Switch Mode

အပိုင်း(၆၅၉)

ရန်ဟောင်နှင့် အများစု၏ယုံကြည်မှု

ဧည့်ခံပွဲကား ပုံမှန်မဟုတ်အောင် တိတ်ဆိတ်နေသည်။ လူအများအပြားက ရီဖူရှင်းကို ကြည့်ကြသည်။ သူကား အလွန်အမင်း ခေါင်းမာသော လူငယ်ပင်။

ကျူးကော့မင်းယွီကလည်း ရီဖူရှင်းကို ကြည့်သည်။ သူမကိုယ်တိုင် ရီဖူရှင်းအား ပါဝင် ပတ်သက်စေလိုခြင်း မရှိပေ။ သည်ကိစ္စက အများက ထင်သလို ရိုးရှင်းခြင်း မရှိပေ။ လက်ထပ်ပွဲကို လာရောက် ကမ်းလှမ်းသည့် အချိန်က တော်ဝင်ကျဲ နန်းတော်၏ ဒုတိယအရှင် လျူချန်းနှင့် တိမ်ဖြူမြို့စားတို့ ကိုယ်တိုင်က နဂါးပတ်တောင်ကို လာရောက်ခဲ့ကြကာ သူမ၏ဖခင်နှင့် ပြောဆို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် သည်ကိစ္စက တော်ဝင်ကျဲနန်းတော် အရှင်ကိုယ်တိုင်၏ ဆန္ဒလည်းဖြစ်သည်။ သူကား ကျူးကော့ချန်းဖန်၏ ဆရာအရင်းဖြစ်ကာ တိမ်ဖြူမြို့စား ကိုယ်တိုင်ကလည်း ကျူးကော့ချန်းဖန်၏ ပညာသင်ဘက် ညီအစ်ကိုဖြစ်သည်။ သည်ကိစ္စက တော်ဝင်ကျဲနန်းတော် တစ်ခုလုံးက လိုလားသော ကိစ္စလည်းဖြစ်သည်။

မြေရိုင်းပြည်နယ်တွင် ရှန့်ထိုတစ်ပါး မွေးဖွားရန် ကြိုးစား အားထုတ်သော ကိစ္စသည် မည်သို့သာမန် ဖြစ်ရမည်နည်း။ ထို့အပြင် ထိုလူအား သူမက လက်ထပ်ရမည်။ သည်အခွင့်အရေးက မြေရိုင်းပြည်နယ်မှ မရေမတွက်နိုင်သော မိန်းကလေးများ၏ အိပ်မက်လည်း ဖြစ်သည်။ ထို့ကြောင့် မည်သူကမှ ကျူးကော့မင်းယွီ၏ ခံစားချက်ကို ထည့်မတွက်ကြပေ။ ကျူးကော့မင်းယွီ အတွက် အခွင့်အရေးတစ်ခု ဖြစ်သည်ဟုသာ အများက ယူဆကြသည်။ ထို့အပြင် တော်ဝင်ကျဲ နန်းတော်ကလည်း သည်ကိစ္စအပေါ် အလွန်ခိုင်မာသော ဆန္ဒရှိနေသည်။ သူမ၏မောင်ငယ်လေးက မည်မျှ ကန့်ကွက်ပါစေ ဘာမှ ပြောင်းလဲမည် မဟုတ်ပေ။

“ကျုပ်လည်း ငြင်းပယ်တယ်…” လျိုဖန်း၏ဘေးတွင် ထိုင်နေသော ရွှီယီကလည်း ပြောသည်။ သူကလူငယ်မျိုးဆက် ဖြစ်သည့်တိုင် အာခီမီမြို့စား၏သမက် ဖြစ်သော သူကလည်း သူ့ရပ်တည်ချက်ကို ထုတ်ဖော်ခွင့် ရှိပေသည်။

“မင်းတို့က အတင့်ရဲလှချည်လား…” ကျူးကော့ရှင်း၏အဖေက ပြောသည်… “ဒီမှာ ရှိတဲ့လူတွေ အကုန်လုံးက မင်းတို့ရဲ့ စီနီယာတွေချည်းပဲ… မင်းတို့က ဒီမှာ လာပြီး ငြင်းခုံစရာ အကြောင်းမရှိဘူး… ပိုင်လွေလီနဲ့ မင်းယွီရဲ့ ကိစ္စမှာမင်းတို့ လူငယ်တွေရဲ့ဆန္ဒကို ငါတို့က ဘာလို့ ထည့်တွက်ဖို့ လိုတာလဲ…”

