လခြမ်းအိမ်တော်တွင် သူတို့က စကား ဝိုင်းဖွဲ့ပြောကြသည်။ ရွှီယီတို့ကလည်း အစ်မ၂က မည်သို့ စိတ်နေသဘောထား ရှိသည်ကို သိကြရာ ထပ်မံ၍ နားချခြင်း မပြုကြတော့ပေ။ သူတို့ မျှော်လင့်သည်ကား အစ်ကို၃က အချိန်မီ ရောက်လာရန်သာ…။
နဂါးပတ်တောင်တွင် ရွှမ်းဝူမြို့မှ အင်အားစုများစွာက ကျူးကော့မိသားစုကို လာရောက် လည်ပတ်နေကြသည်။ ကျူးကော့မိသားစုကလည်း လာရောက် လည်ပတ်သူများကို ဧည့်ခံပွဲ ကျင်းပနေသည်။ ပွဲစသောအခါ ကျူးကော့မင်းယွီတို့ကလည်း ဧည့်ခံပွဲသို့ ထွက်လာခဲ့ကြသည်။
ဧည့်ခံပွဲကျင်းပသော နေရာတွင် လူများ စည်ကားနေပြီ ဖြစ်သည်။ များစွာသော လူငယ်ပါရမီရှင်များ ပုဂ္ဂိုလ်ကြီးများက ရောက်ရှိနေကြကာ ရင်းနှီးသူများက အချင်းချင်း စကားစမြည် ပြောဆိုနေကြသည်။ ကျူးကော့မင်းယွီ ရောက်ရှိလာခြင်းက လူအများ၏အာရုံစိုက်မှုကို ရရှိပေသည်။
“ဂုဏ်ပြုပါတယ်… မိန်းကလေး မင်းယွီ…” လူအများအပြားက ထရပ်ကာ ဂုဏ်ပြုစကား ပြောကြသည်။ ကျူးကော့မင်းယွီကလည်း အားလုံးကို ပြုံးလျက် နှုတ်ဆက်သည်။
“အဖေနဲ့ ကျန်တဲ့လူတွေ မရောက်သေးဘူးလား…” ကျူးကော့မင်းယွီက ဘေးမှ အစေခံမိန်းကလေးကို မေးသည်။
“ကလန်ခေါင်းဆောင်က တခြား စီနီယာတွေနဲ့ လေပြင်းဆောင်မှာ အရေးကြီးကိစ္စတချို့ ဆွေးနွေးနေကြပါတယ်…” အစေခံ မိန်းကလေးက ပြောသည်။
“ကောင်းပြီ…” ကျူးကော့မင်းယွီက ခေါင်းညိတ်သည်… “ငါ့ကို ဒီမှာ စောင့်နေ… ငါသွားကြည့်လိုက်မယ်….”
“ကောင်းပြီ…” ရီဖူရှင်းတို့အုပ်စုက ခေါင်းညိတ်သည်။ သူတို့က ခုံဝိုင်းတစ်နေရာတွင် ဝိုင်းဖွဲ့ ထိုင်လိုက်ကြသည်။
လူအများအပြားက ရီဖူရှင်တို့အုပ်စုကို လှမ်းကြည့်ကြသည်။ တခြား ဧည့်သည်များကလည်း ရီဖူရှင်းတို့အုပ်စုကို မြင်သည်နှင့် နောက်ခံ အသိုင်းအဝိုင်း မြင့်မားသောနေရာမှ လာသူများ ဖြစ်ကြောင်း ပြောနိုင်ကြပေသည်။
ရီဖူရှင်းနှင့် ယူချင်းကား တော်ဝင်ကျဲနန်းတော်မှ ပါရမီရှင်အဆင့်၁နှင့် အဆင့်၂ ဖြစ်ကြသည်။ ဟွာဂျီယူကား ကောင်းကင်စိတ်ဝိညာဉ် ပညာရှင်ဖြစ်သည်။ ရွှီယီနှင့် ကျန်သောလူများပင်လျှင် သာမန်မဟုတ်ပေ။ ထို့အတူ အာခီမီမြို့စား၏သမီး ယူချီကိုလည်း သူတို့က မှတ်မိကြပေသည်။
ယူစီ၏သမီးနှင့် သမက်တို့ကလည်း ရောက်နေကြသည်။ သူတို့ကား ကျူးကော့မင်းယွီထက် မနိမ့်ကျသော အဆင့်အတန်းတွင် ရှိကြပေသည်။ သူတို့အပြင် တိမ်ဖြူမြို့မှ ဒုတိယသခင်လေး ပိုင်စီလည်း ဧည့်ခံပွဲ၌ ရှိနေပေသည်။
ရွှမ်းဝူမြို့မှ ကလန်များ၏ တပည့်များက ရီဖူရှင်းတို့ဘက်ကို ကြည့်ကာ ခွက်ကို မြှောက်ပြကြသည်။ လက်ရှိတွင် တော်ဝင်ကျဲနန်းတော်မှ ပါရမီရှင်အဆင့်၁နှင့် အဆင့်၂ကား မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် နာမည်ကျော်နေပြီ ဖြစ်သည်။
သို့သော်လည်း မည်သူကမှ သူတို့နှင့် တရင်းတနှီး စကား လာမပြောကြပေ။ ရီဖူရှင်းတို့က ပိုင်စီနှင့် မတည့်သည်ကို သူတို့ သိထားကြသည်။ သူတို့က နှစ်ဖက်လုံး၏မျက်နှာကို ကြည့်ရန်လိုအပ်ကာ မလိုအပ်သော ပြဿနာများကို ရှောင်ဖယ်ရပေမည်။ ထို့အတူ ကျူးကော့မိသားစုမှ လူငယ်မျိုးဆက်များ ကလည်း ရီဖူရှင်းကို သဘောမကျကြပေ။
“ငါတို့က မိန်းကလေး မင်းယွီကို ကိုယ်တိုင် တွေ့မြင်ကြရပြီ… သူမက တကယ်ပဲ ကောလာဟလတွေ အတိုင်း ချောတာပဲ… ပြီးတော့ မိန်းကလေး မင်းယွီကလည်း တန်ခိုးကျင့်ရာမှာ ပါရမီ အရမ်းကောင်းတယ်တဲ့… မိန်းကလေး မင်းယွီက ပိုင်လွေလီနဲ့ လက်ထပ်မည့်ကိစ္စက တကယ်ပဲ အားလုံး အားကျရတဲ့ကိစ္စပဲ…” တစ်ယောက်က ပြုံးလျက် ပြောသည်။
“ပိုင်လွေလီက ရှန့်ထိုဖြစ်လာဖို့ ကံပါတယ် ကြားတယ်… ဘယ်လိုပြောပြော သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်မြေရိုင်း အဆင့်၁၀ နေရာကို ရောက်လာခဲ့တာပဲ… ကောလာဟလတွေကလည်း အမှန် ဖြစ်လာနိုင်တယ်…”
“ဒါဆိုလည်း ငါတို့က တိမ်ဖြူမြို့က ရှန့်ထိုတစ်ပါး ပေါ်ထွက်လာတာကို မြင်ရပြီးတော့ ကျူးကော့အိမ်တော်က ရှန့်ထိုကို သမက် တော်ရတော့မှာပေါ့…” တစ်ယောက်က အရွှန်းဖောက်သည်။
“အမှန်ပဲ…” အားလုံးက ရယ်မော၍ ထောက်ခံကြသည်။
“ဘာအမှန်လဲ…” သေရည် သောက်နေသော လျိုဖန်းက ခွက်ကို စားပွဲပေါ်သို့ ပြင်းစွာ ဆောင့်ချလိုက်သည်။ သူကား အမှန်ပင် ဒေါသထွက်နေသည်။ သူက ဘာမှ မပြောသော်လည်း အနီးတဝိုက်မှ လူများက သူ၏ဒေါသကို ခံစားမိနေကြသည်။
လူအများအပြားက လျိုဖန်းကို ကြည့်ကြသည်။ ကျူးကော့မင်းယွီ၏ ဂျူနီယာက သည်ကိစ္စတွင် လွန်စွာ မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားပေသည်။ ကျူးကော့မိသားစုမှ လူများက မျက်မှောင်ကြုတ် လိုက်ကြသည်။ ရီဖူရှင်းတို့အုပ်စုက နောက်ခံအသိုင်းအဝိုင်း တောင့်တင်းသော်လည်း မည်သို့ဆိုစေ သူတို့က ကျူးကော့မိသားစု အိမ်တော်တွင် ဖြစ်သည်။ ယခု သူတို့က မည်သို့ လူအများရှေ့တွင် ရိုင်းစိုင်း ကြမ်းတမ်းရသနည်း။
“အစ်ကို ၅… သောက်ကြမယ်…” ဘေးမှ ရီဖူရှင်းက လျိုဖန်းကို ခွက်မြှောက်ပြသည်တွင် လျိုဖန်းကလည်း ခွက်ကို မြောက်ကာ သေရည်များကို တကျိုက်တည်း မော့လိုက်သည်။ သူ၏စိတ်က သည့်ထက် ပိုမိုကောင်းမွန်ရန် မရှိတော့ပေ။ အစ်မ၂က သူတို့အား သည်ကိစ္စတွင် ဝင်မပတ်သက်ရန် တားမြစ်ထားသည်။
ပိုင်စီကား တိတ်ဆိတ်စွာ သေရည် ထိုင်သောက်နေသည်။ သူ ဘာတွေးနေသည်ကို မည်သူမှ မသိကြပေ။
အဝေးမှ အသံများကို သူတို့ ကြားကြရသည်တွင် အားလုံးက လှမ်းကြည့်ကြသည်။ လူအျားအပြား ရောက်ရှိလာကြကာ ရှေ့ဆုံးမှ လျှောက်လာသူကား ရိုးရှင်းသော အဝတ်အစားနှင့် လူကြီးတစ်ယောက် ဖြစ်သည်။ သူကား ကျူးကော့မိသားစုခေါင်းဆောင် ကျူးကော့ချန်းဖန် ဖြစ်သည်။
ရီဖူရှင်းက ကျူးကော့ချန်းဖန်၏ ဘေးမှ လူကို သိပေသည်။ သူကား တော်ဝင်ရှီနန်းဆောင်မှ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်ကာ သူ့ဘေးတွင် ပိုင်လွေလီက လိုက်ပါလာသည်။ ကျူးကော့ခမ်ယန်နှင့် ကျူးကော့မင်းယွီတို့က သူမတို့၏ အဖေနောက်မှ လိုက်ပါ လာကြသည်။ ကျူးကော့ချန်းဖန်၏ ဘေးတွင် နောက်ထပ် ပုဂ္ဂိုလ်ကြီး တစ်ယောက် ပါလာပြီး သူကား တိမ်ဖြူမြို့စား၏ ညီအရင်းဖြစ်သူ ပိုင်ရီဖြစ်သည်။ မြို့စားက နောက်တစ်လတွင် ပြုလုပ်မည့် လက်ထပ်ပွဲအတွက် ပြင်ဆင်ရန် တိမ်ဖြူမြို့ကို ပြန်သွားသည်။ တခြားပါလာသူများက ရွှမ်ဝူမြို့မှ အင်အားစု ခေါင်းဆောင်များ ဖြစ်ကြသည်။
သူတို့က ဧည့်ခံပွဲကို ရောက်သည်တွင် အသင့်ပြင်ထားသော သီးသန့်နေရာများတွင် ထိုင်ကြသည်။ လူငယ်များကလည်း သူတို့ကို ဦးညွှတ်ကာ နှုတ်ဆက်ကြ၏။
“အားလုံး ထိုင်ကြပါ…” ကျူးကော့ချန်းဖန်က ပြောသည်တွင် အားလုံးက မိမိတို့နေရာတွင် ထိုင်လိုက်ကြသည်။
အားလုံးက ထိုင်ကြသည်။ ကျူးကော့ချန်းဖန်က လူငယ်များအား ကြည့်သည်တွင် ရီဖူရှင်းတို့အုပ်စုကို မြင်သည်။ သူက လှမ်းပြောသည်… “ဂျီယူ ပြန်ရောက်လာပြီပဲ… ရွှီယီကလည်း မြို့တော်ဝန်သမီးကို ခေါ်လာတာ မထင်မှတ်စရာပဲ… မင်းယွီ… ဂျီယူဘေးမှ ထိုင်နေတာက ရီဖူရှင်းဖြစ်ရမယ်.. ဟုတ်လား…”
ရွှီယီနှင့် လျိုဖန်းတို့က ကျူးကော့မိသားစုကို ရောက်ဖူးရာ ကျူးကော့ချန်းဖန်က သူတို့အား သိပေသည်။
“အမှန်ပါပဲ…” ကျူးကော့မင်းယွီက ခေါင်းညိတ်သည်။
ရီဖူရှင်းနှင့် ကျန်သော လူများအားလုံးက ထရပ်ကာ ဦးညွှတ်ကြသည်… “ကျွန်တော် ရီဖူရှင်းက ဦးလေးချန်းဖန်ကို နှုတ်ဆက်ပါတယ်…”
ကျူးကော့ရှင်းနှင့် အားလုံးက ရီဖူရှင်းကို ကြည့်ကြသည်။ သည်အကောင်က လူအများနှင့် ရင်းနှီးအောင် မည်သို့ လုပ်ရမည်ကို အမှန်သိပေသည်။ စတွေ့ချင်းပင် မိသားစု ခေါင်းဆောင်အား တရင်းတနှီး ဦးလေးဟု ညွှန်းဆို အသုံးပြသည်။
“အင်း… တကယ့်ကို ထူးခြားတဲ့ လူငယ်လေးပဲ… အနာဂတ်မှာ အောင်မြင်မယ့်ကလေးပဲ…” ကျူးကော့ချန်းဖန်က သဘောကျစွာ ပြောသည်။
“ကျေးဇူးပါ ဦးလေး…” ရီဖူရှင်းက ပြောသည်။ ကျူးကော့ချန်းဖန်ကခေါင်းညိတ်သည်တွင် ဘေးမှ စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲကို မေးသည်… “ဒီကလေးက တတိယတန်းစား နိုဘယ်အဆင့်နဲ့ ပါရမီရှင်အဆင့်၁နေရာကို ရခဲ့တယ်လို့ ကျုပ်တို့ကြားတယ်… ဒါ မှန်လား…”
တော်ဝင်ရှီနန်းဆောင်မှ တန်ခိုးရှင်၏နာမည်က ဇူဆွန်ဖြစ်သည်။ သူက ပြုံးလျက်ပင် ခေါင်းညိတ်သည်… “အမှန်ပဲ… ဒီကလေးက တိုက်ခိုက်ရေး ရှီနန်းဆောင်မှာ လေ့ကျင့်ပြီးတော့ ရှီတန်ခိုးရှင် ထောင်ကျန်းရဲ့ လက်ရင်းတပည့်ပဲ… အစ်ကိုကြီးက နန်းဆောင်သခင်တွေအကုန်လုံးကို ဆင့်ခေါ် ဆွေးနွေးပြီးတော့ သူ့ကို ရှီနန်းတော်ကို ဝင်ခွင့်ပေးဖို့ ဆွေးနွေးခဲ့တယ်… သူက တခြားလူတွေနဲ့မတူဘဲ ထူးထူးခြားခြား ပါရမီမြင့်တဲ့ကလေးပဲ…”
“ဒီမျိုးဆက်က တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်…” ကျူးကော့ချန်းဖန်က ပြုံးလျက် ပြောသည်… “ထိုင်ကြပါ…”
ရီဖူရှင်းနှင့် ကျန်သောလူများက ထိုင်လိုက်ကြသည်။ များစွာသော ပုဂ္ဂိုလ်ကြီးများက ပိုင်လွေလီနှင့် ကျူးကော့မင်းယွီကို ကြည့်ကြသည်။ သူတို့ကား မကြာခင် လက်ထပ်ကြတော့မည့် စုံတွဲဖြစ်သည်။
“မြေရိုင်းပြည်နယ်က လူတွေအများကြီးက ကျုပ်အစ်ကိုနဲ့ မိန်းကလေးမင်းယွီ လက်ထပ်တာကို တွေ့မြင်လိုကြတယ်… အခု တစ်စုံ တစ်ယောက် ဒီကိစ္စကို မကျေမနပ်နဲ့ ပြောနေတာ ကျုပ်ကြားတယ်…” ပိုင်စီက ရုတ်တရက် ပြောသည်။ လူအများအပြားက မျက်မှောင်ကြုတ် လိုက်ကြသည်။ ကျူးကော့မိသားစု အကြီးအကဲ တစ်ယောက်က ပြောသည်… “ကျူးကော့မိသားစုက လူတွေအကုန်လုံးက ဒီကိစ္စကို သဘောကျတယ်.. ဘယ်သူက ဒီလို ပြောရဲတာလဲ…”
ပိုင်စီက ရီဖူရှင်းအား မျက်လုံး ထောင့်ကပ်ကာ ကြည့်သည်။
***