Switch Mode

အပိုင်း (၆၅၈)

စကားဖြင့် ပြန်လည်တိုက်ခိုက်ခြင်း

ရီဖူရှင်းက ပိုင်စီကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။

ကျူးကော့ချန်းဖန်၊ ဇူဆွန်နှင့် တခြားလူများ အားလုံးက ရီဖူရှင်းကို ကြည့်ကြသည်။ သို့သော်လည်း သူတို့က ထူးဆန်းသည်ဟုတော့ မတွေးပေ။ ရီဖူရှင်းက ပိုင်လွေလီကို သဘောမကျသည်ကို သူတို့ သိထားကြသည်။

“ရီဖူရှင်း… မင်းက တကယ်ပဲ ဒီစကားတွေကို ပြောခဲ့တာလား…” ဇူဆွန်က ရီဖူရှင်းကို မေးသည်။

“အမှန်ပဲ…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“လက်ရှိမျိုးဆက်ရဲ့ အမြင့်ဆုံးနေရာမှာ ရှိနေတဲ့မင်းကို တော်ဝင်ကျဲနန်းတော်က မျှော်လင့်ချက် အများကြီးထားတယ်… မင်းရဲ့ တန်ခိုးအဆင့်က နိမ့်သေးပြီးတော့ ပြင်ပလောကကြီး အကြောင်း သိပ်မသိသေးဘူး… ပိုင်လွေလီ၊ ဟွာဖန်းနဲ့ မင်းတို့သုံးယောက်က မျိုးဆက်သုံးခုမှာ အကောင်းဆုံးတွေပဲ… မင်းက မကြာခင် ရှီနန်းတော်ကို ဝင်ရတော့မယ်… နောက်ပိုင်း မင်းက ကိုယ်ပိုင် ခေတ်သစ်တစ်ခုကို ထူထောင်ရမယ် … ဒါပေမဲ့ ပိုင်လွေလီက မင်းရဲ့ စီနီယာပဲ… မင်းတို့ နှစ်ယောက်လုံးက ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိပေမဲ့ ဒီကိစ္စမှာတော့ ပြဿနာ မရှာသင့်ဘူး… မင်းက ပုဂ္ဂိုလ်ရေး အမြင်တွေကို ဘေးချိတ်ပြီးတော့ ပိုလေ့ကျင့်သင့်တယ်…” ဇူဆွန်က ရီဖူရှင်းကို ပြောသည်။

“ရှီတန်ခိုးရှင် ဇူဆွန်ပြောတာ အမှန်ဆုံးပဲ… ပိုင်လွေလီက ကောင်းကင်မြေရိုင်း အဆင့်ကို ဒီလောက် အသက်ငယ်ငယ်နဲ့ ရောက်လာတယ်… သူက ဘယ်လိုလုပ် မသင့်တော်ဘဲ​ နေပါ့မလဲ… မင်းတို့ နှစ်ယောက်လုံးက ပါရမီရှင်တွေပဲ… ဘာလို့ အငြိုးအတေး ထားနေရတာလဲ…” နောက်တစ်ယောက်က ပြုံးလျက် ပြောသည်။

“ခွင့်လွှတ်ပေးပါ…” ရီဖူရှင်းက ရှီတန်ခိုးရှင်ဇူဆွန်ကို ဦးညွှတ်ကာ ပြောသည်…”ကျွန်တော့်ရဲ့ လေ့ကျင့်မှုက လိုအပ်သေးတော့ တချို့ကိစ္စတွေကို နားလည်ဖို့ ခက်ခဲရပါတယ်… ဒီကိစ္စအပေါ်မှာ စီနီယာနဲ့ ဦးလေးကျူးကော့တို့က ရှင်းပြပေးစေလိုပါတယ်…”

“အေးဆေးထိုင်ပြီး ပြောကြတာပေါ့…” ကျူးကော့ချန်းဖန်က ခေါင်းညိတ်ကာ ပြောသည်။ ရီဖူရှင်းက သည်ကိစ္စအပေါ်တွင် သဘောမကျ ဖြစ်နေသည်ကို သူသိသည်။

“ကျေးဇူးတင်ပါတယ် ဦးလေး…” ရီဖူရှင်းက ထိုင်ကာ ရှင်းပြသည်… “ကျွန်တော်က ပိုင်လွေလီကို သိပ်မသိပါဘူး…ဒီအတွက် သူ့အပေါ် သဘောထားလည်း ထူးထူးခြားခြား မရှိဘူး… ဒါပေမဲ့ သူက သူ့ညီလိုတော့ မသုံးမကျတဲ့လူ မဟုတ်တာကို သိပါတယ် … အဓိက ကျွန်တော် သဘောမကျတာက ကျုပ်ရဲ့ အစ်ကို၃နဲ့ အစ်မ၂တို့ ကိစ္စကြောင့်ပါပဲ…”

ပိုင်စီက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ သည်ခွေးကောင်ကား တခြားကိစ္စများကို ပြောလျှင်ပင် သူ့ကို ထည့်သွင်း၍ အရှက်ခွဲမည်ကို မမေ့လျော့ပေ။

ရီဖူရှင်းက ပိုင်လွေလီဘက်ကို ကြည့်ကာ မေးသည်… “ကျုပ်ရဲ့ အစ်မ၂ကို ခင်ဗျားက ဘယ်လိုထင်လဲ…”

ပိုင်လွေလီ၏ အမူအရာကား တည်ငြိမ်နေကာ သူက ရီဖူရှင်းကို ကြည့်ပြီး ကျူးကော့မင်းယွီကို ကြည့်ကာ ပြောသည်… “မင်းယွီက အချင်းရော အဆင်းရော ပြောစရာမလိုတဲ့ မိန်းကလေးပါ… ကျုပ်က သူမကို တကယ် သဘောကျတယ်…”

“ခင်ဗျားရဲ့ မျက်လုံးက တော်တော် ကောင်းတယ်… ဒါပေမဲ့ အစ်မ၂က ခင်ဗျားကို မကြိုက်ဘူး…” ရီဖူရှင်းက တုံးတိတ ိပြောသည်။

“…” အားလုံးက ဆွံ့အသွားကြသည်။ ကျူးကော့မင်းယွီပင် ရီဖူရှင်းကို ဒေါတသကြီး ကြည့်သည်။ ကောင်လေးက အမှန်ပင် သည်ကိစ္စကို လက်မလျှော့လိုပေ။ သို့သော်လည်း သူမကလည်း ရီဖူရှင်းကို မတားပေ။

ရီဖူရှင်းက ပိုင်စီ၊ ကျူးကော့ရှင်းတို့ဘက်ကို ကြည့်သည်… “သူတို့က ဘာလို့ လိုက်ဖက်တာလဲ…”

“ကျုပ်အစ်ကိုက တိမ်ဖြူမြို့က လာပြီးတော့ တော်ဝင်ကျဲ နန်းတော်မှာ လေ့ကျင့်တယ်… မိန်းကလေးမင်းယွီက ထူးခြားဆန်းကြယ်တဲ့ ပါရမီနဲ့ ရုပ်ရည်ကို ပိုင်ဆိုင်တယ်… သူတို့က ဘာလို့ မလိုက်ဖက်ရမှာလဲ…” ပိုင်စီက ပြန်ပက်သည်။

“ပိုင်လွေလီက ကောင်းကင်မြေရိုင်း အဆင့်၁၀မှာ ရှိတယ်… သူ့အဖေနဲ့ ကျူးကော့မိသားစု ခေါင်းဆောင်ကလည်း ရင်းနှီးတဲ့ မိတ်ဆွေတွေပဲ… မြေရိုင်းဒေသက သူတို့အခြား နှစ်အိမ့်တစ်အိမ် ဖြစ်မှာကို လိုလားကြတယ်… သူတို့က မလိုက်ဖက်ရင် ဘယ်သူတွေက လိုက်ဖက်တော့မလဲ…”

“ဒီလက်ထပ်ပွဲက ကောင်းကင်ဘုံက သတ်မှတ်တဲ့ အရာတစ်ခုလို ပြီးပြည့်စုံတယ်လို့ အားလုံးက တွေးနေကြတယ်… ဒါပေမဲ့ အားလုံးက ကိုယ့်အကျိုးအမြတ်တွေကို တွက်ချက် နေကြတာပဲ မဟုတ်ဘူးလား… တိမ်ဖြူမြို့က အကျိုးအမြတ်တွေ ရသလို ကျူးကော့မိသားစု ကလည်း အကျိုးအမြတ်တွေ ရမှာပဲ… ဒါပေမဲ့ ကျုပ်အစ်မ၂ ဘယ်လို တွေးလဲဆိုတာ ခင်ဗျားတို့ စဉ်းစားမိရဲ့လား… နားလည် ပေးကြလို့လား…” ရီဖူရှင်းက အားလုံးကို ကြည့်ကာ ပြောသည်… “ကျုပ်အစ်မ၂က အရှေ့မြေရိုင်းဒေသမှာ ကတည်းက အစ်ကို၃နဲ့ ချစ်ခင် စုံမက်ခဲ့ကြတယ်… ကျုပ်အစ်ကို၃က ပိုင်လွေလီကိုတောင်မှ စိန်ခေါ်ခဲ့တယ်… ဒါပေမဲ့ သူက ရှုံးနိမ့်ခဲ့တယ် ဘယ်လိုဖြစ်ဖြစ် သူ့ရည်ရွယ်ချက်ကို အားလုံးက မြင်ကြရတာပဲ… ဘာလို့ အားလုံးက ဒါကို လျစ်လျူရှု နေကြတာလဲ… ခင်ဗျားတို့အားလုံးက ဒီကိစ္စကို တမင် လျစ်လျူရှုနေတယ် ဆိုကတည်းက ဒီလက်ထပ်ပွဲက ဘာအတွက်လဲ…”

“ဒီလို လက်ထပ်ပွဲက ခင်ဗျားတို့ အားလုံးရဲ့ ပါးစပ်ထဲမှာ ဘာလို့ လှပနေရတာလဲ ကျုပ်နားမလည်ဘူး… ကျေးဇူးပြုလို့ အကြီးအကဲများ ကျုပ်ကို နားလည်အောင် ရှင်းပြပေးကြပါ…” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။

ရွှီယီနှင့် လျိုဖန်းတို့က အနီးမှ လူများကို ကြည့်ကြသည်။ သူတို့၏ ညီငယ်လေး ပြောသည်ကား အမှန်ပင် သူတို့စိတ်ထဲတွင် ရှိသည်များ ဖြစ်ကြသည်။ သို့သော် သူတို့က ရီဖူရှင်းလို ရှင်းရှင်းလင်းလင်း ထိထိမိမိ ဝေဖန်ထောက်ပြနိုင်ခြင်း မရှိကြပေ။

“ကျုပ်က ဒီကိစ္စဖြစ်လာဖို့ ဘယ်တုန်းကမှ တွန်းအား မပေးခဲ့ဖူးဘူး… တကယ်လို့ မင်းယွီက ဒီကိစ္စကို သဘောမတူရင် ရပ်လိုက်လို့ရတယ်…” ပိုင်လွေလီက ရီဖူရှင်းကို ကြည့်သည်။

“ဒါဆို…” ရီဖူရှင်းက မဲ့ပြုံးပြုံးကာ ပြောသည်… “ဒီစကားသာ အမှန်ဆိုရင် ကျုပ်အစ်မ၂က ငြင်းလိုက်တာနဲ့ တကယ်ပဲ​ ခင်ဗျားတို့အားလုံးက ထွက်သွားကြမှာ မလို့လား…”

တော်ဝင်ကျဲနန်းတော်နှင့် တိမ်ဖြူမြို့တို့၏ ဖိအားက သိသာလွန်းလှသည်။ ကျူးကော့ မိသားစုကပါ သည်လက်ထပ်ပွဲကို ထောက်ခံလာသောအခါ ကျူးကော့မင်းယွီက ကြီးစွာသော ဖိအားကို ရင်ဆိုင်ရတော့သည်။

“မင်းက နည်းနည်း လွန်လာပြီ…” ကျူးကော့မိသားစုမှ အကြီးအကဲ တစ်ယောက်က ရီဖူရှင်းကို ပြောသည်… “မင်းက မင်းယွီရဲ့ ဂျူနီယာ ဖြစ်ပြီးတော့ တော်ဝင်ကျဲနန်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်တယ်ဆိုပေမဲ့ ဘယ်လိုလုပ် ဒီလောက် အမြင် ကျဉ်းမြောင်း ရတာလဲ… မင်းယွီက ကျုပ်တို့မိသားစုရဲ့ ရတနာပဲ… သူမအတွက် ငါတို့က ဘယ်လိုလုပ် မပျော်ဘဲ နေမှာလဲ… တစ်ချိန်တည်းမှာပဲ ပိုင်လွေလီက သူမအတွက် အသင့်တော်ဆုံး ယောက်ျားပဲ… မင်းပြောနေတာက မင်း အစ်ကို၃ဘက်က ရပ်တည်ပြီး ပြောနေတာ တစ်ခုပဲရှိတယ်…” ဝင်ပြောလိုက်သူကား ကျူးကော့ရှင်း၏ အဖေဖြစ်ကာ ကျူးကော့မင်းယွီ၏ ဦးလေး ဖြစ်သည်။

“ပိုင်လွေလီက ကောင်းကင်မြေရိုင်း အဆင့်၁၀ မှာ ရှိပြီးတော့ ရှန့်ထိုဖြစ်ဖို့ အလားအလာ ရှိတယ်… သူ့ထက် သင့်တော်တဲ့လူ ဘယ်သူရှိလဲ… မင်းရဲ့ အစ်ကို၃လား…” ကျူးကော့ရှင်းကလည်း ဝင်ပြောသည်။

“အဓိပ္ပာယ်မရှိတာ…” ပိုင်စီက လှောင်ပြုံးပြုံးသည်။ ရီဖူရှင်းက ဤသို့ ဆန့်ကျင့်လေလေ သူသဘောကျလေ ဖြစ်သည်။ သူကား သူမသိလိုက်မီတွင်ပင် အရေးပါသော ပုဂ္ဂိုလ်ကြီးများကို ဆန့်ကျင်ကန့်ကွက် နေလေပြီ။

ကျူးကော့ချန်းဖန်က ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။

အားလုံးက သူ့ကို လက်ညှိုးထိုးနေသည်ကို ရီဖူရှင်းက မြင်သည်။ သို့သော်လည်း သူက ဂရုမစိုက်ဘဲ သေရည်ကို သောက်သည်။ ထို့နောက် သူက ခေါင်းမော့ကာ ထပ်ပြောသည်… “ကျုပ်ရဲ့ ရိုင်းစိုင်းတဲ့ စကားအတွက် ခွင့်လွှတ်ပေးပါ… ဒါပေမဲ့ ဒီမှာရှိတဲ့လူတွေ အကုန်လုံးက အသုံးမကျတဲ့ အရူးတွေချည်းပဲ…”

ရီဖူရှင်း၏စကားသံ ထွက်လာသည်တွင် ဧည့်ခံပွဲတစ်ခုလုံး တိတ်ဆိတ် သွားသည်။ ကျူးကော့မိသားစုမှ လူငယ်များ အားလုံးက ရီဖူရှင်းကို မီးဝင်းဝင်း တောက်သော မျက်လုံးများဖြင့် ကြည့်ကြသည်။

“မင်းက တော်ဝင်ကျဲ နန်း​တော်က တပည့်ဆိုပေမဲ့ အခုပြောတဲ့ စကားကို ပြန်ရုပ်သိမ်းတာ ကောင်းလိမ့်မယ်…” ကျူးကော့မိသားစုမှ တစ်ယောက်က အေးစက်စွာ ပြောသည်။

“ကျူးကော့မိသားစုဝင် တစ်ယောက်အနေနဲ့ ခင်ဗျားတို့က မိသားစုရဲ့ အင်အားကို ကိုယ်ပိုင်ကြိုးစား အားထုတ်မှုအစား လက်ထပ်မှုကို အသုံးပြုဖို့ ကြိုးစားတယ်… ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် မရှက်ကြဘူးလား…ပြီးတော့ ခင်ဗျားတို့က ဒါကိုပဲ မှန်နေသယောင်ယောင် ပြောဆို သတ်မှတ်ကြ သေးတယ်… ခင်ဗျားတို့ရဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာတွေ ဘယ်မှာလဲ…ကျူးကော့မိသားစု ဒီထက် အင်အားကြီးလာဖို့ ကိုယ့်ဘာသာ မလုပ်နိုင်ကြဘူးလား…”

“ရီဖူရှင်း…မင်းက ကျူးကော့မိသားစု တစ်ခုလုံးကို စော်ကားနေတာလား…” ပိုင်စီ၏လေသံက အေးစက်နေသည်။

“ပိုင်စီ… မင်းက တော်တော် အရေထူပါလား…” ရီဖူရှင်းကလည်း ပိုင်စီကို ပြုံးလျက် ကြည့်သည်။

“မင်း…” ပိုင်စီ၏မျက်နှာက ပျက်ယွင်းသွား၏။

“နန်းတော်ဝင်ခွင့် တိုက်ပွဲတုန်းက မင်းက ဘယ်လောက် မောက်မာ ရိုင်းစိုင်းလိုက်လဲ…မင်းကို ငါက အားကုန်မသုံးဘဲနဲ့ အနိုင်ယူခဲ့တယ်… လက်ရည်စမ်းပွဲမှာလည်း မင်းက ယူချင်းဆီမှာ အရိုက်ခံပြီးပြီ… မင်းက မရှက်တတ်သေးဘူးလား…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။

“ငါက ဒီနေ့ တိတ်တိတ်လေးပဲ သေရည် သောက်တော့မယ် စဉ်းစားထားတာ… ဒါပေမဲ့ မင်းက တမင်ပဲ ငါ့ကို လာရန်စနေတယ်… မင်းခေါင်းထဲမှာ ဘာရှိလဲဆိုတာ တခြားလူတွေက မသိတော့ဘူးလို့ တကယ်ထင်နေတာလား… မင်းက အရမ်း အားနည်းတယ်… အားနည်းလွန်းလို့ ငါ့ကို တိုက်ရိုက် ရင်မဆိုင်ရဲဘဲ အောက်လုံးတွေ သုံးတတ်လာတယ်…” ရီဖူရှင်းက လှောင်ပြုံးပြုံးသည်… “မင်းက တိမ်ဖြူမြို့လို အဆင့်အတန်း မြင့်တဲ့နေရာမှ မမွေးဖွားခဲ့ဘူးဆိုရင် မင်းက အမှိုက်တစ်စလိုပဲ ဘယ်သူမှ​မင်းကို ဂရုစိုက်ကြမှာ မဟုတ်ဘူး… မင်းက ငါ့ကို ဒီလို ပြောရဲတယ်… မင်းက တခြားလူတွေရဲ့ မျက်လုံးမှာ ကျီးကန်းတစ်ကောင် ဖြစ်နေတာ မသိဘူးလား…”

“ပါးစပ်ပိတ်ထား…” ပိုင်စီက အေးစက်စွာ ပြောသည်။

“အခု မင်းက ဒေါသထွက်လာပြီပေါ့… အစကတည်းက ဒီလို အရှက်ရမယ်ဆိုတာ မသိဘူးလား…” ရီဖူရှင်းက ဆက်ပြောသည်… “မင်းက လက်ထပ်ပွဲကိစ္စကို ငါ့ရှေ့မှာ မြန်ရေရှက်ရေ ပြောတဲ့အချိန်တုန်းက ဘယ်လောက် ကျေနပ်လိုက်သလဲ… ငါ့အစ်ကိုမ၂ကပဲ မင်းအစ်ကိုအပေါ် လက်ထပ်ဖို့ ကြံစည်နေတဲ့ပုံစံနဲ့… စဉ်းစားကြည့်စမ်း… ဘယ်သူက အရင်ဆုံးလာပြီး လက်ထပ်ဖို့ တောင်းဆိုတာလဲ… မင်းအစ်ကိုက ဒီလောက် ထူးချွန်နေတယ်ဆိုရင် ဘာလို့ ကျူးကော့မိသားစုရဲ့ အင်အားကို မှီခိုဖို့ လိုရတာလဲ…”

“ရီဖူရှင်း…တော်ပြီ…” ရှီတန်ခိုးရှင် ဇူဆွန်က ပြောသည်။

ရီဖူရှင်းက ထရပ်သည်။ သူက ဇူဆွန်ကို ဦးညွှတ်ကာ ပြောသည်… “ကျွန်တော်က ဆရာနဲ့ ဒီကိစ္စကို ပြောပြီးပါပြီ… တော်ဝင်ကျဲ နန်းတော်က ကိုယ်ကျိုးအတွက် လုပ်နေတာ မဟုတ်ဘူး ဆိုတာ ကျွန်​တော်သိပါတယ်… မြေရိုင်းပြည်နယ်မှာ ရှန့်ထိုတစ်ပါးမွေးဖွားဖို့ အရေးကြီးနေတယ် ဆိုတာလည်း သိပါတယ်… ဒါပေမဲ့လည်း ဒီနည်းလမ်းက မှန်ကန်တယ်လို့ ကျွန်တော် မမြင်ဘူး…”

“ပိုင်လွေလီက ရှန့်ထိုဖြစ်ဖို့ ကံပါလာတယ်… ဒါဆိုရင် ဘာလို့ သူက ပြင်ပ အကူအညီကို လိုအပ်တာလဲ… သူက ကိုယ့်ကိုယ်ကိုယ် မာနမရှိဘူးလား…” ရီဖူရှင်းက ဇူဆွန်ကို ကြည့်ကာ မေးသည်။

“မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိတာ နှစ်တွေ အများကြီး ကြာခဲ့ပြီ… ဒီကိစ္စက မင်းထင်သလို မရိုးရှင်းဘူး…” ဇူဆွန်က လေးနက်စွာ ပြောသည်။

“မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိခဲ့တာ ကြာခဲ့ပြီ… ဒါပေမဲ့ ကျုပ်တို့ မျိုးဆက်က ဒီတာဝန်ကို ဖြစ်အောင် လုပ်ပေးနိုင်တယ်…ဘာလို့ ဒီလို မဟုတ်တဲ့ နည်းလမ်းတွေ သုံးရမှာလဲ…” ရီဖူရှင်းက ရှီတန်ခိုးရှင်ဇူဆွန်ကို တဲ့တိုးမေးသည်။

ရှီတန်ခိုးရှင် ဇူဆွန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “မင်းက ဒီလို ယုံကြည်ချက်ရှိတယ် ဆိုရင် ငါကလည်း မင်းကို ယုံကြည်ပေးနိုင်တယ်… ဒါပေမဲ့ မင်းအခု လုပ်ရမှာက ပထမတန်းစား နိုဘယ်ဖြစ်အောင် လုပ်ပြီး ရှီနန်းတော်ထဲကို ဝင်ဖို့ပဲ… ရှီအဆင့်ကို တက်လှမ်းပြီးမှ မင်းက ပိုင်လွေလီနဲ့ မင်းယွီတို့ လက်ထပ်ပွဲဟာ တစ်ကိုယ်ရေ အတ္တကြောင့် မဟုတ်ဘူးဆိုတာ နားလည်လိမ့်မယ်… ဒါက မြေရိုင်းပြည်နယ် တစ်ခုလုံးအတွက်ပဲ… မင်းရဲ့အစ်ကို၃ တစ်ယောက်တည်း အတွက်နဲ့ မင်းက ဒီကိစ္စကို မကန့်ကွက်သင့်ဘူး…”

ရီဖူရှင်း၏ စကားများက ရှီတန်ခိုးရှင် ဇူဆွန်ကို ပြောင်းလဲနိုင်စွမ်း ရှိပုံမရပေ။ လက်ထပ်ပွဲကိုလည်း တား၍ မရပေ။

ရီဖူရှင်းကလည်း သည်အချက်ကို သိနားလည်သည်။ သူက ထရပ်ကာ ပြောသည်… “ကျွန်တော့်ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲမှာ မဟုတ်ဘူး… ကျွန်တော်က ရှီမဟုတ်သလို ရှန့်ထိုလည်း မဟုတ်ဘူး… ဒီတော့ ကျုပ်က ကျုပ်ရဲ့ ရင်းနှီးတဲ့လူတွေရဲ့ ကိစ္စကို လျစ်လျူမရှုနိုင်ဘူး… သူတို့ကို ပြစ်ပယ်ပြီး ဘယ်လိုလုပ် မြေရိုင်းပြည်နယ် တစ်ခုလုံးအတွက် တွေးပေးလို့ရမှာလဲ… ကျုပ်က သာမန်လူ တစ်ယောက်ပါ… အကြီးအကဲတွေက ဘယ်လိုပဲ တွေးထင်ပါစေ… ကျုပ်က အစ်မ၂နဲ့ အစ်ကို၃အတွက် ဂရုစိုက်ရမှာပဲ… ဒါကြောင့်  ကျုပ်က ဒီလက်ထပ်ပွဲကို ဆက်ပြီး ကန့်ကွက်တယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset