ဗုဒ္ဓဂိုဏ်းတော်၏ အာကာသနတ်ဘုရားအဆင့်ပညာရှင်နှစ်ဦးကား သေဆုံးသွားလေပြီ။ နေမဝင်အင်ပါယာရှိဟွမ်းယီထုံနှင့်ဟွမ်းထျန်းမင်တို့ကလည်း ချန်းယွမ်အဆင့်မျှသာရှိသေးသည်ဖြစ်ရာ လုချန်ရှန်းကိုမခြိမ်းခြောက်နိုင်ပေ။
လက်ရှိအချိန်မှာ အထက်ဘုံမှဆင်းသက်လာသောပုံရိပ်ယောင်တစ်ခုတည်းကသာ အနည်းငယ်ခွန်အားသန်မာခြင်းဖြစ်၏။ ထိုလူက သူ့ထက်ပိုအားကောင်းလိမ့်မည်ဟု လုချန်ရှန်းမထင်ပေ။
အကယ်၍ ထိုလူသာ သူ့ထက်အားကောင်းနေပါလျှင် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားကို သူတိုက်ခိုက်လိုက်စဉ်က ထိုလူ သူ့အားတားဆီးလာလိမ့်မည်သာဖြစ်၏။
သို့သော် တစ်ဖက်လူမှာ တုံ့ပြန်ဖို့ပင်အခွင့်အရေးမရလိုက်ပေ။
တစ်နည်းဆိုရသော် ထိုလူမှာ လုချန်ရှန်းထက် ပိုအားနည်းနေသည်။ ခေါက်ယပ်တောင်ကိုင်ထားသောလူကို ရုတ်တရက်တိုက်ခိုက်လိုက်ခြင်းမှာ သူ့ဒေါသများကို ဖွင့်ထုတ်လိုက်ရုံသာမကဘဲ ထိုပုံရိပ်ယောင်၏ခွန်အားကိုစမ်းသပ်ချင်သောကြောင့်ပင်။
လုချန်ရှန်း၏မာနထောင်လွှားလေဟန်စကားများကိုကြားသောအခါ ထိုလူ မျက်နှာပျက်သွားလေသည်။ သို့သော် ငြင်းလည်းမငြင်းလာချေ။
မည်သို့ပင်ဖြစ်စေ သူပြောသွားသည့်စကားက အမှန်တရားများပင်။
ထိုလူက မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့်ပြောလာလေသည်။
“ငါဘယ်ကလာခဲ့တယ်ဆိုတာကို မင်းသိမှာပါ”
“မင်းကသိပ်သန်မာတယ်ဆိုပေမဲ့ တစ်ယောက်တည်းအားပဲရှိတာ။ အထက်ဘုံကလူတွေဆင်းသက်လာတဲ့အချိန်ကျရင် မင်း ခံနိုင်ရည်ရှိမှာလား”
လုချန်ရှန်း အပြုံးလေးဖြင့်ပြောလိုက်လေသည်။
“ကြုံလာသမျှကိုကြံ့ကြံ့ခံရင်ဆိုင်ရမယ်ဆိုတဲ့စကားလည်းရှိတာပဲ”
“ပြီးတော့ ခင်ဗျားလည်း အခုဒီနေရာမှာရှိမနေဘူးမလား”
ထိုအချိန်အတိုင်းအတာလေးအတွင်းမှာ ကြိုတင်ပြင်ဆင်မှုများလုပ်ဖို့လုံလောက်သည်။
ဥပမာအားဖြင့် စံအိမ်တော်ကိုပြန်ပြီး ငရဲကိုးဘုံအစီအရင်ကိုအားဖြည့်သင့်သလား။
လုချန်ရှန်း၏အတွေးကိုသာ မိုးမခပင်ကြီးသိပါက ပြောစရာစကားမဲ့သွားလိမ့်မည်သာ။ ဤအဖြစ်မှာ ခြင်လေးတစ်ကောင်ကို အမြောက်နှင့်ပစ်နေသလိုဖြစ်နေပေလိမ့်မည်။
ခွန်အားတစ်ကြိမ်တိုးမြှင့်ထားသော ငရဲကိုးဘုံအစီအရင်၏စွမ်းအားမှာ အနည်းဆုံး ၄၀ရာခိုင်နှုန်းခန့်မြင့်တက်ထားပြီးသားပင်။ နောက်တစ်ကြိမ်သာ ခွန်အားတိုးမြှင့်လိုက်ပါလျှင်….
