ရည်ရွယ်ချက်တဲ့လား။
“ရည်ရွယ်ချက်”ဆိုတာ ဘာကိုပြောတာလဲ။ ဘာတွေလာပြောနေတာလဲ…
လုချန်ရှန်း နဝေတိမ်တောင်ဖြစ်သွားရလေရဲ့။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားခမျာ ဖိအားကိုအံတုရင်း လုပ်ပြုံးပြုံးကာ သက်သောင့်သက်သာဖြစ်နေဟန်ဆောင်ရှာလေသည်။
“စီနီယာက ဒီဘုံလောကကိုကျော်လွန်နိုင်တဲ့အထိ အစွမ်းထက်တယ်ဆိုပေမဲ့ ဒီနေရာမှာဆက်နေနေတုန်းပဲလေ။ ဘာလုပ်ချင်လို့များလဲ”
လုချန်ရှန်း : ….
သူ ဘာလုပ်ချင်ရမှာလဲ။
ပက်လက်လှန်လှဲပြီး အပျင်းထူနေချင်တယ်လေ…
ယဲ့ချိုးပိုင်က အေးတိအေးစက်စကားဆိုလာလေသည်။
“ဆရာဘာလုပ်ချင်တယ်ဆိုတာ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ”
“ခင်ဗျားမှာ အဲ့လိုမေးပိုင်ခွင့်ရှိလို့လား”
ထိုစကားကိုကြားသော် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက တခစ်ခစ်ရယ်၍ပြောလာလေသည်။
“ဒီကိစ္စကိုဖုံးကွယ်ထားစရာတော့မလိုပါဘူး။ ဒီအဆင့်နိမ့်ဘုံကို ငါလာရတဲ့ရည်ရွယ်ချက်က စီနီယာရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာစုံစမ်းဖို့ပဲ”
“တကယ်လို့ ခင်ဗျားရဲ့ရည်ရွယ်ချက်က ကျွန်တော်တိုနဲ့မဆိုင်ဘူးဆိုရင် ကျွန်တော်တို့တွေမဟာမိတ်ဖွဲ့လို့ရပါတယ်”
“ဒါပေမဲ့…”
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက စကားကိုအဆုံးမသတ်လိုက်ပေ။
အဆုံးသတ်စရာမလိုဘဲ အလိုလိုနားလည်နိုင်သည့်စကားများလည်းရှိသည်။ လုချန်ရှန်းကလည်း ငတုံးငအတစ်ယောက်မဟုတ်သည့်အတွက် တစ်ဖက်လူက သူ့ကိုခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း အတပ်သိလိုက်သည်။
သူ့အမူအရာကား ပြောင်းလဲမှုမရှိ။ သို့သော် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပေသည်။
ခြိမ်းခြောက်စကားဆိုတာမျိုးက ဘယ်သူပဲကြားကြား မခံနိုင်လောက်သောအရာပင်။
တစ်ဖက်မှာ လုချန်ရှန်းတစ်ယောက် ဖြစ်ပျက်ခဲ့သောကိစ္စရပ်မှန်သမျှကို ပြန်အောက်မေ့မိသည်။
သူသည် အရိပ်လုပ်ကြံရေးဗိမာန်ကိုဖျက်ဆီးခဲ့ပြီး နင်းချန်ရှင်းကိုကယ်တင်ရန်အတွက် ဗုဒ္ဓဂိုဏ်းတော်ထဲကိုလည်း ခြေချခဲ့သည်။
ဗုဒ္ဓဂိုဏ်းတော်အကြောင်းပြောရပါလျှင် သူတို့က ဤတိုက်နယ်ကြီး၌ထိပ်တန်းအရာ၌ ဗိုလ်စွဲထားကြသူများဖြစ်၏။
