်လွေလီနှင့် ကျူးကော့မင်းယွီတို့ လက်ထပ်မည့်နေ့ ဖြစ်သည်။ မြေရိုင်းပြည်နယ်မှ လူများအားလုံးက ရွှမ်းဝူမြို့ကို ရောက်နေကြပြီ ဖြစ်သည်။ ကျုံးကျိုးနယ်၏ မြောက်ဘက်တွင် ရှိသော သည်မြို့က တစ်ခါမှ ဤသို့ စည်ကားခဲ့ဖူးခြင်း မရှိပေ။
နဂါးပတ်တောင်မှ ကျူးကော့မင်းယွီ နေထိုင်ရာ ဝါးတော်ထဲတွင် ကု့ချင်းသံကို ကြားနေရသည်။ ရီဖူရှင်းကား ကု့ချင်းကို တီးခတ်နေဆဲဖြစ်ကာ သူတီးခတ်နေသော သံစဉ်ကလည်း အူကီယိုသာ ဖြစ်သည်။ လက်ရှိတွင် ရီဖူရှင်းကား မျက်လုံးကို မှိတ်ကာ အလုံးစုံသော စိတ်အာရုံများက သံစဉ်ထဲတွင် နစ်မြောနေသည်။ လောကတစ်ခုလုံးမှ သဘောဝ စွမ်းအင်များ အားလုံးက ရွေ့လျားခြင်း မရှိတော့ဘဲ အရာအားလုံးက သူ့အတွက် ကြည်လင် ရှင်းလင်းနေသည်။
ကျူးကော့မင်းယွီက ရီဖူရှင်းထံကို လျှောက်လာနေသည်။ သို့သော် သူမက လေဟာနယ်ကို မြင်သည်နှင့် သဘောဝ စွမ်းအင်များ၏ ပြောင်းလဲမှုကို သိလိုက်သည်။ သူမကလည်း ဝါးတောထဲတွင် တိတ်ဆိတ်စွာ ထိုင်ကာ ကု့ချင်းသံစဉ်ကို နားဆင်သည်။ ရီဖူရှင်း၏ ကု့ချင်းသံစဉ်များကို သူမက အလွန် သဘောကျသည်။ အထူးသဖြင့် အူကီယိုသံစဉ်ကို နားထောင်ခြင်းက သူမအား လောကတစ်ခုလုံးကို အပေါ်စီးမှ ကြည့်မြင်နေရသလို ခံစားချက်ကို ရစေကာ အကြောင်းအရာ အတော်များများကို နားလည်စေသည်။ သံစဉ်မှ ထင်ဟပ်ပြသလိုပင် ထိပ်ဆုံးကို သွားမည့်လမ်းကား သူမ၏မောင်ငယ်လေး လုပ်ကို လုပ်ရမည့်အရာ တစ်ခု ဖြစ်သည်ကိုလည်း သူမက နားလည်မိသည်။
ရီဖူရှင်း၏စိတ်ထဲတွင် ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းက သူ့အတွက် ရှင်းလင်းနေသည်။ ကွဲပြားခြားနားသော သဘာဝ စွမ်းအင်များက သူ့အတွက် သဘာဝ စွမ်းအင်များပင် မဟုတ်တော့ပေ။ ထိုအရာများက တကယ့် လေ၊ မီး၊ လျှပ်စီးနှင့် တခြားသော ဓာတ်များ ဖြစ်သွားကြသည်။ ထိုဓာတ်များတွင် ကိုယ်ပိုင် ဟန်ချက်၊ သဘာဝမျာ ရှိနေကြကာ ပိုမိုကြီးမားသော လောကကြီးကို မွေးဖွားစေသည်။ သူက လေ၏ သဘောသေဘာဝကို နားလည်လာသလို လောဟာနယ်တွင်လည်း ပုံမှန်မဟုတ်သော လေလှိုင်းများ ဖြစ်ပေါ်လာကြသည်။ သူက လျှပ်စီးများ၏ သွားလာလှုပ်ရှားမှု ဖြစ်ပေါ်မှုများကို မြင်လာရသည်။ ထိုမြင်ကွင်းက ကွဲပြားခြားနားသော လောကတစ်ခု ဖြစ်သည်။
