ရီဖူရှင်း တိတ်ဆိတ် သွားသည်။ သူက ဆရာနှင့် ပြောသောအခါ သူ၏ဆရာက အဘယ်ကြောင့် သူ့အား ဝင်မစွက်ဖက်ခိုင်း သည်ကိုလည်း နားလည်လိုက်သည်။
ရှီတန်ခိုးရှင် ကျန့်ကန်းနှင့် သူ၏ဆရာတို့က ကိစ္စတစ်ခုလုံးကို သေသေချာချာ နားလည် သဘောပေါက် ကြပေသည်။ တစ်စုံတစ်ယောက်၏ ကန့်ကွက်မှုက ဘာကိုမှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ရီဖူရှင်းက တစ်ချက် ပြုံးလိုက်ကာ မေးသည် …“ဒါဆို… ဦးလေး… ဒီကိစ္စကို ဘယ်လိုထင်လဲ…”
ကျူးကော့ချန်းဖန်က ပြန်ပြောသည်… “ဒီတစ်ခေါက် ဆရာက ငါ့ကို စာရေးပြီး တောင်းဆိုတာ ပထမဦးဆုံး အကြိမ်ပဲ…ဒါက သူ့ရဲ့ နောက်ဆုံး စကားလည်း ဖြစ်တယ်… ဒီလက်ထပ်ပွဲက တော်ဝင်ကျဲနန်းတော်၊ တိမ်ဖြူမြို့၊ ကျူးကော့မိသားစု၊ ငါ့စီနီယာတွေနဲ့ တခြား ထိပ်သီးတန်ခိုးရှင်တွေ များစွာရဲ့ ဆန္ဒတွေ ပါဝင်တယ်…”
သူက ဆက်ပြောသည်… “ဒီလက်ထက်ပွဲ နောက်ကွယ်မှာ ကြီးမားတဲ့ အင်အားစုတွေ အများကြီးရှိတယ်… အရင်တုန်းက ဘယ်လက်ထပ်ပွဲကမှ ဒီလောက် ကြီးမားတဲ့ ပတ်သက်မှု မရှိခဲ့ဖူးဘူး…”
ကျူးကော့ချန်းဖန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ဒါဆို ငါ့ကို ပြောပါ… မင်း ဆိုရင်ရော ဘယ်လိုခံစားရမလဲ…” ကျူးကော့ချန်းဖန်က ကောင်းကင်မြေရိုင်း အဆင့်တွင် အလွန် စွမ်းအားကြီးသော သူဖြစ်သော်လည်း သူ့တွင် စဉ်းစားချင့်ချိန်စရာ များပြားလွန်းလှသည်။ သူဆန္ဒရှိသလို မလုပ်နိုင်ပေ။ သူ၏သမီး ကျူးကော့မင်းယွီ မပျော်မရွှင် ဖြစ်မည်မှ လွဲ၍ သူ့တွင် တခြား ငြင်းပယ်စရာ အကြောင်းပြချက်လည်း မရှိပေ။
“ဒါဆို ကျွန်တော့်ကို ဘာလို့ ပြောနေရတာလဲ…ဦးလေး…” ရီဖူရှင်းက မေးသည်။
ကျူးကော့ချန်းဖန်က ပြန်ပြောသည်… “ပိုင်လွေလီလိုလူက မြေရိုင်းပြည်နယ်မှာ ပေါ်လာကာ အရမ်းရှားပါးကိစ္စပဲ… အခု မင်းနဲ့ ယူချင်း… မင်းတို့က ငယ်ရွယ်ပေမဲ့ မင်းတို့ဆီက ကြီးမားတဲ့ အလားအလာတွေကို ငါမြင်နေရတယ်… မင်းတို့က တော်ဝင်ကျဲနန်းတော်ရဲ့ တပည့်တွေ၊ မင်းယွီရဲ့ ဂျူနီယာတွေ… မင်းတို့က ဒီကိစ္စမှာ ပါဝင် ပတ်သက်ပြီးတော့ အကြီးအကဲတွေရဲ့ အမျက်ရှမှာကို ငါမလိုလားဘူး… ဒီလိုအခြေအနေမှာ မင်းတို့ ကန့်ကွက်ရင်လည်း ဘာမှ ထူးခြားမှာ မဟုတ်ဘူး…” ကျူးကော့ချန်းဖန်က ပြောသည်။
“ဒါဆို ကျွန်တော်က အားလုံးကောင်းဖို့ အစ်မ၂ကို စတေးပေးရမှာပေါ့…” ရီဖူရှင်းက ရယ်လိုက်သည်… “ဆရာက ဒီကို မလာခင် ကျွန်တော့်ကို အကြံပေးခဲ့တယ်… ဒါပေမဲ့လည်း သူကျွန်တော် ဒီကို လာမှာကိုလည်း မတားခဲ့ဘူး… ကျွန်တော်က အများကောင်းဖို့ မတွေးပေမဲ့လည်း သူတို့ မှန်တယ်လို့ မမြင်ဘူး… မြေရိုင်းပြည်နယ် တစ်ခုလုံးအတွက် ဆိုရင်တောင်မှ ဒီကိစ္စက မှားနေတယ်…”
တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ်တွင် ရှန့်ထိုပေါ်လာရန် အားထုတ်ခြင်း ဖြစ်သည့်တိုင် သူတို့၏ တစ်ကိုယ်ရေ အတ္တများမှ လွတ်မြောက်ခြင်း မရှိကြပေ။ ပိုင်လွေလီကား တိမ်ဖြူမြို့၏ သားဖြစ်ကာ ရှန့်ထိုဖြစ်ရန် ကံပါလာသည်။ ကျူးကော့မိသားစုကလည်း ရှန့်ထိုကို သမက်တော်ရန် နောက်တွန့်မည် မဟုတ်ပေ။
ထို့ကြောင့် သည်အများ ကောင်းကျိုးဟု ပြောနေသော စကားများ၏ နောက်ကွယ်တွင် များစွာသော အတ္တများ အလိုဆန္ဒများ ပါဝင်နေပေသည်။ မည်သူကမှ အစ်မ၂ ဆန္ဒကို ဂရုမစိုက်ကြပေ။ သူမ၏ဆန္ဒကို မည်သူကမှ ဂရုမစိုက်မှတော့ သူမအား မည်သူကမှ စတေးပိုင်ခွင့် မရှိပေ။
ကျူးကော့ချန်းဖန်က ရီဖူရှင်းကို ကြည့်ကာ ပြုံးသည်။ သူက ဒေါသထွက်ဟန် မရဘဲပြောသည်… “မင်းယွီမှာ မင်းလို ဂျူနီယာ တစ်ယောက်ရှိတာ ငါ ဝမ်းသာတယ်… ဒါပေမဲ့လည်း လောကကြီးရဲ့ ကိစ္စတွေကို အမှားအမှန်တွေနဲ့ ဘယ်တုန်းကမှ ဆုံးဖြတ်လို့မရဘူး…”
“မင်းတို့ ပြန်သင့်ပြီ…” ကျူးကော့ချန်းဖန်က ရီဖူရှင်းကို ပြောကာ တိတ်ဆိတ် သွားသည်။
ရီဖူရှင်းက ဦးညွှတ်ကာ ထိုနေရာမှ ထွက်သွားသည်။ ကျူးကော့မင်းယွီက ထိုနေရာတွင်ပင် ရပ်ကာ သူမ၏အဖေကို တိတ်ဆိတ်စွာ ကြည့်နေသည်။
“အဖေက သူ့ကို မြင်ပြီးပြီ… ဘယ်လို နေလဲ…” သူမက မေးသည်။
ကျူးကော့ချန်းဖန်က သူ၏သမီးကို ကြည့်ကာ ပြောသည်… “သူ့ကို မင်းက ဘာလို့ အမြဲ ချီးမွမ်းလည်း ငါနားလည်ပြီ… သူက တကယ်ပဲ အရည်အချင်း ပြည့်ဝပြီး စိတ်ဓာတ်ကောင်းတဲ့ လူငယ်ပဲ… ငါသူ့ကို တကယ် သဘောကျတယ်…”
“မောင်ငယ်လေးက အများကောင်းကျိုးကို ထည့်မတွေးတဲ့ တစ်ကိုယ်ကောင်း ဆန်သူလို့ ကိုယ့်ကိုယ်ကိုယ် ဝန်ခံသွားတယ်… ဒါတောင် သူ့ကို သဘောကျတုန်းလား…” ကျူးကော့မင်းယွီက သူမ၏အဖေကို မေးခွန်းထုတ်သည်။
“ငါလည်း တစ်ကိုယ်ကောင်း ဆန်သူပါပဲ…ကျူးကော့မိသားစု၊ မင်းအစ်ကို၊ တိမ်ဖြူမြို့… သူတို့အားလုံး တစ်ကိုယ်ကောင်း ဆန်ကြတယ်…” ကျူးကော့ချန်းဖန်က ပြုံးလျက်ပြောသည်… “ငါတို့နေတဲ့ လောကကြီးမှာ တကယ့်အစစ်အမှန် ရှန့်ထိုဆိုတာ မရှိဘူး… ရှီတန်ခိုးရှင်မှာလည်း ခံစားချက် အတ္တရှိတယ်… သူတို့ရဲ့ ကိုယ်ပိုင် အတွေးအမြင် သဘောထား ရှိတယ်… သူ့အတွေးအမြင် သဘောထား တစ်ခုအတွက် သူက အားလုံးကို ရင်ဆိုင်ရဲတယ်… သူတို့ရဲ့ လောဘကို အများ ကောင်းမှုဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကာကွယ် ထားတဲ့လူတွေနဲ့ စာရင် အနည်းဆုံး သူက ဒီကိစ္စမှာ ရိုးသားမှု ရှိတယ်…”
“ကြည့်ရတာ အဖေက ကောင်းကောင်း နားလည်တာပဲ…” ကျူးကော့မင်းယွီက ပြန်ပြောသည်။
“ဒါပေမဲ့လည်း ငါလုပ်နိုင်တာ ဘာမှ မရှိဘူး… တစ်ခါတလေ ဒီကိစ္စတွေကို ငါတွေးတောင် မတွေးဖြစ်တော့ဘူး…” ကျူးကော့ချန်းဖန်က သူ၏သမီးကို ကြည့်ကာ ပြောသည်… “ပိုင်လွေလီကလည်း မဆိုးတဲ့ စိတ်နေသဘောထားကို ပိုင်ဆိုင်တယ်… တကယ်လို သူ့ကို မင်းက လက်ထပ်ရရင် ဇနီးမယားဆိုတာ နာမည်ခံပဲ ဖြစ်မှာပဲ… မင်းကို သူက ဘာတစ်ခုမှ အတင်းအကြပ် စေခိုင်းမှာ မဟုတ်ဘူး… ဘာကိုမှ အဆောတလျင် မလုပ်မိစေနဲ့… မင်းက အသက်ရှည်ရှည် နေရဦးမယ်…” ထိုသို့ပြောကာ ကျူးကော့ချန်းဖန်က ထွက်သွားသည်။
ကျူးကော့မင်းယွီက သူမ၏အဖေ ထွက်သွားသည်ကို ကြည့်သည်။ သူက သူမအား စိတ်ထဲ ရှိနေသေးသလော သူမ မသိပေ။ သို့သော်လည်း လင်နှင့်မယား ဟူသော စကားကပင် သူမအတွက် လက်မခံနိုင်စရာပင်။ ကျူးကော့မင်းယွီက တစ်ချက် ရယ်မောလိုက်ကာ ကောင်းကင်ကို ငေးမောကြည့်သည်။ ကော့တေးမှ နေ့ရက်များကား သူမအတွက် အလွန် စိတ်ချမ်းသာစရာ ကောင်းသော အချိန်အခါများ ဖြစ်ကြသည်။
ရီဖူရှင်းက ပြန်လာသောအခါ သူ၏စိတ်က အလွန်အမင်း လေးလံနေသည်။ သည်လက်ထက်ပွဲတွင် အင်အားစုများစွာက ပါဝင် ပတ်သက်နေသည်။ လျိုဖန်းပြောသလိုပင် သည်တစ်ခေါက် အခက်အခဲက အာခီမီမြို့ထက် များစွာ ကြီးမားပေသည်။ ရီဖူရှင်းက မည်သို့ ဆောင်ရွက်ရမည်ကိုပင် မသိနားမလည်တော့ပေ။
ကျူးကော့ချန်းဖန်၏ သဘောထားနှင့် အပြုအမူများအရ သည်လူကား အသိဉာဏ် ဗဟုသုတကြွဝကာ ကောင်းမွန်သော စိတ်နေသဘောထားရှိသူ ဖြစ်ကြောင်း ပြောနိုင်သည်။ သူက သည်ကိစ္စတွင် ပုဂ္ဂိုလ်ရေးထက် သူကိုယ်တိုင်က မလွန်ဆန်နိုင်သော အရာများစွာကြောင့်သာ သူကလည်း ဘာမှ မတတ်နိုင်ခြင်း ဖြစ်ကြောင်း ရီဖူရှင်းက မြင်နေရသည်။
ဝိညာဉ်ကု့ချင်းကို ထုတ်ကာ ရီဖူရှင်းက အခန်းထဲတွင် ထိုင်ပြီး သံစဉ်တစ်ခုအား စတင် တီးခတ်လိုက်သည်။ တခြားလူများက သည်သံစဉ်ကို ကြားသည်တွင် သူတို့က ရီဖူရှင်း၏ ခံစားချက်ကို သံစဉ်နှင့်အတူ ခံစားသိရှိကြရသည်။ ဟွာဂျီယူက ရီဖူရှင်း၏ဘေးတွင် ထိုင်ကာ သူ့အား နှောင့်ယှက်ခြင်း မပြုပေ။ ယူချင်းကား တခြား တစ်ဖက်တွင် တစ်ယောက်တည်း သွားရောက် လေ့ကျင့်နေသည်။ တစ်စုံတစ်ယောက်က ဘာမှ လုပ်နိုင်စွမ်း မရှိသောအခါ လေ့ကျင့်ခြင်းက အကောင်းဆုံး ပြင်ဆင်ခြင်းပင်။
ရက်များ တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ရွှမ်းဝူမြို့ကလည်း လူများဖြင့် ပိုမို စည်ကားလာ၏။ မြေရိုင်းပြည်နယ်မှ အင်အားစုများ တဖွဲဖွဲ ရောက်ရှိလာကြသည်။ တိမ်ဖြူမြို့နှင့် ကျူးကော့မိသားစု၏ လက်ထပ်ပွဲက အလွန်အရေးပါသော ကိစ္စဖြစ်သည်။ မြေရိုင်းပြည်နယ်မှ ထိပ်သီး အင်အားစုတိုင်းက မဖြစ်မနေ တက်ရောက်ကြသည်။
တော်ဝင်ကျဲ နန်းတော်က ပြင်ပကိစ္စတွင် ပထမဆုံး ဝင်ရောက် စွက်ဖက်ခြင်းလည်း ဖြစ်သည်။ အဓိက အကြောင်းအရင်းကို အားလုံးက နားလည်ကြသည်။ သည်အရာများ အားလုံးက နောင်တွင် အလွန် စွမ်းအားမြင့်လာဖွယ် ရှိသော ပိုင်လွေလီအတွက် ဖြစ်ပေသည်။
နဂါးပတ်တောင်ကလည်း တူညီစွာပင် လူစည်ကားနေသည်။ လူများစွာက ကြိုတင်၍ လာရောက် လည်ပတ်ကြသည်။ ထိုအထဲတွင် အရေးပါသော ပုဂ္ဂိုတစ်ယောက်လည်း ပါသည်။ သူက လမ်းလျှောက်နေရာမှ ရပ်လိုက်ကာ ကု့ချင်းသံထွက်ရာ အရပ်ကို ကြည့်သည်။ ဂီတသံစဉ်၏ အနုပညာရသသိကား အလွန်အမင်း ထူးခြား ဆန်းကြယ်လွန်းလှသည်။
သဘာဝ စွမ်းအင်များက လည်ပတ်သူထံမှ ထွက်ပေါ်လာပြီး သူက ကု့ချင်းသံစဉ်ရှိရာသို့ ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် ကု့ချင်းသံစဉ်က သူ့ခေါင်းထဲကို ပိုမိုကြည်လင်စွာ ကြားလာရသည်။ သံစဉ်နှင့်အတူ သူ၏မျက်နှာက ပိုမို၍ တည်ငြိမ်လာသည်။ သူ့အနီးမှ လူများက သူ့အား မနှောင့်ယှက်ကြပေ။ အားလုံးက စိတ်ရှည်စွာ စောင့်စားနေကြသည်။
အမှန်တကယ်အားဖြင့် ကု့ချင်းသံ မည်သည့်နေရာ လာသည်ကို ကျူးကော့မိသားစုမှ လူများအားလုံးက သိကြပေသည်။
အတန်ကြာလျှင် လည်ပတ်သူက မေးသည်…“ကု့ချင်းကို ဘယ်သူ တီးနေတာလဲ…”
“အဲဒါ ရီဖူရှင်းပဲ…” ကျူးကော့မိသားစုမှ လူများက ပြန်ဖြေကြသည်။
“တော်ဝင်ကျဲ နန်းတော်က ပါရမီရှင်အဆင့်၁ ရီဖူရှင်းလား…” လည်ပတ်သူက မေးသည်။ ပြင်ပလောကမှ လူများက တော်ဝင်ကျဲနန်းတော်မှ ကိစ္စများကို သိပ်သိကြသည် မဟုတ်ပေ။ သို့သော်လည်း သူတို့က ပါရမီရှင်အဆင့်မှ သတင်းများကိုတော့ စနည်းနာလေ့ ရှိကြသည်။ မည်သို့ဆိုစေ ထိုလူများက နောင်အနာဂတ်တွင် မြေရိုင်းဒေသကို ကြီးစွာ လွှမ်းမိုးမည့်သူများ ဖြစ်ကြပေသည်။
“ဟုတ်ပါတယ်…” ကျူးကော့မိသားစုဝင် တစ်ယောက်က ဖြေသည်။
“တကယ်ပဲ ထူးခြားတဲ့လူငယ်ပဲ…” လည်ပတ်သူက ခေါင်းညိတ်ကာ ဆက်မေးသည်… “အဲဒါ ဘာသံစဉ်လဲ…”
“အူကီယိုသံစဉ်ပါ…” အဖြေ ရောက်လာသည်။
“မထူးဆန်းတော့ဘူး.. မထူးဆန်းတော့ဘူး…” လည်ပတ်သူက ပြုံးလျက်ပြောကာ အဝေးကို ထွက်သွားသည်။
ယခု ရီဖူရှင်းကား ကျူးကော့မင်းယွီ၏ အိမ်တော်တွင် ကု့ချင်းကို တိတ်ဆိတ်စွာ တီးခတ်နေသည်။ အမှန်တကယ်အားဖြင့် သူက အူကီယိုသံစဉ်၏ အစစ်အမှန် အနုပညာရသသိကို တီးခတ်နေခြင်း မဟုတ်ပေ။ အူကိယိုကို တီးခတ်ရန် သူ၏လက်ရှိ အခြေအနေဖြင့် ဧကရာဇ်အသိကို အသက်သွင်းကာ တီးခတ်ရန် လိုပေသည်။ သို့သော်လည်း ရီဖူရှင်းက အပျော်တမ်း တီးလျှင်ပင် သံစဉ်တစ်ပုဒ်လုံးကို ကောင်းမွန် လှပအောင် တီးခတ်နိုင်ပြီ ဖြစ်သည်။
ကု့ချင်းသံစဉ်က အခန်းထဲတွင် လွင့်ပျံ့နေလျှင် ရီဖူရှင်း၏ စိတ်စွမ်းအားများကလည်း လောဟာနယ်ထဲ ဖြန့်ကြက်လာသည်။ ဧကရာဇ်တစ်ပါးအပေါ် ရေးသား သီကုံးထားသော “ကမ္ဘာကြီး” သံစဉ်က သူ၏ခေါင်းထဲကို ရောက်လာသည်။ ယခုတွင် ရီဖူရှင်းက အနုပညာရသသိထဲတွင် အစီအစဉ်တကျ လည်ပတ်နေသော လောကကြီးကို နာလည်လာသည်။
ယခု ရီဖူရှင်းက အဆင့်မြင့် နိုဘယ်ဖြစ်ကာ ရှီအသိအနည်းငယ်ကို နားလည်ထားပြီး ဖြစ်သည်။ သူက ရှီအဆင့်ကို တက်လှမ်းရန် လောက၏ သဘာဝစည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ရန် လိုပေသည်။ ရီဖူရှင်းက သူ၏စိတ်စွမ်းအားများမှာ ဒုတိယတန်းစား နိုဘယ်အဆင့်သို့ ရောက်လုနီးပါး ဖြစ်လာသည်ကို ခံစားနေရသည်။
***