ထိုဖြစ်ရပ်နှစ်ခုအပြီးမှာ ဤကမ္ဘာ၌ သူဟာ အလွန်အစွမ်းထက်လှကြောင်း သဘောပေါက်ထားပြီးဖြစ်၏။
သူ့တပည့်များ၏အရေးအရာကိစ္စများကို သူဂရုမစိုက်ချင်ပေ။ ဤသည်မှာ သူရှုံးမှာကိုကြောက်သောကြောင့်မဟုတ်။
ကျင့်ကြံရေးလမ်းကြောင်းကို လျှောက်လှမ်းရာ၌ ကိုယ့်ခြေထောက်ပေါ်သာ ကိုယ်ရပ်တည်ရမည်ဖြစ်၏။ ဆရာဖြစ်သူက လမ်းပြပေးရုံသာလမ်းပြပြီး ကိုယ်တိုင်ကျင့်ကြံရမည်သာ။
စွန်ရဲသားပေါက်လေးတစ်ကောင်က ကောင်းကင်ထက်ကိုဆန်တက်၍ အကန့်အသတ်မရှိပျံသန်းလိုပါက အတောင်ပံဖြန့်တတ်ဖို့ကို ဖြည်းဖြည်းချင်းသင်ယူပြီး ပျံသန်းတတ်ဖို့လေ့ကျင့်ရပေမည်။ သို့မှသာ သန်မာလာမည်ဖြစ်၏။
ထိုအချက်ကို လုချန်ရှန်း ကောင်းကောင်းနားလည်ထားသည်။
ထို့ကြောင့် သူ့တပည့်များ၏အရေးအရာကိစ္စများကို သူတမင်သက်သက်ဝင်မပါခဲ့ခြင်းပင်။
လုချန်ရှန်း၏စိတ်အခြေအနေပြောင်းလဲသွားကြောင်း လူတိုင်းခံစားမိကြသည်။
ဟုန်ရင်က တခစ်ခစ်ရယ်လျက် မတ်တတ်ထရပ်လိုက်သည်။
“ကျွန်မတို့ဆရာကိုမေးခွန်းတွေထုတ်ရလောက်အောင် ရှင်ကအဆင့်မရှိပါဘူး။ အဆင့်ချင်းကမိုးနဲ့မြေလိုကွာနေတာ”
“ရှင့်နောက်ကွယ်ကလူကိုပဲ တိုက်ရိုက်ထွက်မေးခိုင်းသင့်တယ်”
“ဒါတောင်လုံလောက်ဖို့မသေချာဘူး”
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားခမျာ စိတ်နှလုံးတစ်ခုလုံးတုန်ယင်နေချေသည်။
သူ့ရှေ့ရှိပုဂ္ဂိုလ်မှာ အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ပါးကိုပင် တစ်မုဟုတ်ချင်းသုတ်သင်နိုင်သောဖြစ်တည်မှုမျိုးဖြစ်၏။ ထို့ပြင် တစ်ဖက်လူဟာ ပုံရိပ်ယောင်တစ်ခုမျှသာ။
ထိုမျှခွန်အားကြီးသောလူတစ်ယောက်၏ဒေါသကြောင့် သူ့မှာ အတုန်တုန်အရီအရီဖြစ်နေခဲ့ရသည်။
သို့သော် ဟုန်ရင်၏စကားများကိုကြားပြီးနောက် သူ မသရော်ဘဲမနေနိုင်ချေ။
“နွားခြေရာခွက်လောက်ကို ပင်လယ်ထင်နေတဲ့ဖားတွေလိုပဲ။ ငါ့ဆရာက အထက်ဘုံမှာထိပ်တန်းအဆင့်ပညာရှင်တွေထဲကတစ်ယောက်ကွ”
“သူက ဘယ်လောက်တောင်အစွမ်းထက်လိုက်သလဲ။ ဘာမဟုတ်တဲ့နယ်မြေကဟာလေးတွေ စိတ်ကူးတောင်ယဉ်ကြည့်လို့ရမှာမဟုတ်ဘူး”
ယဲ့ချိုးပိုင်၏အမူအရာမှာ အေးစက်သွားလေသည်။ သူ တစ်ခုခုပြောတော့မည့်ဆဲဆဲမှာပင် လုချန်ရှန်းက သူ့ကိုဘေးကိုတွန်းပို့လိုက်သည်။
ယဲ့ချိုးပိုင်၊ဟုန်ရင်နှင့်နင်းချန်ရှင်းတို့ မှင်တက်အံ့သြသွားရချေသည်။
လုချန်ရှန်းကတော့ ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားဆီကို လျှောက်သွားလေသည်။
သူက ထိုလူကိုငုံ့ကြည့်လိုက်ပြီး စကားဆိုလိုက်သည်။
“ငါက တော်ရုံဒေါသထွက်ခဲပေမဲ့ ဒေါသမထွက်တတ်တာတော့မဟုတ်ဘူးနော်”
ဤလူများက သူ့တပည့်သုံးယောက်ကို သတ်ချင်နေရုံမျှမကပေ။
နေမဝင်အင်ပါယာနယ်မြေထဲကို သူဝင်လာခဲ့စဉ်က ဤနန်းတော်ထဲရှိအခြေအနေကို အာရုံခံမိခဲ့သည်။ သူ အားလုံးမြင်ပြီးပြီ။
သူတို့က သူ့တပည့်များကိုနှိမ်နင်းဖို့ အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ကို သုံးခဲ့ရုံသာမကဘဲ အများနှင့်သုံးယောက် အနိုင်ကျင့်ခဲ့ကြသည်။
ဤသည်မှာ သေရေးရှင်ရေးတိုက်ခိုက်ကြသောစစ်ပွဲဆိုသော်ငြားလည်း လုချန်ရှန်းကတော့ စိတ်မသက်မသာဖြစ်မိသည်သာ။
သူ့အနေနှင့် သူ့တပည့်များကို လူသားတွေလို သဘောမထားတတ်သော်ငြား(စားဖိုမှူးလို့သဘောထားတတ်ပေမဲ့ပေါ့) လုချန်ရှန်းဟာ ဤတပည့်လေးများကို အလွန်ကာကွယ်ပေးတတ်သူဖြစ်၏။
သို့ဖြစ်လေရာ တစ်ဖက်လူက သူ့မျက်စိရှေ့မှာတင် သူတို့ကိုခြိမ်းခြောက်လာသတဲ့လေ။
လုချန်ရှန်း မပြောဘဲမနေနိုင်တော့ပေ။
“ဝတ္ထုထဲကဗီလိန်တွေက ကောင်းကောင်းမွန်မွန်ရှင်သန်နေထိုင်တတ်ကြပေမဲ့ သူတို့တွေမှာ တူညီတဲ့စရိုက်တစ်ခုတော့ရှိတာပဲ”
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားမှာ ကြက်သေသေသွားလေသည်။ လုချန်ရှန်းပြောလိုက်သောစကား၏အဓိပ္ပါယ်ကို သူနားမလည်တာသိသာ၏။
လုချန်ရှန်းကတော့ သူ့စကားကိုဆက်သည်။
“အဲ့ဒီစရိုက်က သူတို့သေရတဲ့အဓိကအကြောင်းအရင်းပဲ”
“ခေါင်းမာပြီး သူတစ်ပါးကိုလှောင်ပြောင်ရတာကြိုက်တယ်။ သူများကိုခြိမ်းခြောက်ရတာကိုလည်း သဘောကျသေးတယ်”
ထိုနေရာအရောက်မှာ လုချန်ရှန်းပြုံးလိုက်မိသည်။
သို့သော် သူ့အပြုံးမှာ အတုအယောင်ဆန်နေပြီး သူ့မျက်ဝန်းများကလည်း အလွန်အမင်းအေးစက်စက်နိုင်လှသည်။
ယဲ့ချိုးပိုင်တို့သုံးယောက်ပင် သူတို့ဆရာကို ယခုလိုပုံစံမျိုးဖြင့်မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားကြရှာသည်။ သူတို့ဆရာ ဤမျှအထိဒေါသထွက်နေသည်မှာ ပထမဆုံးအကြိမ်ပင်။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားကလည်း လုချန်ရှန်း၏သတ်ဖြတ်လိုသောဆန္ဒကို ခံစားမိဟန်တူသည်။ သူ့အမူအရာ လုံးဝပြောင်းလဲသွား၏။
သူ့ခမျာ ကူကယ်ရာမဲ့စွာဖြင့် ညာခြေထောက်ကိုနောက်ပြန်ဆုတ်လိုက်ရသည်။ တစ်ဖက်လူ၏လုပ်ရပ်များမှာ သူ့ကိုဒေါသထွက်စေခဲ့သော်လည်း အထက်ဘုံ၏ပါရမီရှင်တစ်ဦးအနေနှင့် သူ ဘာကြောင့်ကြောက်နေရပါသလဲ။
ဤတစ်ခေါက်သာ သူနောက်ပြန်ဆုတ်မိပါက သူ့အတွင်းစိတ်ထဲကမိစ္ဆာပေါ်ပေါက်လာပေလိမ့်မည်။
တစ်ခါတစ်ရံတွင် နောက်ပြန်ဆုတ်ခြင်းဆိုသည်မှာ သူ့ကျင့်ကြံရေးလမ်းစဉ်ပေါ်၌ ခလုတ်ကန်သင်းတစ်ခုဖြစ်လာနိုင်သည်။ အထွတ်အထိပ်သို့တက်လှမ်းရာလမ်းစဉ်တွင် ဆုတ်ယုတ်မှုများဖြစ်ပေါ်လာစေနိုင်သည်။
သို့သော် သူ လွတ်မြောက်နိုင်ပါ့မလား။ အနည်းဆုံးတော့ လုချန်ရှန်း သူ့ကိုသတ်ရဲလိမ့်မည်ဟု သူ မထင်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် အထက်ဘုံမှရောက်လာသူဖြစ်၏။ သူ့ဆရာကလည်း အထက်ဘုံမှာ အထွတ်အထိပ်နေရာကိုတက်လှမ်းနိုင်သူတစ်ဦးဖြစ်သည်။
သူသာ ဤနေရာမှာသေဆုံးခဲ့ပါက သူ့မျက်စိရှေ့ရှိပုဂ္ဂိုလ်လည်း သူ့ဆရာ၏လက်စားချေမှုကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ကြောင်း သူအတပ်သိသည်။
သို့သော် ယခုအချိန်မှာ လုချန်ရှန်းက အထက်ဘုံကိုဂရုစိုက်နိုင်မှာတဲ့လား။
ကံကံ၏အကျိုးကို သူဘာကြောင့်ဂရုစိုက်နေရမှာလဲ။
လက်စားချေခံရမှာကို သူဘာကြောင့်ဂရုစိုက်နေရမှာလဲ။
လူတစ်ယောက်က ဒေါသထွက်လာပြီဆိုလျှင် အရာအားလုံးကို ဥပေက္ခာပြုထားနိုင်ပေသည်။
လုချန်ရှန်းက ညင်ညင်သာသာလေးပြုံးနေသော်ငြား သူ့အကြည့်ကတော့ အလွန်အမင်းအေးစက်ခက်ထန်လှသည်။
“မင်းနောက်ကဂိုဏ်းက ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါမသိပေမဲ့ အနည်းဆုံးတော့ အထက်ဘုံပညာရှင်ဆိုတဲ့လူတွေက အခုလောလောဆယ် မင်းကိုမကာကွယ်ပေးနိုင်ဘူးလေ”
သူ့စကားဆုံးသည်နှင့် အစွမ်းထက်လှသောအရှိန်အဝါတစ်ခုက လုချန်ရှန်း၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာလေသည်။ ထိုအရှိန်အဝါကြောင့် ဘေးပတ်ဝန်းကျင်ရှိလေထုမှာ ဖိအားဒဏ်ကိုခံနိုင်ရည်မရှိသည့်အသံများ ထုတ်လွှတ်နေပေသည်။
လေထုတစ်ခုလုံး ဖရိုဖရဲဖြစ်သွားသည်။ ထို့နောက် ဆူနာမီလှိုင်းလုံးတစ်ခုအလား ခေါက်ယပ်တောင်နှင့်အမျိုးသားဆီကို ဦးတည်သွားလေတော့သည်။
ဤအခြင်းအရာကိုမြင်သော် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက နောက်ဆုတ်လိုက်ချင်သော်ငြား လုချန်ရှန်း၏အရှိန်အဝါက သူ့အပေါ်ဖိနှိပ်ထားလေရာ လှုပ်ရှားလို့လည်းမရတော့ပေ။
ဖရိိုဖရဲဖြစ်နေသည့်အခိုက်အတန့်လေးမှာ သူအော်ဟစ်လိုက်သည်။
“တိုက်ကြ”
သူ့နံဘေးရှိအဘိုးကြီးခမျာ ထိုအဖြစ်ကိုမြင်သောအခါ အံတင်းတင်းကျိတ်ထားလိုက်မိသည်။ ထို့နောက် မိုးကြိုးသွားလက်နက်ကိုပြန်ထုတ်လိုက်ပြီး ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသား၏အရှေ့၌ ရပ်လိုက်သည်။
ဗုဒ္ဓဂိုဏ်းတော်ကား အထက်ဘုံကိုမှီခိုအားထားနေရခြင်းဖြစ်၏။
သူ့အနေနှင့် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားဆီကတစ်ဆင့် အထက်ဘုံကိုတက်လှမ်းပြီး ပိုမိုကောင်းမွန်သောတိုးတက်ပြောင်းလဲမှုများ ဖန်တီးချင်ပေသည်။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားသာ ဤနေရာမှာသေသွားလျှင် သူတို့ နှစ်တစ်သောင်းချီအောင်ကြိုးစားအားထုတ်ပြီး သည်းခံခဲ့ရသမျှအလဟဿဖြစ်ရပေလိမ့်မည်။ သူ့အနေနှင့် ထိုသို့ဖြစ်လာခွင့်မပြုနိုင်ပေ။
ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားရှေ့၌ သူရပ်လိုက်ပြီး အများကြီးတွေးမနေဘဲ အော်ဟစ်လိုက်သည်။ သူ့လက်ထဲမှာလည်း မိုးကြိုးသွားလက်နက်ကို ကိုင်ထားသေးသည်။
သူ့အနောက်တွင် နတ်ဆိုးမိစ္ဆာပုံရိပ်ယောင်တစ်ခု ဆင်းသက်လာချေသည်။ ဤနတ်ဆိုးမိစ္ဆာပုံရိပ်မှာ အစိမ်းရောင်ဝတ်ရုံဝတ်သာဝကများသုံးခဲ့သောအရာထက် ထုထည်ပိုမိုသိပ်သည်းသည်။
အရှိန်အဝါကလည်း ကြောက်ခမန်းလိလိပင်။
သို့သော် လုချန်ရှန်းနှင့်ရင်ဆိုင်ရချိန်မှာတော့ ၎င်းမှာ လှိုင်းလုံးများကြားက လှေငယ်လေးတစ်စင်းသာသာပင်။ ထိုလှေငယ်လေးမှာ ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါအောက်မှာ ခဏတွင်းချင်းစုံးစုံးမြုပ်သွားလေတော့သည်။
လှေကား မှောက်သွားလေပြီ။
ထိုအဘိုးကြီးလည်း ပြင်းထန်သောရိုက်ချက်ကိုခံစားလိုက်ရသည့်အလား သွေးအန်ပြီး နောက်ပြန်လဲကျသွားသည်။
လုချန်ရှန်းကတော့ သူ့ဆီသို့ အေးတိအေးစက်အမူအရာဖြင့် လက်ညှိုးညွှန်လိုက်သည်။ ဓားသွားချီစွမ်းအင်တစ်မျိုးက ထိုအဘိုးကြီးကိုရစ်ပတ်ပစ်လိုက်ပြီး အပိုင်းပိုင်းအစစဖြစ်အောင် ခုတ်ပိုင်းပစ်လိုက်သည်။
ကဲ…ဘယ်သူတွေ ရှေ့ထွက်လာချင်သေးလဲ။