ကျူးကော့မိသားစုမှ လူငယ်များက ရီဖူရှင်းတို့အုပ်စုကို ဒေါသတကြီး ကြည့်ကြသည်။ ရီဖူရှင်းက သူတို့အားလုံးအား အဖြစ်မရှိသော လူများဟု စော်ကား ပြောဆိုထားသည်။

“ရီဖူရှင်း….” ဇူဆွန်က ပြောသည်… “နန်းတော်ကိုပြန်တော့… ရှီနန်းတော်ထဲကို ဝင်ပြီး ရှီအဆင့်ကို မြန်မြန် တက်လှမ်းနိုင်အောင် ကြိုးစား…”

အားလုံးက သူ၏သဘောကို နားလည်ကြသည်။ ရီဖူရှင်းအား သည်ကိစ္စတွင် ထပ်မံ၍ ဝင်မပါတော့ရန် တားမြစ်နေခြင်း ဖြစ်သည်။ နန်းတော်၏ဆန္ဒက ရီဖူရှင်း၏ သဘောတစ်ခုတည်းဖြင့် ပြောင်းလဲနိုင်သော အရာမဟုတ်ပေ။

“စီနီယာ… ကျွန်တော်က ဒီလို မလုပ်နိုင်ပါဘူး…” ရီဖူရှင်းက ဦးညွှတ်ကာပြောသည်… “ကျွန်တော် ပြန်လိုက်ပါဦးမယ်…” ထို့နောက် သူက ကျူးကော့ချန်းဖန်ကို ဦးညွှတ် အရိုအသေပေးပြီး ရွှီယီနှင့် လျိုဖန်းတို့ကို ခေါ်ကာ ထွက်သွားသည်။

ဇူဆွန်၏မျက်နှာပေါ်တွင် သဘောမကျသော အမူအရာများကို သိသိသာသာ မြင်ကြရသည်။ သို့သော်လည်း ရီဖူရှင်း မှားသည်ဟုလည်း ဇူဆွန်က ပြော၍​မရပေ။ သူကား မည်သို့ဆိုစေ သူ၏အစ်မ၂ဘက်မှ တွေးပေးနေခြင်း ဖြစ်သည်။ ဤသို့သော အခြေအနေက ကိုင်တွယ်ရန် အလွန်ခက်ခဲပေသည်။

“ဒါက လူငယ်တွေရဲ့ ယုံကြည်မှုနဲ့ ရဲရင့်မှုတွေပဲ…” ကျူးကော့ချန်းဖန်က ပြုံးလျက်ပြောသည်။ ရီဖူရှင်း၏ ရိုင်းစိုင်းမှုအပေါ် သူက အပြစ်မတင်သည့်အပြင် ချီးကျူးနေဟန်ပင် ရသည်။ မည်သို့ဆိုစေ သူ၏စကားကြောင့် ဧည့်ခံပွဲက ပုံမှန် အငွေ့အသက်များ ပြန်လည် လွှမ်းခြုံလာခဲ့သည်။

ပိုင်စီကား သုန်မှုန်နေဆဲ ဖြစ်သည်။ သူကား ရီဖူရှင်းနှင့် မည်သည့်နည်းဖြင့် ရင်ဆိုင်ရပါစေ အောက်စည်းကို ရောက်ကာ အရှက်တကွဲ ဖြစ်ရမြဲပင်။ ယခု အားလုံးက သူ့အား အမြင်တစ်မျိုး ပြောင်းလာကြသည်ဟု သူ ခံစားနေရသည်။

ထိုအရာများအားလုံးက ရီဖူရှင်းကြောင့် ဖြစ်သည်။

ဧည့်ခံပွဲက ဆက်လက် ကျင်းပသည်။ ရီဖူရှင်းတို့အုပ်စု မရှိသောအခါ အားလုံးက ပျော်ရွှင်စွာပင် ပြောဆိုကြသည်။ ဆိုလိုသည်က သည်လက်ထပ်ပွဲကို အားလုံးက ဖြစ်မြောက် စေလိုသည်ဟုပင်။

