တစ်ခါတလေ၌ တချို့လူများက ခွန်အားသန်မာမှုမရှိသည့်တိုင် ရှေ့ထွက်လာချင်ဆဲသာ။ သို့သော် အသက်ပေးရမည်ဆိုလျှင်ပင် တန်ရာတန်ကြေးတော့ ပြန်ပေးဆပ်ရလိမ့်မည်သာ။
ဗုဒ္ဓဂိုဏ်းတော်မှအဘိုးကြီးလည်း ထိုနည်းလည်းကောင်းပင်။ သို့သော် သူ့မှာ ရွေးချယ်စရာလည်းမရှိ။
သူသာရှေ့မထွက်ဘဲ ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားကိုအသေခံလိုက်ပါက ဗုဒ္ဓဂိုဏ်းတော်အနေနှင့် နှစ်ပေါင်းသောင်းနှင့်ချီ၍ပြင်ဆင်ထားခဲ့ရသမျှ တစ်ချီတည်းပျက်စီးရပေတော့မည်။
ထိုသို့ဆိုလျှင် အရာရာအချည်းနှီးသာ။
ဗုဒ္ဓဂိုဏ်းတော်၏အကျိုးကိုမျှော်ကိုး၍ သူ့အသက်ကိုပေးဆပ်ရမည်သာဖြစ်၏။ ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားကိုကယ်တင်ဖို့ အသေခံခဲ့သည်။
ထိုသို့ဆိုပါက ခေါက်ယပ်တောင်နှင့်အမျိုးသား သေသွားသည့်တိုင်အောင် အထက်ဘုံမှလူများက ဗုဒ္ဓဂိုဏ်းတော်ကို ကန်ထုတ်တော့မည်မဟုတ်။ ဤပေးဆပ်မှုအတွက် သူတို့က ဗုဒ္ဓဂိုဏ်းတော်ကိုကူညီပေးလိမ့်ဦးမည်သာ။
ထိုအဘိုးကြီးမှာ ငတုံးငအမဟုတ်ပေ။ ဗုဒ္ဓဂိုဏ်းတော်၏အကျိုးကြောင့် သူ့ကိုယ်သူစတေးလိုက်ခြင်းဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဂိုဏ်းတော်ဟာ ဟိုးပဝေသဏီကတည်းက တည်ရှိလာခဲ့ခြင်းပင်။ အကြီးအကဲပိုင်းများအနေနှင့် ဂိုဏ်းတော်အပေါ် အလွန်အမင်းသစ္စာစောင့်သိကြသည်။ မဟုတ်ပါက ဤမျှအချိန်ကြာသည်အထိ တည်မြဲနေစရာအကြောင်းမရှိပေ။
သစ္စာတရားနှင့် ခိုင်မာသောစိတ်ထားမရှိသောဂိုဏ်းတစ်ဂိုဏ်းအနေနှင့် ဤမျှခရီးပေါက်လာလိမ့်မည်မဟုတ်။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက ထိုအဘိုးကြီးအသတ်ခံလိုက်ရကြောင်း မြင်လိုက်သည်။
ဆူနာမီလှိုင်းလုံးကဲ့သို့သော အရှိန်အဝါတစ်မျိုးက သူ့ဆီသို့တိုးဝင်လာလေရာ သူ့အမူအရာလည်း သိသိသာသာပြောင်းလဲသွားတော့သည်။ သူ့မျက်ဝန်းထဲမှာလည်း ကြောက်ရွံ့မှုအရိပ်အယောင်တို့က အထင်းသား။
လက်ရှိအချိန်တွင် သူ့ကို ထိုအရှိန်အဝါကဖိနှိပ်ထားလေရာ ဘာမှလုပ်နိုင်စွမ်းမရှိတော့သဖြင့် ကြောက်လန့်နေမိသည်။ ခုခံဖို့ရာလည်း အခွင့်အရေးမရှိ။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားခမျာ ထိုအရှိန်အဝါ၏ဖိနှိပ်ခြင်းကို အလူးအလဲခံစားနေရသည်။ လျှပ်တပြက်အတွင်းမှာပင် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသား၏သူငယ်အိမ်ကျဉ်းမြောင်းသွားပြီး မျက်လုံးတို့ပြူးကျယ်လာသည်။
သူက သွေးအမြုတေတစ်ပွက်စာကိုအန်ထုတ်လိုက်ပြီး မြေပြင်ပေါ်ကိုဖိချခံလိုက်ရသည်။
လုချန်ရှန်းက တခစ်ခစ်ရယ်လိုက်လေသည်။
“မင်းက တော်တော်လေးအားနည်းနေတာတောင်မှ လေလုံးထွားချင်နေတုန်းပဲ။ မင်းတို့ဗီလိန်တွေက ဒါကြောင့်ပဲ ဒုက္ခလှလှတွေ့ရတာ”
ထို့နောက် ထိုလူ့အပေါ်သို့ အရှိန်အဝါများကိုဖြန့်ကြက်လိုက်ပေသည်။ ထိုဖိအားက သူ့ကျောပေါ်ကို တောင်ကြီးတစ်တောင်ဖိချထားသည့်အလားပင်။
သူ့ခန္ဓာကိုယ်ရော ကိုယ်တွင်းအင်္ဂါများပါ ဆုပ်ညှစ်ခံနေရပေသည်။ သူ့အရိုးများကလည်း တကျိကျိမြည်နေချေသည်။ တကယ်တမ်းတွင် ခြေလက်အရိုးများကတော့ ကျိုးသွားပြီးဖြစ်၏။
သူ့ခန္ဓာကိုယ်မျှခြေလည်း ပျက်စီးသွားလေပြီ။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားလည်း ကြောက်ရွံ့သွားရှာလေသည်။ သေခြင်းတရား၏အကြောက်တရားကို သူအမှန်တကယ်မြည်းစမ်းခိုက်ရသည်။
သူ့ရှေ့ရှိပုံရိပ်ယောင်က သူ့ကိုတကယ်သတ်ပစ်လောက်သည်ဟု ခံစားမိနေသည်။
သူသာ် အထက်ဘုံ၏ပါရမီရှင်တစ်ယောက်ပင်။ သူသာ ဤနေရာမှာမသေဆုံးခဲ့ပါလျှင် အထက်ဘုံ၏အထွတ်အထိပ်အထိတက်လှမ်းနိုင်လိမ့်မည်။ ပိုမိုအားကောင်းသောအဆင့်များကိုလည်း တက်လှမ်းနိုင်ပြီး ပိုမိုကျယ်ပြန့်သောကျင့်ကြံရေးအမွေအနှစ်များကို အရယူနိုင်လိမ့်မည်ဖြစ်၏။
သိုင်းပညာမထွန်းကားသောနယ်မြေ၌ သူ ဘယ်လိုလုပ်သေနိုင်မည်တဲ့လဲ။
“စီနီယာ… စီနီယာ.. ဒါက ဒါကကျွန်တော့်အမှားပါ။ ကျွန်တော်က ဒီဘုံလောကကို စီနီယာဘာလာလုပ်တာလဲလို့ပဲသိချင်တာပါ။ အဲ့ဒါပါပဲ… ကျွန်တော့်မှာ မကောင်းတဲ့ရည်ရွယ်ချက်ရယ်လို့မရှိပါဘူး”
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားခမျာ သေခြင်းတရားနှင့်လက်တစ်ကမ်းအလိုကိုရောက်ရှိနေပြီဖြစ်ရာ သူ့ကိမခြိမ်းခြောက်နိုင်တော့ပေ။ သို့တိုင် သူက အတွန့်တက်နေဆဲပင်။
သူ့ဦးနှောက်ချောင်နေတာများလား…
“အသက်ချမ်းသာပေးပါ စီနီယာ”
သူ့ခမျာ မတတ်သာဘဲ ခေါင်းငုံ့တိုးလျှိုးရုံသာတတ်နိုင်လေသည်။ သူ့အသက်ကို အရင်ကယ်ပြီးမှ ကျန်တာဆက်စဉ်းစားရမည်ဖြစ်၏။
လုချန်ရှန်းကတော့ မျက်ဆန်လှန်လိုက်မိသည်။ ယခုလိုရူးမိုက်သောလုပ်ရပ်မျိုးကို သူလုပ်မှာမဟုတ်ပေ။
“အသက်ချမ်းသာပေးရမှာလား။ ငါ့ကိုလက်စားချေဖို့ မင်းလူတွေခေါ်လာတာကိုထိုင်စောင့်နေမှာလား။ ငါ့ကို ငတုံးများအောက်မေ့နေလား”
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသား : “…”
သူကိုယ်တိုင်လည်း ထိုစကားများကရူးမိုက်လှကြောင်းခံစားမိသည်။ သူသာဆိုလျှင် ကျားတစ်ကောင်ကို သူ့ဂူထဲသို့ပြန်ခွင့်ပေးမည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ လုချန်ရှန်း၏မျက်လုံးထဲတွင် သူက ကျားတစ်ကောင်ပင်မဟုတ်ချေ။
လုချန်ရှန်း အချိန်ထပ်မဖြုန်းချင်တော့ပေ။ ထို့ကြောင့် လက်ဆန့်ထုတ်လိုက်ပြီး လက်ဝါးတစ်ဖက်ကိုဖိချလိုက်သည်။
အရှိန်အဝါများမှာ ပိုမိုသိပ်သည်းပြီး ပိုအားကောင်းလာသည်။ သူ့အရှိန်အဝါကြောင့် ပတ်ပတ်လည်ရှိမြေပြင်မှာ ကျွံဝင်သွားလေသည်။ အက်ကွဲကြောင်းများက နေရာအနှံ့ပေါ်ပေါက်လာသည်။
ထိုအက်ကွဲကြောင်းများက နေမဝင်အင်ပါယာ၏ အင်ပါယာမြို့တော်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ အင်ပါယာမြို့တော်တစ်ခုလုံး တုန်ခါသွားပြီး မြေပြင်မှာ ဆက်တိုက်အက်ကွဲနေသည်။
အိမ်များလည်းပြိုကျသွားပြီး အင်ပါယာမြို့တော်ရှိလူတိုင်းခမျာလည်း ကြောက်လန့်တကြားဖြင့် မတ်မတ်ပင်မရပ်နိုင်တော့ချေ။
ငလျင်ကြီးတစ်ခုလှုပ်နေသည့်အလားပင်။
လူတိုင်း နန်းတော်တည်ရှိရာနေရာကို လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာတွင် ရုတ်ရုတ်သဲသဲဖြစ်နေကြခြင်းဖြစ်၏။
ဘယ်သူပါလိမ့်။ တိုက်ပွဲလေးတစ်ခုက ဒီလိုရုတ်ရုတ်သဲသဲဖြစ်သွားအောင်လုပ်နိုင်တယ်ပေါ့လေ…
အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ပင် သည်လောက်အထိလုပ်နိုင်မည်မထင်။
ထိုအမူအရာကိုမြင်သောအခါ ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် နင်းချန်ရှင်းတို့၏အမူအရာများ ပြောင်းလဲသွားလေသည်။ သူတို့ စိတ်ထဲကသာတိတ်တိတ်လေးသက်ပြင်းချလိုက်မိသည်။
သူ့မှာ ယခုလိုအစွမ်းမျိိုးရှိလျှင်လည်း စောစောကချပြခဲ့သင့်သည်။ သို့သော် စံအိမ်တော်ထဲမှာသာ ငါးဆားနယ်တစ်ကောင်လို လဲလျောင်းနေခဲ့သည်။
သို့သော်ငြား ယခုလိုစိတ်နေစိတ်ထားမျိုးရှိလို့လည်း သူတို့ဆရာ အလွန်အစွမ်းထက်နေခြင်းဖြစ်ပေလိမ့်မည်။
အနှစ်ချုပ်လိုက်မည်ဆိုပါက သူတို့ဆရာက အလွန့်အလွန်ခွန်အားကြီးလှသည်သာ။
ထိုဖြစ်အင်ကိုမြင်သော် ဟွမ်းထျန်းမင်လည်း ထိတ်လန့်သွားသည်။ ရှေးခေတ်တုန်းကပင် ယခုလိုခွန်အားမျိုးက မကြုံစဖူးအကြုံထူးလှသည်။
ဟုန်ရင်၏ဆရာမှာ ယခုလိုခွန်အားမျိုးပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ တကယ်ပဲလက်စားချေနိုင်ပါ့မလား။
ဟွမ်းထျန်းမင်ကတော့ နောက်ပြန်ဆုတ်ဖို့စဉ်းစားပြီးနေပြီဖြစ်၏။
လက်စားချေတာလား။ ဘာအရေးလဲ။ ဤနေရာက ဘေးကင်းကင်းထွက်သွားနိုင်လျှင်ပင် တော်လှပြီ။
ထိုသို့တွေးရင်း ဟွမ်းထျန်းမင် ထွက်ပြေးသွားချင်မိသော်လည်း လုချန်ရှန်းက သူ့ကိုဆက်တိုက်ကြည့်နေလေသည်။
သူယခုလိုဖြစ်နေသည်ကိုမြင်သောအခါ သူက အခြားလက်တစ်ဖက်ကို သူရှိရာဘက်သို့ဆန့်ထုတ်လိုက်သည်။ အရှိန်အဝါတစ်ခုက သူ့အား လှောင်ပိတ်ထားလိုက်သောကြောင့် လှုပ်ပင်မလှုပ်ရှားနိုင်တော့ချေ။
“မင်းထွက်ပြေးလို့မရဘူး။ မင်းက ငါ့အကြီးဆုံးတပည့်ရဲ့ပစ်မှတ်ပဲ။ ငါ မင်းကိုလွှတ်မပေးနိုင်ဘူး”
ဟွမ်းထျန်းမင် ထိတ်လန့်သွားရှာလေသည်။ ဤအရှိန်အဝါများအောက်ကလည်း သူအလွတ်မရုန်းနိုင်ပေ။
တစ်ချိန်တည်းမှာပင် ဤအရှိန်အဝါက ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားကို ဖိနှိပ်ထားသည်။ ထိုလူခမျာ ဖိအားဒဏ်ကြောင့်ပေါက်ကွဲထွက်လုမတတ်ပင်။
ယခုအချိန်မှာ သူစကားပြောဖို့ပင်မဆိုထားနှင့်။ ပါးစပ်ပင်မဟနိုင်တော့ချေ။ ပေါက်ကွဲထွက်တော့မည့်ဆဲဆဲမှာပင် သူ့လည်ပင်းထက်ရှိ ကျောက်စိမ်းဆွဲပြားဆီမှ ပုံရိပ်ယောင်တစ်ခုထွက်ပေါ်လာသည်။
သူဟာ ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားပေါ်ကိုကျရောက်နေသည့်အရှိန်အဝါကို ခုခံပေးလိုက်သည်။
ထိုပုံရိပ်ယောင်မှာ ကတုံးပြောင်ပြောင်နှင့်ဖြစ်၏။ သူသည် မျက်လုံးကိုမှေးကျဉ်း၍ လုချန်ရှန်းကိုကြည့်လိုက်သည်။
“ထပ်တွေ့ကြပြန်ပြီ”
ထိုပုံရိပ်မှာ စံအိမ်တော်သို့ရောက်လာဖူးသောပုံရိပ်ပင်။ လုချန်ရှန်း၏ငရဲကိုးဘုံအစီအရင်ထံမှ တိုက်ခိုက်ခံခဲ့ရသောလူခုနစ်ယောက်ထဲက တစ်ယောက်ဖြစ်၏။
ဖိနှိပ်ခံထားရခြင်းမှလွတ်မြောက်သွားသောအခါ ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက လေကိုရှိုက်ရှူလိုက်ရသည်။ ထို့နောက် ဆေးတစ်လုံးကိုထုတ်ယူပြီးသောက်လိုက်သည်။
သို့မှသာ သူ့ခန္ဓာကိုယ်ထဲရှိဒဏ်ရာများကို ကုသနိုင်မည်ဖြစ်၏။ ထို့နောက် သူက အရိုအသေပေးဟန်ပြု၍ ပြောလာလေသည်။
“ဆရာ”
ထိုပုံရိပ်ကလည်း အသာအယာခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“ဆရာ… အငယ်တစ်ယောက်ကိုဘာလို့ဖိအားပေးနေတာလဲ”
လုချန်ရှန်းကပြုံးလိုက်သည်။
“ကျွန်တော်က တကယ်ငယ်ပါသေးတယ်”
ဤသည်မှာ အမှန်တရားပင်တည်း။
ထိုပုံရိပ်ကတော့ သူ့ကိုလုံးဝမယုံပေ။ တစ်ဖက်လူအနေနှင့် လုချန်ရှန်းက သူနှင့်မျိုးဆက်တစ်ခုတည်းက ဆင်းသက်လာသူဟုထင်နေပေသည်။
“ဆရာ နောက်နေတာပဲဖြစ်ရမယ်။ ကျွန်တော့်တပည့်ကို ဒီကိုလွှတ်လိုက်တာ မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုမှမရှိပါဘူး။ ဆရာ့ရဲ့ရည်ရွယ်ချက်ကိုမေးကြည့်ရုံပါ”
“ကျွန်တော့်မှာ ဘာရည်ရွယ်ချက်များရှိရမှာတဲ့လဲ”
ထိုပုံရိပ်က လုချန်ရှန်း၏စကားကိုမယုံသည်မှာ သိသာလှသည်။ လုချန်ရှန်းက ထိုအကြောင်းနှင့်ပတ်သက်ပြီး မဆွေးနွေးချင်သောကြောင့်ဟုသာထင်နေချေသည်။
“ကျွန်တော်တို့ကိုဆန့်ကျင်လို့ ဘာမှအကျိုးမရှိဘူးနော် ဆရာ”
“အထက်ဘုံက ပင်မဂိုဏ်းချုပ်တွေဆင်းလာရင် ဆရာ့ခွန်အားနဲ့လုံလောက်မှာမဟုတ်ဘူး”
ယခင်ကလိုသာဆိုလျှင် လုချန်ရှန်း ယခုလိုပြန်ပြောဖြစ်လောက်သည်။
” ကျွန်တော် ခင်ဗျားတို့ကိုမဆန့်ကျင်ချင်ပါဘူး။ အေးအေးဆေးဆေးနားနေချင်ရုံပါ”
သို့သော် ယခုတော့ဖြင့် တစ်ဖက်လူက သူ့တပည့်များကိုအနိုင်ကျင့်ထားခဲ့သည်ဖြစ်ရာ သူ့ဘက်ကလည်း ဖြေရှင်းချက်တစ်ခုတော့တောင်းရပေလိမ့်မည်။
လုချန်ရှန်း ပြုံးလိုက်မိသည်။
“ခင်ဗျားမျက်လုံးထဲမှာတော့ ဘယ်လုံလောက်မလဲ”
“ဒီတိုင်း…”
စကားပင်ဆုံးအောင်မပြောလိုက်ပါဘဲ လုချန်ရှန်းက လက်ချောင်းလေးကိုလှုပ်ယမ်းလိုက်လေသည်။
ထိုပုံရိပ်၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားသည်။ သို့သော် သူ ကိုယ်ယေင်ပြတော့မည့်ဆဲဆဲမှာပင် အချိန်နှောင်းသွားလေပြီ။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားမှာ သူ့ဆရာကို တလေးတစားမျှော်ကြည့်နေဆဲသာ။ သူ့မျက်လုံးများက မလှုပ်မယှက်ပင်။
လုချန်ရှန်း၏လက်ချောင်းတစ်ချက်အဝှေ့မှာ ထွက်ပေါ်လာသော ဓားသွားချီစွမ်းအင်က သူ့မျက်ခုံးနှစ်ဖက်ကြားမှတစ်ဆင့် ဖောက်ထွက်သွားပြီး စိတ်ဝိညာဉ်ထိတိုင် ထိုးခွင်းသွားသည်။
သူ့စိတ်ဝိညာဉ်ကား ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ လူပြန်ဝင်စားနိုင်တော့မှာလည်း မဟုတ်ချေ။ သူကား ဤနေရာမှာတင်သေဆုံးသွားရလေပြီ။
ကြောက်လန့်တကြားငေးကြည့်နေကြသော လူအပေါင်း၏ရှေ့မှာတင် လုချန်ရှန်းက သူ့လက်ကိုပြန်ရုပ်လိုက်ပြီး အန္တရာယ်မပေးတတ်ဟန်ဖြင့် ပြုံးပြလိုက်သည်။
ထို့နောက် ညင်သာစွာစကားဆိုလိုက်ပေသည်။
“ဒါပေမဲ့ ဒီမှာရှိတဲ့ခင်ဗျားရဲ့လူတွေကတော့ ကျုပ်အမြင်မှာ သိပ်လည်းတော်မနေပါဘူး”