သူ တစ်လောကကလုံးကို ဖျက်ဆီးပစ်ချင်နေတာများလား။
ထိုပုံရိပ်ယောင်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့်ပြောလာလေသည်။
“ကောင်းပြီလေ။ ဒီလိုဆိုမှတော့ ငါတို့တွေ့ကြသေးတာပေါ့”
“ဒါပေမဲ့ မင်းရဲ့ရည်ရွယ်ချက်က တကယ်ပဲဘာများလဲ”
ပြဿနာကား တစ်ပတ်လည်လာပြန်လေပြီ။ ခေါက်ယပ်တောင်ကိုင်ထားသောလူကလည်း ဤမေးခွန်းကိုမေးခဲ့ပြီးပြီ။ ယခုလည်း ထိုပုံရိပ်ယောင်က ထပ်မေးနေပြန်လေပြီ။
ရည်ရွယ်ချက်လား။
ဘုံလောက၏နှလုံးသားဗဟိုချက်ကို လုချန်ရှန်း ရုတ်တရက်သတိရလိုက်မိသည်။ သူပြောလိုက်သောစကားများလည်း မှတ်မိနေသေးသည်။
သူတို့၏ရည်ရွယ်ချက်က ဘုံလောက၏နှလုံးသားဗဟိုချက်များဖြစ်နေလေမလား။
လုချန်ရှန်းအနေနှင့် ထိုနှလုံးသားဗဟိုချက်ရှိရာနေရာအတိအကျကိုတော့ သေချာပေါက်မဖော်ထုတ်နိုင်ပေ။
ထို့ကြောင့် သူပြုံးလျက်ပြောလိုက်သည်။
“ရည်ရွယ်ချက်လား။ ကျုပ်ကတော့ စောစောအိပ်စောစောထပြီး နေရောင်ခံချင်တာပါပဲ”
ထိုစကားကိုကြားသော် ထိုပုံရိပ်ယောင်က အေးတိအေးစက်လှောင်ပြောင်လေသည်။ ထို့နောက် လက်ကိုဝှေ့ယမ်း၍ ပျောက်ကွယ်သွားလေသည်။
ထိုလူ၏လည်ပင်းထက်ရှိကျောက်စိမ်းဆွဲပြားလေးလည်း ကွဲကြေသွားရှာသည်။
ကန့်သတ်လွန်နယ်မြေမှရောက်လာသောပုံရိပ်ယောင်၏ဝန်မှာ ထိုကျောက်စိမ်းဆွဲပြားလေးအဖို့များလွန်းနေသည်။ ဝိညာဉ်ရေးရာစွမ်းအင်ကလည်း အလွန်ကုန်လွယ်လှသည်။
ထိုအခြင်းအရာကိုမြင်သော လုချန်ရှန်းက တစ်ဖက်ကိုလှည့်ပြီး ဟွမ်းယီထုံနှင့်ဟွမ်းထျန်းမင်တို့ကိုကြည့်လိုက်သည်။
နေမဝင်အင်ပါယာကား ယနေ့မှာပင် ဖျက်ဆီးခံရပေတော့မည်။
သူတို့အနေနှင့် လုချန်ရှန်းကိုခုခံတိုက်ခိုက်ဖို့ အခွင့်မသာကြောင်း ဟွမ်းယီထုံသိလေသည်။
သို့သော် ဘုရင်တစ်ပါးအနေနှင့် သေရေးရှင်ရေးအခြေအနေမှာတောင် တည်ငြိမ်နေဖို့လိုအပ်သည်။ တစ်ဖက်တွင်မူ ဟွမ်းထျန်းမင်ကား ကြောက်ရွံ့ထိတ်လန့်နေသည်။
အစီအရင်မှဖောက်ထွက်လာပြီးနောက် ယခုလိုအခြေအနေကိုရောက်ဖို့ အလွန်အားစိုက်ခဲ့ရသည်။ သူ့မဟာအကြံအစည်ကြီးကို အကောင်အထည်မဖော်နိုင်ခင်မှာပင် သူသေရပေတော့မည်။ သူ့ဘက်က သေဖို့လိုလားသည်ဟုဆိုပါက လိမ်ရာကျနေလိမ့်မည်ဖြစ်၏။
လုချန်ရှန်းလည်း သူတို့နှစ်ယောက်ကိုစိုက်ကြည့်လိုက်ပြီးနောက် ယဲ့ချိုးပိုင်ကို ပြန်လှည့်ကြည့်လိုက်သည်။
“ဒါကိုအဆုံးသတ်ဖို့အချိန်ကျပြီ။ ဒီနှစ်ယောက်ကို မင်းကိုပဲအပ်လိုက်တော့မယ်။ အဆင်ပြေတယ်မလား”
ယဲ့ချိုးပိုင်တွေ့ကြုံခံစားခဲ့ရသောကိစ္စပေါင်းများစွာက နေမဝင်အင်ပါယာမှမြစ်ဖျားခံခြင်းဖြစ်၏။
သူနှင့်နေမဝင်အင်ပါယာကြားရှိရန်ငြိုးမှာ ညှိနှိုင်း၍မရနိုင်တော့သောအရာပင်။ သူသေကိုယ်သေတိုက်ကြဖို့သာရှိတော့သည်။
နေမဝင်အင်ပါယာက ယဲ့ချိုးပိုင်၏နှလုံးသားထဲရှိအထုံးတစ်ခုဖြစ်ခဲ့သည်။ ထိုအထုံးကိုသာမဖြေနိုင်ပါက သူလည်း အေးဆေးသက်သာစွာနေထိုင်နိုင်မည်မဟုတ်။
ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်လည်းခေါင်းညိတ်ပြလိုက်သည်။ ဤသည်မှာ သူ့ကိစ္စသာဖြစ်၏။
ထိုအထုံးကိုဖြေဖို့ သူ့လက်ထဲရှိဓားကိုအသုံးပြုလိုက်သည်။
သူဟာ မှော်နက်မိစ္ဆာဓားကိုကိုင်စွဲ၍ ဟွမ်းယီထုံကိုကြည့်လိုက်သည်။
ဟွမ်းယီထုံကလည်း အပြုံးလေးဖြင့်ပြောလာချေသည်။
“အောင်နိုင်သူကဆက်ရှင်သန်ပြီး ရှုံးတဲ့လူ သေရစမြဲပဲ။ ငါ ဘာအမှားမှမလုပ်ခဲ့ဘူးလို့ထင်တာပဲ။ ငါ့ရဲ့တစ်ခုတည်းသောအမှားက မင်းအရွယ်ရောက်မလာခင် မသတ်ခဲ့မိတာပဲ”
ဟွမ်းယီထုံက ဘုရင်တစ်ပါးဖြစ်ဖို့ အရည်အချင်းပြည့်မီသည်။ သူ့အုပ်ချုပ်မှုအောက်တွင် နေမဝင်အင်ပါယာက မြောက်ပိုင်းနယ်မြေတွင် နံပါတ်တစ်ဖြစ်ခဲ့သည်။
သူလုပ်ခဲ့သမျှအရာတိုင်းကိုလည်း သေချာစဉ်းစားချင့်ချိန်၍လုပ်ခဲ့ခြင်းပင်။
ယဲ့ချိုးပိုင်၏ဖြစ်ရပ်မှာတော့ နေမဝင်အင်ပါယာ၏အင်အားစုက ယဲ့ချိုးပိုင်၏ကျောထောက်နောက်ခံအင်အားစုများထက် မသာလွန်ခဲ့ခြင်းကြောင့်ဟုဆိိုနိုင်လေသည်။
ဟွမ်းယီထုံကိုကျဆုံးခန်းရောက်စေခဲ့သော လုချန်ရှန်းကိုတော့ ပြောနေစရာပင်မလိုပေ။
အခြားအရာများကိုဘေးဖယ်ထားလိုက်လျှင်ပင် ယဲ့ချိုးပိုင်လည်း ဟွမ်းယီထုံ၏စကားကို လက်ခံသည်။
သူသည် အရည်အချင်းပြည့်မီသောဘုရင်တစ်ပါးဖြစ်သည်။ သူ့သားတော်က သူ့အားလိမ်လည်လှည့်စားခဲ့ရုံသာရှိ၏။
ဟွမ်းယီထုံကဆက်ပြောသည်။
“ဒါပေမဲ့ ဘုရင်တစ်ပါးအနေနဲ့ မင်းဖြစ်စေချင်သလိုဖြစ်ခွင့်ပေးမှာမဟုတ်ဘူး”
ဤသို့ဖြင့် သူက ယဲ့ချိုးပိုင်ဆီသို့ လက်ဦးမှုရယူ၍ချီတက်လာသည်။ သူ့ခွန်အားအလုံးစုံကိုလည်း ထုတ်သုံးထားသည်။
ယဲ့ချိုးပိုင်ကလည်း မှော်နင်မိစ္ဆာဓားကိုကိုင်စွဲ၍ ရှေ့ကိုချီတက်လာသည်။ ဓားရိုးက်ုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်၍ မိစ္ဆာချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ပေသည်။
ထို့နောက် သူ့ဓားဖြင့်ရိုက်ချလိုက်သည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏အဋ္ဌမမြောက်သိုင်းကွက်ပင်။
ခြိမ်းခြောက်နေသောအငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် မှော်နက်ဓားချက်တစ်ချက်က ဟွမ်းယီထုံဆီသို့သက်ဆင်းသွားသည်။ ဟွမ်းယီထုံကတော့ နောက်ပြန်မဆုတ်ချေ။
ဘုရင်တစ်ပါး၏အရှိန်အဝါမှာ ခေါင်းစခြေဆုံးဝေ့ဝဲနေလေသည်။ ထို့နောက် ဘုရင့်အရှိန်အဝါများက ဟွမ်းယီထုံ၏လက်သီးဆုပ်ကို လွှမ်းခြုံပစ်လိုက်လေတော့သည်။
ထို့နောက် မှော်နက်ဓားချက်ကြီးဆီကိုဦးတည်၍ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
သို့သော် လက်ရှိအချိန်တွင် ယဲ့ချိုးပိုင်မှာ အာကာသနတ်ဘုရားအဆင့်ပညာရှင်များကိုပင် ခုခံနိုင်နေလေပြီဖြစ်ရာ ဟွမ်းယီထုံအနေနှင့် သူ့အား မည်သို့ယှဉ်နိုင်မည်လဲ။
အံ့သြစရာမရှိပါပေ။
ဘုရင့်အရှိန်အဝါများပြည့်နှက်နေသောလက်သီးဆုပ်ကြီးကို မှော်နက်မိစ္ဆာအရှိန်အဝါတစ်ခုက ရုတ်ခြည်းလွှမ်းမိုးပစ်လိုက်လေသည်။ ၎င်းမှာ စတင်တိုက်စားပါလေတော့သည်။ ထို့နောက် လက်သီးချက်၏အင်အားထုကိုပါ တိုက်ထုတ်ပစ်လိုက်သည်။
မှော်နက်ဓားချက်ကတော့ ရပ်တန့်မသွားဘဲ ဟွမ်းယီထုံ၏ခန္ဓာကိုယ်ကိုထိုးစိုက်ပစ်လိုက်ချေသည်။
ဟွမ်းယီထုံ၏မျက်ဝန်းအစုံကား ငြိမ်သက်သွားလေသည်။ သူ့အရှိန်အဝါလည်း မှေးမှိန်သွားသည်။ သို့သော် ဟွမ်းယီထုံကတော့ သေတော့မည့်ဆဲဆဲမှာပင် မည်သည့်အကြောက်တရားကိုမှ မဖော်ထုတ်လာခဲ့ပေ။
ထိုအစား သူက ရယ်ရုံသာရယ်လျက် ပြောလာ၏။
“ဒီဘဝတော့ ဒီမျှနဲ့လုံလောက်ပါတယ်”
သူ့စကားအဆုံးမှာပင် ဟွမ်းယီထုံ၏ခန္ဓာကိုယ်ကား ကြမ်းတမ်းရက်စက်သောမှော်နက်ချီစွမ်းအင်များ၏တိုက်စားခြင်းကို ခံနေရသည်။ သူ့ခန္ဓာကိုယ်ပင် ကြွင်းကျန်ခဲ့ခြင်းမရှိပေ။ သူကား လုံးဝသေသွားပြီဖြစ်၏။
ဟွမ်းယီထုံ သေဆုံးသွားသောကြောင့် နေမဝင်အင်ပါယာ၏ကြောက်ခမန်းလိလိနဂါးစွမ်းအင်လည်း တဖြည်းဖြည်းပပျောက်သွားလေ၏။
အင်ပါယာအစောင့်များနှင့် ကြည်ညိုခံအကြီးအကဲများကလည်း ထိုနဂါးအရှိန်အဝါမရှိတော့ကြောင်း ခံစားလိုက်ရလေရာ သူတို့မျက်နှာထက်တွင် အကြောက်တရားများကြီးစိုးသွားကြသည်။
သူတို့အားလုံး ဒူးထောက်ချ၍ နေမဝင်အင်ပါယာ၏နန်းတော်တည်ရှိရာနေရာကို မျက်နှာမူလိုက်ကြသည်။
သူတို့၏ဘုရင်ကြီး နတ်ရွာစံသွားပြီဖြစ်ကြောင်း သူတို့သိလိုက်သည်။
ဟွမ်းယီထုံကိုသတ်ပြီးနောက်တွင် ယဲ့ချိုးပိုင်၏အရှိန်အဝါမှာ မြင့်တက်စပြုလာလေသည်။ အဆင့်တက်လှမ်းဖြတ်ကျော်ခြင်းစစ်စစ်ပင်။
သူသည် ချန်းယွမ်အဆင့်လက်တစ်ကမ်းကို တစ်ချီတည်းဖြင့် မြင့်တက်သွားခြင်းဖြစ်၏။ နေမဝင်အင်ပါယာကား အမည်ခံမျှသာရှိတော့သည်ဖြစ်ရာ ယဲ့ချိုးပိုင်၏နှလုံးသားထဲရှိအထုံးလည်း ပြေလျော့သွားပြီဖြစ်၏။
ထို့နောက် သူ တစ်ဖက်ကိုလှည့်လိုက်ပြီး အရှိန်အဝါများအကြားပိတ်မိနေသောဟွမ်းထျန်းမင်ကို ကြည့်လိုက်၏။ သူတစ်ယောက်သာကျန်ရစ်တော့သည်။
သူ ဟွမ်းထျန်းမင်ကိုသတ်လိုက်သည်နှင့် သူ့နှလုံးသားထဲရှိအထုံးလည်း လုံးဝပျောက်ပျက်သွားမည်သာ။
ထိုကိစ္စနှင့်ပတ်သက်ပြီး သူများများစားစားတွေးမနေသလို ပြောလည်းမပြောတော့ချေ။
သူ ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်ပြီး ဟွမ်းထျန်းမင်ဆီသို့ချီတက်သွားလိုက်သည်။ ထို့နောက် သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားဖြင့် ခုတ်ချလိုက်သည်။
ဟွမ်းထျန်းမင်၏သူငယ်အိမ်တို့ ကျဉ်းမြောင်းသွားရသည်။ ယဲ့ချိုးပိုင်၏ဓားချက်ဖြင့် သူသေရတော့မည်ဟုထင်လိုက်မိသည်။
သို့သော် သူ့အပေါ်ဖိစီးထားသောအရှိန်အဝါက ရုတ်ခြည်းပျောက်ကွယ်သွားလေသည်။
လုချန်ရှန်းအနေနှင့် သူ့ချီစွမ်းအင်များကိုပြန်ရုပ်သိမ်းလိုက်ခြင်းမှာ ဟွမ်းထျန်းမင်ကိုလွှတ်ပေးချင်သောကြောင့်မဟုတ်ဘဲ ယဲ့ချိုးပိုင်ကိုယ်တိုင် ဟွမ်းထျန်းမင်ကိုသတ်စေချင်သောကြောင့်ပင်။
သူ့ကိုယ်ပိုင်အစွမ်းအစဖြင့် ဟွမ်းထျန်းမင်ကိုသုတ်သင်လိုက်မှသာ ယဲ့ချိုးပိုင်၏နှလုံးသားထဲရှိအထုံးက လုံးဝပြေပျောက်သွားမည်ဖြစ်၏။
သို့မှသာ သူလည်း ပြာပုံထဲက တစ်ဖန်ပြန်လည်မွေးဖွားလာနိုင်မည်ဖြစ်၏။
💛
T
good