လက်ရှိတွင် ရီဖူရှင်းကား အကယ်၍သာ သူက အလိုဆန္ဒရှိပါက မိုးနှင့်မြေကို မလိုရှိသလို ပြောင်းလဲနိုင်သည်ဟုပင် ခံစားနေရသည်။ အရာခပ်သိမ်းက သူ့အတွက် ပိုမိုကြည်လင် ရှင်းလင်းလာသည်။
ကု့ချင်းသံစဉ်က ရပ်တန့်သွားခြင်း မရှိပေ။ လောက သဘာဝ စွမ်းအင်များက သူ့ထံကို အရူးအမူး စီးဝင်နေကြသလို စိတ်ဝိညာဉ် စွမ်းအားများကလည်း သံစဉ်နှင့်အတူ ပိုမိုကျယ်ပြန့်စွာ ပြန့်ကား ထွက်ပေါ်နေ၏။
ရီဖူရှင်း၏ ဘေးနားတွင် ရှိသော ကျူးကော့မင်းယွီက ခေါင်းမော့ကာ သူ့ကို ကြည့်သည်။ သူမ၏ မျက်လုံးများက ပြုံးရောင်သန်း နေသည်။ လွန်ခဲ့သော နှစ်ဝက်ခန့်က ရီဖူရှင်းကား အာခီမီမြို့တွင် အဆင့်မြင့်နိုဘယ် ဖြစ်လာခဲ့သည်။ ယခု သူက စိတ်စွမ်းအားတွင် နောက်တစ်ဆင့်တက်ရန် အလားအလာကို မြင်နေရ၏။ မကြာမီ သူကား ဒုတိယတန်းစား နိုဘယ် ဖြစ်လာတော့မည်။ သည်တစ်လ အချိန်အတောအတွင်း၌ ရီဖူရှင်း၏ စိတ်စွမ်းအားများက ကု့ချင်း နေ့စဉ် တီးခတ်ခြင်းကြောင့် ပိုမိုမြန်ဆန်စွာ အားကောင်းလာခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ကု့ချင်းသံစဉ်က ရပ်တန့်သွားသည်။ လောကသဘာဝ စွမ်းအင်များက စီးဆင်းနေရာမှ ရပ်တန့်သွား၏။ ရီဖူရှင်းက မျက်လုံးဖွင့်လိုက်၏။ သူ၏မျက်လုံးထဲတွင် တန်ခိုးအဆင့် တက်သွားခြင်းအပေါ် ပျော်ရွှင်သော ပုံဟန်မရှိပေ။ မနက်ဖြန်ကား အစ်မ၂နှင့် ပိုင်လွေလီတို့ စေ့စပ်ပွဲဖြစ်သည်။ ယနေ့အထိ သူက ဘာလုပ်ရမည် မသိသေးပေ။ အစ်ကို၃ထံမှလည်း သတင်း မကြားရသေးပေ။
“ဘာလဲ… နောက်တစ်ဆင့် တက်တာက ပျော်စရာကိစ္စ မဟုတ်ဘူးလား…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်။
“ကျွန်တော်က စိတ်စွမ်းအားမှာ အဆင့်တက်ပြီး ဒုတိယတန်းစား နိုဘယ်ဖြစ်သွားတယ်… ဒါပေမဲ့ ဘာအသုံးဝင်လို့လဲ…” ရီဖူရှင်းက ပြန်ပြောကာ ကျူးကော့မင်းယွီကို မသက်မသာ ပြုံးလျက်ကြည့်သည်။ ယခင်ကဆိုပါက ဤသို့သော အချိန်အခါ၌ သူက အလွန် ပျော်ရွှင်မိမည်ဖြစ်သည်။ သို့သော်လည်း ယခု အဖြစ်အပျက်များက သူ့အတွက် ရုတ်တရက် ဆန်လွန်းသည်။ သူ့အတွက် မည်သည့် ပြင်ဆင်ချိန်မှ မရှိခဲ့ပေ။
“အစ်မ၂…” ထိုစဉ်မှာပင် ခေါ်သံတစ်ခုနှင့်အတူ ပေ့ထင်ရှင်းအာ ရောက်လာသည်။ ကျူးကော့မင်းယွီနှင့် ရီဖူရှင်းတို့က သူမအား လှမ်းကြည့်ကြသည်။
“ဘာဖြစ်တာလဲ ရှင်းအာ…” ကျူးကော့မင်းယွီက မေးသည်။
“တစ်စုံတစ်ယောက်က မောင်ငယ်လေး အတွက် စာတစ်စောင် ပို့လာတယ်..” ပေ့ထင်ရှင်းအာက ပြောသည်။ တစ်စုံတစ်ယောက်က နဂါးပတ်တောင်တွင် ရှိနေသော ရီဖူရှင်းထံကို စာပို့ခြင်းမှာ အမှန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။
“ကြည့်ရအောင်…” ရီဖူရှင်း၏ မျက်လုံးများက အရောင်လက်သွားကာ သူက ပေ့ထင်ရှင်းအာ၏ လက်ထဲမှ စာကို လှမ်းယူလိုက်သည်။
စာအား အရံအတားဖြင့် ပိတ်ထားသည်။ စာကိုပို့သူက အစောင့်အား ပေးသောအခါလည်း ရီဖူရှင်းထံသို့ဟု ပြောခဲ့သည်။ ထို့ကြောင့် ကျူးကော့မိသားစုမှ လူများက စာကို ဖွင့်မဖတ်ရဲကြပေ။ မည်သို့ဆိုစေ ရီဖူရှင်းကား ယခု မြေရိုင်းပြည်နယ်တွင် နာမည်ကျော်ကြားနေပြီ ဖြစ်သည်။ ထို့ကြောင့်စာက ရီဖူရှင်းထံကို အခက်အခဲ မရှိဘဲ ရောက်လာသည်။
ရီဖူရှင်းက စာကို ဖွင့်ဖတ်လိုက်သည်တွင် စာထဲပါသော အကြောင်းအရာက သူ့အား အလွန်အမင်း စိတ်ဓာတ်ကျစေသည်။ စာပါ အကြောင်းအရာမှာ… “စိတ်မကောင်းပါဘူး… ငါက အတိတ်က ကတိပေးခဲ့တယ်… အခု အဲဒီကတိကို တည်အောင် လုပ်ဖို့ မတတ်နိုင်တော့ဘူး… ကောင်းကောင်း အသက်ရှင် နေထိုင်သွားပါ…”
အဆုံးသတ်စာလုံးတွင် “ဂူ” စာလုံးကို ရေးထိုးထားသည်။
သည်စာက သူ့အတွက် မဟုတ်သည်ကို ရီဖူရှင်း သိသည်။ သူက စာကို အစ်မ၂ထံ လှမ်းပေးကာ တွေးတောနေမိသည်။ အစ်ကို၃ကား ကြောက်ရွံ့တတ်သူ မဟုတ်ပေ။ အစ်ကို၃ကား သူ့ထက် အဆမတန် အင်အား ကြီးမားသူများကိုပင် နောက်တွန့်ခြင်း မရှိဘဲ ရင်ဆိုင်ရဲသူ ဖြစ်သည်။ သစ္စာတရား ကြီးမားကာ ရဲဝံ့သတ္တိရှိသူလည်း ဖြစ်သည်။ သို့သော် ယခု အစ်ကို၃က ဘာဖြစ်နေသနည်း။
စာပါ အကြောင်းအရာကို ဖတ်ပြီးနောက် ကျူးကော့မင်းယွီ၏ အမူအရာက သိသိသာသာ ပျက်ယွင်းသွားသည်။ ထို့နောက် သူမက ရုတ်တရက် ရယ်မောလိုက်သည်။
“စာပို့လိုက်တဲ့လူ အခုရှိသေးလား…” ရီဖူရှင်းက ပေ့ထင်ရှင်းအာကို မေးသည်။
“သူတို့က ရှိသေးတယ်လို့ ပြောတယ်…” ပေ့ထင်ရှင်းအာက ပြောသည်။
ကျူးကော့မင်းယွီက ဘာမှ ထပ်မပြောတော့ပေ။ သူမက လက်ညှိုးအား ပါးစပ်ဖြင့် ကိုက်ကာ စာရွက်ပေါ်တွင် သွေးဖြင့် ထပ်ရေးလိုက်သည်… “ကောင်းပြီ…”
“အစ်မ၂…” ရီဖူရှင်းက တုန်ယင်သွားသည်။ အစ်မ၂ ဘာတွေးနေသနည်း။ သည်စာက အစ်မ၂အတွက် အလွန် ရက်စက်လွန်းသည်ကို သူသိသည်။ မည်သို့ဖြစ်နေပါစေ အစ်ကို၃က ဤသို့သော စာမျိုးကို မပို့သင့်ပေ။
“သူ့ကို ပြန်ပေးလိုက်..” ကျူးကော့မင်းယွီက စာကို ပြန်ပေးကာ ထိုနေရာမှ ထွက်သွားသည်။ သူမက နောက်ထပ်ဘာမှ မပြောတော့သလို ဝမ်းနည်းသော အမူအရာလည်း မပြပေ။ သူမကား ကြောက်မက်ဖွယ် ကောင်းအောင်ပင် တည်ငြိမ်လွန်းသည်။
ပေ့ထင်ရှင်းအာက အံ့အားသင့် သွားသည်။ သူမက ကျူးကော့မင်းယွီကို ကြည့်ကာ ရီဖူရှင်းကို ကြည့်သည်။
“ဒါဆို ကျွန်တော် သွားပို့လိုက်မယ်…” ရီဖူရှင်းက ပြောကာ ပေ့ထင်ရှင်းအာနှင့်အတူ ထွက်လာသည်။ သူတို့က နဂါးပတ်တောင်၏ ဂိတ်တံခါးရှိရာသို့ ရောက်လာကြသည်။ ထိုနေရာတွင်ကား သာမန် တန်ခိုးအဆင့်နိမ့်သော လူတစ်ယောက်ကို တွေ့ရ၏။
“ကျုပ်က ဒီစာကို ပို့ခံရတဲ့ ရီဖူရှင်းပဲ… စာပို့လိုက်တဲ့လူကို ကျုပ် တွေ့ချင်တယ်…” ရီဖူရှင်းက ပြောသည်။
“ဆရာရီ… သူက ကျွန်တော့်နောက်က နောက်တစ်ယောက် လိုက်ပါလာရင် သူထွက်လာမှာ မဟုတ်ဘူးတဲ့…” ထိုလူက ပြန်ပြောသည်။
ရီဖူရှင်း မှင်တက်သွားသည်။ သူ၏အစ်ကို၃ကား ယခု မည်သူ့ကို မှ တွေ့လိုပုံမရပေ။ အတန်ကြာ တိတ်ဆိတ်နေရာမှ ရီဖူရှင်းက ပြောသည်… “ဒီစာပိုင်ရှင်ကို ပြောလိုက်ပါ… သူမက သူ့ကို စောင့်နေတာ ခြောက်နှစ်ရှိပြီ… ကျုပ်တို့က သူ့ကို ဒီကို ရောက်လာဖို့ကလွဲရင် ဘာမှ မတောင်းဆိုဘူး…”
“နားလည်ပါပြီ.. ဆရာလေး…” ထိုလူက စာကို ယူကာ ထွက်သွားသည်။ ရီဖူရှင်းက သက်ပြင်းတစ်ချက် ချသည်။ ယခု အစ်ကို၃က သူ၏ဆိုလိုရင်းကို နားလည်စေရန်သာ ဆုတောင်း ရပေတော့မည်။
ကျူးကော့မင်းယွီ၏ အိမ်တော်တွင် ရွှီယီ၊ လျိုဖန်းနှင့် တခြား လူများကလည်း သည်ကိစ္စကို သိသွားကာ ရီဖူရှင်းထံကို ရောက်လာကြသည်။
“အစ်ကို၃က ပြဿနာ ရှိနေတယ်…” ရီဖူရှင်းက ထင်ကြေးပေးသည်။ အကယ်၍ အစ်ကို၃က ကျူးကော့အိမ်တော်ကို မလာရဲခြင်းမှာ ကြောက်၍ မဟုတ်တန်ရာပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေက အစ်မ၂အတွက် တစ်စုံတစ်ခုဖြစ်ရန် မလိုလားသောကြောင့်သာ ဖြစ်ရပေမည်။
အစ်ကို၃က ပြဿနာ တစ်ခုခု ကြုံနေ၍သာ သူက အစ်မ၂ ပါဝင် ပတ်သက်မည်ကို စိုးရိမ်ခြင်း ဖြစ်ရပေမည်။ ရွှီယီ၊ လျိုဖန်းနှင့်ကျန်သော လူများက ဘာမှ မပြောကြပေ။ သည်ကိစ္စကား အမှန်ပင် ခေါင်းကိုက်စရာ ကောင်းလွန်းလှသည်။
“ကျွန်တော် အစ်မ၂ဆီကို သွားလိုက်ဦးမယ်..” ရီဖူရှင်းက ပြောကာ ကျူးကော့မင်းယွီ နေထိုင်ရာ အဆောင်သို့ ရောက်လာသည်။ သူက အပြင်က လှမ်းခေါ်သည်… “အစ်မ၂…”
“မောင်ငယ်လေး… ငါ အနားယူနေတယ်…” ကျူးကော့မင်းယွီက ပြန်ပြောသည်။
“အစ်မ၂… ဒါက အရမ်း အရေးကြီးတယ်…” ရီဖူရှင်းက ပြောသည်။ အတန်ကြာ တိတ်ဆိတ် နေပြီးနောက် ကျူးကော့မင်းယွီက ရိုးရှင်းသော အဖြူရောင်ဝတ်စုံ တစ်စုံကို ဝတ်ကာ ရောက်လာသည်။ သူမထံမှ ဝမ်းနည်းသော အငွေ့အသက်များကို မခံစားရပေ။
“အစ်မ၂… ကျွန်တော့်မှာ မိသားစုနောက်ခံ အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခု ရှိတာကို သိတယ်မလား.. ကျွန်တော်က ဒီကိစ္စကို ပြောတဲ့အခါ အရမ်းကို သတိထားရတယ်…” ရီဖူရှင်းက ပြောသည်။ သူ၏လျှို့ဝှက်ချက်ကို သိသူ သိပ်မရှိပေ။ ကော့တေး တပည့်အချို့က သိသော်လည်း သူတို့က အလုံးစုံ အမှန်တရားကို မသိကြပေ။
“ဦးလေးက ယုံကြည်ရလား…” ရီဖူရှင်းက မေးသည်။ နောက်ဆုံး ကျူးကော့ချန်းဖန်နှင့် ပြောဆိုတုန်းက ကျူးကော့ချန်းဖန်၏ သဘောထားနှင့် သူ၏သဘောထားတို့က လုံးဝ တူညီခြင်း မရှိသည့်တိုင် သည်လူက အလွန် ရိုးဖြောင့်သောသူ ဖြစ်သည်ဟု ရီဖူရှင်းက တွေးထင်သည်။ မည်သို့ဆိုစေ ကျူးကော့မင်းယွီကား သူ၏သမီးဖြစ်သည်။ သူမက သူမ၏အဖေကို နားလည်ရပေမည်။
“မင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…” ကျူးကော့မင်းယွီက ရီဖူရှင်းကို ကြည့်သည်… “တကယ်လို့ ဒါက မင်းကို အန္တရာယ် ဖြစ်စေမယ်ဆိုရင် မပြောနဲ့…”
“ဒါပေမဲ့ ဒီလို အခြေအနေမှာ အဲဒီလူတွေ အကုန်လုံးရဲ့ ဆန္ဒကို သွေဖည်တာကလည်း အန္တရာယ်ရှိတာပဲ မလား… “ရီဖူရှင်းက တိုက်တွန်းသည်။ ကျူးကော့မင်းယွီက ရီဖူရှင်းကို ကြည့်ကာ ရယ်မောသည်… “သူ့မှာ အမှားရှိတယ်လို့ ငါထင်ပေမဲ့ သူ့စိတ်နေ သဘောထားက ကောင်းတယ်… အနည်းဆုံး သူ့သမီးရဲ့ အသက်ကို သူဂရုစိုက်တယ်…”
ရီဖူရှင်းက ကျူးကော့မင်းယွီ ဆိုလိုသည်ကို နားလည်သည်… “ကျေးဇူးတင်ပါတယ်… အစ်မ၂… သွားရအောင်…”
“ကောင်းပြီ…” ကျူးကော့မင်းယွီက ပြန်ပြောသည်။ သူတို့နှစ်ယောက်က လေပြင်းဆောင်ဘက်ကို ဦးညတ်လိုက်ကြသည်။
***