ရီဖူရှင်းတို့အဖွဲ့က လခြမ်းအိမ်တော်သို့ ပြန်ရောက် လာခဲ့ကြသည်။ ရီဖူရှင်း၏မျက်နှာမူကား တစ်လျှောက်လုံး မည်းမှောင်နေသည်။ သူက ဧည့်ခံပွဲတွင် ပေါက်ကွဲခဲ့သော်လည်း သည်ကိစ္စက ဘာမှ ပြောင်းလဲခြင်း မရှိသည်ကိုသူသိသည်။

မြေရိုင်းပြည်နယ်၏ အကြီးအမှူး ပုဂ္ဂိုလ်ကြီးများ၏ ဆုံးဖြတ်ချက်က ရီဖူရှင်း တစ်ယောက်တည်း၏ အမြင်ဖြင့် ပြောင်းလဲနိုင်သော အရာမဟုတ်ပေ။

“ငါတို့က အစ်ကို၄ရဲ့ကိစ္စဖြစ်ပြီး ဒီလိုကိစ္စနဲ ထပ်ကြုံရမယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး…” လျိုဖန်းကလည်း စိတ်ဓာတ်ကျစွာ ပြောသည်။ သည်တစ်ခေါက်ကား သူတို့က မည်သို့မှ လုပ်နိုင်စွမ်း မရှိသလို လုပ်နိုင်ရန်လည်း အားမဲ့လှသည်။

“အကုန်လုံးက မြန်မြန်ဆန်ဆန်ပဲ ဖြစ်လာခဲ့တယ်…” ရီဖူရှင်းက သက်ပြင်းချကာ ပြောသည်။ သူက အလွန်အမင်း ကြိုးစားပြီးနောက် ပါရမီရှင် အဆင့်၁ဖြစ်လာခဲ့သည်။ သို့သော်လည်း သူ၏အဆင့်ကား မြေရိုင်းပြည်နယ်တွင် အလွန်တရာ နိမ့်ကျလွန်း နေသေးသည်။

ကျူးကော့မင်းယွီကား အတန်ကြာသောအခါ ပြန်ရောက်လာခဲ့ပြီး ရီဖူရှင်းကို ပြုံးလျက် မေးသည်… “အားလုံးကို ရန်ရှာပြီးတော့ အခု ဘယ်လို ခံစားရလဲ…”

“ပျော်စရာပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူ၏ ခံစားချက်များကို အစ်မ၂ရှေ့တွင် ချုပ်တည်းရန် မကြိုးစားတော့ပေ။ သူက အစ်မ၂၏ စိတ်ခံစားချက်ကို မမြင်ရသောလည်း လက်ရှိတွင် သူမ၏ဖိအားက အကြီးဆုံး ဖြစ်သည်ကို သူသိသည်။

ကျူးကော့မင်းယွီက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ငါနဲ့လိုက်ခဲ့…” သူမက ထိုသို့ပြောကာ နောက်လှည့် ထွက်သွားသည်။ ရီဖူရှင်းက အံ့အားသင့်သွားသည်။ မည်သို့ဆိုစေ သူကလည်း ကျူးကော့မင်းယွီ၏ နောက်ကို လိုက်ပါသွားကာ မေးသည်… “အစ်မ၂… ဘာကိစ္စလဲ…”

“မင်းရဲ့ ဦးလေးချန်းဖန်က မင်းကို သီးသန့် တွေ့ချင်နေတယ်…” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။ ရီဖူရှင်းက ပိုမို၍ပင် နားမလည်တော့ပေ။ ကျူးကော့ချန်းဖန်က သူ့အား အဘယ်ကြောင့် တွေ့လိုရသနည်း။

လေပြင်းဆောင်ကား နဂါးပတ်တောင်၏ အမြင့်ဆုံး အပိုင်းတွင်ရှိကာ မိသားစုခေါင်းဆောင် နေထိုင်ရာ နေရာလည်း ဖြစ်သည်။ ယခုကား ကျူးကော့ချန်းဖန်က အဆောင်ငယ်လေး တစ်ခုတွင် အဝေးကို ငေးကြည့်နေသည်။ ခြေသံများ ကြားသည်တွင် သူက နောက်လှည့်ကာ ပြောသည်… . “မင်းတို့ ရောက်လာပြီလား…”

