Switch Mode

အခန်း (၁၉၂)

အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ဦးကို လက်ချောင်းတစ်ချောင်းတည်းသုံး၍ဇီဝိန်ခြွေခြင်း

ပင်မခန်းမထဲတွင် အဖြူရောင်ဝတ်ရုံဝတ်ထားသောအမျိုးသား ရုတ်တရက်ရောက်ချလာသောကြောင့် အားလုံးထိတ်လန့်သွားကြကုန်၏။

ဗုဒ္ဓဂိုဏ်းတော်၏အာကာသနတ်ဘုရားအဆင့်ပညာရှင်နှစ်ယောက်နှင့် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားတို့၏အမူအရာမှာ လေးနက်သွားကြချေသည်။

သူတို့ ဤပုဂ္ဂိုလ်ချဉ်းကပ်လာသည်ကို လုံးဝသတိမထားမိခဲ့ကြပေ။ ထို့ပြင် တစ်ဖက်လူမှာ ပုံရိပ်ယောင်မျှသာ ရောက်ရှိလာခြင်းဖြစ်သည်။

ဟွမ်းထျန်းမင်၏အမူအရာလည်း အနည်းငယ်ပြောင်းလဲသွားလေသည်။ ဤပုဂ္ဂိုလ်ကို ဟွမ်းထျန်းမင်၏မှတ်ဉာဏ်မှတစ်ဆင့် သူမှတ်မိလိုက်သည်။

ယခင်က သူတို့ ယဲ့ချိုပိုင်ကိုဝိုင်းရံထားတုန်းက အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော ဤလူပေါ်လာပြီး သူ့လူအားလုံးကိုသတ်ဖြတ်ပစ်ခဲ့ဖူးသည်။

ယဲ့ချိုးပိုင်နှင့်နင်းချန်ရှင်းတို့လည်း စိတ်အေးလက်အေးဖြစ်သွားပြီး ပြုံးလိုက်မိကြသည်။ ဟုန်ရင်လည်း စိတ်သက်သာရာရဟန်သက်ပြင်းချလိုက်သည်။ သူ(မ)၏မျက်ခုံးနှစ်ဖက်ကြားရှိအမှတ်အသားလည်း ပျောက်ကွယ်သွားလေပြီ။ စီးဆင်းနေသောအရှိန်အဝါများကလည်း ဟုန်ရင်၏ခန္ဓာကိုယ်ထဲသို့ပြန်ဝင်သွားပြီဖြစ်၏။

ဆရာရောက်လာပြီဆိုမှတော့ သူ(မ)၏ဝှက်ဖဲကိုထုတ်သုံးစရာမလိုတော့ချေ။

အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသောအမျိုးသားက လက်ညှိုးတစ်ချောင်းဆန့်ထုတ်လိုက်သည်။ မမြင်နိုင်သောအင်အားတစ်ရပ်ကြောင့် တစ်ဖက်လူ၏တိုက်ခိုက်မှုမှန်သမျှ ပျောက်ကွယ်သွားချေသည်။ မုတ်ဆိတ်ရှည်အဘိုးကြီးထုတ်လွှတ်ထားသော ဗုဒ္ဓလက်ဝါးအတွင်းအားများကလည်း ပပျောက်သွားရှာသည်။

မုတ်ဆိတ်ရှည်အဘိုးကြီးခမျာ နောက်ဆက်တွဲရိုက်ခတ်မှုဒဏ်ကို ခံစားလိုက်ရသည်။ သူ့မှာ ညည်းညူနေရင်း ရင်ဘတ်ကိုဆုပ်ကိုင်၍ ချက်ချင်းနောက်ပြန်ဆုတ်လိုက်ရတော့သည်။

ဒေါသူပုန်ထနေပါသောအဘိုးကြီး၏မိုးကြိုးသွားလက်နက်ကလည်း သူ့လက်ထဲမှလွင့်ထွက်သွားသလို ဟွမ်းထျန်းမင်၏ဖုတ်ကောင်နှစ်ကောင်လည်း လျှပ်တပြက်အတွင်း ပျက်စီးသွားရသည်။ ခုခံရန်ပင်အချိန်မရလိုက်ပေ။

လုချန်ရှန်း၏တိုက်ခိုက်မှုအောက်တွင် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသား၏မုန်တိုင်းဓားသုံးလက်လည်း ဖျက်ဆီးခံလိုက်ရသည်။ ၎င်းမှာ အတွင်းပိုင်းတွင်အုံကြွလာပြီး ပေါက်ကွဲထွက်သွားလေတော့သည်။

သူသည် ထိုတိုက်ခိုက်မှုများအားလုံးကို လက်ညှိုးတစ်ချောင်းတည်းနှင့် ဖျက်ဆီးလိုက်ခြင်းဖြစ်၏။ ဤသည်မှာ ပုံရိပ်ယောင်မျှသာရှိသေးပေသည်။

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားမှာ လေးနက်သွားလေသည်။

တစ်ဖက်လူ၏ခွန်အားမှာ သူထင်ထားသည်ထက်ပင်ပို၍အစွှမ်းထက်နေလောက်သည်။ ဗုဒ္ဓဂိုဏ်းတော်မှအဘိုးကြီးနှစ်ယောက်ကတော့ အံ့သြမသွားချေ။

သူတို့အနေနှင့် လုချန်ရှန်း၏ခွန်အားကို ဗုဒ္ဓတောင်တန်းပေါ်၌ မြင်တွေ့ခဲ့ပြီးဖြစ်၏။

ယဲ့ချိုးပိုင်ကပြုံးလျက်ပြောလိုက်ပေသည်။

“ဆရာ နောက်ဆုံးတော့ရောက်လာပြီ”

သူဘာမှမပြောလျှင်ပင် တော်သေးသည်။ ထိုစကားကိုပြောလိုက်သည့်နောက်မှာတော့ လုချန်ရှန်းက သူ့ကိုဆူငေါက်ပါလေတော့သည်။

“မင်းတို့တွေအကုန်လုံး.. ငါ့ကိုဆရာလို့လာမခေါ်ကြနဲ့”

ယဲ့ချိုးပိုင် : “???”

ဟုန်ရင် : “???”

နင်းချန်ရှင်း : “???”

“သောက်ကျိုးနည်း.. မင်းတို့တွေက ငါ့ကိုနေ့တိုင်းပြဿနာရှာနေကြတော့တာပဲ။ အစတုန်းက တပည့်နည်းနည်းပဲလက်ခံပြီး အေးအေးချမ်းချမ်းနေသွားဖို့စိတ်ကူးထားတာ”

“နောက်ဆုံးကျတော့လည်း ငါပဲ မင်းတို့အရှုပ်ထုပ်တွေကိုလိုက်ရှင်းနေရတယ်”

ယဲ့ချိုးပိုင်တို့သုံးယောက်လည်း ခါးသက်သက်ပြုံးလိုက်မိသည်။

ထိုအချိန်တွင် မုတ်ဆိတ်ရှည်အဘိုးကြီးက ရှေ့ကိုလျှောက်လာပြီး လက်အုပ်ချီလိုက်သည်။ သူ့ကိုယ်သူဖိအားပေး၍ပြုံးခိုင်းလိုက်ပြီးနောက် စကားစလာသည်။

“အောမီတော်ဖော… ဆရာ ကိုယ်တော်တို့ထပ်တွေ့ကြပြန်ပြီပဲ”

လုချန်ရှန်းမှာ နည်းနည်းလောက်ထိလိုက်ရုံဖြင့် ပေါက်ကွဲထွက်သွားတော့မည့်ဗုံးတစ်လုံးအလားပင်။

ထို့ကြောင့် မုတ်ဆိတ်ရှည်အဘိုးကြီး၏စကားများက လုချန်ရှန်းကို ဒေါသပုံချဖို့အခွင့်အရေးပေးလိုက်သလိုဖြစ်သွား၏။ သူက ဆဲဆိုလေတော့သည်။

“မင်းကဘာတွေများဖော်ရွေဖို့ကြိုးစားနေတာလဲ”

မုတ်ဆိတ်ရှည်အဘိုးကြီး၏မျက်နှာကား စိမ်းတစ်လှည့် ဖြူတစ်လှည့်ဖြစ်သွားရှာသည်။ သူသည် ဗုဒ္ဓဂိုဏ်းတော်မှလူတစ်ယောက်ဖြစ်ပြီး အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ဖြစ်သည်။ ထို့ပြင် ဤတိုက်နယ်ကြီးထဲတွင် ထိပ်တန်းပင်။

လုချန်ရှန်းထံမှ ယခုလိုအော်ငေါက်ခံလိုက်ရသည့်အခါ ရှက်သွားမိသည်။ သို့သော် တစ်ဖက်လူမှာ အလွန်အစွမ်းထက်လှသည်ဖြစ်ရာ သူ့ဒေါသကိုမျိုသိပ်၍သာပြောလိုက်ရသည်။

“အဲ့ဒီတုန်းက ဗုဒ္ဓတောင်တန်းပေါ်မှာ…”

သို့သော် သူ့စကားမဆုံးခင်မှာပင် လုချန်ရှန်းက သူ့လက်ချောင်းကိုဆန့်ထုတ်လိုက်လေရာ ဓားသွားချီစွမ်းအင်များက ညာသံပေးလာချေသည်။

၎င်းမှာ မုတ်ဆိတ်ရှည်အဘိုးကြီး၏မျက်ခုံးနှစ်ဖက်ကြားကို ထိုးခွင်းပစ်လိုက်လေတော့သည်။ မည်သူမှလည်းမတုံ့ပြန်လိုက်နိုင်ပေ။ မုတ်ဆိတ်ရှည်အဘိုးကြီးကလည်း တစ်ဖက်လူအနေနှင့် ဘာတစ်ခွန်းမှမပြောဘဲ တိုက်ခိုက်လာလိမ့်မည်ဟုထင်မထားပေ။

ပို၍မထင်မှတ်ထားသောကိစ္စမှာ တစ်ဖက်လူက လက်ချောင်းလေးညွှန်ရုံမျှသာဆိုသော်ငြား သူ့ကိုသတ်ဖြတ်ပစ်လိုက်နိုင်လေသည်။

မုတ်ဆိတ်ရှည်အဘိုးကြီးခမျာ တုံ့ပြန်ဖို့ပင်မမီလိုက်ချေ။ သူ့ဝိညာဉ်ကား ဖျက်ဆီးခံလိုက်ရပြီး အသက်ဓာတ်ကင်းမဲ့စွာဖြင့် ကြမ်းပြင်ပေါ်သို့လဲကျသွားသည်။

လုချန်ရှန်းမှာ မျက်နှာမသာမယာဖြင့်ကျိန်ဆဲလေသည်။

“စိတ်ရှုပ်ဖို့ကောင်းလိုက်တာ”

အစတုန်း သူ့ဘဝလေးမှာ သာသာယာယာပင်။ စားလိုက်၊အိပ်လိုက်၊ ပန်းပင်ရေလောင်းလိုက်၊ ပေါင်းသင်လိုက်နှင့်အေးဆေးလှသည်။ မကြာခဏဆိုသလို ကျောင်းတော်တစ်ဝိုက်ကိုလည်း လမ်းလျှောက်ထွက်လေ့ရှိပြီး ကျောင်းသားများ၏ လေးစားကြည်ညိုသောအကြည့်များကိုခံယူရင်း ကျေနပ်ခဲ့ရသည်။ အလွန်သက်သောင့်သက်သာရှိလှသည်။

သို့သော် ဤတပည့်များကတော့ ပြဿနာရှာရခြင်းကိုနှစ်သက်ကြသည်။ ယဲ့ချိုးပိုင်ကတော့ ပြောနေစရာပင်မလိုတော့ပေ။ သူကတော့ ထပ်ခါထပ်ခါပြစ်မှုကျုးလွန်နေသူပင်။ သူသွားလိုက်သည့်နေရာတိုင်းမှာ တစ်ခုခုဖြစ်တတ်သည်သာ။

သူ့ဒုတိယတပည့်ဟုန်ရင်ကလည်း ရှေးခေတ်ဧကရီတစ်ပါးအနေနှင့် တိုက်ခိုက်လိုသောရည်ရွယ်ချက်များရှိသော်ငြား ပုံမှန်အားဖြင့်တော့ ပြဿနာမရှာတတ်ပေ။

တတိယတပည့်နင်းချန်ရှင်းခမျာ ညင်သာသိမ်မွေ့ပြီး ပြဿနာမရှာတတ်ပုံပေါ်၏။ သို့သော် သူပြဿနာရှာလိုက်သည့်အခေါက်မှာတော့ ဗုဒ္ဓဂိုဏ်းတော်၏ရုံးချုပ်အထိတက်ပြီးပြဿနာရှာခဲ့သည်။

စတုတ္ထတပည့်မဟူရာကတော့ လောလောဆယ်အဆင်ပြေနေသေးသည်။ သူ့စိတ်ခံစားချက် မတည်မငြိမ်ဖြစ်နေရုံသာရှိသည်။

မည်သို့ပင်ဖြစ်စေ ဤတပည့်သုံးယောက်က ယဲ့ချိုးပိုင်လောက်တော့ ပြဿနာမရှာနိုင်ပေ။ ထို့ပြင် ယဲ့ချိုးပိုင်က သူ့ဆရာတူညီလေးညီမလေးများကို ခေါ်သွားပြီး သူတို့ကိုပါပြဿနာတက်အောင်လုပ်လိုက်သေးသည်။

ကောင်းပြီလေ..

ပြဿနာကောင်ကိုတော့ တွေ့ပြီ။

ထိုသို့တွေးရင်း လုချန်ရှန်းက ယဲ့ချိုးပိုင်ကို သုန်သုန်မှုန်မှုန်ဖြင့်ကြည့်လိုက်လေသည်။

“ဒီကိစ္စဖြေရှင်းပြီးရင် မင်း စံအိမ်တော်ထဲမှာပဲနေရမယ်”

“နောက်ဆိုရင် ဆရာတူညီတွေညီမတွေကို အပြင်ခေါ်ထုတ်သွားခွင့်မရှိဘူး”

ယဲ့ချိုးပိုင်ကား ပြောစရာစကားမဲ့နေလေပြီ။

ဘာလဲ။ ဘာလို့လဲ။ ဘယ်လိုလုပ်ငါ့အမှားဖြစ်ရပြန်တာလဲလို့…

ဘုရားရေ.. ဒီလိုနဲ့ပဲ ငါက ပရော်ဖက်ရှင်နယ်မြေစာပင်လေးဖြစ်လာတာလား။

တစ်ဖက်တွင်မူ ဒေါသူပုန်ထနေသောအဘိုးကြီး၊ ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသား၊ ဟွမ်းယီထုံနှင့်အခြားလူများမှာ လုချန်ရှန်းတို့ကို ဂရုမစိုက်အားပေ။

သူတို့က ကြမ်းပြင်ထက်မှာ အသက်မဲ့ခန္ဓာကိုယ်ဖြင့်လဲလျောင်းနေသောမုတ်ဆိတ်ရှည်အဘိုးကြီးကိုကြည့်လိုက်ကြသည်။ သူတို့၏အမူအရာကား ပျက်ယွင်းနေသလို တစ်ချိန်တည်းမှာပင် လေးနက်နေချေသည်။

တစ်ဖက်လူ၏ခွန်အားမှာ သူတို့ထင်ထားသည်ထက်ပို၍အစွမ်းထက်လှသည်။ လက်ချောင်းတစ်ချောင်းတည်းသုံး၍ အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ဦးကို ဇီဝိန်ခြွေပစ်လိုက်သည်။ ကြက်လေးငှက်လေးသတ်ပစ်လိုက်သလိုပင်။

လုချန်ရှန်းက ပုံရိပ်ယောင်တစ်ခုမျှသာရှိသေးသည်။ သူ့ခန္ဓာကိုယ်သာရောက်ချလာပါက ဘယ်လောက်များအစွမ်းထက်နေလေမလဲ။

ဒေါသူပုန်ထနေသောအမျိုးသားက ဒေါသအမျက်ခြောင်းခြောင်းထွက်ပြီး မုတ်တိတ်ရှည်အဘိုးကြီးအတွက် လက်စားချေပေးချင်သော်ငြား သူ့စိတ်အစဉ်ကား အလွန်တည်ငြိမ်နေလေသည်။

တစ်ဖကိလူ၏ခွန်အားဖြင့်ဆိုလျှင် သူသာ ဦးနှောက်မရှိချီတက်သွားလိုက်ပါက မုတ်ဆိတ်ရှည်အဘိုးကြီးလိုဖြစ်သွားပေလိမ့်မည်။

ဟွမ်းယီထုံ၏အမူအရာကား အလွန်အမင်းအကျည်းတန်လှသည်။

ယဲ့ချိုးပိုင်၏ဆရာမှာ အလွန်အစွမ်းထက်လှပေသည်။ သူဟာ အာကာသနတ်ဘုရားအဆင့်ပညာရှင်ကိုပင် အလွယ်လေးသတ်ပစ်နိုင်သည်သာ။

ထိုစဉ်တုန်းက သူတို့ သူ့ကိုဘာကြောင့်ရန်စမိခဲ့လေသလဲ။ ဤသည်မှာ ဟိတ်ဟန်ထုတ်လွန်းအားကြီးလှသည်။

မည်သို့ပင်ဖြစ်စေ ဟွမ်းယီထုံကား ကူကယ်ရာမဲ့နေလေပြီ။ ထိုစဉ်တုန်းက သူ ယဲ့ချိုးပိုင်အကြောင်း စုံစမ်းခဲ့ဖူးသည်။ ယဲ့ချိုးပိုင်က တောင်ပိုင်းနယ်မြေထျန်းယွမ်မြို့တော်ရှိယဲ့မိသားစုမှဆင်းသက်လာသူဟုသာ သိခဲ့ရသည်။

ထို့နောက် သူ့စွမ်းရည်များပြန်လည်ကောင်းမွန်လာပြီး တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်သို့ဝင်ရောက်ကာ သူ့ဆရာထံမှပညာသင်ခွင့်ရခဲ့သည်။

သူ့ဆရာကတော့ မည်သည့်သတင်းအချက်အလက်မျိုးမှမရှိပေ။

ထိုအချိန်တုန်းက ဤကဲ့သို့သောပညာရှင်တစ်ဦးက ဘာမဟုတ်သည့်တောင်ပိုင်းနယ်မြေထဲ၌ ပေါ်ပေါက်လာလိမ့်မည်ဟု မည်သူထင်ထားပါအံ့နည်း။

ထိုကဲ့သို့သောပညာရှင်တစ်ယောက်သာ ပေါ်ထွန်းလာပါက တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်က နယ်မြေလေးခုထဲမှာ ဘာကြောင့်အင်အားနည်းပြီး ရာထူးနိမ့်ကျနေခဲ့တာလဲ။

ဟွမ်းယီထုံ၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။

သူတို့ရှုံးနိမ့်ခဲ့ရခြင်းမှာ ရန်သူကိုအထင်သေးလျှော့တွက်မိသောကြောင့်လည်း မဟုတ်သလို ယဲ့ချိုးပိုင်ကိုရန်စမိသောကြောင့်လည်းမဟုတ်ပေ။ သတင်းအချက်အလက်မလုံလောက်သောကြောင့်သာဖြစ်၏။

ယခုတော့ နေမဝင်အင်ပါယာမပျက်စီးသွားစေချင်ပါက သံတမန်တော်ကြီးကိုသာအားကိုးရတော့မည်ဖြစ်၏။

ထိုသို့ဆိုပါက လွတ်မြောက်ဖို့အခွင့်အရေး ရှိကောင်းရှိနိုင်လေသည်။

ဟွမ်းထျန်းမင်၏အမူအရာကလည်း လေးနက်နေချေသည်။ ဤကဲ့သို့သောပညာရှင်မျိုးမှာ ရှေးပဝေသဏီခေတ်တုန်းက အထွတ်အထိပ်သို့တက်လှမ်းနိုင်ခဲ့သူဖြစ်နိုင်လောက်ပေသည်။ ထို့ပြင် ဤသည်မှာ ပုံရိပ်ယောင်တစ်ခုမျှသာရှိသေးသည်။

တိမ်လွှာဖီးနစ်ဧကရီက သူ့အားဆရာတင်ထားသည်မှာ အံ့သြစရာမရှိတော့ပေ။

ထိုသို့တွေးရင်း ဟွမ်းထျန်းမင်တစ်ယောက် လက်စားချေရန်စိတ်ကူးလုံးဝမရှိတော့ချေ။ အချိန်ကျလာပါက သူ ဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်ရမလဲဆိုသည်ကိုသာ တွေးနေမိတော့သည်။

ထိုအခိုက်အတန့်လေးတွင် ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက ရှေ့ကိုလျှောက်လာလေသည်။

သူက လုချန်ရှန်းကိုကြည့်၍ ပြောလိုက်ပေသည်။

“စီနီယာ… ဒီဘက်ကိုကြွပါ။ ကျွန်တော် ခင်ဗျားကိုအရင်တောင်းပန်ပါ့မယ်”

ထို့နောက် သူက လက်သီးဆုပ်တစ်ဖက်ကိုဆုပ်ထားလိုက်ပြီး တရိုတသေဦးညွှတ်လိုက်သည်။

လုချန်ရှန်းကတော့ သူ့ကို သာမန်ကာလျှံကာမျှသာကြည့်နေမိသည်။ သူ့အရှိန်အဝါများကိုမထုတ်လွှတ်ထားသော်ငြား ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားကို မမြင်နိုင်သောဖိအားတစ်ရပ်က ဖိစီးထားပေသည်။

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားကလည်း အံတင်းတင်းကျိတ်၍ မလဲပြိုအောင်ထိန်းထားလိုက်သည်။

“စီနီယာ.. ဒီဘုံလောကထဲကိုဘာရည်ရွယ်ချက်နဲ့ရောက်လာတာပါလဲ”

Comment

Leave a Reply

Options

not work with dark mode
Reset