“ကျွန်တော့်ကို ဘာလို့ ခေါ်တာပါလဲ ဦးလေး…” ရီဖူရှင်းက မေးသည်။

“ငါက စကားနည်းနည်း ပြောချင်ရုံပါပဲ…” ကျူးကော့ချန်းဖန်က အေးအေးလူလူ ပြောသည်။

“သမီး ထွက်သွား ပေးရမလား…” ကျူးကော့မင်းယွီက မေးသည်။

“မင်းယွီ… ဒီကိုလာ…” ကျူးကော့ချန်းဖန်က သူ၏သမီးကို ကြည့်ကာ ပြောသည်… “မင်းက ငါ့ကို စိတ်တိုနေတယ် ဆိုတာ သိတယ်…”

ကျူးကော့မင်းယွီက ငြင်းပယ်ခြင်း မရှိသလို ထွက်သွားခြင်းလည်း မရှိပေ။ သူမက အဆောင်ထဲကို ဝင်လာသည်။

ကျူးကော့ချန်းဖန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “မင်းယွီနဲ့ ခမ်ယန်တို့ပြောလို့ မင်းအကြောင်းကို ငါ တော်တော် ကြားဖူးတယ်. မြေရိုင်းပြည်နယ်မှာ ပိုင်လွေလီကပဲ မင်းလို အရည်အချင်း ရှိလိမ့်မယ်…”

“ပိုင်လွေလီက ကျွန်တော့်ကို မီမယ် မထင်တော့ဘူး…” ရီဖူရှင်းက အလေးမထားဟန်ဖြင့် ပြောသည်။

ကျူးကော့ချန်းဖန်က အံ့အားသင့်သွားပြီးမှ ပြုံးလျက်ပြောသည်… “ကောင်လေး… မင်းတို့က နှိမ့်ချတယ် ဆိုတာကို တကယ် သိပုံမရဘူး…”

ရီဖူရှင်းက ဘာမှ မပြောပေ။

“နန်းတော်ရဲ့ ဒုတိယသခင် လျူချန်းနဲ့ ငါ့ရဲ့ စီနီယာဖြစ်တဲ့ တိမ်ဖြူမြို့စားတို့က ငါ့ဆရာရဲ့ စာတစ်စောင်ကို ကိုင်ပြီး ရောက်လာခဲ့ကြတယ်… ကြည့်ရတာ ဆရာ့ရဲ့ နေ့ရက်တွေက သိပ်မကျန်တော့ဘူး…” ကျူးကော့ချန်းဖန်က သက်ပြင်းချသည်။

ရီဖူရှင်းက ထိတ်လန့်သွားသည်။ သည်ကိစ္စက အမှန်ပင် နန်းတော်သခင်၏ ဆန္ဒဖြစ်ပါက အလွန်ခိုင်မာပေမည်။

“တော်ဝင်ကျဲနန်းတော်ကို ဒေါသမထွက်ပါနဲ့… မင်းက မြေရိုင်းပြည်နယ်က ကိစ္စတွေကို နားလည်ဖို့ ငယ်သေးတယ်… မင်း သင်ယူရမည့်ဟာတွေကလည်း အများကြီးပဲ… မြေရိုင်းပြည်နယ်က ဘယ်လိုနေရာလဲ မင်းသိလား… တော်ဝင်ကျဲနန်းတော်က ဒီကိစ္စမှာ ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေတာကိုရော နားလည်လား…” ကျူးကော့ချန်းဖန်က မေးသည်။

“ကျွန်တော့်ကို ပြောပြပါ…” ရီဖူရှင်းကလည်း သိလိုသည်။

“မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခုထဲက တစ်ခုပဲ… အင်ပါယာရှားက ပြည်နယ်တစ်ခုစီမှာ အများလက်ခံတဲ့ အယူတစ်ခုစီ ပြုလုပ်ခဲ့တယ်… ဒါက ခေတ်အဆက်ဆက် လိုက်နာရတဲ့ စနစ်တစ်ခုပဲ… နောက်ဆုံး အင်ပါယာရှားက မဟာအင်ပါယာ နှစ်ပါးဆီမှာ လက်အောက်ခံ လိုက်ပြီးသည့်တိုင် ဒီစနစ်ကို အင်ပါယာရှားက ဆက်ပြီး ထိန်းချုပ်တုန်းပဲ…” ကျူးကော့ချန်းဖန်က ဖြည်းညင်းစွာ ပြောသည်။ ရီဖူရှင်း ပြင်းစွာ တုန်လှုပ်သွားသည်။ သည်စနစ်ကို ရန်ဟောင်က စတင် ချမှတ်ခဲ့သည်ဟု ရှေးဟောင်း စာအုပ်များတွင် ရီဖူရှင်းက ဖတ်ဖူးသည်။

သူကား ရန်ဟောင် တန်ခိုးအဆင့်၏ အမြင့်ဆုံးတွင် ရှိသော အင်ပါယာ ရှားဟောင် ဖြစ်သည်။

“ရှန့်ထိုမရှိဘဲ မြေရိုင်းပြည်နယ်မှာ ဒီအုပ်ချုပ်ရေး စနစ်ကို အသက်မသွင်းနိုင်ဘူး… မဟာအင်ပါယာနှစ်ပါးက နေရာဒေသအနှံ့မှာ ကျောင်းတော်တွေ တည်ဆောက်ဖို့ အမိန့်ပေးခဲ့တာတောင်မှ မြေရိုင်းပြည်နယ်က ရှန့်ထိုတစ်ပါး မမွေးထုတ်ပေးနိုင်ခဲ့ဘူး… တကယ်လို့ ဒီအတိုင်း ဆက်သွားရင် တော်ဝင်ကျဲနန်းတော်က အပြစ်ပေးခံရလိမ့်မယ်… ပြီးရင် မြေရိုင်းပြည်နယ်က တခြားပြည်နယ်တွေရဲ့ လက်အောက်ခံအဖြစ် ရောက်သွားမယ်… ဒါတွေ ဖြစ်လာရင် မြေရိုင်းပြည်နယ်က အခုလို အေးချမ်းတော့မှာ မဟုတ်ဘူး… ငါတို့က တခြား အင်အားစုတွေရဲ့ လက်အောက်ခံ ဖြစ်သွားလိမ့်မယ်…” ကျူးကော့ချန်းဖန်က ပြောသည်… “ဒါကြောင့် တော်ဝင်ကျဲနန်းတော်က ရှန့်ထိုတစ်ပါး ပေါ်ထွက်လာဖို့ အသည်းအသန် လိုအပ်နေတယ်…”

“ဒါကြောင့် သူတို့က ပိုင်လွေလီကို ရွေးချယ်ခဲ့ကြတယ်…” ရီဖူရှင်းက ဆက်ပြောသည်… “ဒါက အစ်မ၂နဲ့ ဘာဆိုင်လို့လဲ…”

“ရှန့်ထိုအဆင့်က လက်ရှိ မြေရိုင်းပြည်နယ်မှာ မရှိတော့တဲ့ တန်ခိုးအဆင့်ပဲ… ဒါက ဘယ်လိုလုပ် အလွယ်တကူ ရနိုင်ပါ့မလဲ… တစ်စုံတစ်ယောက်က ရှန့်ထိုဖြစ်ဖို့ ကံပါလာတယ် ဆိုရင်တောင်မှ သူက ရှန့်ထိုဖြစ်ဖို့ အင်ပါယာရှားစီမံတဲ့ ခရီးတစ်ခုကို ထွက်ရတယ်… ဒါက အရမ်းကို အန္တရာယ်များတဲ့ နေရာပဲ… ကျူးကော့မိသားစုက ရှန့်ထိုကနေ ဆင်းသက်တဲ့မိသားစုပဲ… ဒါကြောင့် ဘိုးဘွားပိုင် ရတနာတစ်ခုရှိတယ်… အဲဒါက ပိုင်လွေလီအတွက် အရမ်း အသုံးဝင်တယ်… ဒါကိုသူတို့ ရဖို့လိုတယ်… ဒါပေမဲ့ ဘယ်လောက်ပဲ​ ရင်းနှီးကျွမ်းဝင်ပါစေ ငါက ကျူးကော့မိသားစုရဲ့ ရတနာကို ပြင်ပလူဆီကို ထုတ်ပေးလို့ မရဘူး… တခြားလူတွေက ခွင့်မပြုဘူး…”

“ဒါကြောင့် ပိုင်လွေလီက ကျူးကော့မိသားစုရဲ့ သမက်ဖြစ်ဖို့ လိုတယ်… ပြီးတော့ သူက ကျူးကော့မိသားစုရဲ့ ပင်မမျိုးဆက်နဲ့ လက်ဆက်ဖို့လည်း လိုတယ်…” ရီဖူရှင်းက ရေရွတ်သည်။

“သေချာတာပေါ့…” ကျူးကော့ချန်းဖန်က ခေါင်းညိတ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset